ရခိုင်ပြည်နယ် ပေါက်တောမြို့က မြို့ခံတွေ ပိတ်မိ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ရည်မှန်းချက် ပန်းတိုင်
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၁၈ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၂၃
ရခိုင်ပြည်နယ် ပေါက်တောမြို့က မြို့ခံတွေ ပိတ်မိ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ရည်မှန်းချက် ပန်းတိုင်
AA လက်နက်ကိုင် အဖွဲ့က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့ကို နိုဝင်ဘာ ၁၆ နဲ့ ၁၇ နေ့တွေက စတင်ကာ တိုက်ခိုက်ခဲ့ရာမှာ ပေါက်တော မြို့ရဲစခန်းကို သိမ်းယူခဲ့ပြီးနောက်မှာ စစ်ကောင်စီက ရေလမ်းကရော ကုန်းဘက်ကပါ ပစ်ခတ်မှုတိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီး AA တပ်ဖွဲ့က သိမ်းယူထားတဲ့နေရာတွေကို ပြန်လည်သိမ်းယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ တိုက်ပွဲတွေ အကြား ပေါက်တောမြို့ခံ အများအပြားပိတ်မိနေကြပြီး ဒါဇင်နဲ့ ချီတဲ့ အရပ်သားတွေလည်း အသက်ဆုံးရှုံးခဲ့ကြရတယ်လို့ သတင်းတွေအရ သိရပါတယ်။
စစ်ကောင်စီတပ်တွေက ပေါက်တောမြို့က လောက ထိပ်ပန်ဘုရားကုန်းပေါ်မှာ တပ်စွဲထားပြီး အဲဒီ ဘုရားကုန်းမှာ စစ်ဘေးတိမ်းရှောင်သူ ရာဂဏန်းမျှကိုလည်း စစ်ကောင်စီတပ်တွေက ထွက်ခွာခွင့်မပေးဘဲ လူသားအကာအကွယ်သဖွယ် ထိန်းချုပ်ထားတယ်လို့ သတင်းတွေလည်း ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။
ပေါက်တောမြို့က ဦးဇင်းတပါးက ၄င်းရဲ့ ဖေ့စ်ဘွတ်အကောင့်မှာမျှဝေထားတဲ့ ပို့စ်တခုမှာ အသက်အရွယ်ကြီးရင့်သူ၊ အိပ်ယာပေါ်က မထနိုင်တဲ့ သက်ကြီးရွယ်အို တချို့က ဘုန်းတော်ကြီးကျောင်းမှာ လာရောက်ခိုလှုံနေတဲ့ ဓါတ်ပုံတွေ ဝေမျှထားတာတွေ့ရပြီး စစ်ပွဲတွေကြောင့် နေအိမ်တွေက စွန့်ခွာထွက်ပြေးဖို့ မစွမ်းသာတဲ့ အခြေအနေမျိုး ရှိသူတွေရဲ့ အနေအထားကိုလည်း စိတ်မကောင်းစွာ တွေ့မြင်ရတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေက မြို့ထဲ ပြန်ဝင်နေရာယူသိမ်းစဥ်အတွင်း နေအိမ်တွေမှာ တံခါးမဖွင့်ပေးတဲ့သူ နေအိမ်ထဲမှာ ပုန်းအောင်းနေသူ အမျိုးသမီးကြီးတဦးကို ပစ်သတ်သွားတဲ့ သတင်းလည်း ဖတ်ရှုရပြီး ဒီဖြစ်ရပ်တွေက စစ်ကောင်စီအနေနဲ့ အရပ်သားနဲ့ AA ကိုခွဲခြားခြင်း မပြုဘဲ သင်္ကာမကင်းယုံမျှနဲ့ ပစ်သတ်ပိုင်ခွင့်ပေးထားတဲ့ သဘောလို့ ယူဆရပါတယ်။
ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်ကောင်စီ တပ်တွေအကြား ပြန်လည်ဖြစ်ပွားလာတဲ့တိုက်ပွဲတွေက ယခင် ၂၀၂၂ ခုနှစ်ကထက် ပိုမိုပြင်းထန်မယ့် အနေအထားမျိုး မြင်တွေ့နေရတာဖြစ်ပါတယ်။ AA အနေနဲ့ ရှမ်းမြောက်က တိုက်ပွဲတွေမှာလည်း နေရာအများအပြားမှာ ပူးပေါင်း တိုက်ခိုက်နေသလို၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အင်အား သိသိသာသာကြီးထွားလာတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်လာပြီး ၂၀၁၈-၁၉ နဲ့ ၂၀၂၂ ခုနှစ်တွေတုန်းက စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ အခြေအနေမျိုး မဟုတ်တော့တာလည်း ခန့်မှန်းကြည့်နိုင်ပါတယ်။
အခုတကြိမ်မှာ စစ်ကောင်စီတပ်တွေကို အင်အားလျော့နည်းအောင် တိုက်ခိုက်တာ စိုးမိုးနယ်မြေကျယ်ပြန့်လာအောင် ကြိုးစားတာထက် နောက်တဆင့်တက်ပြီး မြို့တချို့ကို ထိန်းချုပ်နိုင်အောင် ရည်မှန်းချက်ထားရှိကောင်း ထားရှိမှာဖြစ်ပါတယ်။ အခုတကြိမ် ဖြစ်ပွားလာတဲ့ စစ်ပွဲရဲ့ ရည်မှန်းချက်ကို ဗမာစစ်တပ်လက်အောက်က ရခိုင်ပြည်နယ် လွတ်မြောက်အောင်အထိတော့ ထားရှိချင်မှ ထားရှိမှာဖြစ်ပေမယ့် အဓိက ကျတဲ့ မြို့တွေကို ထိန်းချုပ်နိုင်အောင် နယ်စပ်ကုန်သွယ်ရေး ဂိတ်လို၊ စစ်ရေးအရ မဟာဗျူဟာ ကျတဲ့မြို့တွေ စခန်းတွေကို သိမ်းယူထိန်းချုပ်ထားနိုင်ဖို့တော့ ရည်မှန်းထားမှာ အသေအချာဖြစ်ပါတယ်။
ရခိုင်ဒေသခံတွေ နဲ့ ရခိုင်ပြည်နယ် အနောက်မြောက်ဘက် ချင်းပြည်နယ်ရဲ့ နယ်မြေဖြစ်တဲ့ ပလက်ဝ ဒေသက လူထုတွေအဖို့တော့ တကျော့ပြန်ဖြစ်လာတဲ့ စစ်ပွဲတွေအကြား ဘယ်လိုတိမ်းရှောင်ကြရမလဲဆိုတာ မေးတာသာ လွယ်ပြီး ဖြေရခက်ခဲနေတဲ့ အနေအထားမျိုးလည်း ဖြစ်နေပါတယ်။
ယခင် ၂၀၁၈-၁၉ ခုနှစ်၊ ၂၀၂၂ ခုနှစ်တွေတုန်းက ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်ချိန်မှာ မြန်မာနိုင်ငံရဲ့ အခြားသော ဒေသတွေမှာ တပြိုင်နက်ထဲ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာမျိုးမဟုတ်ပါဘူး။ ရခိုင်ပြည်နယ်မှာလည်း လူနေထူထပ်တဲ့ မြို့တွေမှာ ဖြစ်ပွားတာထက် ကျေးရွာတွေ၊ အချို့သော လူနေဒေသမဟုတ်တဲ့ နယ်ခြားစောင့် စခန်းတွေလို နေရာမျိုးတွေမှာ လက်နက်ကိုင် တပ်အချင်းချင်း ဖြစ်ပွားခဲ့တာမျိုး ဖြစ်ပါတယ်။ အခုတကြိမ်မှာတော့ AA အနေနဲ့ မြို့တွေကို ထိန်းချုပ်စိုးမိုးဖို့အထိ ရည်ရွယ်ချက်မျိုးထားရှိတာ ဖြစ်နိုင်တာမို့လို့ ပေါက်တောမြို့လို အခြေအနေမျိုး အခြားသောမြို့တွေလည်း ကြုံရနိုင်တဲ့ သဘောဖြစ်ပါတယ်။
AA အနေနဲ့ကတော့ စစ်ရေးရည်မှန်းချက် နိုင်ငံရေးရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဖို့ ရာအတွက် ရခိုင်ဒေသခံ အရပ်သားတွေ အနေနဲ့ နစ်နာမှုတွေ ရှိနိုင်ပြီး ဒီအခြေအနေက ရှောင်လွှဲလို့မရတဲ့ အခြေအနေ ဆိုတာမျိုးလည်း ယူဆကောင်း ယူဆထားတာ ဖြစ်နိုင်ပါတယ်။ ကရင်နီပြည် လွိုင်ကော်မြို့ တိုက်ပွဲနဲ့ ပတ်သက်လို့လည်း ကေအန်ဒီအက်ဖ် အဖွဲ့ခေါင်းဆောင်က သတင်းမီဒီယာ တခုနဲ့ အင်တာဗျူးမှာ ကျနော်တို့မှာ အခြားရွေးစရာ လမ်းမရှိဘူးဆိုတဲ့ သဘောပြောဆိုထားတာလည်း သတိပြုမိပါတယ်။
စစ်စခန်းတွေ နယ်စပ်ဒေသတွေ၊ ကျေးလက်ဒေသတွေက စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်နေရာကနေ စစ်ကောင်စီ ကျဆုံးရေး၊ စစ်အာဏာရှင် တိုက်ဖျက်ရေး လက်နက်ကိုင် တိုက်ပွဲတွေက နောက်အဆင့်တခုကို ပြောင်းလဲလာတဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
သို့ပေမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ စစ်ရေး နိုင်ငံရေး ရည်မှန်းချက်နဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖွဲ့စည်းထားတဲ့ NUG ရဲ့ PDF တပ်ဖွဲ့တွေရဲ့ နိုင်ငံရေး စစ်ရေး ရည်မှန်းချက် အားလုံးဟာ ထပ်တူတော့ ကျချင်မှာ ကျနေမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ အစရှိတဲ့ ဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဘုံရန်သူက စစ်ကောင်စီ ဖြစ်တာမှန်ပေမယ့် စစ်ရေးအရ အောင်မြင်မှုရခဲ့ရင် နိုင်ငံရေးအရ ဘယ်ရည်မှန်းချက် ပန်းတိုင်မျိုး မျှော်မှန်းထားသလဲဆိုတဲ့ အချက်မှာတော့ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတိုင်းက တူညီကြမှာ မဟုတ်ပါဘူး။
တူညီတဲ့ စစ်ရေး နိုင်ငံရေး ဘုံရည်မှန်းချက် တခုအောက်မှာ လက်တွဲပြီး အတူတူ လုပ်နိုင်ကြမယ်ဆိုရင် မြန်ဆန်တဲ့ အပြောင်းအလဲ ထိရောက်တဲ့ ရလဒ်တွေ ထွက်ပေါ်လာနိုင်သလို ၊ ဘုံရည်မှန်းချက် နဲ့ မတူတဲ့ ရည်မှန်းချက် အကြား နားလည်သဘောပေါက်မှု၊ ဆွေးနွေးညှိနှိုင်း ပြောဆိုနိုင်မှုတွေ မရှိရင် သို့မဟုတ် အားနည်းရင်တော့ ဘုံရန်သူအတွက် အသက်ရှူပေါက်ရပြီး အချိန်ပိုရနိုင်တာမျိုးလည်း ဖြစ်နိုင်တယ်ဆိုတာ သတိပြုမိကြဖို့ လိုအပ်တာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar