Breaking News

မောင်စွမ်းရည် - ကျော်မင်းထွန်း (New York) ရဲ့ ၁၅၀၀ ပြဿနာ

မောင်စွမ်းရည် - ကျော်မင်းထွန်း (New York) ရဲ့ ၁၅၀၀ ပြဿနာ
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၂၂

"၁၅၀၀ ပြဿနာ" ဆိုတဲ့ ကဗျာစာအုပ်ဟာ ကျော်မင်းထွန်းရဲ့ ဒုတိယကဗျာစာအုပ်ပါ။ ကျွန်တော့်ဆီကိုရောက်လာတဲ့ ကျော်မင်းထွန်းရဲ့ ပထမကဗျာစာအုပ်က "နယူးယောက်မှာ ပျောက်ဆုံးခြင်း" တဲ့။ ပထမကဗျာစာအုပ်ကို ၂၀၁၉ အောက်တိုဘာလမှာ ထုတ်ခဲ့ပြီး၊ ဒုတိယကဗျာစာအုပ်ကို ၂၀၂၁ ဒီဇင်ဘာမှာ ထုတ်ပါတယ်။ တနှစ်ခွဲ၊ ၂ နှစ်လောက်ခြားပြီး ကဗျာစာအုပ်ထွက်လာတာ ဖြစ်ပါတယ်။ တကယ်တော့ ဒုတိယကဗျာစာအုပ်ကလဲ နယူးယောက်ဘဝ အဆက်ပါပဲ။ နယူးယောက်ဆက်လက်ပျောက်ဆုံးတာလား၊ နယူးယောက်ကို ပြန်လည်တွေ့ရှိတာလား ဆိုတာကိုတော့ သူကဗျာတွေကို ဖတ်ပြီးမှ အကဲဖြတ်ရမှာပဲ ဖြစ်ပါတယ်။

ကျော်မင်းထွန်းဟာ အသက် ၅၅ ကျော်၊ ၆၀ တွင်းအရွယ်၊ ဇနီးတယောက်၊ သမီးတယောက်နဲ့ နယူးယောက်မှာ အခြေချနေထိုင်တဲ့ မြန်မာဆရာဝန်တယောက်ဖြစ်ပါတယ်။ မေ့ဆေးဆရာဝန်ပါ။ တဖက်က ကဗျာရေးဝါသနာပါပေမဲ့၊ ကဗျာကလွဲပြီး တခြားစကားပြေတွေ ဘာတွေရေးတာ မတွေ့ရပါ။ နယူးယောက်မှာ မြန်မာဆရာဝန်မျိုးစုံတွေ့နိုင်သလို မြန်မာကဗျာဆရာမျိုးစုံလဲ တွေ့ရပါတယ်။

မေ့ဆေးဆရာဝန်၊ နှလုံးဆရာဝန်၊ မျက်စိဆရာဝန်၊ သွားဆရာဝန်၊ စိတ်ရောဂါကုဆရာဝန် စသဖြင့် ဆရာဝန်မျိုးစုံက စာပေသမားမျိုးစုံဖြစ်နေတာတွေ့ရသလို တခြားအလုပ်လုပ်တဲ့ ကဗျာဆရာတွေလဲ ရှိပါသေးတယ်။ ဘုန်းကြီးကဗျာဆရာ၊ ဘုန်းကြီးလူထွက်ကဗျာဆရာ၊ ကျောင်းဆရာလူထွက် ကဗျာဆရာဆိုတာမျိုးတွေလဲ တွေ့ရနိုင်ပါတယ်။ ကံကောင်းလို့ ဒီခေတ်ရဲ့စစ်သားလူထွက် ကဗျာဆရာတော့ မတွေ့ဖူးသေးပါ။

ကျော်မင်းထွန်းဟာ ဆရာဝန်ကဗျာဆရာပါ။ သူ့အသက်က ၅၅ ကျော် ၆၀ တွင်းဆိုတော့ ကျွန်တော်တို့အောက် နှစ်ပေါင်း ၂၀ လောက် ငယ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့နဲ့ ခေတ်ချင်းခြားနားသလို ရေးကြတဲ့ ကဗျာပုံစံတွေ၊ ရေးပုံတွေးပုံတွေလဲ ခြားနားပါတယ်။ ဒါဟာ သဘာဝ ကျတဲ့ အချက်တချက်ပါပဲ။

