ကိုအောင်မှိုင်း - မြေလှန်စနစ်ဟာ စကစ ပေါ်လစီဖြစ်လာပြီလား
(မိုးမခ) ဇန်န၀ါရီ ၃၁၊ ၂၀၂၂
ထန်တလန်မြို့နယ်ဟာ မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းမှာရှိပြီး ချင်းပြည်နယ်၊ ဟားခါးခရိုင်မှာ တည်ရှိပါတယ်။ မြောက်လတ္တီတွဒ် (၂၂) ဒီဂရီ၊ (၅) မိနစ်နှင့် (၂၃) ဒီဂရီ (၁၁) မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် (၉၃) ဒီဂရီ (၆) မိနစ်နှင့် (၉၃) ဒီဂရီ (၂၈) မိနစ်အကြားတွင် တည်ရှိပါတယ်။
ထန်တလန်မြို့နယ်ရဲ့ နယ်နမိတ်ဆက်စပ်မှုက အရှေ့ဘက်မှာ ဟားခါးမြို့နယ် (၄၈) မိုင်၊ အနောက်ဘက်မှာ အိန္ဒိ ယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် (၇၄) မိုင်၊ တောင်ဘက်မှာ မတူပီမြို့နယ် (၄၆) မိုင်၊ မြောက်ဘက်မှာတော့ ဖလမ်းမြို့နယ် (၂၈) မိုင်တို့နှင့် ထိစပ်လျက်ရှိပါတယ်။
ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကနေ ဒီဇင်ဘာ ၈ ရက် ဒီနေ့အထိ အချိန်လေးလအတွင်း မီးရှို့ခံရမှု ၁၃ ကြိမ်မှာ ဘုရားကျောင်း ငါးကျောင်းနဲ့ နေအိမ် ၅၀၀ ကျော် မီးလောင်ဆုံးရှုံး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါဟာ အိမ်ခြေနှစ်ထောင်ကျော်ရှိတဲ့ ထန်တလန်မြို့ လူနေအိမ်တွေရဲ့ လေးပုံတစ်ပုံ အရေအတွက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ထန်တလန်မြို့မှာ ဟားခါးမြို့အခြေစိုက် ခလရ- ၂၆၉ နဲ့ ၂၂၂ အပါအဝင် တပ်မ - ၁၁ က စစ်ကောင်စီတပ်သားတွေက မြို့ကို အပေါ်စီးကနေမြင်ရတဲ့ တောင်ကုန်းပေါ်မှာ နေရာယူထားတယ်လို့လဲ သိရပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ဒဏ်ရာရတာ၊ သေ ဆုံးတာရှိတဲ့အခါမှာ စစ်ကောင်စီတပ်သားတွေဟာ မြို့ကလူနေအိမ်တွေကို မီးရှို့တာကြောင့် အခုလို အကြိမ် ကြိမ်မီးလောင်နေရတာလို့ ထန်တလန်မြို့သားတချို့က ပြောကြပါတယ်။
နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုအပေါ် ပြည်တွင်း၊ ပြည်ပက ပြစ်တင်ရှုတ်ချနေကြပေမယ့်လည်း မီးရှို့ဖျက်ဆီးမှုတွေက ဆက်ရှိနေဆဲဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ချင်းပြည်နယ် ထန်တလန်မှာပိုးစိုးပက်စက်မီးရှို့မှုတွေ သတ်ဖြတ်မှုတွေကို ကျူးလွန်ပြီးတဲ့နောက် စစ်ကိုင်း တိုင်းနဲ့ ကရင်နီပြည်နယ်မှာ လူတွေကိုတောင် အရှင်လတ်မီးရှိုးသတ်ဖြတ်တာ ရွာတွေကို မီးရှို့တာတွေလဲ ခပ်စိတ်စိတ်ဆိုသလို တွေ့လာရပါတယ်။
ကျနော်ဆိုလိုချင်တာက ဒါဟာ စကစရဲ့ ပေါ်လစီတခုဖြစ်လာနေတာကို သတိထားမိပါတယ်။ ဒါဟာ မြေလှန် စနစ်ဖြစ်ပါတယ်။တိတိကျကျပြောရရင် ဖြတ် ၄ ဖြတ်ရဲ့ အမြင့်ဆုံးသဏ္ဍာန်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၁၈၂၄ခုနှစ် မတ်လက အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲမှာ မြန်မာတွေက မြေလှန်စနစ် ကျင့်သုံးခဲ့ဘူးကြောင်း ဆရာသန်းမြင့်ဦးရဲ့ ပထမအင်္ဂလိပ် မြန်မာစစ်ပွဲစာအုပ်မှာ စတင်တွေ့ရပါတယ်။ ၁၉၄၂ ခုနှစ် မတ်လ ဗြိတိသျှအစိုးရ ဗမာပြည်က အိန္ဒိယကိုဆုတ်ရချိန်ကာလမှာ မြေလှန်စနစ်ကို ကျင့်သုံးခဲ့တယ်လို့ တွေ့ရပြန်ပါတယ်။ ဗြိတိသျှအစိုးရ၏ မြေလှန်စနစ်အရ ဘီအိုစီ၏ သံလျင်မှ ရေနံချက်စက်ရုံ၊ အိုင်ဘီပီ၏ ဆိပ်ကြီးစက်ရုံ၊ ဘီဘီပီ၏ သီလဝါစက်ရုံတို့ကို ၁၉၄၂ ခုနှစ်မတ်လမှာ အကြီးအကျယ်ဖောက်ခွဲဖျက်ဆီး၍ အချို့ကို ဖြုတ်ပစ်ခဲ့ပါတယ်။ ဧပြီလအတွင်းမှာ ရေနံတွင်းများ၊ ရေနံထုတ်လုပ်သော ပစ္စည်းကိရိယာများ၊ တွင်းတူးစက်များနှင့် တန်ဆာပလာများ၊ လျှပ်စစ်ဓာတ် အားပေးရေးဆိုင်ရာပစ္စည်းများ၊ ချောက်ရေနံချောင်း ရေနံပိုက်လိုင်းကြီး၊ ရေနံစုတ်စက်ရုံများ၊ မရွေ့ မပြောင်းနိုင်သောပစ္စည်းများနှင့် အဆောက်အအုံများကိုလည်း တတ်နိုင်သလောက် ဖျက်ဆီး ပစ်ခဲ့ရာ၊ အပျက်အစီးတန်ဖိုးဟာ စတာလင်ပေါင်သန်း ၄ဝ (မြန်မာငွေ ၅၃ ကုဋေ) ခန့် ဖြစ်တယ်လို့ဆို ပါတယ်။
ဗမာပြည်ဘက်မှာ ဂျပန်ကျူးကျော်နေတာကိုကြောက်ပြီး မြေလှန်စနစ်ပေါ်လစီကျင့်သုံးခဲ့တာလို့ အောက်စဖို့တက္ကသိုလ်က သမိုင်းပညာရှင်ယတ်စမင်ခန်းကဆိုပါတယ်။ “ဂျပန်တွေဝင်လာရင် ပြာပုံပဲတွေ့ရမယ်ဆိုတဲ့ ပေါ် လစီပါ။ သီးနှံတွေရော၊ သီးနှံသယ်ယူဖို့ သင်္ဘောတွေရော ဘာဆိုဘာမှ မကျန်စေချင်တာပါ။ ဂျပန်တွေ၀င်လာရင် သူတို့ရဲ့ ကျူးကျော်စစ်ကို ချဲ့ထွင်ဖို့ရာ ဘာရိက္ခာမှ မရှိစေချင်တာပါဘဲ။ အငတ်ဘေးကာလမှာ မြေလှန်ပေါ်လစီကျင့်သုံးခဲ့တာ သက်သေအထောက်အထား ခိုင်ခိုင်မာမာရှိပါတယ်” လို့ ယတ်စမင်ခန်းက ဆိုပါတယ်။
၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဗိုလ်နေဝင်းဦးစီးပြီး ဖြတ် ၄ ဖြတ် မဟာဗျူဟာကို ချမှတ်လုပ် ဆောင်ခဲ့တာတွေ့ရပါတယ်။ ၎င်းဗျူဟာမှာ လူထုထံကအထောက်အပံ့များကို ဖြတ်တောက်ရန် ဗြိတိသျှတို့ အသုံးပြုခဲ့တဲ့နည်းလမ်းတွေပေါ်မှာ အခြေခံထားခြင်းဖြစ်တယ်လို့ ယုံကြည်ကြပါ တယ်။ယင်းမဟာဗျူဟာရဲ့ ကနဦးပိုင်းကာလတွေမှာ ဒေသခံပြည်သူလူထုတွေအနေနဲ့ EAO များအပေါ် စိတ်ရောကိုယ်ပါ ထောက်ခံအား ပေး မှုများမရှိအောင် ပြုလုပ်ရန်ရည်ရွယ်သော်လည်း နောက်ပိုင်းတွင်မူ အလွန်ရက်စက်ကြမ်းကြုတ်သည့် စနစ်တကျ မြေလှန်ချေမှုန်းသောနည်းလမ်းကို အသုံးပြုလာခဲ့သည်။ ထိုနည်းလမ်းဖြင့် ထောင်ပေါင်းများစွာသော ပြည်သူများကို ထိန်းချုပ်ရလွယ်ကူစေရန် စစ်စခန်းများနှင့်နီးသော ဒေသများသို့ အတင်းအကြပ်ပြောင်း ရွှေ့စေခဲ့ပါတယ်။ စစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားကောင်းသောနေရာများကို “အမဲရောင်နယ်မြေများ” အဖြစ်သတ်မှတ်ပြီး၊ အစိုးရ၏ထိန်းချုပ်မှုအောက်တွင်ရှိသောနယ်မြေများကိုမူ “အဖြူရောင်နယ်မြေများ” အဖြစ် သတ်မှတ်ကာ၊ EAO ရော အစိုးရပါ ထိန်းချုပ်မှု ရောနှောနေသောနေရာများကိုမူ “အညိုရောင်နယ်မြေများ” အဖြစ်သတ်မှတ်ခဲ့ပါတယ်။
အမဲရောင်နယ်မြေမှာနေထိုင်တဲ့ လူထုတွေကို အဖြူရောင်နယ်မြေများသို့ အတင်းအကြပ် ပြောင်းရွေ့ မှုများပြုလုပ်ခဲ့ကာ ပြောင်းရွှေ့ရန် ငြင်းဆန်သူများကို ရန်သူများဟူ၍သတ်မှတ်ခဲ့ကာ တွေ့တဲ့နေရာ ပစ်ခတ်သတ် ဖြတ်ခဲ့ကြပါတယ်။ ဤကိစ္စများဟာ တိုင်းရင်းသားဒေသတွေမှာ နှစ်ပေါင်း ၇၀ နီးပါး စစ်တပ်ကကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။ အများစု ဗမာလူမျိုးတွေက မသိကြပါ။ သိသူ လူအနည်းစုမှာလည်း စိတ်မဝင်စားကြပါ။ ဗမာလူထုအနေနှင့်လည်း စစ်အာဏာရှင်များအောက်မှာ ထ္မင်းနပ်မှန်အောင် ရုန်းကန်ကြရသလို စစ်တပ်ရဲ့ စိတ်ဓါတ်စစ်ဆင်ရေးဌာနက ထည့်ထားသောဂျင်းများအောက်မှာ Brainwash လုပ်ခံထားခဲ့ကြတာလဲဖြစ်ပါတယ်။ စစ်တပ်မှာလည်း ဗမာအများစုဖြစ်တာလည်း တကြောင်းဖြစ်ပါတယ်။
ဒီစစ်တပ်ရဲ့ ဂျင်းအများစုကို ရိုက်ချိုးနိုင်ခဲ့တာ ၈ လေးလုံး လူထုအရေးတော်ပုံကြီးကထွက်လာကြတဲ့ ကျောင်း သား တော်လှန်ရေးသမားရဲဘော်တွေဖြစ်ကြပါတယ်။ဗမာစစ်တပ်ရဲ့ ရက်စက်ယုတ်မာမိုက်ရိုင်းတဲ့ ဒီဖက်ဆစ်စနစ်ဆိုးကြီးကို တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့အတူ ခုခံတွန်းလှန်ရင်း အဖြစ်မှန်တွေကို သိရှိခံစားခဲ့ကြရတာဖြစ်ပါတယ်။ ဗမာတော်လှန်ရေးရဲဘော်တွေဟာ ရှက်လဲ ရှက်ကြသလို ဝမ်းနည်းကြေကွဲမှုတွေ ဖြစ်ကြရပါတယ်။ ဒါ ကျနော်တို့ကိုယ်တိုင် ဖြတ်သန်းကျော်လွှားခဲ့ရတဲ့ သမိုင်းလည်း ဖြစ်ပါတယ်။ သေချာတာက ကျနော်တို့ဟာ စစ်အာဏာရှင်စနစ်ကို ဖြုတ်မချနိုင်ခဲ့သည့်တိုင်အောင် လူမျိုးပေါင်းစုံ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့တော့ သွေးစည်းညီညွတ်ရေးကို ကောင်းမွန်စွာတည်ဆောက်နိုင်ခဲ့ပါတယ်။
ကျနော်တို့အနေနဲ့ အဓိကပြောလိုတာက ဒီစစ်တပ်ဟာ ဖက်ဆစ်စစ်တပ် တတပ်သာဖြစ်ပါတယ်။ ဖက်ဆစ်လက္ခဏာတွေအပြည့်နဲ့ ရပ်တည်နေတဲ့ စစ်တပ်ဖြစ်ပါတယ်။ ဒီနေ့ ရွာတွေကို မီးရှို့တာ လုယက်ဓါးပြတိုက်နေတာ အမျိုးသမီးတွေကို မုဒိန်းကျင့်နေတာ လူတွေကို အရှင်လတ်လတ် မီးရှို့ သတ်နေတာ စစ်သားတွေချည့်မဟုတ်ပါဘူး။ DSA ကျောင်းဆင်းဆိုတဲ့ စစ်ဗိုလ်တွေဟာ ဖြစ်စဥ်တိုင်းမှာ ပါဝင်ကြသလို သူတို့အမိန့်တွေနဲ့သာ စစ်သားတွေက လုပ်ခဲ့ကြတာလို့ ပြောနိုင်မှာဖြစ်ပါတယ်။ ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရရင် ဗမာစစ်တပ်ဟာ စစ်တပ်တတပ်လက္ခဏာတောင်မရှိတော့ပါဘူး။ လူဆိုးဂိုဏ်းတဂိုဏ်းအဆင့်သာ ရှိပါတော့တယ်။ လူဆိုးဂိုဏ်းတောင် မာဖီးယားဓားပြဂိုဏ်းလို လူသတ် ဓားပြတိုက် ပြန်ပေးဆွဲ မုဒိန်းကျင့်နေတဲ့ ဂိုဏ်းတဂိုဏ်းအဆင့်ထက် ဘာမှမပိုပါဘူး။ ဒီစစ်တပ်ဆီက ဘာမှမျှော်လင့်စရာမရှိပါဘူး။ ဒီစစ်တပ်မှာ လိမ်တာ ညာတာ မျက်နှာ ပြောင်တိုက်တာနဲ့ လူသတ် မီးရှို့တာဘဲရှိပါတော့တယ်။ ကျနော်တို့အနေနဲ့ ဒီစစ်တပ်နဲ့ လက်ဆွဲနှုတ်ဆက်စရာ လုံးဝမရှိဘူးဆိုတာတော့ အခိုင်အမာပြောပါရစေ။
ဒီကိစ္စကို နိုင်ငံတကာကမသိဘူးလားဆိုတော့ သိပါတယ်လို့ဘဲ ပြောရမှာပါ။ နိုင်ငံတကာအနေနဲ့ အမြင့်ဆုံးလုပ်ပေးနိုင်တာတွေရှိသလို လုပ်မပေးနိုင်တာတွေလဲရှိတယ်ဆိုတာ ကျနော်တို့ သဘောပေါက်ဘို့လိုပါတယ်။ နိုင်ငံတိုင်းဟာ ကိုယ့်နိုင်ငံအကျိုးစီးပွါးတွေပေါ်ကသာ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်မှာ အပြန်အလှန်ဆောင်ရွက်လေ့ရှိပါတယ်။ ကနေ့ တရုတ်အစိုးရအနေနဲ့ စစ်အုပ်စုကို ကာကွယ်နေတာကလည်း တရုတ်အစိုးရရဲ့ ကိုယ်ကျိုးစီးပွါးပေါ်လစီကို ကာကွယ်နေတာသာဖြစ်ပါတယ်။ တရုတ်အစိုးရနဲ့ဆက်ဆံတဲ့အခါ နိုင်ငံတကာမှာ အထူးသ ဖြင့် အာဖရိကနိုင်ငံတွေမှာတော့ လူခွဲကစားလေ့ရှိပါတယ်။ တချို့က တရုတ်အကျိုးစီးပွားကို အတတ်နိုင်ဆုံးကာကွယ်ဖို့ စီမံချက်တွေရေး ဆောင်ရွက်ကြသလို အခြားတဘက်မှာ တရုတ်အကျိုးစီးပွားတွေကို ပြတ်ပြတ်သားသားဆန့်ကျင်ကြပါတယ်။ ကျနော်ဆိုလိုချင်တာက တရုတ်အစိုးရနဲ့ဆက်ဆံချင်ရင် လက်တွေ့ကျဖို့ အထူးအရေးကြီးပါတယ်။ တဖက်က တရုတ်အကျိုးစီးပွားကို ဘယ်လောက်ကာကွယ်နိုင်မလဲဆိုတာရယ် နောက်တ ဖက်က တရုတ်အကျိုးစီးပွားကို ဘယ်လောက်ဖျက်မလဲဆိုတာပေါ်မှာ တရုတ်အစိုးရရဲ့ပေါ်လစီတွေကို အာဖရိကမှာတော့ အတော်ပြောင်းလဲနိုင်တာ တွေ့ရပါတယ်။
ချုပ်ပြောရရင် စကစအနေနဲ့ ပြည်သူလူထုအပေါ် မြေလှန်စနစ်ကျင့်သုံးလာပြီဆိုတာနဲ့ လူထုကလည်း စစ်အုပ် စုကို မြေလှန်စနစ်ပြန်ကျင့်သုံးဘို့ ကြိုးစားရပါလိမ့်မယ်။ ကျနော်ဆိုလိုချင်တာက လူထုရဲ့ မြေလှန်စနစ်က မင်းအောင်လှိုင်ပိုင် မင်းအောင်လှိုင်မိသားစုပိုင် စစ်ဗိုလ်ချုပ်တွေပိုင်ဆိုင်မှုတွေကိုပါ ဦးတည်တိုက်ခိုက်ချေမှုန်းရပါလိမ့်မယ်။ တခုလုံးကိုတော့ လုံခြုံရေးယူပေးနိုင်မှာ မဟုတ်ပါဘူး။ အခြားဖက်ကလည်း မြန်မာတနိုင်ငံလုံး ပြောက်ကျားစစ်ပွဲကြီးတွေ အင်နဲ့ အားနဲ့ဖြစ်လာအောင် လုံးပမ်းကြရမှာဖြစ်ပါတယ်။ ကနေ့စစ်အုပ်စုကို မြေ မြုတ်သင်္ဂြိုလ်ဖို့ ၀ တိုင်းရင်းသားတွေ ရခိုင်တိုင်းရင်းသားတွေ ရှမ်းတိုင်းရင်းသားတွေ မွန်တိုင်းရင်းသားတွေအပါအဝင် ကျနော်တို့အားလုံး ညီညွတ်စွာ စစ်မြေပြင်မှာ အတူတကွတိုက်ပွဲဝင်ကြပါစို့လို့ အလေးအနက် မေတ္တာရပ်ခံလိုပါတယ်။ လူမျိူးပေါင်းစုံ ပြည်သူလူထုအောင်ပွဲအတွက် အတူလုံးပမ်းကြပါစို့။
ကိုအောင်မှိုင်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar