Breaking News

လှကျော်ဇော - မော်စီတုန်းရဲ့ဆက်ဆံမှုကြီး (၁၀) ချက် (ဧပြီ ၂၅၊ ၁၉၅၆)

လှကျော်ဇော - မော်စီတုန်းရဲ့ဆက်ဆံမှုကြီး (၁၀) ချက် (ဧပြီ ၂၅၊ ၁၉၅၆)
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၂၁

နိဒါန်း 
တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီတိုးချဲ့နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းအဝေးမှာပြောကြားတဲ့ မိန့်ခွန်း၊ ဥက္ကဋ္ဌမော်က ဆိုဗီယက်ယူနီယံက သင်ခန်းစာများကိုအခြေခံပြီး တရုတ်ပြည်ရဲ့အတွေ့အကြုံများကိုနိဂုံးချုပ်ကာ  ဆိုရှယ်လစ်တော်လှန်ရေးနဲ့ ဆိုရှယ်လစ်တည်ဆောက်ရေးအတွင်းက ဆက်ဆံမှုကြီး (၁၀) ချက်ကိုရှင်းပြခဲ့ပြီး၊ ပိုမိုကြီးမားကျယ်ပြန့်မြန်ဆန်ကောင်းမွန်ပြီး စီးပွားရေးရရှိချက် အကျိုးကျေးဇူးများပြားတဲ့ မိမိတို့တိုင်းပြည်အခြေအနေနဲ့လည်း ကိုက်ညီတဲ့ ဆိုရှယ်လစ်စနစ်တည်ဆောက်ရေးဆိုင်ရာ အထွေထွေ လမ်းစဉ်အခြေခံအတွက် လမ်းညွှန်ပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့လများအတွင်း၊ ဗဟိုကော်မတီ၊ နီုင်ငံရေးဦးဆောင်အဖွဲ့အနေနဲ့ ဗဟိုအုပ်ချုပ်မှုလက်အောက်ရှိ စက်မှုလက်မှု၊ လယ်ယာစိုက်ပျိုး ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးစတဲ့ဌာနပေါင်း (၃၄) ဌာနက လုပ်ငန်းအစီရင်ခံစာများကိုနားထောင်ခဲ့ကြရပြီး၊ ဒီအစီရင်ခံစာများကတဆင့် ဆိုရှယ်လစ်တည်ဆောက်ရေးနဲ့ ဆိုရှယ်လစ်ကူးပြောင်းရေးဆိုင်ရာ ပြဿနာအချို့ကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။အဆုံးမှာတော့ အားလုံးဟာ ပြသာနာကြီး (၁၀) ခု (သို့မဟုတ်) ဆက်ဆံမှုကြီး (၁၀) ချက်လို့ စုစည်းလို့ရနိုင်ပါတယ်။

အဲဒီပြဿနာကြီး (၁၀) ချက်ဖော်ထုတ်လိုက်ရတဲ့ အခြေခံမူတခုကို အဓိကအလေးထားရအောင်။ အဲဒီအခြေခံမူကတော့ ဆိုရှယ်လစ်အရေး တော်ပုံကြီးကို အကျိုးပြုဖို့အတွက် အပြုသဘောဆောင်တဲ့ အတွင်းအပြင် အချက်အလက်အားလုံးကို ဆော်သြစည်းရုံး လှုံ့ဆော်ပေးရေးပါပဲ။

အတိတ်ကလည်း နယ်ချဲ့စနစ်၊ ပဒေသရာဇ်စနစ်နဲ့ ဗျူရိုကရက် အရင်းရှင်စနစ်ကိုအမြစ်ပြတ်အောင်တိုက်ဖျက်ပြီး ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကြီးအောင်ပွဲခံနိုင်ဖို့အတွက် ကျွန်တော်တို့တတွေ အပြုသဘောဆောင်တဲ့ အချက်အလက်တွေအားလုံးကို လှုံ့ဆော်စည်းရုံးတဲ့ ဒီပေါ်လစီကို လုပ်ဆောင်ခဲ့ကြပြီပဲ။ အခုလည်း ကျွန်တော်တို့တတွေ ဆိုရှယ်လစ်တော်လှန်ရေးကို ဆက်လက်သယ်ဆောင်ပြီး ဆိုရှယ်လစ်နိုင်ငံတည်ဆောက်ရေးအတွက် ဒီပေါ်လစီကိုပဲ ဆက်လက်ကိုင်စွဲရမှာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့လုပ်ငန်းတွေအတွင်းမှာ ဆွေးနွေးတိုင်ပင်ရမယ့် ပြဿနာတွေရှိလာနေပါတယ်။ အထူးသဖြင့် သတိပြုရမယ့်အချက်ကတော့ အခုပေါ်ထွက်လာနေတဲ့ ဆိုဗီယက်ယူနီယံရဲ့ ဆိုရှယ်လစ်တည်ဆောက်ရေးလုပ်ငန်းစဉ်အတွင်းက အမှားအယွင်း အားနည်းချက်များကိုဖြစ်ပါတယ်။ သူတို့ရဲ့လမ်းလွဲချော်မှုအတိုင်း ဆက်လျှောက်ချင်ကြသလား။ သူများတွေရဲ့အတွေ့အကြုံများကနေ သင်ခန်းစာယူခဲ့လို့သာ ကျွန်တော်တို့တတွေဟာ အတိတ်ကတချို့အမှားအယွင်းတွေကို ရှောင်နိုင်ခဲ့ကြတာ။ အခုလဲ ဒီအတိုင်းပဲလုပ်ကြရမှာပေါ့။

အပြုသဘောဆောင်တဲ့ အတွင်းအပြင်အချက်အလက်တွေဆိုတာ ဘာတွေလဲ။ အတွင်းကတော့၊ အလုပ်သမားနဲ့ လယ်သမားဟာ အခြေခံအင်အားစုပါ။ အလယ်အင်အားစုဆိုတာ ကျွန်တော်တို့စည်းရုံးနိုင်သူများကို ဆိုလိုပါတယ်။

ဖောက်ပြန်တဲ့အင်အားစုများဟာ အနုတ်သဘောဆောင်တဲ့အချက်ဖြစ်နေတာတောင် ကျွန်တော်တို့က ကျွန်တော်တို့အလုပ်တွေကိုကောင်း ကောင်းလုပ်ဆောင်ပြီး ဒီအနုတ်လက္ခဏာတွေကို အပေါင်းလက္ခဏာဆောင်လာအောင် တတ်နိုင်သမျှလုပ်ဆောင်ရမယ်။ နိုင်ငံတကာမှာလည်း စည်းရုံးညီညွတ်နိုင်သမျှအင်အားတွေကို စည်းလုံးညီညွတ်ရမှာဖြစ်ပါတယ်။ ကြားမနေတဲ့သူများကိုလည်း ပျော့ပျောင်းလာအောင်ကြိုးစားရမယ်။ ဖောက်ပြန်တဲ့အင်အားစုကိုတောင် ခွဲနိုင်သမျှခွဲပြီး အသုံးပြုရမယ်။ အတိုချုပ်ပြောရရင်တော့၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ၊ အင်အားစုအားလုံးကို စည်းရုံးလှုံ့ဆော်ပြီး တရုတ်ပြည်ကြီးကို အင်အားတောင့်တင်းတဲ့ ဆိုရှယ်လစ်နိုင်ငံတော်ကြီးဖြစ်အောင် ကြိုးစားကြရမယ်။

ကဲ ... အခုပြသနာ (၁၀) ခုကို ကျွန်တော်ဆွေးနွေးပါ့မယ်။

၁။ အကြီးစား စက်မှုလက်မှုလုပ်ငန်းကတဖက်၊ အသေးစားစက်မှုလက်မှုနဲ့ လယ်ယာစိုက်ပျိုးရေးကတဖက်။ အဲဒီအကြားက ဆက်ဆံရေး။
ကျွန်တော်တို့နိုင်ငံတည်ဆောက်ရေးလုပ်ငန်းအလေးထားမှုဟာ အကြီးစား စက်မှုလက်မှုလုပ်ငန်းဖြစ်ပါတယ်။ ထုတ်လုပ်မှုအင်အားစုများရဲ့ထုတ်လုပ်ရေးကိုဦးစားပေးရမှာပါ။ မှန်ပါတယ်။ ဒါပေမဲ့ ဒါဟာ နေထိုင်စားသောက်ရေး အထူးသဖြင့် စားနပ်ရိက္ခာထုတ်လုပ်ရေးဆိုင်ရာလုပ်ငန်းတွေကို လျစ်လျူရှုရမယ်လို့ မဆိုလိုပါဘူး။ လုံလောက်တဲ့စားနပ်ရိက္ခာနဲ့ တခြားနေ့စဉ်သုံးပစ္စည်းတွေမရှိရင်၊ ဒီအလုပ်သမားတွေကိုဘယ်လိုထောက်ပံ့ကြမလဲ။ ဒါဖြင့်ရင် အကြီးစားစက်မှုလုပ်ငန်းတွေဖွံ့ဖြိုးဖို့ဆိုတာ အဓိပွါယ်ရှိပါ့မလား။ ဒါကြောင့် အကြီးစားစက်မှုလက်မှုလုပ်ငန်းကတဖက်၊ အသေးစားစက်မှုလက်မှုနဲ့ လယ်ယာစိုက်ပျိုးရေးကတဖက်၊ ၄င်းတို့အကြားက ဆက်ဆံရေးကို မှန်မှန်ကန်ကန် ကိုင်တွယ်ရမှာဖြစ်ပါတယ်။

ဒီဆက်ဆံရေးကိုကိုင်တွယ်ရာမှာ မူအရ ကျွန်တော်တို့ အမှားမရှိခဲ့ပါဘူး။

ကျွန်တော်တို့အနေနဲ့ ဆိုဗီယက်ယူနီယံထက်ရော၊ အရှေ့ဥရောပနိုင်ငံ အချို့ထက်ရော၊ ကောင်းအောင်လုပ်နိုင်ခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံအနေနဲ့ အောက်တိုဘာတော်လှန်ရေးမတိုင်မီကရှိခဲ့တဲ့ ဆန်အထွက်နှုန်းကို မီအောင်မလုပ်နိုင်တဲ့ကိစ္စမျိုး၊ အချို့အရှေ့ဥရောပနိုင်ငံများမှာတွေ့နေရတဲ့ အကြီးစားစက်မှုလုပ်ငန်းနဲ့ အသေးစားစက်မှု့လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုများအကြား သိသာထင်ရှားစွာ မညီမျှမှုကြောင့်ပေါ် ပေါက်လာတဲ့ ဆိုရွားတဲ့ပြဿနာများ -စတာတွေ ကျွန်တော်တို့နိုင်ငံမှာမရှိပါဘူး။ သူတို့တတွေ အသေးစားစက်မှုလုပ်ငန်းနဲ့ လယ်ယာလုပ် ငန်းတွေကို အလေးမပြုဘဲ တဖက်စောင်းနင်း အကြီးစားလုပ်ငန်းတွေကိုသာဦးစားပေးခဲ့မှုကြောင့် ဈေးကွက်အတွင်း ကုန်ပစ္စည်းများရှာ းပါးပြီးငွေကြေးလည်း မတည်မငြိမ်ဖြစ်ရပါတယ်။ ကျွန်တော်တို့ကျတော့ လယ်ယာစိုက်ပျိုးရေးနဲ့ အသေးစားစက်မှုတွေမှာ နည်းနည်း ပိုဂရုစိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ တလျှောက်လုံး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကိုဂရုစိုက်ခဲ့ပြီး စားနပ်ရိက္ခာလုံလောက်ရေးအတွက်ရော၊စက်မှုလုပ်န်းများအတွက် ကုန်ကြမ်းအပစ္စည်းများ လုံလောက်ရေးအတွက်ရော အတိုင်းအတာတခုအထိ လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက် နေ့စဉ်သုံးပစ္စည်းများဟာလည်း အတော်အသင့်အလုံအလောက်ရှိပြီး ဈေးနှုန်းများနဲ့ ငွေကြေးစနစ်ကလည်း တည်ငြိမ်နေပါတယ်။

အခုကျွန်တော်တို့ရင်ဆိုင်နေရတဲ့ပြဿနာက အကြီးစားစက်မှုလုပ်ငန်းကတဖက်၊ အသေးစားစက်မှုနဲ့ လယ်ယာလုပ်ငန်းကတဖက်တို့အကြား ရင်းနှီးမြှုပ်နှံမှုအချိုးအစားကို သင့်တင့်လျှောက်ပတ်စွာ ဆက်လက်ထိန်းညှိဖို့ဖြစ်ပါတယ်။ ဒါမှသာ ဒီအသေးစားစက်မှုလုပ်ငန်းနဲ့လယ်ယာလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးလာနိုင်မှာပါ။ ဒီလိုဆိုလို့ အကြီးစားစက်မှုလုပ်ငန်းတွေကို အဓိကမဟုတ်တော့ဘူးလို့ ဆိုလိုသလား။ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ရင်းနှီးမြှုနှံမှုအလေးထားမှုဟာ သူ့အပေါ်မှာပါပဲ။ ဒါပေမဲ့ လယ်ယာလုပ်ငန်းနဲ့ အသေးစားစက်မှုလုပ်ငန်းတွေအတွက် အချိုးအစားနည်းနည်း တိုးမြှင့်ရမှာပေါ့။

ဒီလိုတိုးမြှင့်လိုက်ရင် ဘယ်လိုအကျိုးတွေရလာနိုင်မလဲ။ ပထမ ပြည်သူလူထုရဲ့နေ့စဉ်လိုအပ်မှုတွေ ပိုမိုပြည့်စုံလာနိုင်တယ်။ ဒုတိယ အရင်း အနှီးစုစည်းမှုကို ပိုမြန်မြန်လုပ်နိုင်ပြီး ဒီလိုနည်းနဲ့ အကြီးစားစက်မှုလုပ်ငန်းတွေကို ပိုမိုကြီးမားကောင်းမွန်တဲ့ရလဒ်များနဲ့ ဖွံ့ဖြိုးတိုးတက်စေနိုင်ပါလိမ့်မယ်။ အကြီးစားစက်မှုလုပ်ငန်းများကလည်း အရင်းအနှီးစုစည်းပေးနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိ ကျွန်တော်ရဲ့စီးပွားရေးအခြေအ နေအရ အသေးစားစက်မှုလုပ်ငန်းနဲ့ လယ်ယာလုပ်ငန်းတွေက ပိုမြန်မြန်နဲ့ ပိုများများစုဆောင်းပေးနိုင်လို့ပါ။

ဒီမှာမေးစရာရှိလာတာက။ အကြီးစားစက်မှုလုပ်ငန်းဖွံ့ဖြိုးချင်တဲ့စိတ်ဆန္ဒဟာ အစစ်အမှန်လား။ ဟန်ဆောင်တာလား။ ပြင်းပြသလား။ ခပ်ပျော့ပျော့လား---ဆိုတာပါပဲ။ တကယ်လို့ခင်ဗျားတို့ရဲ့စိတ်ဆန္ဒဟာ အယောင်ဆောင်ဖြစ်မယ်။ သို့မဟုတ် ခပ်ပျော့ပျော့ပဲဖြစ်မယ်ဆိုရင်တော့ ခင်ဗျားတို့ဟာ လယ်ယာလုပ်ငန်းနဲ့ အသေးစားစက်မှုလုပ်ငန်းတွေအထိခိုက်ခံပြီး အဲဒီမှာလျှော့ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်လာမှာ။တကယ် လို့ ခင်ဗျားတို့ရဲ့စိတ်ဆန္ဒဟာ အစစ်အမှန်လဲဖြစ်မယ်၊ တက်လဲတက်ကြွမယ်ဆိုရင်တော့ လယ်ယာလုပ်ငန်းနဲ့ အသေးစားစက်မှုလုပ်ငန်းတွေအပေါ်မှာ ဂရုစိုက်လုပ်ဆောင်ချက်မျာဖြစ်လာပြီး ဒီလိုနည်းနဲ့ စားနပ်ရိက္ခာများရော၊ အသေးစားစက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်း ပစ္စည်းများရော ပိုမိုထွက်ရှိလာနိုင်တာကြောင့် အရင်းအနှီးတွေ ပိုများများစုဆောင်းလာနိုင်ပါလိမ့်မယ်။ ဒီတော့ အနာဂတ်မှာ အကြီးစား စက်မှု လုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံဖို့ ဘဏ္ဍာငွေတွေ ပိုများလာနိုင်တာပေါ့။

ဒီနေရာမှာ အကြီးစားစက်မှုလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာရေးအတွက် ချဉ်းကပ်လုပ်ဆောင်နိုင်တဲ့နည်းလမ်း (၂) ခု ရှိပါတယ်။ တခုက တော့ လယ်ယာလုပ်ငန်းနဲ့ အသေးစားစက်မှုလုပ်ငန်းတွေကို လျှော့လုပ်ဆောင်တာဖြစ်ပြီး၊ နောက်တနည်းကတော့ ဒီလုပ်ငန်းတွေကို တိုးလုပ်ဆောင်တာဖြစ်ပါတယ်။ ရေရှည်ကျရင် ပထမနည်းဟာ အကြီးစားစက်မှုလုပ်ငန်းများမှာ ပိုနှေးစေမှာဖြစ်ပြီး၊ အနည်းဆုံးကတော့ ဒီလုပ်ငန်းတွေအနေနဲ့ အခြေခံမခိုင်မာတာ ဖြစ်နိုင်ရုံမက ကာလတပိုင်းအကြာဆယ်စုနှစ်တခုနောက်ပိုင်းနိဂုံးချုပ်ကြည့်ရင် တွက်ခြေမကိုက်တာတွေ့ရမှာပါ။ ဒုတိယနည်းကတော့ အကြီးစားစက်မှုလုပ်ငန်းတွေ ကြီးကြီးမားမား မြန်မြန်ဆန်ဆန် တိုးတက်လာတာတွေ့နိုင်ပြီး၊ ဒါကြောင့်ပဲ ပြည်သူတွေရဲ့နေထိုင်မှုဘဝကို အာမခံချက်ပိုပေးနိုင်လို့၊ အကြီးစားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာတောင့်တင်းတဲ့ အခြေခံတွေ ချနိုင်လာပါလိမ့်မယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar