ငြိမ်း (ပဲခူး) - မန္တလေး
(မိုးမခ) မတ် ၂၉၊ ၂၀၂၂
ကျွန်တော်ဟာ ၂၀၁၂ ခုနှစ်ကျော်လောက်မှာ နေပြည်တော်ကနေမန္တလေးကို ထွက်လာခဲ့တယ်။ ကိုယ်မလုပ်ချင်တဲ့ အလုပ်တခု။ အမေဖြစ်စေချင်တဲ့အရာတခု။ နှစ်ခုလုံးကို စွန့်ပစ်ထားခဲ့ပြီး မန္တလေးကိုထွက်လာခဲ့တယ်။ Express ကားကြီးစီးပြီး မြင်ကွင်းအသစ်တွေ ငေးရင်း၊ ကျွန်တော့်ရင်ထဲက ပေါ့ပါးတဲ့စိတ်တွေနဲ့ မန္တလေးကိုထွက်လာခဲ့တယ်။ ကျွန်တော့်အတွက် လေးလံဖိစီးလွန်းတဲ့ တာဝန်ဝတ္တရားတွေကိုလွှတ်ချခဲ့ပြီး မန္တလေးကို ကျွန်တော်ထွက်လာခဲ့တယ်။ နေပြည်တော်နဲ့မန္တလေးကနီးနီးလေး။ မန္တလေးမှာ ကျွန်တော့်အကို ရှိတယ်။ မန္တလေး အမရပူရမှာ အကိုက ဝန်ထမ်းတစ်ယောက်။
Express ကားကြီးက လမ်းဘေးမှာရှိတဲ့ မြင်ကွင်းတွေကို စိတ်ကြိုက်ငေးခွင့်မပေးဘူး။ မောင်းလိုက်တာမှ လှစ်ခနဲ လှစ်ခနဲ။ ဒီလိုနဲ့ အဝိုင်းကြီးတဝိုင်းနားရောက်လာတော့ Express ကားပေါ်က ကျွန်တော်ဆင်းလိုက်တယ်။ "ဘယ်သွားမလဲ၊ ဘယ်ကိုသွားမှာလဲ" လို့ ပြောပြီး ကယ်ရီသမားတွေ ကျွန်တော့်ဆီပြေးလာကြတယ်။ အဲ့ဒီထဲက ကယ်ရီတစီးကို ကျွန်တော်ငှားလိုက်ပြီး ကျွန်တော့်အကိုရှိတဲ့ ဝန်ထမ်းလိုင်းခန်းတွေဆီ ကယ်ရီသမားကို လိုက်ပို့ခိုင်းလိုက်တယ်။ မိနစ်နှစ်ဆယ်လောက် ဆိုင်ကယ်ကယ်ရီစီးပြီး အကို့လိုင်းခန်းရှေ့ ကျွန်တော်ရောက်ပါပြီ။ အမရပူရကို ကျွန်တော်ရောက်ပြီ။ မန္တလေးကို ကျွန်တော်ရောက်ပြီ။
ကျွန်တော့်အတွက် အကိုပေးထားတဲ့အခန်းထဲမှာ ကျွန်တော် ဥနေလိုက်တယ်။ အခုမှစရောက်တာဆိုတော့ ကျွန်တော့်မှာ အသိမရှိသေးဘူး။ ကျွန်တော် ဥနေမှရမယ်။ မန္တလေးရဲ့ဆောင်းရာသီထဲမှာ အေးစက်စက်ဖြစ်နေတဲ့ စောင်တွေကိုခြုံပြီး ကျွန်တော် ဥနေတယ်။ အေးစက်စက်အနွေးထည်ကိုဝတ်ပြီး ကျွန်တော် ဥနေတယ်။ ပြီးတော့အမရပူရကို လျှောက်ပတ်ကြည့်ဖို့ မန္တလေးကို လျှောက်ပတ်ကြည့်ဖို့ အကို့မှာ ဆိုင်ကယ်မပြောနဲ့ စက်ဘီးတောင် မရှိဘူး။ ကုန်းကြောင်းဒိုးရင်ကျွန်တော် လျှာတန်းလန်းချသွားရမယ်။ အဲ့ဒါကြောင့် ကျွန်တော် ဥနေရတယ်။
နှင်းတွေကျနေတဲ့ နံနက်ခင်းတခု။ ကျွန်တော်ဟာ အကို့အခန်းရှေ့မှာမတ်တပ်ရပ်နေပြီး အမရပူရသားတွေကို ကြည့်နေတယ်။ မန္တလေးသားတွေကို ကြည့်နေတယ်။ ဆိုင်ကယ်တွေ တဝီဝီနဲ့ အမရပူရသားတွေ မန္တလေးသားတွေ လမ်းမထက်မှာ လူးလာခေါက်တုန့်။ ကွမ်းယာဆိုင်တွေမှာလည်း လူတွေကြိတ်ကြိတ်တိုးပဲ။ စိတ်ဝင်စားသွားပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်က ကွမ်းကြိုက်သူတယောက်။ ကွမ်းယာဆိုင်တဆိုင်ထဲ ကျွန် တော်ရောက်သွားတယ်။ အညှို့ခံရသူတယောက်လို။ ကွမ်းယာမှာဖို့အလှည့်မရောက်သေးတော့ ကျွန်တော် စောင့်နေရင်းနဲ့ ကြည့်နေတယ်။ အုန်းသီးစိမ်း အစိတ်တွေကို ကျွန်တော်တွေ့တယ်။ အုန်းသီးတွေကို ပါးပါးလှီးကာ ကြော်ထားတဲ့ အုန်းသီးကြော်ထုပ်တွေကို ကျွန်တော်တွေ့တယ်။ ကွမ်းယာဆိုင်တွေထဲမှာ ဇယ်တောက်ခုံတွေရှိနေတာကို ကျွန်တော်တွေ့လိုက်ရတယ်။ ကျွန်တော့် ဇာတိမြို့က ကွမ်းယာဆိုင်တွေမှာ မတွေ့ရတဲ့ ပုံစံတခု။ ကျွန်တော် စိတ်ဝင်စားသွားတယ်။
ကွမ်းယာဝယ်နေကြတဲ့ အခေါ်အဝေါ် တွေကလည်း ကျွန်တော့် နားထဲမှာ အထူးအဆန်းတွေ။ ကျွန်တော့်ရင်တွေခုန်ပြီ။ ကျွန်တော် ကွမ်းယာမှာရင် ဘယ်လိုမှာရမလဲ။ ကျွန်တော့်ဇာတိမြို့မှာ မှာနေကျအတိုင်းမှာလိုက်ရင် အမရပူရသားတွေ ရယ်ကြမလား။ မန္တလေးသားတွေ ရယ်ကြမလား။ ကျွန်တော့်စိတ်တွေ ပြာကုန်ပြီ။ ကျွန်တော့်အလှည့်ရောက်တော့ အမရပူရသားတွေ မန္တလေးသားတွေမှာသလိုမျိုး စပ်ကြားငါးရာဖိုးဆိုပြီး ခပ်တည်တည်နဲ့မှာလိုက်တယ်။ အုန်းသီးစိတ်တွေ ခပ်တည်တည်နဲ့ ထည့်ခိုင်းလိုက်တယ်။ ကျွန်တော် ကွမ်းယာတစ်ရာ အရင်တောင်းပြီး စားကြည့်လိုက်တယ်။ စိမ့်နေတာပဲ။ ကွမ်းတံတွေးထွေးလိုက်တော့ အနီရောင်နဲ့အဖြူရောင်တွေ ရောနေတယ်။
အမရပူရဆောင်း မန္တလေးဆောင်းက တော်ရုံတန်ရုံ အအေးဒဏ်ခံနိုင်တဲ့ကျွန်တော့်ကို ကျွတ်ကြဲစေတယ်။ မနက် မနက်ဆို အိပ်ရာထဲ ကွေးမနေနိုင်ဘဲ နေပူစာ ပြေးပြေးလှုံရတာအမော။ မီးပြေးပြေးလှုံရတာ အမော။ ညနေခင်းမှာ အေးလွန်းလို့ ရေမချိုးနိုင်မှာကြောက်လို့နေ့လည်ခင်းမှာ ရေချိုးတော့လည်းရေက အေးစိမ့်နေတာကြောင့် ရေတခွက်လောင်းလိုက်တိုင်း ကျွန်တော့်မှာ ဆွေမျိုးတခါ မေ့မေ့သွားတယ်။ မန္တလေးရဲ့ချမ်းပုံက မန်းတုန်အောင် လမ်းဆုံကဟစ်။ ကျွန်တော် ယုံလိုက်ရပြီ။ ကျွန်တော်ကတော့ ချမ်းလွန်းလို့ အမရပူရလမ်းဆုံက နေ ဟစ်လိုက်ချင်တာပဲ။
တဖြည်းဖြည်းနဲ့ နေတာကြာလာတော့ အမရပူရသားတွေ မန္တလေးသားတွေနဲ့ ကျွန်တော့်ရင်းနှီးလာပြီ။ သူတို့ အပြင်သွားရင် ကျွန်တော့်ကို ခေါပြီ။ အမရပူရတခွင် မန္တလေးတခွင် ကျွန်တော်လွင့်ပြီ။ ဆိုင်ကယ်တစီးနဲ့။ လမ်းဘေးမှာ တမာတန်းတွေနဲ့ တမာရနံ့တွေနဲ့။ လမ်းဘေးမှာပြိုပျက်နေတဲ့ ရှေးဟောင်းအဆောက်အအုံတွေ၊ ရှေးဟောင်းအမွေအနှစ်တွေ။ တချို့ ရှေးဟောင်းအဆောက်အအုံတွေဆို အကောင်းနီးပါး ရှိနေတယ်။ တချို့ရှေးဟောင်း အဆောက်အအုံတွေကျတော့ ချုံနွယ်တွေ အထပ်ထပ်နဲ့။ မရှင်းလင်းထားကြဘူး။ ပြီးတော့တချို့ ရှေးဟောင်းအဆောက်အအုံတွေရဲ့ အတွင်းထဲမှာရှိနေတဲ့ ကျွန်းတိုင်တွေဟာ မီးရှို့ခံလိုက်ရတယ်တဲ့။ နှမျောစရာကောင်းတယ်။
ကျွန်တော်ကြည့်နေရင်း ကုန်းကုန်းကွကွဖြစ်နေကြတဲ့ လူတစုကို တွေ့လိုက်ရတယ်။ ကျွန်တော့်ဘော်ဒါကိုမေးကြည့်လိုက်တော့ အတွဲချောင်းနေကြတာလို့ ပြောတယ်။ ရှေးဟောင်းအဆောက်အအုံတခုဟာ အတွဲချောင်းဖို့ နေရာတခုလား။ အတွဲတွေအတွက် ခိုနားရာနေရာတခု ဖြစ်သွားပြီလား။ ကျွန်တော့်စိတ်ထဲမှာ မေးခွန်းပေါင်းမြောက်မြားစွာနဲ့ ပြည့်နှက်သွားတယ်။ ကျွန်တော့်ဘော်ဒါနဲ့ တောင်သမန်အင်းဘက် ရောက်လာတယ်။ တောင်သမန်အင်းထဲမှာ ရေတော့ခန်းစပြုနေပြီ။ ဆိုင်ကယ်ရပ်လိုက်ပြီး တောင်သမန်အင်းဘေးမှာ ကျွန်တော်ထိုင်နေလိုက်တယ်။ တောင်သမန်အင်းထဲကနေ ဖြတ်သန်းလာတဲ့လေတွေကို ကျွန်တော် ရှူရှိုက်လိုက်တယ်။ တောင်သမန်အင်းရဲ့ အလှကို ကျွန်တော် ခံစားတယ်။ ပြီးတော့နာမည်ကျော် ဦးပိန်တံတားဘက်ကိုဆက်မောင်းတယ်။ ဦးပိန်တံတားနားရောက်တော့ ဆိုင်ကယ်ရပ်လိုက်ပြီး ဦးပိန်တံတားပေါ်ကို ကျွန်တော်တက်လိုက်တယ်။
ဦးပိန်တံတားပေါ် မှာ ကျွန်တော်လမ်းလျှောက်တယ်။ ကျွန်တော့်စိတ်တွေကို ဦးပိန်တံတား စတင်တည်ရှိခဲ့တဲ့ ခုနှစ်တွေထဲ ထားလိုက်တယ်။ ဦးပိန်တံတားပေါ်မှာကျွန်တော် လွင့်နေတယ်။ ဦးပိန်တံတားဟာ ခုနှစ်သက္ကရာဇ်တွေရဲ့တိုက်စားမှုဒဏ်ကြာင့် အောက်ခြေကျွန်းတိုင်လုံးအချို့ရဲ့နေရာတွေမှာ ကွန်ကရစ်တိုင်တွေက ဝင်ရောက်လို့နေပြီ။ ဦးပိန်တံတားပေါ် ကျွန်တော်လမ်းလျှောက်နေရင်း တဝေါဝေါအသံကြောင့် နောက်ကိုကြည့်လိုက်တော့ ဆိုင်ကယ်တစီး ဦးပိန်တံတားပေါ် မောင်းတက်လာတာကိုတွေ့လိုက်ရတယ်။ ကျွန်တော်ထောင်းခနဲ ဒေါသထွက်သွားတယ်။
တံတားဆောက်ခဲ့သူ ဦးပိန်မြင်ရင်လည်း ကျွန်တာ့်လို ဒေါသထွက်မှာပဲ။ ကျွန်တော့်နောက်မှာပါလာတဲ့ ကျွန်တော့်ဘော်ဒါကတော့ အေး ဆေးပဲ။ ကြုံနေကျဖြစ်ရပ်မို့လား မသိဘူး။ ဦးပိန်တံတားပေါ် မောင်းတက်လာတဲ့ဆိုင်ကယ် ပြန်ဆင်းသွားတယ်။ ဘယ်သူတွေ ဘာပြောလိုက်လို့လဲမသိဘူး။ ကျွန်တော့်ကို ဘော်ဒါတယောက် ရတနာပုံတက္ကသိုလ်ကို လိုက်ခဲ့ဖို့ခေါ်တယ်။ ကျွန်တော်လိုက်သွားတယ်။ တောင်သမန်အင်းကို ကျော်လိုက်တယ်။ ဦးပိန်တံတားကို ကျော်လိုက်တယ်။ ရတနာပုံတက္ကသိုလ်ကိုကျွန်တော်ရောက်ပြီ။ ရတနာပုံတက္ကသိုလ်ရှေ့က ကဖေးဆိုင်တဆိုင်မှာ ကျွန်တော်တို့နှစ်ယောက်ထိုင်လိုက်တယ်။ အမရပူရသူတွေ မန္တလေးသူတွေ လွယ် အိတ်ကိုယ်စီနဲ့။ စကားတွေ တပြောပြောနဲ့။ အသားတွေက ညိုညိုနဲ့။ ကျွန်တော့်မျက်စိကို အစာကျွေးထားလိုက်တယ်။ မန္တလေးသူတွေ ခြေသလုံးတုပ်ကြတယ်။ အဲ့ဒီသီချင်းကိုကျွန်တော့် စိတ်ထဲကနေဆိုလိုက်တယ်။
အကိုနဲ့ဌာနတူ လုပ်ဖော်ကိုင်ဖက်မိသားစု မဟာမြတ်မုနိဘုရားကိုသွားဖူးတော့ ကျွန်တော်ပါလိုက်သွားတယ်။ အရင်က တီဗွီထဲမှာပဲမြင်ဖူးတာ။ အခုတော့ အပြင်မှာတကယ်ဖူးရပြီ။ ဆိုင်ကယ်နှစ်စီးနဲ့သွားကြတယ်။ မဟာမြတ်မုနိဘုရားနားရောက်တော့ ဘုရားဖူးလာသူတွေ အများကြီးပဲ။ အခါကြီးရက်ကြီးမို့လားမသိ။ ဘုရားဖူးတွေကြားထဲ ကျွန်တော်တို့ အလုအယက်ဝင်တိုးလိုက်တယ်။ ဒီလိုနဲ့ မဟာမြတ်မုနိဘုရားရှေ့ ရောက်လာတယ်။ ရွှေသင်္ကန်းတဆိုင်း ကျွန်တော် ဝယ်လိုက်တယ်။ ပြီးတော့ ဘုရားကိုရွှေသင်္ကန်းကပ်နေတဲ့ အခြားလူတွေကြားထဲ တိုးကာဝှေ့ကာနဲ့ ရွှေသင်္ကန်းကပ်လိုက်တယ်။ ပြီးတဲ့အခါဘုရားဖူးဖို့ နေရာကိုကြည့်လိုက်တော့ နေရာကမရှိဘူး။ အဲ့ဒီအချိန်ဘုရားဖူးလာသူတွေက တဖွဲဖွဲရောက်လာနေကြပြီ။ ကျွန်တော်ဟာ ဘုရားဖူးနေတဲ့ လူတွေကြားထဲ ကြပ်ကြပ်တည်းတည်းထိုင်ကာ ဘုရားစာတောင် ရွတ်ချိန်မရတော့ လို့ "အရှင်ဘုရား တပည့်တော်အချိန်မရလို့ပါဘုရား" လို့ ပြောပြီးဦးသုံးချိန်ချကာ ပြန်လှည့်ထွက်လာခဲ့တယ်။ ဘုရားဖူးလာသူတွေက များလာလိုက်တာ ပုရွက်ဆိတ်အုံကြီးလို ဖြစ်နေပြီ။ ကျွန်တော်ဟာ အကို့လုပ်ဖော်ကိုင်ဘက်ရဲ့ ကလေးကို လူကြားထဲညှပ်သွားမှာစိုးလို့ ကောက်ချီလိုက်တယ်။ ဘုရားဖူး လူအုပ်ကြီးကြားထဲကနေ တော်တော်ရုန်းထွက်လိုက်ရတယ်။ ကျွန်တော့်မှာ အပြင်ကိုရောက်မှ အသက်ဝဝရှူရတယ်။ လူလူချင်းတို့းဝှေ့ပြီး မဟာမြတ်မုနိဘုရားကို ဖူးလိုက်ရတာပေါ့။
အေးချမ်းတဲ့ ဆောင်းညနေခင်းတခု။ ဘော်ဒါ တယောက်နဲ့မန္တလေးမြို့ထဲ ရောက်သွားတယ်။ မန္တလေးကျုံးကြီးကို ဆိုင်ကယ်နဲ့ပတ်မောင်းတယ်။ မန္တလေးကျုံးကြီးကို ကျွန်တော်ငေးတယ်။ အခုတောင် ခန့်ညားနေတာ။ ရှေးတုန်းကဆို ဘယ်လောက်တောင် ခန့်ညားလိုက်မလဲ။ ဆိုင်ကယ်နဲ့ တပတ်ပြီးတပတ်၊ တပတ်ပြီး တပတ်နဲ့ပတ်မောင်းနေတာ။ ကြာလာတာ့ မသင်္ကာလို့ ကျွန်တော့်ဘော်ဒါကို မေးလိုက်တော့။ လမ်းပျောက်နေတာတဲ့။ သူက မန္တလေးမြို့ထဲဆို သိပ်မကျွမ်းဘူးတဲ့။ ကျွန်တော်က ပိုဆိုးတာပေါ့။ မန္တလေးသားမဟုတ်တော့။ အဲ့ဒီနေ့က လိုင်းခန်းကို ညမိုးချုပ်မှ ပြန်ရာက်တယ်။
မန္တလေးဆောင်းညတွေထဲ ကျွန်တော် လွင့်နေတယ်။ လမ်းသွယ်လေးတွေထဲမှာ ဇာတ်ပွဲတွေ ရှိနေကြတယ်။ ဆိုင်ကယ်ခဏရပ်ပြီးကျွန်တော် ကြည့်နေတယ်။ ကျွန်တော်ခံစားတယ်။ ကျွန်တော်ဆက်မောင်းလာခဲ့တယ်။ ဂေါဝိန်ဆိပ်ကိုရောက်တယ်။ စိတ်ကူးချိုချို စာအုပ်ဆိုင်၊ နဂါးစာပေကိုရောက်တယ်။ မန္တလေးဆောင်းညဟာ လမ်းမီးတိုင်တွေရဲ့အောက်မှာ လှုပ်ရှားနေတာ။ မန္တလေးဆောင်းညကို ကျွန်တော်ဟာ ပဲခူးသားတယောက်ပါလို့ ပြောလိုက်တယ်။
အမရပူရနွေ မန္တလေးနွေဟာ ကတ္တရာလမ်းတွေကို အိကျသွားစေတယ်။ လေတိုက်တဲ့အခါ သဲတွေ ဟာလေနဲ့အတူ ကျွန်တော့်အခန်းထဲ ဝင်ရောက်လို့ လာတယ်။ ရွက်ဟောင်းတွေ မြေပေါ်ကြွေကျလို့နေတယ်။ အခန်းထဲမှာပဲ ကျွန်တော်ဥနေရတယ်။ အမရပူရနွေ မန္တလေးနွေဟာ ပူလွန်းလှတယ်။ မိုးရာသီမှာ မိုးသိပ်မရွာဘူး။ မိုးသားတွေကတော့ အုပ်ဆိုင်းနေတာပဲ။ ကျွန်တော်တောင်လေးလုံးကျောင်းကို မသိဘူး။ ကျွန်တော် ဆရာမောင်ကိုကို (အမရပူရ) ကို မသိဘူး။ ကျွန်တော်ဆရာနေမျိုးကို မသိဘူး။ ကျွန်တော်ဆရာ ပိုင်းစိုးေ၀ကို မသိဘူး။ မသိ တာတွေအများကြီးနဲ့ ဆိုင်ကယ်သံတွေဆူညံနေတဲ့ အမရပူရမှာ မန္တလေးမှာ ကျွန်တော်နေခဲ့ဖူးတာပေါ့။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar