Breaking News

ဇင်လင်း - ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အဘယ်ကြောင့် နှောင့်နှေးနေသနည်း



ဇင်လင်း - ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အဘယ်ကြောင့် နှောင့်နှေးနေသနည်း

(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၁၉


မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ပွဲများ ရပ်စဲရေးကို အစိုးရအဆက်ဆက် ချဉ်းကပ်ပုံ အဖုံဖုံဖြင့် ကြိုးပမ်းခဲ့ကြသည်။ ဖဆပလ အစိုးရ ဆယ်နှစ်ဆယ်မိုးခေတ်တွင် လည်းကောင်း၊ တော်လှန်ရေးကောင်စီခေတ်တွင် လည်းကောင်း၊ မဆလဆိုရှယ်လစ် အစိုးရခေတ်တွင်လည်း ကောင်း၊ နဝတ-နအဖ ခေတ်တွင်လည်းကောင်း၊ ပြည်ခိုင်ဖြိုး အစိုးရခေတ်တွင်လည်းကောင်း၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရှိရေးကို မူဝါဒအမျိုးမျိုးဖြင့် သက်ဆိုင်ရာ အစိုးရ များ ကြိုးစားခဲ့ကြသည်။ ယခု အမျိုးသားဒီမိုကရေစီအစိုးရခေတ်သို့ ရောက်သည် အထိ ငြိမ်းချမ်းရေးရောင်ခြည်ကို မမြင်ရသေးပေ။ အခြေအနေမှာ တက်မစုံ ရွက်မစုံဖြင့် မုန်တိုင်းကြား၌ ရေဆန်ကို လှော်နေရသည်နှင့် တူနေသည်။

တစ်ပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး (NCA) ကိစ္စသည်လည်း ရှေ့မတိုးနောက်မဆုတ် အနေအထားမှ တစ်ဆင့်လှမ်း တက်နိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းညှိနှိုင်းနေရဆဲ ဖြစ်သည်။ သို့သော် ယနေ့တိုင် ဘုံသဘောတူညီမှု မရနိုင် သေးဘဲ ရှိနေသည်။ လွတ်လပ်ရေးရပြီး၍ နှစ်ပေါင်း ၇၀ ကျော်လွန်ခဲ့သည့်တိုင် ငြိမ်းချမ်းရေး၏ အရိပ်အရောင်ကို မမြင်ရ သေးဘဲဖြစ်နေသောကြောင့်၊ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်မှာ မသေချာ မရေရာသေးသည့် အခြေ အနေဖြစ်သည်။ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးညှိနှိုင်းနိုင်ရန် အခြေခံအဖြစ် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်များ အဆင့်ဆင့် အကြိမ်ကြိမ် လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော် စာရွက် ပေါ်မှ သဘောတူညီချက်များသည် လက်တွေ့မြေပြင်တွင် အသက်မဝင်နိုင် ဖြစ်နေသည်။ အပြောတစ်မျိုး အလုပ် တစ်မျိုးဖြစ် နေခြင်းကြောင့် လက်မှတ်ထိုးရန် ကျန်ရှိနေသော အဖွဲ့များက စောင့်ကြည့်ရင်း အချိန်ကုန်နေရသည်။ စာချုပ်ပါ ကတိ ကဝတ်များကို နားလည်လက်ခံပုံ၊ အဓိပ္ပာယ်ဖွင့်ဆိုပုံများ ကွဲလွဲခဲ့၍ဟု ဆိုသည်။ သို့ဖြင့် အကြိမ်ကြိမ် ကတိပျက်သကဲ့သို့ ဖြစ်၍ အဖန်ဖန်သွေးမြေကျခဲ့ကြရသည်။ လက်တွေ့ဖြစ်စဉ်ပျက်စဉ်များထဲမှ လွဲချော်မှု အမှားများကို ပြန်လည် သုံးသပ် သင်္ခန်းစာ မယူနိုင်ကြ၍ ပြည်တွင်းစစ် သံသရာရှည်နေရလေသည်။

နောက်ဆုံးမှ ပေါ်ပေါက်ခဲ့သော၊ တစ်နှစ်သာသာ ကြာခဲ့ပြီဖြစ်သော၊ ရခိုင်ပြည်နယ် စစ်မျက်နှာတွင် တပ်မတော်နှင့် ရက္ခိုင့် တပ်တော် (AA) တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းနီးပါးရှိလာပြီဖြစ်ကြောင်း ကြားသိရသည်။ ရခိုင် တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ဒီဇင်ဘာ ၁၄ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်ဟု RFA သတင်း က ဆိုသည်။ ယင်းဒုက္ခသည်များအနက် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေသည့် စစ်ဘေးဒုက္ခသည် အရေအတွက်မှာ ၃၅,၀ဝဝ ခန့်ရှိကြောင်း သိရသည်။ ထို့ပြင် ဒုက္ခသည်စခန်း ပြင်ပတွင်လည်း ဒုက္ခသည် ၆၅,၀ဝဝ ခန့် ရှိနေသည်ဟု သတင်းက ဆိုသည်။

သို့သော် အသစ်ရောက်လာသည့် စစ်ဘေးရှောင်သူများအတွက် ဒုက္ခသည်စခန်းများတွင် လုံလောက်သော အကူအညီ အထောက်အပံ့ စီစဉ်မပေးနိုင်ဘဲ ရှိနေသည်ဟုလည်း သိရသည်။ စခန်းများတွင် လုံခြုံမှု အားနည်းခြင်း၊ နေရာထိုင်ခင်း မရှိခြင်းတို့ကြောင့် စခန်းပြင်ပ၌ ခိုလှုံနေကြရသူ အများအပြားရှိနေကြောင်း ကြားသိရသည်။ စခန်းများပြင်ပ နီးစပ်ရာနေရာ များတွင် ထွက်ပြေးခိုလှုံနေရသူများအနက် ရသေ့တောင်မြို့နယ်မှ အရေအတွက်အများဆုံးဟုဆိုသည်။ လက်ရှိအချိန်အထိ တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားမှုများ တစ်နေ့တစ်ခြား ပြင်းထန်နေ၍ ရွာလုံးကျွတ် ထွက်ပြေးရခြင်းများ ပိုမို များပြားလာသည်ဟု အရပ်ဖက်လူမှုအဖွဲ့အစည်းများက ပြောသည်။

ဤအတောအတွင်း အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ်(KIO) အပါအဝင် မြောက်ပိုင်း မဟာမိတ်လေးဖွဲ့တို့သည် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့၌ ဒီဇင်ဘာ ၁၄ ရက်တွင် တွေ့ဆုံဆွေးနွှေးမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ဇော်ဦးက မြန်မာတိုင်းမ်နေ့စဉ်သို့ အတည်ပြု ပြောကြားသည်ဟု ဆိုသည်။ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ မြန်မာနိုင်ငံသို့ရောက်ရှိခြဲ့ပီး ဒီဇင်ဘာ ၈ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မန္တလေးမြို့၌ တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံရာ၌ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွှေးမှုများ ဆက်လက်ပြုလုပ်ရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။ ထို့နောက် ဒီဇင်ဘာ ၁၄ ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွှေးကြမည့် သတင်း ထွက်ပေါ်ခဲ့သည်။ မြန်မာအစိုးရနှင့် မြောက် ပိုင်း မဟာမိတ်လေးဖွဲ့တို့ ကူမင်းမြို့၌ နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ဆုံခဲ့ကြသည်။

အိမ်နီးချင်း တရုတ်အစိုးရ၏ ပါဝင်ပတ်သက်မှုကို မလိုလား၍ မြန်မာအစိုးရနှင့်တပ်မတော်တို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲ များကို ပြည်တွင်း၌သာ ပြုလုပ်လိုသဖြင့် ယခုနှစ် ဧပြီ ၃၀ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင်လည်းကောင်း၊ ဇွန် ၃၀ ရက်က မိုင်းလားဒေသတွင် လည်းကောင်း၊ သြဂုတ် ၃၁ ရက်နှင့် စက်တင်ဘာ ၁၇ ရက်တို့တွင် ကျိုင်းတုံ မြို့၌ လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မဝေးလှသေးသော အတိတ်ဖြစ်ရပ် အချို့ကို ယေဘုယျ ပြန်ကြည့်လျှင် ၂၀၁၅၊ ၂၀၁၆ ခုနှစ်များအတွင်း ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် KIA၊ TNLA၊ MNDAA၊ AA တပ်ဖွဲ့များနှင့် တပ်မတော်အကြား တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားခဲ့သည်။ ထိုသို့ စစ်ရေးအရ ဖိအားပေးခံရသော တိုက်ပွဲ အတွေ့အကြုံများက မြောက်ပိုင်း ညီနောင် မဟာ မိတ်အင်အားစုတရပ် ဖွဲ့စည်းရေးအတွက် ဆော်သြလိုက်သလို ဖြစ်ခဲ့သည်။ ထို့နောက် FPNCC မြောက်ပိုင်းမဟာမိတ် အဖွဲ့ ပေါ်လာခဲ့သည်။ FPNCC အဖွဲ့တွင် ‘ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်’(UWSA)၊ ‘အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်’ (NDAA)၊ ‘ကချင်လွတ်လပ်ရေး တပ်မတော်’ (KIA)၊ ‘ရှမ်းပြည် တိုးတက်ရေးပါတီ’ (SSPP)၊ ‘တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော်’ (TNLA)၊ ‘ရက္ခိုင့် တပ်မတော်’ (AA)၊ ‘မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်’ (MNDAA) တို့ ပါဝင်သည်။ ယင်းမဟာမိတ်အဖွဲ့၏ မူဝါဒမှာ NCA အပစ်ရပ်စာချုပ်၌ လက်မှတ် မထိုးရန်၊ စာချုပ်အသစ် ဖော်ဆောင်ပေးရေး ရှေးရှုရန်၊ တစ်ဖွဲ့ချင်း ဆွေးနွေးမှု မပြုဘဲ ၇ ဖွဲ့ ကိုယ်စားပြု FPNCC အဖွဲ့ အနေဖြင့်သာ ဆွေးနွေးရန် စသည်ဖြင့် ယေဘုယျ ချမှတ်ထားသည်။

KIA သည် UNFC မှ တဆင့် NCA လက်မှတ်ထိုးနိုင်ရေး အစိုးရနှင့် ၁ နှစ်ကျော် ဆွေးနွေးခဲ့သည်။ သို့သော် သဘောတူ ညီမှု မရရှိ၍ နည်းလမ်းပြောင်းကာ FPNCC နှင့် ပူးပေါင်းခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်မှုများရှိသည်။ SSPP/SSA အနေဖြင့် FPNCC အဖွဲ့ဝင်များနှင့် နယ်နိမိတ်ချင်း ထိစပ်နေသဖြင့် စစ်ရေးအာမခံချက် ပိုရှိရေးအတွက် UNFC အဖွဲ့ဝင် အဖြစ် မှ နှုတ်ထွက်ခဲ့ပြီး၊ FPNCC အဖွဲ့ဝင်အဖြစ် ပူးပေါင်းသွားခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်မှုမျိုးလည်း ရှိသည်။ ၂၀၁၈ ခုနှစ် မေလ ၁၈ ရက်တွင် တရုတ်နိုင်ငံ အထူးသံတမန် ကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်း က FPNCC ခေါင်းဆောင်များအား တရုတ် နိုင်ငံ ကူမင်းမြို့သို့ ခေါ်ယူတွေ့ဆုံခဲ့ဖူးသည်။ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းက ထိုစဉ်က တိုက်တွန်းခဲ့သည်ဟု မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့၏ “ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ” (FPNCC) က သတင်း ထုတ်ပြန်ခဲ့ဖူးသည်။

ယခု ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ကူမင်းမြို့၌ တွေ့ဆုံနိုင်ရေးကိစ္စနှင့်ပတ်သက်၍ တရုတ္ႏိုင္ငံက စီစဉ်ပေးခြင်းဖြစ်သည်ဟု ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။ လက်ရှိ ပြင်းထန်နေ သော အခြေအနေ ရှုပ်ထွေးမသွားစေရန် တရုတ်က ဝင်ထိန်းသည်ဟု ယူဆကြောင်း ခွန်ဥက္ကာက ဆိုသည်။ တွေ့ဆုံရာ၌ အစိုးရနှင့် ကချင်လွတ်မြောက် ရေးအဖွဲ့ချုပ် (KIO)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖြဲ႕ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) တို့အကွား ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေး ဆွေးနွေး ကြဖွယ်ရှိသည်။



အထက်ပါ မြောက်ပိုင်းလေးဖွဲ့နှင့် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုရေးအတွက် အပြန်အလှန် အဆိုပြုချက် များ ပေးထားရာ၌ ကွာဟချက်ကြီးမားနေဆဲ ဖြစ်သည်။ အထူးသဖြင့် AA က ရခိုင်ပြည်နယ်တွင် အခြေချခွင့် တောင်းဆို ထားသည်ကို အစိုးရနှင့် တပ်မတော်ဘက်က ငြင်းဆိုနေခြင်းလည်း တစ်ချက်အပါအဝင်ဖြစ်သည်ဟု ကြားဝင်စေ့စပ်သည့် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးဆမ်အောင်က ပြောသည်။

ဤအတောအတွင်း မြန်မာ့တပ်မတော်နှင့် ရခိုင်တပ်(AA)တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့ အစွန်အဖျား၌ လက်နက်ကြီးကျရောက်မှု ပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦး သေဆုံးခဲ့မှုအပေါ် ‘ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့’ (UNICEF) ရန်ကုန်ရုံးမှ ဝမ်းနည်းကြောင်း အစီအရင်ခံစာ တစ်စောင်ကို ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၁၉ ခုနှစ်အတွင်း တိုက်ပွဲများ အရှိန်မြင့် လာကတည်း က သေဆုံး၊ ဒဏ်ရာရသူ ကလေးပေါင်း ၁၄၃ ဦး အထိရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။ ပဋိပက္ခများကြားတွင် မြေစာပင် ဖြစ်ခဲ့ရသော ကလေးများအားလုံး၊ ဒဏ်ရာရသူများနှင့် သေဆုံးသူ မိသားစုများအတွက် ဝမ်းနည်းကြောင်း UNICEF ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

KIA နှင့် တပ်မတော်တို့၏ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်တွင် စစ်ရှောင်ဒုက္ခသည် ၁၂၀,ဝဝဝ ဝန်းကျင် ရှိသကဲ့သို့ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း တိုက်ပွဲရှောင် ဒုက္ခသည် ထောင်နှင့်ချီရှိသည်ဟု အရပ်ဖက်အဖွဲ့အစည်းများထံမှ သိရ ကြောင်း မဇ္ဈိမသတင်းက ဖေါ်ပြသည်။ ယင်းတိုက်ပွဲရှောင်များတွင် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အို များက အများစု ဖြစ်သည်ဟု ဆိုသည်။ ထိုတိုက်ပွဲများအကြားမှ မြေစာပင်ပေါင်းမြောက်မြားစွာကို အသက်ရှင်သန်ခွင့်ရရန် တပ်မတော်ခေါင်ဆောင်များနှင့် တိုင်ရင်းသားလက်နက်ကိုင်ခေါင်းေဆာင်များအားလုံး၏ စိတ်ကောင်း၊ စေတနာကောင်းဖြင့် ဆုံးဖြတ်ချက်ချမည့် အပေါ်တည်မှီနေသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့က “ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မူ ကော်မတီ ၏ အစီရင္ခံစာ” ကို တင်သွင်းခဲ့ကြောင်း သိရသည်။ ‘အမျိုးသားပြန်လည်သင့်မြတ်ရေး’နှင့် ‘ပြည်တွင်းငြိမ်းချမ်းရေး’ တို့ကို အထောက်အကူပြုသည့် အသံများ လွှတ်တော် အတွင်း ပိုမိုအားကောင်းလာစေရေး တွန်းအားပေးရန် လိုအပ်နေသည်ဟု ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာ၌ ဖော်ပြထားသည်။ ထို့ပြင် လက်ရှိ ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများ အပါအဝင် ပြဿနာများကို ဖြေရှင်းရာ၌ ကော်မတီဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပိုမို သတ်မှတ်ပေးရန်လည်း တောင်းဆိုထားသည်။ ကော်မတီ၏ နှစ်ပတ်လည်စီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ဒီဇင်ဘာ ၁၃ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အကြံပြုဆွေးနွေးခဲ့ကြပြီး ကန့်ကွက်သူမရှိ အစီရင်ခံစာကို အတည်ပြုခဲ့သည်ဟု ဆိုသည်။

ANP ပါတီဝင် ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၌ ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့် တာဝန်များ ပိုမိုရရှိရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။ ရခိုင် ပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသ အချို့တွင် ဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ပွဲများအတွင်း အရပ်သားများ ညှဉ်းပန်းနှိပ်စက်ခံရမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေသဖြင့် ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်တိုင် စစ်ဘေးဒုက္ခသည် စခန်းများသို့ သွားရောက်တွေ့ဆုံရန် အကြံပြုထားသည်။ တာဝန်နှင့် လုပ်ပိုင်ခွင့် နည်း သဖြင့် ပြဿနာများ ဖြေရှင်းဆောင်ရွက်ရာတွင် အခက်အခဲရှိသည်ဟု “ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မူ ကော်မတီ” ဥက္ကဋ္ဌ ဦးခွန်မောင်သောင်း က ပြောကြားခဲ့သည်။

NLD ပါတီ၊ တွံတေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှောင့်နှေးနေရ ခြင်းနှင့် အတားအဆီးဖြစ်နေရသည့် အကြောင်းအရာများကို ကော်မတီ အစီရင်ခံစာ၌ နက်နက်ရှိုင်းရှိုင်း ဖော်ပြပေးစေလို ကြောင်း ပြောကြားသည်။ တိုင်းရင်းသားပြည်သူများအနေဖြင့် တည်ငြိမ်အေးချမ်းသည့် ပြည်ထောင်စုဖြစ်ပေါ်ရန် ဆန္ဒပြင်း ပြ နေသော်လည်း အရှေ့မြောက်ပိုင်း၊ မြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေ ပြီး ပိုမို ပြင်းထန်လာသည်ဟု ကော်မတီ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

SNLD ပါတီ၊ ရှမ်းပြည်နယ် သိန္နီမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဦးခမ်းက တိုက်ပွဲဖြစ်ပွားရာ ဒေသများ၌ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် လုံခြုံရေးအခြေအနေအရ လွတ်လွတ်လပ်လပ် ပြောဆိုလုပ်ကိုင်၍ မရကြောင်း ပြောသည်။ တိုင်းရင်းသားဒေသများတွင် ပြည်သူများ ဒုက္ခမျိုးစုံ ကြုံတွေ့နေရကြောင်း၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ထိုးထားသည့် အဖွဲ့ ၁၀ ဖွဲ့ရှိနေသော်လည်း၊ ကျန်နေသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များလည်း အမြန်လက်မှတ်ထိုးရန်လိုကြောင်း အစီရင်ခံစာ၌ တိုက်တွန်းထားသည်။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်သော နည်းဥပဒေများ အမြန်ဆုံး ပြဋ္ဌာန်းပေးရေးအတွက် တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာနက လွှတ်တော်သို့ ပေးပို့ထားပြီးဖြစ်၍ ကော်မတီက စိစစ်နေသည်ဟု ဆိုသည်။

အခြေအနေအရပ်ရပ်ကို ပေါင်းချုပ်သုံးသပ်ရလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှောင့်နှေးနေသည်။ တစ်နိုင်ငံလုံးအပစ် အခတ် ရပ်စဲရေးလုပ်ငန်းစဉ်၌ အတားအဆီးများ ရှိနေသည်။ NCA စာချုပ် လက်မှတ်ထိုးထားရန် ကျန်နေသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မည်သည့်အတွက် လက်မှတ်ထိုးရေး နှောင့်နှေးနေရသည်ကို ပွင့်လင်းစွာ တင်ပြ ဆွေးနွေးသင့်သည်။ လက်နက်ကိုင်တိုက်ပွဲများအတွင်း အရပ်သားများ ညှဉ်းပန်းနှိပ်စက်ခံရမှုများ၊ လူ့အခွင့် အရေး ချိုးဖောက်ခံရမှုများ ရှိနေသည်။ ထိုကိစ္စကို သက်ဆိုင်ရာ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ယူသင့်သည်။ ICJ တွင် ဘာကြောင့် မြန်မာနိုင်ငံ တရားစွဲခံရကြောင်း၊ နောက်ထပ် အလားတူ ပြဿနာမျိုး မဖြစ်စေရန် နိုင်ငံတကာ ဥပဒေ စည်းမျဉ်များကို လိုက်နာရန် လိုကြောင်း၊ တပ်မႉး အကြပ် တပ်သားများအား ပညာပေးထားသင့်ပြီဟု သုံးသပ်မိသည်။။။


၂၀၁၉ ဒီဇင်ဘာ ၂၃ ရက်၊ ဒီလှိုင်းစာစောင်၌ ဖေါ်ပြသည့် ဆောင်းပါး။