“ကျွန်တော်တို့” ဆိုတာက မန်းတက္ကသိုလ်ထွက် ကဗျာဆရာများဖြစ်ကြတဲ့ မောင်ပေါက်စည်၊ ဘုတလင်ချစ်လေး၊ မောင်သိင်္ဂါတို့မှစကာ တင်မိုး၊ ကိုလေး (အင်းဝဂုဏ်ရည်)၊ မောင်စွမ်းရည်၊ လေးမောင် (မြင်းခြံ)၊ ညွန့်အေး (အင်းဝ)၊ ကြည်အောင်၊ မောင်သန်းဌေး၊ မောင်မျိုးမြင့်၊ မုံရွာဝင်းဖေ စတဲ့ကဗျာဆရာတွေကို ဆိုလိုပါတယ်။ သူတို့ဟာ မန်းတက္ကသိုလ်ကျောင်းထွက်တွေဖြစ်ကြသလို “ကဗျာကျောင်း” အနေနဲ့ပြောရရင် ခေတ်စမ်းကျောင်းထွက်တွေလဲ ဖြစ်ကြပါတယ်။

စာပေဝေဖန်သူများက ကျွန်တော်တို့ကို ခေတ်စမ်းအရိပ်၊ ခေတ်စမ်းဩဇာအောက်က မထွက်နိုင်ကြသေးဖူးလို့ ထောက်ပြခဲ့ကြပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလဲ စာပေဝေဖန်ရေးကို တဖက်တလမ်းက အနည်းနဲ့အများလုပ်လေ့ရှိသူတွေ ဖြစ်ကြပါတယ်။ အထက်ဗမာနိုင်ငံ နှစ်စဉ်စာဆိုတော်နေ့စာတမ်းဖတ်ပွဲတွေမှာဆိုရင် မောင်သိင်္ဂါ၊ မောင်သာနိုး၊ တင်မိုး၊ မောင်စွမ်းရည်တို့ဟာ ရှေးကဗျာတွေကိုရော ခေတ်ကဗျာတွေကိုပါ ရှုဒေါင့်အမျိုးမျိုးက ဝေဖန်ဆန်းစစ်လေ့ရှိခဲ့ပါတယ်။ အဲဒီအခါ မျက်မှောက်ခေတ်ကဗျာတွေဟာ “အီနေတယ်” တန့်နေတယ်။ ရှေ့တိုးမလာဘဲ ခေတ်စမ်းရိပ်က မထွက်နိုင်တော့ဘူးဆိုတာကို သုံးသပ်ဆင်ခြင်မိခဲ့ကြပါတယ်။

ဒီလိုအခိုက်အတန့်မှာပဲ ရန်ကုန်ကိုပြောင်းသွားကြတဲ့ တင်မိုးနဲ့ မောင်သာနိုးတို့ဟာ ဆရာမင်းသုဝဏ်ရဲ့အိမ်မှာ ရန်ကုန်က ကဗျာဆရာအချို့နဲ့ ကဗျာဆွေးနွေးပွဲလေးများ လုပ်ဖြစ်လာခဲ့ကြပါတယ်။ အထူးသဖြင့် တက္ကသိုလ်အသိုင်းအဝိုင်းက ကဗျာဆရာတွေပဲများကြပါတယ်။ အဲဒီအထဲမှာ အင်္ဂလိပ်လို ရံဖန်ရံခါ ကဗျာရေးလေ့ရှိတဲ့ မြဇင်ခေါ် ရန်ကုန်ဝင်းဖေတယောက်လဲ ပါဝင်လာပါတယ်။ သူက ခေတ်ပေါ်နိုင်ငံတကာကဗျာများ၊ အထူးသဖြင့် အနောက်နိုင်ငံက ကဗျာများနဲ့ မြန်မာခေတ်ပေါ်ကဗျာများကို နှိုင်းယှဉ်ဝေဖန်ဆွေးနွေးလေ့ရှိပါတယ်။

အဲဒီဆွေးနွေးပွဲမှာ "မြို့ပြခံစားမှု"၊ "ကျေးလက်ခံစားမှု"၊ "ခေတ်ပေါ်အာရုံ ခံစားပုံ"၊ “ကဗျာရဲ့ ကာရန်နဲ့ ရစ်သမ်” ဆိုတဲ့ အကြောင်းအရာတွေ ပါရှိလာခဲ့ပါတယ်။ အဲဒီကာလက ရန်ကုန်မှာ စာပေစာတမ်းဖတ်ပွဲတွေ မလုပ်နိုင်တဲ့အခါကာလဖြစ်ပါတယ်။ ဒါကြောင့် ဆရာမင်းသုဝဏ်ရဲ့ ကဗျာဆွေးနွေးပွဲစာပေဝိုင်းက အကြောင်းအရာများကို မြဇင်နဲ့ မောင်သာနိုးတို့က မန္တလေးစာဆိုတော်နေ့စာတမ်းဖတ်ပွဲကို သယ်ဆောင်ပြီး စာတမ်းဖတ်ရှုတင်သွင်းခဲ့ကြပါတယ်။ ဒီလိုနဲ့ ခေတ်ပေါ်ကဗျာကိစ္စဟာ ကဗျာလှုပ်ရှားမှုသဏ္ဌာန်ကို ဆောင်လာခဲ့ပါတယ်။

“ကဗျာသစ်အောင် ဘယ်လိုလုပ်ကြမလဲ” ဆိုတော့ ကိုယ်သစ်ချင်တိုင်း သစ်လို့မရနိုင်တာ တွေ့လာရပါတယ်။ ကိုယ့်ခံစားမှု၊ ကိုယ့်အတွေးအမြင်က မသစ်ဘဲနဲ့ ကိုယ့်စာကိုသစ်စေချင်လို့ မရပါဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်ဘဝ၊ ကိုယ့်စာပေ စသည်တို့က ဘယ်အခြေအနေရောက်နေသလဲ။ ဘာတွေဟောင်းလို့ ဘာတွေသစ်ဖို့ မျှော်မှန်းကြမလဲ။ သူများတွေမှာ (နိုင်ငံတကာစာပေမှာ) ဘာတွေသစ်နေကြသလဲ၊ ဘယ်လိုအခြေခံနဲ့ ဘယ်လိုသစ်ကြသလဲ၊ ဘာတွေသစ်နေတာလဲ တို့ကို မော့ကြည့်ခဲ့ကြရပါတယ်။

ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာကဗျာတွေကို လေ့လာဖတ်ရှုကြတယ်ဆိုတော့ ကျွန်တော်တို့ အဓိကဖတ်ရှုနိုင်တဲ့ စာပေဆိုတာက အင်္ဂလိပ်နဲ့ အမေရိကန်စာပေပဲ ရှိပါတယ်။ နိုင်ငံခြားဘာသာစကားအနေနဲ့ အင်္ဂလိပ်ဘာသာစကားကို ဖတ်နိုင်ကြပါတယ်။ ခက်တာက အင်္ဂလိပ်စာကို တက္ကသိုလ်က ဘွဲ့ရတဲ့အထိ သင်ကြားရပေမဲ့ "အရေး၊ အဖတ်၊ အပြော၊ အကြား" ဆိုတဲ့ ဘာသာစကားကျွမ်းကျင်မှု (၄) မျိုးမှာ "အဖတ်" တမျိုးတည်းပဲ လုပ်ဆောင်လေ့ရှိကြပါတယ်။ အင်္ဂလိပ်ကဗျာတွေကို မနာ၊ မကြား၊ မရွတ်ဆိုကြပါဘူး။ ဒါကြောင့် ကဗျာကို စကားပြေပြန်ပြီး ဖတ်ရှုလေ့လာကြပါတယ်။ ဒီလိုမြန်မာကဗျာဆရာတွေရဲ့ အားနည်းချက်ကိုသိတဲ့ မောင်သာနိုးက နိုင်ငံခြားကဗျာ (အင်္ဂလိပ်ကဗျာ) တွေကို ဘာသာပြန်ပြီး "ထင်းရှူးပင်ရိပ်" ဆိုတဲ့ အနောက်တိုင်းကဗျာ ဘာသာပြန်စာအုပ်တအုပ် ထုတ်လိုက်တဲ့အခါ တော်တော်ပေါက်ရောက် အကျိုးဖြစ်ထွန်းခဲ့ပါတယ်။ အနောက်တိုင်းကဗျာကို ရိပ်စားနိုင်စွမ်းရှိလာခဲ့ပါတယ်။

အောက်ပြည်အောက်ရွာက လူငယ်ကဗျာဆရာတွေအားလုံးလောက်ဟာ ကဗျာအသစ်တွေကို ရေးဖွဲ့လာကြပါတယ်။ အထူးသဖြင့် သူတို့ရေးဖွဲ့လေ့ရှိတဲ့ ပုံစံက “လွတ်လပ်ကဗျာပုံစံ” လို့ခေါ်ရပါမယ်။ ထင်းရှူးပင်ရိပ်က မောင်သာနိုးဘာသာပြန်တဲ့ ကဗျာပုံစံတွေကို ယူပုံရပါတယ်။ “လွတ်လပ်တယ်” ဆိုတာကို “ကာရန်လွတ်လပ်တာ” လို့ သဘောပေါက်နေကြပုံရပါတယ်။ အထူးသဖြင့် “ကာရန်မဲ့” ကဗျာတွေကို ရေးလာခဲ့ကြပါတယ်။ ကာရန်မဲ့ရတာက အလွန်လွယ်ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်ကဗျာရဲ့ ကာရန်မဲ့သဘောကို မြန်မာကဗျာဆရာလူငယ်များက သိပ်ရိပ်စားမိပုံ မရပါ။ အင်္ဂလိပ်ကဗျာမှာက အသံလေးပေါ့၊ အသံဖိဖော့ သဘောနဲ့ ကဗျာရဲ့ “ရစ်သမ်” ကိုဖော်ပြီးဖွဲ့ဆိုထားတာကို သတိပြုမိသူနည်းပါတယ်။ ဘာသာစကား သဘာဝချင်းကလဲ မတူတာကို ရိပ်စားမိကြတဲ့ ကဗျာစာတမ်းရှင်များဖြစ်သူ မြဇင်နဲ့ မောင်သာနိုးတို့က ကဗျာရဲ့ရစ်သမ် (Rhythm) သဘောကို ဆက်လက်ရှင်းပြပါတယ်။ ရစ်သမ်ဆိုရာမှာလဲ “စကားပြောရစ်သမ်” (Speech Rhythm) ကို အဓိကထားပြီးရှင်းပြပါတယ်။

ဘာပဲဖြစ်ဖြစ် မြန်မာခေတ်ပေါ်ကဗျာကတော့ တခေတ်ပြောင်းသွားခဲ့ပါပြီ။ ကာရန်မဲ့ကဗျာလို့ခေါ်တဲ့ စကားပြောကဗျာတွေဖြစ်ကုန်ပါပြီ။ စကားပြောရစ်သမ်ဆိုတာ ဘာမှန်းမသိပေမဲ့ ပါရမီဓာတ်ခံကောင်းသူများက စကားပြောရစ်သမ်မိအောင် ရေးသားဖွဲ့ဆိုလာနိုင်ကြတာ တွေ့လာရပါတယ်။ အကြောင်းအရာအားဖြင့်လဲ ရာသီဘွဲ့နဲ့ တရားသဘောလောကဓံဘွဲ့တွေက လွတ်ကင်းလာခဲ့ကြပါပြီ။ ကိုယ့်ခံစားမှုကို လွတ်လွတ်လပ်လပ်ဖော်ထုတ်ဖွဲ့ဆိုလာခဲ့ကြပါပြီ။ ဘာသာစကားကျွမ်းကျင်မှုကိုပဲ အထူးအားထုတ်ကြရဖို့ ရှိပါတော့တယ်။ ခက်တာက ဘာသာစကားဆိုတာ (Mother Tongue) အမေမွေးကထဲက အမေထည့်ပေးလိုက်တာဆိုတော့ အသံကြားနဲ့ကျွမ်းပြီးသားလို့ ထင်နေကြတာပါပဲ။ မဟုတ်ပါ။ မလွယ်ပါ။ စကားလုံးတလုံးစီရဲ့ အနက်အဓိပ္ပာယ်ရော၊ အသံတန်ဖိုးရော ခံစားတတ်ဖို့၊ သိကျွမ်းတတ်ဖို့ လိုပါတယ်။ ဒါကလဲ ပါရမီဖြည့်ရတဲ့ အလုပ်ပါ။ လွယ်မယောင်နဲ့ ခက်တဲ့အလုပ်ပါ။ ကဗျာဝေဖန်သူများကလဲ ဒီသဘောကို အခြေခံကြရပါတယ်။

ကျော်မင်းထွန်း (New York) ဆိုတဲ့ ကဗျာဆရာက အမေရိကန်နိုင်ငံ နယူးယောက်မှာ သူ့မိသားစုနဲ့အတူ နှစ် (၂၀) ကျော်ကြာ အခြေချနေထိုင်သူ ဆရာဝန်စာရေးဆရာတယောက်ဖြစ်ပါတယ်။ ကဗျာဆိုတာ ကဗျာဆရာရဲ့ ဘဝအတွေ့အကြုံ၊ ဘဝခံစားမှုတွေထဲက ထွက်ပေါ်လာရတာဖြစ်လို့ ကျော်မင်းထွန်းရဲ့ ကဗျာတွေဟာ နယူးယောက်လူနေမှုဘဝထဲက ထွက်ပေါ်လာတဲ့ ကဗျာတွေဖြစ်ပါတယ်။ ဒီနေရာမှာကြားဖောက်ပြီး တခြားတယောက်ရဲ့ ကဗျာတွေအကြောင်းကို ပြောပါရစေ။ မောင်စွမ်းရည်လဲ နယူးယောက်မှာ နှစ်ပေါင်း (၂၀) လောက်နေလာခဲ့တာပဲ။ သူကတော့ ဘာကြောင့်နယူးယောက်မြို့ပြခံစားမှုကဗျာတွေ ရေးမထုတ်နိုင်ရတာလဲ။ ဟုတ်ကဲ့ - မောင်စွမ်းရည်က နယူးယောက်မှာနေပါတယ်။ ဒါပေမဲ့ နယူးယောက်မြို့ထဲကို သွားလာလှုပ်ရှားနေသူ မဟုတ်ပါ။ သူ့အိမ်ထဲမှာပဲ ကုတ်နေတဲ့အတွက် သူနယူးယောက်မှာနေတာဟာ ဗမာပြည်မှာနေတာနဲ့ ဘာမှမထူးပါ။ ကျော်မင်းထွန်းက နယူးယောက်မှာ သူ့ကိုယ်ပိုင်ကားကို သူကိုယ်တိုင်မောင်းပြီး နေ့စဉ်သွားလာ အလုပ်လုပ်နေသူဖြစ်ပါတယ်။ ဒါကြောင့် သူ့ကဗျာတွေဟာ ဒီနေ့နယူးယောက်လူနေမှုဘဝကို ထင်ဟပ်နေတဲ့ ကဗျာတွေချည်းဖြစ်နေပါတယ်။

ကျော်မင်းထွန်း (New York) ရဲ့ ပထမကဗျာစာအုပ်ကို ၂၀၁၉ အောက်တိုဘာက ထုတ်ဝေခဲ့ပါတယ်။ ကဗျာစာအုပ်အမည်က “နယူးယောက်မှာ ပျောက်ဆုံးခြင်း” တဲ့။ စာမျက်နှာ ၁၉၀၊ ကဗျာပုဒ်ရေ ၃၇ ပုဒ်ပါဝင်ခဲ့ပါတယ်။ အခု ၂၀၂၁ ဒီဇင်ဘာလက ထုတ်တဲ့ “၁၅၀၀ ပြဿနာ" စာအုပ်မှာ စာမျက်နှာ ၁၀၃၊ ကဗျာပုဒ်ရေ ၃၂ ပုဒ် ပါရှိပါတယ်။ ၂ နှစ်ကာလအတွင်း ဒုတိယစာအုပ်ကို ထပ်မံထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ တကယ်တော့ ဒုတိယကဗျာစာအုပ်ကလဲ နယူးယောက်အကြောင်းအရာတွေချည်း ဖြစ်ပါတယ်။

ကျော်မင်းထွန်း (New York) ရဲ့ ကဗျာတွေအားလုံးဟာ မြန်မာပြည်က မြန်မာခေတ်ပေါ်ကဗျာများနဲ့ ပုံစံတူတယ်လို့ အကြမ်းအားဖြင့်ပြောနိုင်ပါတယ်။ လွတ်လပ်ကဗျာပုံစံ၊ စကားပြောရစ်သမ်အခြေပြုကဗျာများဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ လုံးဝကာရန်မဲ့၊ ပုံစံမဲ့ချည်းတော့ မဟုတ်ပါ။ ကျော်မင်းထွန်းဟာ မြန်မာကဗျာစပ်နည်းအခြေခံ (ကာရန်စနစ်များ) ကို နိုင်နင်းခဲ့ပုံရပါတယ်။

အသွားပုံစံတူ ကဗျာစာပုဒ်လေးများကို ဆင့်ကာဆင့်ကာဖွဲ့ပြီး ရစ်သမ်ဖော်လေ့ရှိတာ တွေ့ရပါတယ်။ ပထမစာအုပ်မှာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာတွဲယှဉ်ဖော်ပြခဲ့ပေမဲ့ ဒုတိယကဗျာစာအုပ်မှာတော့ ကဗျာတချို့ကိုသာ အင်္ဂလိပ်ဘာသာပြန်နဲ့ တွဲထားတာတွေ့ရပါတယ်။

ကျော်မင်းထွန်းဟာ ကာရန်မဲ့ကဗျာပုံစံကို အခြေခံပေမဲ့ ကာရန်မဲ့ရစ်သမ်တွေကြားမှာ ကာရန်ပြည့်နဘေထပ်စာပိုဒ်များ ထည့်သွင်းစပ်ဆိုတတ်တာကိုလဲ သတိပြုမိပါတယ်။ သူ့ရဲ့ "ပြဿနာ" ကဗျာ (စာမျက်နှာ ၁၈) မှာဆိုရင် -

အခုတော့...
လက်ဆေးရင် သတိပါရတယ်
ချက်ကျွေးရင် သတိပါရတယ်
ဖက်ထွေးရင် သတိပါရတယ်။

အခုတော့...
သိမ်ဝင်သိမ်ထွက်ကို သတိကပ်နေရတယ်
အိမ်ဝင်အိမ်ထွက်ကို သတိကပ်နေရတယ်
ပြည်ဝင်ပြည်ထွက်ကို သတိကပ်နေရတယ်။

စသဖြင့် နဘေထပ်တွေကို ညှပ်သွင်းတတ်တာကို တွေ့ရပါတယ်။

နောက်တချက် သတိပြုမိတာကတော့ အင်္ဂလိပ်လိုအမည်နဲ့ စာလုံးတွေဖြစ်ပါတယ်။ ဥပမာပြရရင် ၁၅၀၀ (ထောင့်ငါးရာ) ဆိုတဲ့ အဖွင့်ကဗျာမှာ အထင်အရှားမြင်နိုင်ပါတယ်။

၁၅၀၀ ဟာ…
ဂျက်ဒန်နီရယ်လို သောက်ရင်မူးတယ်
မိုဘိုင်းဖုန်းလို လူတိုင်းသုံးတယ်
ရွေးကောက်ပွဲလို ပရိယာယ်များတယ်
ကိုရိုနာဗိုင်းရပ်စ်လို ကူးစက်လွယ်တယ်။

နောက်စာပိုဒ်တွေမှာ ရော်ဘင်ဟုဒ်၊ ဆင်ဆာ၊ ဒီမိုကရေစီ၊ ကော်မရှင်၊ အောက်ဆီဂျင်၊ ခရိုနီ၊ ဟမ်ဘာဂါ၊ ဒစ်ဂျစ်တယ်၊ ဟစ်ပ်ဟော့၊ ဘလက်ဟိုး… စသည်တို့ဖြစ်ပါတယ်။ သူနေတာကိုက အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာဆိုတော့ သူသုံးတဲ့အမေရိကန်စကားလုံးတွေဟာ သူ့မြန်မာကဗျာမှာ မပါမဖြစ် ပါနေရတာပါလားဆိုတာကိုတော့ စေ့စေ့တွေးတိုင်း ရေးရေးပေါ်လာရပါတယ်။ အဲဒီလို စာကြောင်းလေးများထပ်ကြော့ခြင်းနဲ့ စာပိုဒ်လေးများထပ်ကြော့ခြင်းဟာ ကဗျာရဲ့ရစ်သမ်လှိုင်းများဖြစ်လာရတာကိုလဲ သတိပြုမိပါတယ်။ ဒါဟာ သူ့ကဗျာများရဲ့ အလှလဲဖြစ်နေပါတယ်။

ကျော်မင်းထွန်း (New York) ရဲ့ ကဗျာစာအုပ်ကို ဖတ်ပြီးတဲ့နောက် မြန်မာပြည်မှာရေးဖွဲ့နေကြတဲ့ ယနေ့ခေတ်ပေါ်ကဗျာများနဲ့ ဆက်စပ်နှိုင်းယှဉ်စဉ်းစားလာမိပါတယ်။ ခေတ်ပြိုင်ကဗျာ၊ ခေတ်ပေါ်ကဗျာဆိုတာ ယနေ့မျက်မှောက်ကာလမှာ မျက်မှောက်ခေတ်လူငယ်များ ရေးဖွဲ့နေကြတဲ့ ကဗျာတွေပဲ ဖြစ်ပါတယ်။ အဲဒီကဗျာတွေဟာ သူတို့ခေတ်ကို သူတို့ကကိုယ်စားပြုထင်ဟပ်ရေးဖွဲ့နေကြတာဖြစ်ပါတယ်။ ဒါကို နိုင်ငံတကာကဗျာ၊ အနောက်နိုင်ငံကဗျာများနဲ့ ယနေ့မြန်မာကဗျာများကို နှိုင်းယှဉ်ဝေဖန်ရင် တရားမျှတမယ် မဟုတ်ပါ။

အမေရိကန်၊ အင်္ဂလန်ဆိုတာ ကမ္ဘာမှာ စီးပွားရေးနဲ့ လူမှုရေးအရ ရှေ့ဆုံးရောက်နေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကမ္ဘာမှာ နောက်အကျဆုံးတန်းထဲကို ရောက်နေပါတယ်။ ဒီကြားထဲမှာ စစ်တပ်က ခဏခဏ အာဏာသိမ်းတာကြောင့် စီးပွားရေးသာမက ပညာရေး၊ လူမှုရေး၊ စာပေယဉ်ကျေးမှု အစစ အဖက်ဖက်မှာ နောက်ကြသည်ထက် နောက်ကျအောင် တုံ့ဆွဲနေသလို ကျန်ခဲ့နေသလို ဖြစ်နေခဲ့ရပါတယ်။

လူနေမှုအဆင့်အတန်းကွာဟသလို စာပေယဉ်ကျေးမှုအဆင့်အတန်းများလဲ ကွာဟနေပါတယ်။ အနောက်နိုင်ငံသားများလို ခံစားနိုင်ဖို့ဝေးလို့ အနောက်နိုင်ငံကဗျာဆရာများရေးဖွဲ့ထားတဲ့ ခေတ်ပေါ်ကဗျာတွေကို ဖတ်ရှုခံစားနိုင်တဲ့ မြန်မာကဗျာဆရာမျိုးတောင်မှ အတော်ရှားပါလိမ့်မယ်။ အနောက်တိုင်းကဗျာမူရင်းတွေကိုဖတ်နိုင်ဖို့ မြန်မာဘာသာပြန်ကဗျာတွေကို ဖတ်ရမှာပါ။

အခု ကျော်မင်းထွန်း (New York) ရဲ့ကဗျာများကတော့ ဘာသာပြန်ကဗျာ မဟုတ်ပါ။ အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ အမေရိကန်နိုင်ငံသား မြန်မာဆရာဝန်တဦးက မြန်မာလိုရေးဖွဲ့လိုက်တဲ့ ကဗျာများသာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံထွက် မြန်မာကဗျာတွေဖြစ်ပါတယ်။ ဘာသာပြန်မဟုတ်တဲ့ မြန်မာကဗျာပါ။ အမေရိကန်မှာခေတ်စားတဲ့ ကိုဗစ်အကြောင်းလိုဟာတွေပါရှိမှာဖြစ်ပြီး စစ်ခွေးတို့၊ စစ်ပြေးတို့အကြောင်းတွေပါရှိမှာ မဟုတ်ပါ။

ကျော်မင်းထွန်း (New York) ရဲ့ ကဗျာတွေဖတ်ရှုပြီး မြန်မာပြည်က မြန်မာကဗျာတွေထက် မြို့ပြခံစားမှုပါရှိတဲ့ ခေတ်ပေါ်မော်ဒန်ကဗျာဆိုတာ ဒါမျိုးဖြစ်မှာပဲလို့ ခံစားဖတ်ရှုနိုင်ကြစေရာသတည်း။

မောင်စွမ်းရည်
၂၁ ဒီဇင်ဘာ ၂၀၂၁
နယူးယောက်မြို့


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar