Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂၁ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂၁ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဖေဖေါ်ဝါရီ ၂၂၊ ၂၀၂၂

◾️အိုင်စီဂျေအရေးနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး 
ဒီနေ့ဟာ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာရှိတဲ့ နိုင်ငံတကာတရားရုံးမှာ ၂၀၁၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံအပေါ် စွဲဆိုခဲ့တဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုစွဲဆိုချက်နဲ့ပတ်သက်လို့ တရားရုံးကြားနာတဲ့ နေ့ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလက အစပြုခဲ့တဲ့ ခုအမှုမှာ တရားလို ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး ICJ ကို လျှောက်ထားခဲ့ပြီးနောက်မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက ထိုစဥ်က အစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်လျှောက်လဲခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီနောက် ကြားဖြတ်အစီအမံဆိုတာတွေ ချမှတ်ဖို့တောင်းဆိုခဲ့သလို မြန်မာနိုင်ငံအနေနဲ့ ၂၀၁၉ နဲ့အခု ၂၀၂၂ ခုကြားထဲ ဆောင်ရွက်ထားရှိမှု တင်ပြရတာမျိုး ရှိခဲ့ပါတယ်။ လူကိုယ်တိုင်ကြားနာမှုကတော့ အခုတကြိမ်ဟာ ဒုတိယမြောက်အကြိမ်ဖြစ်သလို ယမန်နှစ်က စစ်အာဏာသိမ်းမှုအပြီး ခုတကြိမ်မှာ NUG နဲ့ စစ်ကောင်စီတို့ ၂ ဖွဲ့အနက် ဘယ်အစိုးရအဖွဲ့ကို တရားရုံးက မြန်မာနိုင်ငံကိုယ်စား လက်ခံမလဲဆိုတာ ဒွိဟပွားခဲ့ကြပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ တရားရုံးက စစ်ကောင်စီကို နိုင်ငံကိုယ်စား ဆက်သွယ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

ICJ အနေနဲ့ စစ်ကောင်စီကို ဒီလို နိုင်ငံကိုယ်စားဆက်သွယ်ဆောင်ရွက်လိုက်တာကို NUG အစိုးရဘက်က ကန့်ကွက်လိုက်ပါတယ်။ NUG ရဲ့ ယူဆချက်ကတော့ နိုင်ငံကိုကိုယ်စားပြုမှုအတွက် စစ်ကောင်စီကို ဆက်သွယ်ဆောင်ရွက်တာဟာ အသိအမှတ်ပြုတဲ့သဘောသက်ရောက်နိုင်တာ တချက်နဲ့ စစ်ကောင်စီက ဒီပြဿနာကို ဖြေရှင်းဖို့ မစွမ်းနိုင်ဘူးဆိုတဲ့အချက်ကို အခြေခံပြီးပြောဆိုတာ ဖြစ်ပါတယ်။ 

တဖက်မှာလည်း ICJ အနေနဲ့က စစ်တပ်ရဲ့ အာဏာသိမ်းမှုကို လက်ခံအသိအမှတ်မပြုသော်လည်း လက်ရှိ နိုင်ငံရဲ့ ဒေသအများစုနဲ့ နယ်မြေကိုစိုးမိုးထားတဲ့ အဖွဲ့အစည်း၊ ပြဿနာဖြစ်တဲ့ဒေသကိုစိုးမိုးထားတဲ့ အဖွဲ့အစည်းဖြစ်တာအပေါ်မှာ ဆက်သွယ်ဆောင်ရွက်တာလို့ ကောက်ချက်ချနိုင်ပါတယ်။ တခြားတဖက်ရှုထောင့်က ကြည့်မယ်ဆိုရင် အခုစွပ်စွဲချက်တွေနဲ့ပတ်သက်ရင် တိုက်ရိုက်တာဝန်ရှိတဲ့ အဖွဲ့အစည်းက စစ်တပ်ဖြစ်တာကြောင့် ၂၀၁၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်လျှောက်လဲတာနဲ့စာရင် အခုစစ်ကောင်စီသွားရောက်တာက အမှန်တကယ် တာဝန်ရှိတဲ့အဖွဲ့အစည်းက လာရောက်ဖြေရှင်းတဲ့သဘောဖြစ်လို့ အနှစ်သာရအားဖြင့် ကျူးလွန်တဲ့ အဖွဲ့အစည်းက လာရောက်တာဝန်ခံရတာဟာ သဘာဝကျတယ်လို့တောင် ယူဆစရာ ရှိနေပါတယ်။ 

စစ်ကောင်စီက ယခင် အန်အယ်လ်ဒီအစိုးရလက်ထက်က ငှားခဲ့တဲ့ ရှေ့နေနဲ့ ဆက်လက်ဆောင်ရွက်ခြင်းမရှိတော့ဘဲ လန်ဒန်အခြေစိုက် အခြားသော ရှေ့နေ ၂ ဦးကိုငှားရမ်းခဲ့ကာ ယနေ့ တရားရုံးရင်ဆိုင်မှုမှာတော့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနရဲ့ ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ တရားရေးဝန်ကြီးဌာနလို့ အသစ်ဖွဲ့ထားတဲ့ ဝန်ကြီးဌာနရဲ့ ဝန်ကြီး ဒေါက်တာသီတာဦးတို့ ၂ ဦးတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီနေ့ လျှောက်လှဲရာမှာ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားစွဲဆိုမှုအပေါ် နိုင်ငံတကာ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေ ဆိုင်ရာအချက်အလက်နဲ့ အတိတ်က မြန်မာနိုင်ငံရဲ့ လက်မှတ်ရေးထိုးသဘောတူညီထားတဲ့ သဘောတူညီမှုအပေါ် အခြေခံကာ လုပ်ထုံးလုပ်နည်းအရ အကျုံးမဝင်ဘူးဆိုတာကို အသားပေးလျှောက်လဲခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားတာ ဖတ်ရပါတယ်။ အခုလို နိုင်ငံတကာတရားရုံးမှာ လက်ခံကြားနာတဲ့ အမှုမျိုးဟာ မြန်မြန်ဆန်ဆန်နဲ့ ဆုံးဖြတ်ချက်ချမှတ်တာမျိုးမဟုတ်ပဲ လုပ်ထုံးလုပ်နည်း အစဥ်အလာတွေအရ အနည်းဆုံး နောက်ထပ် နှစ်အနည်းငယ်အထိ ကြာရှည်နိုင်ခြေရှိတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေ ဖြစ်ပေါ်စေခဲ့တဲ့ အကြောင်းရင်းခံကိစ္စရပ်တွေကိုလည်း ဖြေရှင်းဖို့ရာမှာ အမှန်တကယ် မှန်ကန်တဲ့သဘောထား လူထုရဲ့ ထောက်ခံမှုရှိတဲ့ အစိုးရဖြစ်စေဦးတော့ နေ့ချင်းညချင်း ပြေလည်နိုင်တဲ့ကိစ္စမျိုးမဟုတ်တာလည်း တွေ့ရမှာဖြစ်ပါတယ်။ 

အချိန်ယူရမယ့်ကိစ္စဖြစ်တာ သမိုင်းအဖြစ်အပျက်တွေ လူမှုအသိုက်အဝိုင်းတွေ ဒေသရဲ့ လူမှုအသိုက်အဝိုင်းအကြား သဟဇာတဖြစ်မှု စတာတွေနဲ့ အုပ်ချုပ်တဲ့ အစိုးရရဲ့ မှန်ကန်တဲ့ မူဝါဒ စတဲ့အကြောင်းတွေစုံလင်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။ သို့သော် အရေးကြီးဆုံးအချက်က အလားတူ သတ်ဖြတ်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လူမျိုးသုဉ်းသတ်ဖြတ်မှုလိုမျိုးတွေ နောက်တကြိမ်မဖြစ်အောင် အာမခံနိုင်ဖို့ဖြစ်ပါလိမ့်မယ်။ 

၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံး လူမှုအသိုက်အဝိုင်းအကြား ပဋိပက္ခဖြစ်မှုအနေနဲ့ ၂၀၁၂ ဇွန်လ ပဋိပက္ခဖြစ်ပွားခဲ့ရာက ၂၀၁၃၊ ၁၄ ခုနှစ်တွေအထိ နောက်ဆက်တွဲ ဖြစ်ရပ်တွေ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့ပြီး အဆိုပါ ပဋိပက္ခတွေကြောင့် ခွဲထုတ်နေထိုင်စေမှုတွေက ဆယ်စုနှစ် တစုချီရှိလာပြီဖြစ်ပါတယ်။ ဒီကြားထဲ ၂၀၁၆ ခုနှစ် အောက်တိုဘာလနဲ့ ၂၀၁၇ သြဂုတ်လ အဖြစ်အပျက်တွေက ၂၀၁၂ ခုနှစ်အဖြစ်အပျက်တွေထက် အဆများစွာ အကျည်းတန် ရက်စက်ခဲ့တဲ့ နှိမ်နှင်းမှုတွေ ဖြစ်ခဲ့ပါတယ်။ 

သမိုင်းတပိုင်းဖြစ်လာနေတဲ့ အဖြစ်အပျက်ကို ဖြေရှင်းရာမှာ သမိုင်းနဲ့ချီတဲ့ ရပ်တည်ချက်ဆိုင်ရာ ဥပဒေ ဆိုင်ရာ လူမှုအသိုက်အဝိုင်း သဟဇာတဖြစ်မှုဆိုင်ရာ အစိုးရရဲ့ တာဝန်ခံမှုဆိုင်ရာတွေ ကိုပါ တပြိုင်နက်ထဲ အဖြေရှာကြရမယ့် ပြဿနာဖြစ်လာပါတယ်။ သမိုင်းနဲ့ချီတဲ့ အဖြစ်အပျက်တွေ ရပ်တည်ချက်တွေ အယူအဆ ယုံကြည်မှု ဘာသာရေး စတာတွေကြောင့် ပြဿနာကို နေ့ချင်းညချင်း အဖြေထုတ်ဖို့ မလွယ်ကူဘူးဆိုတာ နားလည်သော်လည်း အမှန်တကယ် အဖြေရှာနေတဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းနေပြီလား ရိုးသားစွာဖြေရှင်းလိုတဲ့ ဆန္ဒရှိရဲ့လား လူ့အခွင့်အရေး အခြေခံပေါ်ရပ်တည် ဖြေရှင်းနေတာ ဟုတ်ရဲ့လားဆိုတာတော့ အစဥ်အမြဲ တိုင်းတာရမယ့် စံနှုန်းသတ်မှတ်ချက်တွေ ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ 

လူမျိုးရေး ဘာသာရေးပေါ် အခြေခံတဲ့ ပဋိပက္ခတွေဟာ စစ်အာဏာရှင် စနစ်သက်ဇိုးရှည်ဖို့ရာမှာ သွေးခွဲအုပ်ချုပ်ရေးမှာ အသုံးပြုတဲ့ကိရိယာတွေဖြစ်လေ့ရှိပြီး မကြာမကြာ ဒီလိုကိစ္စရပ်တွေကို တဖက်လှည့်နဲ့ ဖန်တီးပြီး စစ်အာဏာရှင်စနစ်ကို ဆွဲဆန့်လေ့ရှိကြတာ ဖြစ်ပါတယ်။ ခုကိစ္စရပ်မှာလည်း စစ်အာဏာရှင်စနစ်ဟာ ပြဿနာတွေ သက်ဇိုးရှည်စေတဲ့အကြောင်းတရပ်ဖြစ်တာကို ရှင်းလင်းမြင်သာစွာ တွေ့နိုင်မှာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar