Breaking News

လင်းလက်နွေဦး - နှလုံးသားလေလံပွဲ

နှလုံးသားလေလံပွဲ
လင်းလက်နွေဦး
(မိုးမခ) ဇန်နဝါရီ ၂၄၊ ၂၀၂၂
 

စီဒီအမ်ဆရာမတယောက်အကြောင်း သိသလောက်လေးရေးမလို့ပါပဲ၊ ဒါပေမယ့် ကိုဂျင်မီနဲ့ကိုဇေယျာသော်တို့သေဒဏ်ပေးခံရတာကြောင့် စိတ်မဖြောင့်တော့ပါဘူး။ ဘယ်ဥပဒေနဲ့ဘယ်ပုဒ်မနဲ့ဆိုတာ တော့ ဥပဒေရေးရာကျွမ်းကျင်သူတွေကတော့သိမှာပေါ့။ ဒါပေမယ့် ဥပဒေဆိုတာ စကစပါးစပ်ထဲက ထွက်လာတာဆိုတာ ကျွန်တော့်လိုနလပိန်းတုံးတောင်သိပါတယ်။ ‘ဥပဒေက မည်သို့ပင်ဆိုစေကာမူ’ ဆိုတဲ့စကားရပ်ဟာ ကျွန်တော်လူမမည်ကလေးဘဝက တည်းက ကြားဖူးနားဝစကားပါပဲ။ သေဒဏ်ဆိုတာ လူမဆန်တဲ့အပြစ်ဒဏ်ဆိုပြီး တချို့နိုင်ငံတွေမှာ ပယ်ဖျက်ထားတယ်လို့ကြားဖူးပါတယ်။ မြန်မာနိုင်ငံမှာလည်း သေဒဏ်မပေးတော့တာကြာပြီထင်ပါရဲ့။ ခုဟာက စစ်ခုံရုံးဖွဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ချမှတ်လိုက်တာတဲ့။ စစ်တပ်ရဲ့ အနိုင် ကျင့်မှုတွေကို ကျွန်တော်တို့က အသာတကြည်ငုံခံနေရမလိုဖြစ်နေပါပြီလေ။ ဒူးလေးထောက် လက်အုပ်လေးချီ မျက်လွှာလေးချ ခေါင်းလေးငုံ့ ကိုယ်ကို ခပ်ရို့ရို့လေးနဲ့ပေါ့လေ။ ဒါမှမဟုတ် ဆွံ့အ နားမကြားတယောက်လို မသိကျိုးကျွံပြုမလား။ ဉာဏ်ရည်ချို့တဲ့သူလို ဘာသာလဝါပဲနေရမလားပေါ့လေ။

‘ဘာသာလဝါ’ဆိုလို့၊ ကျွန်တော်တို့နယ်မှာ ဘုန်းကြီးတပါးက ဆေးထိုးပေးတယ်။ ရွာနီးချုပ်စပ်က အစ၊ တော်တော်လေးသတင်းပျံ့နေပါပြီ။ ခုဆို တော ရကျောင်းကလေး လမ်းလေးကိုဖုန်လို့ပေါ့။ တဆင့်စကားတဆင့်နားနဲ့ လာလိုက်ကြတာ။ သူတို့ကို ကြည့်ပြီး ဟိုပုံပြင်လေးသွားသတိရတယ်၊ ရွာဘုရားပွဲဆိုပါတော့၊ ရုံကြီးဟီးအောင် ဆောက်၊ ဆိုင်းဘုတ်ကြီး ခမ်းခမ်းနားနားချိတ်ဆွဲကြေငြာထားတယ် ‘လူဒူးကြီး ပြမည်၊ တစ်ယောက်တစ်ကျပ်’။ အဲတုန်းက တစ်ကျပ်ဆိုတာ စပါယ်ရှယ်လစ်ဈေးလောက်ထင်ပါရဲ့။ ဒါကြောင့် အရင်ဝင်ကြည့်တဲ့လူကို စနည်းနာကြည့်ကြတယ်။ ရုံထဲကထွက်လာတဲ့ လူတွေကလည်း ခေါင်းညိတ်ပြပြီး ‘တကယ့်လူဒူးကြီး’လို့ ဖြေကြတာကိုး၊ ဒီတော့ ဝင်ကြည့်မိတာပေါ့။ ရုံပြည့်လို့ ဂိတ်ပိတ်တော့၊ ကားလိပ်ကြီး တဖြည်းဖြည်းဆွဲတင်သတဲ့။ စင်အောက်က လူတွေက မရိုးမရွနဲ့လှုပ်လှုပ်ရှားရှားဖြစ်ကုန်တာပေါ့။ စင်ပေါ်မှာဘာမှမရှိသေးပါဘူး။ ခဏနေတော့ လူတယောက်က ထိုင် ခုံတလုံးလာချ။ နောက်ထွက်လာတဲ့လူက ခေါင်းပေါင်းနဲ့တိုက်ပုံနဲ့ နှုတ်ခမ်းမွေးကားကားနဲ့ သျှောင်နဲ့ဘာနဲ့၊ ထိုင်ခုံပေါ်ထိုင်တဲ့ပြီး ‘ဒူးခေါင်း’ အသာလှန်ပြတယ်။ ပါးစပ်ကလည်း ‘ဒါ လူဒူးပဲ’လို့အမိန့်ရှိသတဲ့။ လူတွေဇဝေဇဝါနဲ့ တယောက်မျက်နှာတယောက်ကြည့်နေတုန်း၊ ကားလိပ်ကြီးပြန်ကျ၊ မီးပိတ်သွားတယ်။

ဒါဆို ‘အမေရယ်… အရင်ဆုံးဝင်ကြည့်ကြတဲ့သူတွေက နောက်ဝင်ကြည့်မယ့်သူတွေကို ဘာလို့မတားတာလဲ’လို့ ကျွန်တော်က မေးတော့၊ ‘ခံရတာ ရှက်တော့ ဖွင့်မပြောတာလည်း ဖြစ်မယ်၊ ခံဖော်ခံဖက် ညှိတာလည်း ဖြစ်မယ်’လို့ ပြုံးပြုံးကြီးပြန်ဖြေဖူးတယ်။ ခုလည်း ဘယ်လိုလဲတော့မသိပါဘူး၊ အိုကြီး အိုမတွေရော၊ ဘုန်းကြီးတွေ သီလရှင်တွေပါလာထိုးနေကြပြီ။ ဒါကြောင့် ‘အော်… အသက်ကြီးတာနဲ့ဉာဏ်ကြီးတာ ထပ်တူမကျပါလား၊ ကားအကောင်းစားကြီးစီးနေပေမယ့် ဉာဏ်အကောင်းစားတော့မရှိနိုင်ပါလား’လို့ တွေးမိတယ်။ တကြိမ်တော့၊ ပရိယတ်စာပေအတော်နှံ့စပ်တဲ့၊ ပြောရမယ်ဆိုရင် ဓမ္မာစရိယကိုယ်တော်တပါးက သူ့မယ်တော်ကြီးကို လိုက်ပို့တယ်။ တမျိုးတည်းသောဆေးနဲ့ လာသမျှလူနာတိုင်းကို ထိုးပေးနေတဲ့ဘုန်းကြီးဆီလေ။ အဲတော့၊ ‘အော်…စာပေပရိယတ်နှံ့စပ်ကျွမ်းကျင်ပေမယ့် အမှားအမှန်မဝေခွဲနိုင်သေးပါလား၊ ဒါမှမဟုတ် အမှားကိုမဆန့်ကျင်နိုင်သေးပါလား’လို့လည်း မြင်မိတယ်။ သူကိုယ်တိုင်က မထိုးပေမယ့်၊ ထိုးချင်တဲ့ဒကာမကြီးကို မစည်းရုံးနိုင်ဘူးလေ။

ထားပါတော့၊ ‘သူလည်းလေ လောကီသားပေမို့’လို့ ခွင့်လွှတ်ရပေမပေါ့။ သူတို့ထပ်ဆိုးတဲ့သူတွေက တပုံကြီးပဲကိုး။

ဒီလို လူတွေကြားထဲမှာ လူ့အရည်အသွေးတွေချွန်ထွက်နေတဲ့ ‘လူရည်ချွန်’တွေ ရှိနေပါသေးတယ်။ ‘ပန်ဒိုရာ’သေတ္တာကိုအမြန်ပိတ်လိုက်ဖို့ သတိဝင်လာတဲ့သူလိုပေါ့။ မျှော်လင့်ခြင်းလေး ကျန်ခဲ့ပါတယ်။ မတရားတာကို မတရားမှန်းသိတဲ့သူတွေ။ မတရားမှုကို သိပြီးမခံနိုင်တဲ့သူတွေ။ မတရားမှုကို သိရှိ မလိုလား ပြီး တရားမှုကို လိုလားသူတွေ။ မတရားမှုကို သိရှိမလိုလား၊ တရားမှုကိုလိုလားလို့ မတရားမှုကိုဆန့်ကျင်တဲ့သူတွေ။ မတရားမှုကို သိရှိမလို လားဆန့်ကျင်ပြီး တရားမှုကိုတည်ထောင်တဲ့သူတွေ။ ပါရမီအနုအရင့် လိုက်လို့ပေါ့လေ၊ မတရားမှုကိုလည်း အဆင့်အလိုက်ဆန့်ကျင်ကြပါတယ်။ အဲထဲမှာ ကျွန်တော်က ပါရမီအနုဆုံး။

နုပုံကိုလည်း ခိုင်းနှိုင်းစရာပုံလေးဖတ်ဖူးသေးတယ်။ မူကွဲရင်တော့ခွင့်လွှတ်ပါ။ ဉာဏ်ရည်ထုံထိုင်းပေမယ့် ရိုးသားတဲ့မောင်ပေါက်ဆိုတဲ့ ဘုန်းကြီး ကျောင်း သားလေး ကိုရင်ဝတ်၊ ကိုရင်ဘဝကနေ ပဉ္ဇင်းတက်၊ ဝါတော်သက်တော်ရလာတော့ ‘ခင်ကြီး’ဖြစ်လာတယ်ပေါ့။ ဒီတော့ ‘ခင်ကြီးပေါက်’လို့ ခေါ်ဝေါ်လျှောက်ထားကြပါတယ်။ ခင်ကြီးဆိုတာ ရှေးပေါရာဏစကား၊ ‘ဘုန်းကြီး’ပါပဲ။ ဘုရားဆုပန်သတဲ့။ အဲလိုအနေကောင်းတဲ့ သူမို့၊ သားသမီးကို ဆုံးမတဲ့ လူကြီးမိဘတွေက ‘ခင်ကြီးပေါက်’ကို စံအရာထား ဆုံးမလေ့ရှိသတဲ့။ ဒီလိုနာမည်ကျော်တော့ မနာလိုတဲ့သူတွေက အရက်သမားနှစ်ယောက်ကို ဘုန်း ကြီးကျောင်းနားသွား၊ သံချပ်တပုဒ်ဆိုခိုင်းတာပေါ့။ ‘နုမှာငါးရာ၊ ရင့်မှာ တစ်ကျိပ်၊ နောင်လာရှစ်သောင်းဘုရားပေါင်း၊ ဘုရားပေါင်းနောက် ဒို့နှစ်ယောက်၊ ဒို့နှစ်ယောက်နောက် ခင်ကြီးပေါက်ဟေ့’…။ ဒါကိုကြားတော့၊ ခင်ကြီးပေါက်က ‘အော်… ပွင့်တော်မူမယ့်ဘုရားတွေကလည်း ရှစ်သောင်းမကရှိနေပါလား၊ ငါ့နောင်တော်ဘုရာလောင်းတွေတောင် မူးရူးသောက်စားနေတုန်းပဲရှိသေးတယ်’လို့ သံဝေဂရပြီး လူထွက်သွားသတဲ့လေ။

ကျွန်တော်ဖြင့် ပါရမီနုတော့ ဟိုအသံကြားရကြောက်ရ၊ ဖေ့ဘုတ်အကောင့်ဖျက်၊ မေးလ်တွေလိုက်ဖျက်၊ ဖုန်းတွေလက်ပ်တော့တွေသိမ်းရနဲ့ပေါ့။ ဒီအချိန်ထိ တည်တည်ငြိမ်ငြိမ်၊ စိတ်ဓာတ်ခိုင်မာစွာနဲ့ စစ်အာဏာရှင်ကို နည်းလမ်းပေါင်းစုံနဲ့တော်လှန်နေတဲ့သူတွေကို တွေ့နေရတော့ ကိုယ့်ကိုကိုယ် ရှက်လည်း ရှက်မိပါရဲ့။ အားကျပါရဲ့။ အားတက်ပါရဲ့။ အဲထဲက တယောက်ပေါ့လေ။

သူမ စီဒီအမ်လုပ်ပြီး ပတ်စာခွာ ဖျာသိမ်း၊ အိမ်ပြန်ပြီဆိုတော့ ကျွန်တော်က ဖဲကြိုးနီလေးတပ်တုန်း။ တပတ်လောက်နောက်ကျပြီးမှ စီဒီအမ်တယ်။ သူ နေ့စဉ်နဲ့အမျှ ဆန္ဒပြစီတန်းလှည့်လည်တာတွေ တွေ့ရတယ်။ အွန်လိုင်းဖိုက်တာ၊ ကီးဘုတ်ဖိုက်တာလည်း လုပ်တာပဲ။ ကျောင်းမတက်ရတဲ့ကလေးတွေကို စာပြတယ်။ အခမဲ့ကျူရှင်ဆရာမပေါ့။ ဒီလောက်နဲ့ ပြီးမသွားသေးဘဲ၊ အဆင့်တွေ တက်လာတယ်။ ကလစ်တယ်။ တလောက အနှစ်နှစ်အလလ မြတ်မြတ်နိုးနိုးစုဆောင်းထားတဲ့သူ့စာအုပ်တွေကို လေလံတင်လာတယ်။ ‘နှလုံးသား’ကို ထုတ်ရောင်းပါမယ်၊ ရတဲ့ငွေတွေကို လိုအပ်တဲ့နေရာတွေကို ပေးပို့လှူဒါန်းပါမယ်’ဆိုတော့ အတော်ဖြုံသွားတယ်။ အဲဒီအချိန်မှာ စီဒီအမ်ရိုးရိုးကျွန်တော်က အကောင့်သုံးခါချိန်းပြီးသွားပြီ။ သူဖိုက်နေတာက ပေါ်တင်ကြီးနော်။ နာမည်အရင်း၊ ပရိုဖိုင်းဓာတ်ပုံအမှန်၊ နေရပ်လိပ်စာအတိအကျ။ ကျွန်တော့်မှာ သတင်းလေးတပုဒ် ရှဲဖို့ရာ တထိတ်ထိတ်ရယ်။ မှန်ကန်တဲ့အကျင့် (သီလ)ဟာ မဆုတ်မနစ်ခြင်း(သမာဓိ)ကြောင့် ထင်ရှားသိမြင်ခြင်း(ပညာ)ကိုဖြစ်စေတာကိုး။ ငါ့ရဲ့သီလဟာ မဖြူစင်သေးဘူး။ ငါဟာ ပါရမီနုနယ်သေးတယ်လို့ တွေးမိပါသေးတယ်။ ပယောဂကင်းရင် သတ္တိကောင်းတယ်မဟုတ်လား။

ကျွန်တော်တို့နိုင်ငံမှာ ဒီလိုကိုယ်ကျိုးစွန့်နိုင်ပြီး ခိုင်ကျည်တဲ့စိတ်ဓာတ်နဲ့ ရဲဝံ့တဲ့သူတွေအများကြီးပါ။ ဒီလိုလူငယ်တွေထောက်ပံ့ကူညီတတ်တဲ့လူကြီးတွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် ကျွန်တော်ထင်တယ်၊ အခု နိုင်ငံရေးအသွင်အပြင်ဟာ အီးရောအီးရောဇာတ်မျောကြီးဖြစ်မနေဘူး။ ပြတ်သားထင်လင်းနေတယ်ဆိုတာကိုပေါ့
 
လင်းလက်နွေဦး
၂၂.၁.၂၂ ည ၉နာရီ ၁၀မိနစ်။

oin Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar