Breaking News

မောင်မိုးသူ ၈၃ နှစ်ပြည့် အမှတ်တရ ပြန်လည်ဆန်းသစ်ဆောင်းပါး


မိုးမခကိုကြိုဆိုခြင်း

မောင်မိုးသူ၊ ဧပြီ ၉၊ ၂၀၁၄

(မိုးမခမဂ္ဂဇင်း၊ အမှတ် ၁၊ ဧပြီ ၂၀၁၄ ထုတ်မှ)

(မေလ ၁၇ ရက်မှာ ၈၃ နှစ်မွေးနေ့ ကျရောက်တဲ့ ဆရာ မောင်မိုးသူ အမှတ်တရအဖြစ် ဆရာ ၂၀၁၄ တုန်းက ရေးသားခဲ့တဲ့ စာကို ပြန်လည်ဆန်းသစ်ဖော်ပြပါတယ်။ မိုးမခ၊ မေ ၁၈၊ ၂၀၂၀) 


မိုးမခဟာ အမေရိကန်ရောက် မြန်မာစာပေပညာရှင်များက စုစည်းထုတ်ဝေတဲ့ အွန်လိုင်းမဂ္ဂဇင်းဖြစ်ပါတယ်။ တင်မိုးတို့ မောင်စွမ်းရည်တို့ ပင်တိုင်ရေးခဲ့ကြတာပေါ့။ မိုးမခဟာ နိုင်ငံရေးခံယူချက် မှန်ကန်ခြင်း၊ ရသပါအောင် ဖွဲ့စည်းနိုင်တဲ့ အွန်လိုင်းမဂ္ဂဇင်းအဖြစ် မောင်မိုးသူနှစ်ခြိုက်ကျေနပ်ခဲရပါတယ်။ ယခုတော့ မိုးမခဟာပြည်တွင်းမှာ ပုံနှိပ်မဂ္ဂဇင်းအဖြစ် ထုတ်ဝေမယ်ဆိုတော့ နှစ်ထပ်ကွမ်း ဝမ်းသာရပြန်ပါတယ်။ 

 မောင်မိုးသူဟာ စစ်မဖြစ်မှီက နဂါးနီစာပေများနှင့် နိုင်ငံရေးအသိစိတ် ဖွံ့ဖြိုးအောင် ပျိုးထောင်နိုင်သလို ဒဂုန်မဂ္ဂဇင်းကျေးဇူးနှင့် ရသစာပေကို ချစ်မြတ်နိုးလာခဲ့ပါတယ်။ စစ်ပြီးခေတ်မှာ သွေးသောက်၊ ရှုမဝ၊ မြဝတီ၊ ငွေတာရီ၊ စုံထောက်မဂဇင်းတွေကြောင့် ရသစာပေများ ဖွံ့ဖြိုး တိုးတက်လာပါတယ်။ နောက်တော့ ပေဖူးလွှာ၊ ချယ်ရီ၊ မဟေသီ၊ ကလျာ၊ လုံမလေး၊ စပယ်ဖြူ အစရှိသည်ဖြင့် ရသစုံ မဂ္ဂဇင်းတွေ အများကြီး ထပ်ထွက်ခဲ့ကြသည်။ မြန်မာစာပေပွင့်လင်းမှု ရှိခဲ့ပါတယ်။ နောက်စာပေစိစစ်ရေး ပေါ်လာနှိပ်ကွပ်မှုတွေလုပ်ရာက ရသစာပေမဂဇင်း တဖြည်းဖြည်း လျော့ပါးလာခဲ့ပါတယ်။ ရသစာပေ လျော့ပါးတော့မှာလားလို့ စိုးရိမ်မကင်းဖြစ်ကြသူများ ရှိလာကြပါတယ်။ 

 ဒီအချိန်မှာ နိုင်ငံရေးအမြင်လည်းရှိ ရသသဘောလည်းပါတဲ့ အွန်လိုင်းမဂ္ဂဇင်းဟာ မြန်မာပြည်တွင်းမှာဘဲ ပုံနှိပ်မဂ္ဂဇင်းအဖြစ် ထွက်ပေါ်လာမည်ဆိုတဲ့အတွက် ဝမ်းသာအားရ ကြိုဆိုလိုက်ပါကြောင်း ရေးသားလိုက်ပါတယ်။ နိုင်ငံရေးအမြင်မှန်ရင် ရသမြောက်တင်ဖွံ့နိုင်ကြရင် ရသစာပေဆိုတော့ ခေတ်အဆက်မတိမ်ကောနိုင်သည့် အမြဲရှင်သန်နေမှာဘဲလို့ ယုံကြည်လျှက် ။

မိုးမခကို ကြိုဆိုလိုက်ပါတယ်။

မောင်မိုးသူ