Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၁၀ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၁၀ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီလ ၁၁၊ ၂၀၂၂

◾️ လေကြောင်းတိုက်ခိုက်မှုတွေ ပြည်တွင်းစစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် နောက်ထပ် ၄ နှစ်သော ထောင်ဒဏ်
ပြည်တွင်းစစ်ဖြစ်တော့မယ်ဆိုတဲ့စကားကို လွန်ခဲ့တဲ့ ၉ လခန့်ကပြောဆိုကြတဲ့အခါ ပြောတဲ့သူဟာ အစိုးရိမ်ကြီးလွန်းသူ၊ ဒီစကားလုံးဟာ သတင်းတုတွေ သတင်းမှားပေ့ချ်တွေက လူစိတ်ဝင်စားအောင် ဆွဲဆောင်တဲ့ စကားလုံးအဖြစ်နဲ့ ဖော်ပြတဲ့စကားလုံးအဖြစ် ယူဆမိပါလိမ့်မယ်။ အဲဒီအချိန်ကာလက ပြည်တွင်းစစ် မဖြစ်နိုင်လောက်ပါဘူးလို့ ယူဆချက်ဘက်က အားသာခဲ့လိမ့်မှာ ဖြစ်ပါတယ်။ 

အချို့ကလည်းပြည်တွင်းစစ်က ဖြစ်နေပြီးသား နှစ် ၇၀ ကျော်ရှည်ကြာလာတဲ့ ပြည်တွင်းစစ်က ဖြစ်နေနှင့်ပြီးဖြစ်တာကိုထောက်ပြပြီး နောက်ထပ်ပြည်တွင်းစစ်ဖြစ်ရဦးမှာလားလို့ စောဒကတက်ခဲ့ကြသူတွေလည်း ရှိခဲ့မှာဖြစ်ပါတယ်။ အဲဒီထောက်ပြချက်ကလည်း အချက်အလက်အားဖြင့် မှန်နေပါတယ်၊ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်က ဖြစ်ပွားခဲ့ရာမှာ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ဧရာဝတီ တိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းရဲ့ အချို့သောဒေသတွေမှာ နှစ် ၇၀ ကျော်အတွင်း လက်နက်ကိုင်တိုက်ပွဲတွေ ဖြတ်တောက်မှုတွေ ပေါ်တာဆွဲမှုတွေ သတ်ဖြတ်မှုတွေ ဖမ်းဆီးထောင်ချမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၂ ဒါဇင်ကျော်လောက်ရှိနှင့်ပြီး အဲဒီ ၂ ဒါဇင်ကျော်အနက်မှာ ၁၇ ဖွဲ့လောက်က ရှင်သန်နေဆဲ လှုပ်ရှားမှုရှိနေဆဲလို့ သတ်မှတ်ကြတာဖြစ်ပါတယ်။ အဲဒီလို ဆွေးနွေးပြောဆိုမှုနဲ့ စိုးရိမ်မှုတွေ ရှိခဲ့ပြီးနောက် ၉ လခန့်အကြာမှာ တိုင်းဒေသကြီးအချို့ရဲ့ ဧရိယာ ၃ ပုံ ၁ ပုံလောက်မှာ တိုက်ပွဲတွေဖြစ်နေပြီ ဖြစ်ပါတယ်။ ပြည်နယ်အချို့ရဲ့ ပြည်နယ်မြို့တော်ရုံးစိုက်ရာမြို့၊ အရင်က အစိုးရတပ်တွေ အခြေစိုက်ရာမြို့ကြီးလိုမျိုးအထိ လအနည်းငယ်ကမှ ဖွဲ့စည်းခဲ့ကြတဲ့ လက်နက်ကိုင်အဖွဲ့တွေက လာရောက်တိုက်ခိုက်လာမယ်လို့ ဘယ်သူမှ မျှော် လင့်ထားကြမှာ မဟုတ်ပါဘူး။ 

အလားတူပဲပြီးခဲ့တဲ့ ၉ လဝန်းကျင်က မြို့တမြို့နဲ့ တမြို့ဆက်သွယ်ထားတဲ့ကားလမ်းတွေကို အစိုးရစစ်တပ်တွေ အနှောင့်အယှက်ကင်းကင်း သွားနိုင်ခဲ့ကြပြီး အခုအခါမှာတော့ မိုင်းခွဲခံရမယ့် အန္တရာယ်၊ ချောင်းမြောင်းပစ်ခတ်ခံရမယ့်အန္တရာယ်တွေရှိနေတဲ့ မြို့နယ်တွေ ပြည်နယ်တွေ တိုင်းဒေသတွေ အများအပြားရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ် ၃၀/၄၀ ကာလကလို ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ စစ်တပ်ယာဥ်တန်းတွေကို လုံခြုံရေးအစောင့် အရှောက်နဲ့ သွားရတဲ့ကာလမျိုးကို ပြန်နှိုင်းယှဥ် အမှတ်ရစရာအခြေအနေမျိုး တွေ့လာရပါတယ်။ 

ဒီအခြေအနေတွေ လက္ခဏာတွေကို ကောက်ချက်ချကြည့်ရင် ဗဟိုအစိုးရဆိုတဲ့ ဗဟိုအာဏာကို ချုပ်ကိုင်ထားတဲ့ စစ်အစိုးရအနေနဲ့ သူ့ရဲ့ အာဏာ တည်တံ့ဖို့ အပြင်းအထန်ကြိုးစားနေတဲ့အခြေအနေဆိုတာ အငြင်းပွားဖွယ်ရာမရှိတဲ့ အနေအထားဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ သူတို့မှာ တိုင်းပြည်ရဲ့ သယံဇာတကို ရောင်းချခွင့်၊ စီမံခွင့်၊ ငွေကြေးရိုက်ထုတ်ခွင့်ရှိနေပြီး ဖွဲ့စည်းထားပြီးသား လက်နက်ကိုင်တပ်ရှိခြင်း၊ ယန္တရားတပ်၊ အမြှောက်တပ်၊ လေကြောင်းတပ်၊ ရေတပ်၊ စသဖြင့် စစ်တပ်တခုရဲ့ အင်္ဂါအပြည့်အစုံရှိတာကြောင့် အားသာတယ်လို့ ထင်မြင်ယူဆနေပါလိမ့်မယ်။ သို့ပေမယ့် လူအများစုရဲ့ ထောက်ခံမှု လက်ခံမှုကို မရရှိတော့တာက အနာဂတ်အတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုဆိုတာကို နားလည်ပုံမရပါဘူး။ 

ဒီအခြေအနေကနေ ဘယ်လိုရလဒ်တွေ ဆက်လက်ဖြစ်ပေါ်လာမလဲဆိုတာနဲ့ပတ်သက်ပြီး မှန်းဆကြည့်ရင် ဖြစ်နိုင်ချေအချို့ရှိပါတယ်။ အဲဒီဖြစ်နိုင်ချေတွေထဲကတခုက စစ်ကောင်စီဟာ ယခင်ကလို အားလုံးကိုထိန်းချုပ်နိုင်မယ့်အခြေအနေ၊ နောက်အခြေအနေတခုမှာတော့ PDF လက်နက်ကိုင်အဖွဲ့တွေဘက်က အနိုင်ရထိန်းချုပ်နိုင်မယ့်အခြေအနေ၊  အချို့နယ်မြေတွေကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက ထိန်းချုပ်နိုင်သွားပြီး ကျန်နယ်မြေတွေကို PDF တွေ စစ်ကောင်စီတပ်တွေ ဝေမျှထိန်းချုပ်နိုင်မယ့်အခြေအနေ စသဖြင့် အဆိုပါဖြစ်နိုင်ခြေအမျိုးမျိုးထဲက တခုခုဖြစ်လာနိုင်ပါတယ်။ 

မြန်မာနိုင်ငံက ပြည်ထောင်စုအဖြစ်ကနေ အချို့အစိတ်အပိုင်းတွေ သီးခြားကိုယ်ပိုင် ပြဌါန်းအုပ်ချုပ်နိုင်သွားတဲ့ အနေအထားမျိုး (သို့မဟုတ်) သီးခြားခွဲထွက်နိုင်သွားတဲ့ အနေအထားမျိုးလည်း ဖြစ်နိုင်ချေနည်းပေမယ့် တခုသောအလားအလာအဖြစ်တော့ မှန်းဆထားရမယ်လို့ထင်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ တိုင်းရင်းသားလူမျိုးစုတွေအရေးကို မျှတစွာတန်းတူစွာနဲ့ မဖြေရှင်းနိုင်ခဲ့တာက စတင်ခဲ့တယ်ဆိုတဲ့ ယူဆချက်က ကြည့်ရင် ပြည်တွင်းစစ်ကို အဆုံးသတ်စေဖို့ရာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ပတ်သက်လို့ ထိန်းချုပ်ထားတဲ့မူဝါဒကို လုံးဝစွန့်လွှတ်ပြီး တိုင်းရင်းသားလူမျိုးစုတွေရဲ့ အနာဂတ်ကို ၄င်းတို့ဘာသာ ဆုံးဖြတ်ပြဌါန်းနိုင်တဲ့နိုင်ငံရေးစနစ်ကို ပြောင်းလဲနိုင်ဖို့ပဲ ဖြစ်ပါလိမ့်မယ်။ 

ပြည်တွင်းစစ်ရဲ့အကျိုးဆက်ကိုခံစားရသူတွေ မြန်မာနိုင်ငံမှာ သိန်းနဲ့သန်းနဲ့ချီရှိနေပြီး အသက်အန္တရာယ်၊ လုပ်ကိုင်စုဆောင်းထားတဲ့ ပိုင်ဆိုင်မှု၊ ချစ် ခင်တန်ဖိုးထားရတဲ့ မိသားစုတွေ ဆုံးရှုံးကြရတာ ဆယ်စုနှစ် ၇ ခုကျော်ခဲ့ပါပြီ။ ခုချိန်ထိ သေနတ်သံ၊ ဗုံးသံ၊ လေယာဥ်သံကြားရင် အဝတ်အစား အနွေးထည်စောင် အဖိုးတန်တဲ့ပစ္စည်း ရသမျှ ယူဆောင်ပြေးလွှားရတဲ့ဘဝက မလွတ်မြောက်နိုင်သေးတာဟာ စစ်တပ်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့အပေါ်တာဝန်ရှိနေမယ့်သဘောလို့ ဆိုချင်ပါတော့တယ်။ 

စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေချိန် စစ်ဘေးရှောင်သူတွေ ရာထောင်ချီမြို့ကို စွန့်ခွာနေကြချိန် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ အမှုတွေ တဒါဇင်ကျော်စွဲပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အန်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်အမှုတချို့နဲ့ ထောင်ဒဏ် ၄ နှစ်အမိန့်ချမှတ်လိုက်ပါတယ်။ ဘာမှကြီးကျယ်တဲ့ ပုဒ်မမဟုတ်တဲ့ သွင်းကုန် ထုတ်ကုန်ပုဒ်မ၊ ဆက်သွယ်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုပုဒ်မလိုမျိုးနဲ့ ထောင်ဒဏ် ၄ နှစ်ထပ်မံချမှတ်လိုက်တာပါ။ ပြီးခဲ့တဲ့လအနည်းငယ်က စွဲဆိုတဲ့အမှုတချို့နဲ့ ထောင်ဒဏ် ၄ နှစ်ချမှတ်ခံခဲ့ရပြီး အဲဒီပြစ်ဒဏ်ထဲက ၂ နှစ်ကို စစ်ကောင်စီဥက္ကဌအမိန့်နဲ့ ပြစ်ဒဏ်ချတဲ့နေ့မှာပဲ လျော့ပေါ့ခဲ့ပြန်ပါတယ်။ 

အမှန်တော့ အမှုစစ်ဆေးနေတာတွေ ပုဒ်မတပ်နေတာတွေဟာ နိုင်ငံရေးအရလုပ်နေတာသာဖြစ်ပြီး ဥပဒေကြောင်းအရ ခုခံကာကွယ်နေတာတွေက အချည်းနှီးဖြစ်မယ့်သဘောလို့လည်း ရှုမြင်မိပါတယ်။ လွတ်လပ်မှုမရှိတဲ့ တရားစီရင်မှုစနစ်အောက်မှာ ဘယ်လိုတရားမျှတမှု မှန်ကန်တဲ့စီရင်မှုမျိုးမှ ရရှိနိုင်ဖွယ်မရှိတာမို့ အမှုကိစ္စတွေ အမှုသွားအမှုလာတွေ ပြစ်ဒဏ်တွေက ဘာမှအဓိပ္ပါယ်ကြီးကြီးမားမား မရှိဘူးလို့သာ ဆိုရမှာဖြစ်ပါတော့တယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar