ကိုသန်းလွင် - ဘီဘီစီ အသံလွှင့်ဌာန
ကိုသန်းလွင် - ဘီဘီစီ အသံလွှင့်ဌာန
( ၁ )
၁၉၂၆ ခု မေလ၏ ပထမအပါတ်မှာဖြစ်ပါသည်။ လန်ဒန်မြို့ အလုပ်သမား အစည်းအရုံး (Trade Union Congress) သည် ဗြိတိန်ရှိ အလုပ်သမား ၃ သန်းကျော်ကို ကိုယ်စားပြုသည်။ သူတို့က တညီတညွတ်တည်း မဲပေးကြသည်မှာ အထွေထွေသပိတ်ကြီးကို ဆင်နွှဲကြရန်ဖြစ်ပါသည်။ စက်ရုံများသည် ရပ်ဆိုင်းသွားပါသည်။ ရထားများသည် ဘူတာရုံများတွင်သာရပ်နေကြပြီး မြို့တော်ကြီးတခုလုံး ငြိမ်ကျသွားပါသည်။ အငြိမ်မနေသော လူအုပ်သည် လမ်းများပိတ်ဆို့ရန် ပြင်ဆင်ကြပါသည်။ ဗာဂျီးနီးယားဝုဖ် က သူ့ဒိုင်ယာရီတွင် အောက်စဖို့စ်လမ်းမ ကြီးတခုလုံး သံချပ်ကာ ကားများဖြင့်ပြည့် နေသည်ဟု ရေးသည်။ ဝန်ကြီးချုပ် လုပ်သည့် ဘော်လဒွင် (Stanley Bandwin) က ယူနီယံကို ပြည်တွင်းစစ်ဖြစ်အောင် ဖန်တီးနေသည်ဟု စွတ်စွဲပါသည်။
သို့သော် ထိုအချိန်က ဘော်လဒွင်၏ စကားများကို ပြည်သူတို့ ကြားနိုင်ကြမည်မဟုတ် သတင်းစာများ ကလည်း မထွက်ကြတော့ပါ။ ပုလိပ်က သတင်းစာတိုက်ကို ပိုက်စိတ်တိုက် ရှာဖွေစီးနင်းကြမှည်ကို စိုးရိမ်သော ကြောင့်ဖြစ်ပါသည်။
ထိုအချိန်မှာ တိုင်းပြည်ကို သတင်းပေးရန်တာဝန်သည် ဗြိတိသျှအသံလွှင့်ဌာန (BBC British Broad- castting Company) အပေါ် ကျရောက်လာခဲ့ပါသည်။ ကုမ္ပဏီဖွင့်လှစ်သည်မှာ ၃ နှစ်ခွဲကြာပြီဆိုသည့်တိုင် ထိုကုမ္ပဏီတွင် ဂျာနယ်လစ်ဟူ၍ မရှိသေးပါ။ ထိုအချိန် ၁၉၂၂ ခုနှစ်တွင် အမေရိကန်ပြည်၌ ရေဒီယိုစတေရှင်ပေါင်း ၃၁၈ ရှိသော်လည်း ဗြိတိန်ပြည်မှာက ဘီဘီစီဟူ၍ စတေရှင်တခုတည်းရှိပါသေးသည်။
ထိုစဉ်က အသံလွှင့်ရုံမှာ ပြည်သူလူထုကို ဖျော်ဖြေရေးကိုသာဦးစားပေးပြီး သတင်းကြေညာခြင်းကို သတင်းစာများနှင့် အပြိုင် ဖြစ်မည်ဆို ၍ ညနေ ၇ နာရီကျော်မှသာ သတင်းစာကို ဖတ်ရပါသည်။
ဆန္ဒပြပွဲကြီးက ထိုအလေ့အကျင့်ကို ဖျက်ဆီးပစ်လိုက်ပါသည်။ စာတိုက်ကြီးမှ သတင်းလွှင့်ခြင်းကို တနေ့လျှင် ၅ ကြိမ်အထိခွင့်ပြုခဲ့ပါသည်။ ထိုအချိန်ကဒါရိုက်တာလုပ်ရသူ ဂျွန်ရိတ် (John Reith) က အသံ လွှင့်ဌာနသည် အစိုးရ၏အာဘော်များကိုသာ လွှင့်လျှင်လည်း အသံလွှင့်ဌာနကို ယုံကြည်ကြမည် မဟုတ်။ အစိုးရကိုဆန့်ကျင်ပြန်လျှင်လည်း အသံလွှင့်ဌာနအဖြစ် ရပ်တည်ခွင့်ရမည်မဟုတ်။ ဝင်စတန်ချာချီသည် ပြည်ထဲရေးဝန်ကြီး လုပ်နေပြီး ထိုအချိန်က ဘီဘီစီကို အစိုးရဌာနတခုအဖြစ် သိမ်းသွင်းလိုသည်။ ထို့ကြောင့် ဂျွန်ရိက်သည် သပိတ်ကာလတလျှောက်လုံး သပိတ်သတင်းများကို အယ်ဒီတာအဖြစ် တည်းဖြတ်ထုတ်လွှင့်ခဲ့ပါသည်။ ကင်တီဘာရီ ဂိုဏ်းချုပ်ကြီးကို သပိတ်မှောက်သူများဘက်က လိုက်မည်ဆို၍ စကားပြောခွင့်မပြု၊ ဝန်ကြီးချုပ်ဘော်ဒွင်ကိုလည်း “ကျွန်တော်ဟာ ငြိမ်းချမ်းရေးကိုလိုလားသူ တယောက်ပါ” ဟု သူ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားစေခဲ့ပါသည်။
သပိတ်ကြီး ပြီးဆုံးသွားသောအခါ ရိတ်က ဘုရင်မင်းမြတ်နှင့် ဝန်ကြီးချုပ်တို့က ပေးသောစာများကို တိုင်းပြည်သို့ဖတ်ပြခဲ့ပါသည်။ “အဖြစ်မှန်တွေဟာ တနေ့တော့ ပေါ်လာရမှာပါ” ဟုလည်း ပြောသည်။
ဘီဘီစီမှာ တော်ဝင်ညွှန်ကြားချက် (Royal Charter) ဆိုသည်ရှိပြီး ၎င်းကို ၁၀ နှစ်ဆိုသလို တကြိမ်တိုးတက်အောင် ပြင်ဆင်ပေးပါသည်။ အဓိကကတော့ ဘယ်လိုကိစ္စပဲ ပေါ်ပေါ် သတင်းများသည် ဘယ်သူ့ကိုမှ မှီခိုမှုမရှိဘဲ သတင်းများကို လွတ်လွတ်လပ်လပ် ထုတ်လွှင့်ရန် ဖြစ်ပါသည်။
( ၂ )
ဂျွန်ရိတ်သည် ဘီဘီစီ၏ ပထမဆုံးနှင့် အရှည်ကြာဆုံး ဒါရိုက်တာဖြစ်ခဲ့ပါသည်။ သူသည် ပထမကမ္ဘာ စစ်အတွင်းက စနှိုက်ပါအပစ်ခံရပြီး မျက်နှာမှာဒဏ်ရာရခဲ့သည်။ သူ ဘီဘီစီတွင် ဒါရိုက်တာအဖြစ် အင်တာဗျူး စဉ်က အသံလွှင့်သည် ဆိုခြင်းမှာ ဘယ်လိုအလုပ်ဟူ၍ မသိရှိခဲ့ပေ။ ၁၉၂၄ ခုနှစ်တွင် သူသည် ဒါရိုက်တာဖြစ် လာခဲ့ပြီး ဖီလိုဆိုဖာတယောက်ဖြစ်ကာ ရေဒီယိုသည် “တနိုင်ငံလုံးကို လူတဦးတယောက်သဖွယ် ပြုမှုစေ သည်” ဟုခံယူထားသူ ဖြစ်ပါသည်။
ဒေးဗစ်အက်တင်ဘာရိုး (David Attenborough) က “ကမ္ဘာ့မြေပြင်ပေါ်မှ ဘဝများ” ဟူသော စီးရီးကို လွှင့်သောအခါ ဤစီးရီးအတွက် ကုန်ကျမှုများကို နှစ်ပေါင်းများစွာ အမြတ်အဖြစ် ပိုက်ဆံရှာရမှာ မဟုတ်ဘူးဟု ယူဆခဲ့ကြသည်။ နောက်ဆုံးအခန်းကို ကြည့်ပြီးသောအခါ လူများက “ကျွန်တော်ဟာ ဒါတွေကို ကြည့်ကြမယ့် ကလေးတွေကို မနာလိုဖြစ်မိတယ်၊ ကျွန်တော်တို့တုန်းက ဒါတွေမရှိပါဘူး။ ကျွန်တော်တို့ အရင်ကလူတွေ ခေတ်မှာလည်း မရှိခဲ့ပါဘူး” ဟု တသသ ပြောကြသည်။
ဘီဘီစီက တယ်လီဗေးရှင်းကို ၁၉၃၆ တွင် စတင်လွှင့်သည်။ ၁၉၅၇ အထိ ညနေပိုင်း ၆ နာရီမှ ၇ နာရီအထိကို ပိတ်ပေးရသည်။ ဗြိတိန်တွင် ကလေးများ အိပ်ရာဝင်ချိန် ဖြစ်သည်။ ဤမျှအထိအသံလွှင့်ဌာနများသည် လူတို့ ဘဝအပေါ် စိုးမိုးခဲ့ပါသည်။
ဘီဘီစီကို ၁၉၂၂ ခုနှစ်တွင် ဝန်ထမ်း ၄ ဦးဖြင့် စတင်ခဲ့ရာ ယခုအခါ ဝန်ထမ်းပေါင်း ၂ သောင်းကျော်နှင့် ဘာသာပေါင်း ၂၇ ခုဖြင့် ထုတ်လွှင့်လျက်ရှိပါသည်။ နှစ်တစ်ရာပြည့်ချိန်တွင် ပရိတ်သတ် သန်း ၅ ရာကျော်ကို ဒီဂျစ်တယ်ခေတ်မှီတယ်လီဗီးရှင်း ကြည့်ရှုနိုင်ရန်ရေဒီယိုနားထောင်နိုင်ရန်ဖန်တီးပေးလျက်ရှိသည်။ BBC Online နှင့် ဝက်ဆိုက်မှာ တပတ်လျှင်ပရိတ်သတ် ၁၉ သန်းကျော်ရှိသည်။ ၂၀၀၇ ခုတွင်စတင်ထုတ်လွှင့်သော iPlayer ကိုအသုံးပြုသူနေရာတိုင်းတွင် ရှိနေကြသည်။ ဗြိတိန်နိုင်ငံတခုတည်းတွင် လူတဦးလျင်တပတ်လျှင် ၁၈ နာရီ မျှ နားထောင်ကြသည်။ ပင်ဒဲမစ် ဖြစ်နေချိန်တွင် ကျောင်းသားများ၏ အလယ်တန်းကျောင်းသားများ၏ ၈၀% မှာ ဘီဘီစီက ပို့ချသော သင်ခန်းစာများကို လိုက်နာ နားထောင်ကြသည်။ ပြည်သူများက ဘီဘီစီက လွှင့် နေသော သတင်း၊ ရာသီဥတုခန့်မှန်းချက်၊ ကားထဲမှာ နားထောင်ရသော မြူးဇစ်၊ ပေါ့ကပ်၊ အားကစားသတင်း ားကို သူတို့၏ဖုန်းများ၊ ရေဒီယိုများ၊ တယ်လီဗီးရှင်းများမှာ ကြည့်ရှု နားထောင်ကြပါသည်။
ဘီဘီစီ၏ ကုန်ကျငွေဘတ်ဂျက် မှာ ၅ ဘီလီယံမျှရှိပြီးလိုင်စင်မှရငွေ ၃ ဒဿမ ၅၅ ဘီလီယံပေါင် မျှရှိပါ သည်။ ၂၀၂၁ ခုနှစ် ဗြိတိသျှအစိုးရပြည်သူလူထုအတွက်သုံးငွေ၏ ဒဿမ ၄၃% မျှရှိပါသည်။ လွန်ခဲ့သောနှစ်က KMPG မှ တွက်ချက်မှုအရ ဘီဘီစီမှ ပေါင်တစ်ပေါင် သုံးလိုက်တိုင်းရငွေမှာ ၂ ဒဿမ ၆ ပေါင်ရှိပါသည်။
ဝင်စတန်ချာချီသည် ဘယ်သောအခါမှ ဘီဘီစီ ကိုသဘောမတွေ့ခဲ့ပေ။ သူက အသံလွှင့်နေသောအန်တီ ကို ဘယ်သောအခါမှ မယုံကြည်။ (သူက အသံလွှင့်နေသူတွေကို အန်တီဟု ခေါ်သည်) “ဘီဘီစီတခုလုံးဟာ ရဲနေတာပဲ” ဟု “လက်ဝဲယိမ်းသူတွေနှင့် ပြည့်နေသည်” ဟုဆိုသည်။ သူသည် ဘီဘီစီက ဗြိတိန်၏အသံလွှင့်လုပ်ငန်း တစ်ခုလုံးအပေါ်စိုးမိုးနေခြင်းကို အဆုံးသတ်စေခဲ့ပါသည်။ မာဂရက်သက်ချာမှာ အမြဲတမ်း ဘီဘီစီ၏ အနံ့အသက်ကို မနှစ်သက်နိုင်။ သူက လူထုပိုင်အသင်းအဖွဲ့များကို ပရိုက်ဗိတ်လက်သို့ လက်လွှဲလိုသူ ဖြစ်ပါသည်။ ၁၉၈၅ ခုနှစ်တွင် သက်ချာအစိုးရက ပီးကော့ (Alan Peacock) ကို ကော်မရှင်ဖွဲ့၍ ဘီဘီစီကို ကြော်ငြာခြင်း နှင့် အမြဲယူ (Subscription) ထားခြင်းတို့ဖြင့် ရန်ပုံငွေရှာသင့်မရှာသင့် စစ်ဆေးကြည့်ရှု့စေခဲ့ပါသည်။
ထိုစဉ်က ပီးကော့ ကော်မရှင်သည် အဖြေအမှားကို ထုတ်ပေးခဲ့သည်။ အကယ်၍ ဘီဘီစီကိုသာ ထိုသို့ လုပ်ပိုင် ခွင့်ပေးလိုက်ပါက ဘီဘီစီက အတိုက်အခံအဖွဲ့အစည်းအားလုံးကိုပိတ်သိမ်းပစ်ရအောင် လုပ်ဆောင်လိမ့် မည်ဟူ၍ ဖြစ်သည်။ တိုနီဘလဲယား မှာ ဘီဘီစီသည် သတင်းရယူ၍ ပြောလိုက်တိုင်း သူ၏အသက်အန္တရာယ်ကို စိုးရိမ်ရသည်ဟူ၍ ဖြစ်သည်။ ဘီဘီစီ၏သတင်းယူသောဌာနသည် ကော်ပိုရေးရှင်းတခုလုံး ဘတ်ဂျက်၏ ၁၀% သာ သုံးစွဲသော်လည်း အစိုးရနှင့် ပြဿနာဖြစ်တိုင်း ဤဌာနက လူတွေနဲ့ချည်းဖြစ်နေရသည်။
ဘီဘီစီ၏ နောက်ထပ် ၁ ရာစုတိုင် ဆက်လက် တည်တံ့ရန်မှာ အခက်အခဲတွေများစွာ ပေါ်ပေါက်နေပါသည်။ NETFLIX ကုမ္ပဏီ၏ ဇာတ်ကားအသစ်များအတွက် သုံးငွေမှာ ဘီဘီစီထက် ၅ ဆမျှရှိသည်။ ၎င်း၏ အမြဲ သုံးစွဲမှုပမာဏမှာ iplayer ကိုသုံးသူပမာဏကို ၂၀၁၉ ခုနှစ်က ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ သို့သော် NETLIX က ဘီဘီစီမှာကဲ့သို့ တီးဝိုင်းအဖွဲ့ကြီး (Symphony) ကိုထားစရာမလိုပေ။ ထို့အပြင် လိုင်စင်ကရငွေမှာ ယခုကဲ့သို့ တိုးတက်လာနေသော ခေတ်ကြီးတွင် ခေတ်မစားတော့ပေ။ မည်သူမှလည်း မပေးချင်ကြတော့ပေ။
ဘီဘီစီ၏ ဘတ်ဂျက်သည် ၂၀၁၀ မှ ၂၀၁၉ ခုနှစ်အတွင်း ၃၀% မျှ လျော့ကျခဲ့ရသည်။ ဆေးရုံမြင်ကွင်းများကို အခြေခံထားသည့် Holby City အစီအစဉ်ကို ၂၃ နှစ်ကြာ ပြခဲ့ပြီးမှ ရပ်ဆိုင်းခဲ့ရသည်။ တိုကျို အိုလံပစ်ပွဲ ကျင်းပစဉ်က ဘီဘီစီက Live ပြသသော အစီအစဉ်ကို ၂ ခုသာ ဆွဲနိုင်တော့သည်။ ၂၀၁၆ က Rio de Janeiro အိုလံပစ်ပွဲတွင် တီဗီလိုင်း ၂၄ ခုမျှ ဆွဲနိုင်ခဲ့သည်။
ဘီဘီစီ၏အဓိက ရည်ရွယ်ချက်မှာ “လူတို့ဘဝများကောင်းမွန်စွာ နေနိုင်ရေး” ပင်ဖြစ်သည်။ ဉာဏ်ရေကောင်းသူနှင့်ဆိုးသူချမ်းသာသူနှင့်ဆင်းရဲသူများသည် ဘီဘီစီကိုအတူတူနားထောင်ကြသည်။ လူတို့တွင် ပထမတန်းစားနှင့် ဒုတိယတန်းစားဟူ၍ ခွဲခြားမှုမရှိ။ ဘီဘီစီသည် တဦးတယောက် စိတ်ကျေနပ်ချမ်းသာစေရန် မဟုတ်။ တောင်းပန်တိုးလျှိုးနေစရာလည် းမလို။ တောင်းပန်နေရပြီ ဆိုကတည်းက ဘီဘီစီဟုလည်း မခေါ်ဆိုနိုင်တော့ပေ။
( ၃ )
သူ့နိုင်ငံမှ ာသတင်းပိတ်ဆို့မှုမရှိပါဘူးဆိုသည်ကို လီကွမ်ယူက “စင်ကာပူမှာ ဘီဘီစီ သတင်းဌာနက လွှင့် နေတာတွေကို အချိန်မရွေး နားထောင်၍ရတယ်၊ FM အသံလှိုင်းနဲ့ ထပ်ဆင့်လွှင့်နေပါတယ်” ဟုပြော သည်။ တကမ္ဘာလုံးပြန့်နေသော အင်္ဂလိပ်စစ်သားများကို သူတို့ဆီက ဘစ်ဘင် နာရီအသံကိုကြားစေ၍ မျိုးချစ်စိတ် ပြင်းထန်စေခဲ့သည်။ ကျွန်တော်သည် ၁၉၆၀ နှစ်များဆီကလှိုင်းတိုမီတာများမှလွှင့်သောဘီဘီစီ သတင်းကို ကြားယောင်လာသည်။ ချာနိုဘိုင်း ဓာတ်အားပေးရုံ ပေါက်ကွဲမှုဖြစ်၍ အနောက်ဥရောပနိုင်ငံများတွင် ရေဒီယိုသတ္တိကြွ ရောင်ခြည်များ ပြန့်လွင့်နေပုံကို ဘီဘီစီ သတင်းပေး၍ သိခဲ့ရပါသည်။ ဟစ်တလာ သေတော့လည်း ဘီဘီစီက ပြောသည်။ ကမ္ဘာပေါ်တွင် သတင်းဟူ၍ရှိနေသမျှ ဘီဘီစီသည် ရှိနေဦးမည်သာ။
ကိုသန်းလွင်
Ref: London Calling San Knight, New Yorker April 18 2022
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar