Breaking News

အောင်သူငြိမ်း - Genomic citizenship (မျိုးရိုးဗီဇအရ နိုင်ငံသားဖြစ်မှု)

အောင်သူငြိမ်း - Genomic citizenship (မျိုးရိုးဗီဇအရ နိုင်ငံသားဖြစ်မှု)
(မိုးမခ) ဇန်န၀◌ါရီ ၁၄၊ ၂၀၂၂

ဒီနေ့ မြန်မာ့အလင်းသတင်းစာ (14 Jan 2022) မှာ ဒေါက်တာမောင်သင်းရဲ့ “စံပြုကိုးကားနိုင်သည့် ဒီအန်အေ မျိုးရိုးဗီဇ မှတ်တမ်း” (နှာ-၂၀) ဆိုတဲ့ ဆောင်းပါးဖတ်ရတယ်။ အဲဒီမှာ မျိုးရိုးဗီဇ (Gene) နဲ့ နိုင်ငံသားဖြစ်မှု (Citizenship) ချိတ်ချင်တဲ့ကိစ္စက အန္တရာယ်ကြီးတယ်လို့ မြင်မိတယ်။ 

သူ့ဆောင်းပါးထဲမှာပဲ မြန်မာတိုင်းရင်းသားများ၏ ဒီအန်အေမှတ်တမ်းထားရှိရန်နဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်း၌ အသုံးပြုရန် လဝကအရာရှိတဦးက ၂၀၀၀ ခုနှစ် ဝန်းကျင်လောက်က တင်သွင်းဖူးတယ်ဆိုတာလည်း ဖော်ပြထားတယ်။ ဒီအယူအဆဟာ ခေတ်သစ်နိုင်ငံတော် (Modern state) နဲ့ ခေတ်သစ်နိုင်ငံသားဖြစ်မှု (Modern citizenship) သွားနေတဲ့ အယူအဆတွေနဲ့လွဲနေပြီး ခေတ်နောက်ပြန်ဆွဲတဲ့ အယူအဆလို့ မြင်မိတယ်။ 

မျိုးရိုးဗီဇ (Genetic) က သိပ္ပံပညာလေ့လာမှုတခုအဖြစ်က ပြဿနာမရှိဘူး။ ဒါပေမယ့် နိုင်ငံသားဖြစ်မှု (Citizenship) က နိုင်ငံရေး (Politics) နဲ့ ပိုပြီးသက်ဆိုင်တယ်လို့ မြင်မိတယ်။ ခေတ်သစ်နိုင်ငံတွေမှာ နိုင်ငံသားဖြစ်မှုဆိုတာ အချုပ်အခြာပိုင် နိုင်ငံတခု (သို့မဟုတ်) ပြည်ထောင်စုတခု ပိုင်ဆိုင်မှုအတွင်းမှာ ဓလေ့ထုံးတမ်းအရ၊ ဥပဒေအရ အသိအမှတ်ပြုထားတဲ့ အဖွဲ့ဝင်တဦးပါပဲ။ (A person recognized under the custom or law as being a legal member of a sovereign state or belonging to a nation.) နိုင်ငံသားဖြစ်မှုဆိုတာ နိုင်ငံရေးအရ အဆင့် အတန်း (A political status) တခုပါ။ ခေတ်သစ်နိုင်ငံ တော် အယူအဆအရဆိုရင် လူတဦးကို အခြေခံလူ့အခွင့်အရေးများ ရရှိနိုင်ရေးအတွက် အသိအမှတ်ပြုပေးတဲ့ အခွင့်အရေးတခုသာ ဖြစ်ပါတယ်။ 

အရင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်လက်ထက်တုန်းကလည်း ထိုင်းစစ်စစ်ဖြစ်မှု (Thainess) ကို ဒီအန်အေနဲ့စစ်ဆေးရမယ် ပြောဆိုခဲ့ဖူးတယ်။ လူအများက ဝေဖန်ကြတယ်။ ပြဿနာက ထိုင်းစစ်စစ် ဒီအန်အေဆိုတာကဘာလဲ၊ ဒါဆိုရင် ဗမာစစ်စစ် ဒီအန်အေက ဘာလဲ အများကြီး အငြင်းပွားစရာ ရှိပါတယ်။ 

အဆိုးဆုံးကတော့ သွေးနှော (သွေးမစစ်ဘူး) ဆိုရင် သန့်စင်ရေး (Ethnic cleansing) ကိစ္စတွေပါ အလွန်အကျွံဖြစ်လာနိုင်တဲ့ အယူအဆမျိုးပါ။ တချိန် နာဇီဂျာမဏီခေတ်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။ လူမျိုးနဲ့ပတ်သက်လို့ နာဇီ အိုင်ဒီယိုလိုဂျီက ပြဿနာအကြီးအကျယ်ပေးခဲ့ဖူးတယ်။ ကျန်တိုင်းရင်းသားအုပ်စုတွေကို သိမ်းသွင်းလိုက်ပေမယ့် သူတို့က ဂျာမန်စစ်စစ် မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မူလဘူတ ဆင်းသက်ပေါက်ဖွားရာ (သွေး) က ပြောင်းလဲလို့မဖြစ်ဘူးလို့ ယူဆကြတယ်။ ဒါနဲ့ပဲ အချို့သော လူမျိုး (ဂျူး) တွေက ရှင်းလင်းသုတ်သင်ရမယ့် “ကပ်ပါးကောင်” (parasitic vermin) အဖြစ် မြင်လာကြတာမျိုး ဖြစ်ခဲ့တယ်။ အခုလည်း တပြန်ဖြစ်လာတာက အစ္စရေးက သူ့နိုင်ငံပြန်လာတဲ့ဂျူးတွေကို သွေးစစ်ဆေးမယ်။ Genomic citizenship (မျိုးရိုးဗီဇအရ နိုင်ငံသားဖြစ်မှု) အယူအဆကို တင်လာခဲ့တယ်။ နောက်ဆက်တွဲ ပြဿနာတွေ အများကြီးရှိကြောင်းလည်း ဝေဖန်နေကြတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar