အောင်သူငြိမ်း - ‘ဂျန်ဇီး (Gen Z) တို့အကြောင်း
အောင်သူငြိမ်း - ‘ဂျန်ဇီး’ (Gen Z) တို့အကြောင်း
(မိုးမခ) ဇန်နဝါရီ ၉ ၊ ၂၀၂၅
အမေရိကားမှာ အလုပ်လုပ်နေတဲ့ ကျနော့်မိတ်ဆွေတဦးက ပြောပြတယ်။ သူက လူသားရင်းမြစ်ဌာန (Human resources) မှာ လုပ်နေတော့ မကြာခဏဆိုသလို ဂျန်ဇီးတွေအကြောင်း သင်တန်းတွေ တက်ရတယ်လို့ ပြောတယ်။ အကြောင်းကတော့ ဒီမျိုးဆက်သစ် ဂျန်ဇီးတွေက ကိုဗစ်-၁၉ လိုမျိုး တကယ့်ဝရုန်းသုန်းကား ကမ္ဘာ့ကပ်ကြီးတွေ ဖြတ်သန်းခဲ့ရတယ်။ နောက်တော့လည်း ရုရှား-ယူကရိန်း စစ်လိုမျိုး၊ ကမ္ဘာကြီးမှာ မရေရာ မသေချာမှုတွေနဲ့ မတည်ငြိမ်တာတွေ ကြုံရတယ်။ ဒီမျိုးဆက်က နည်းပညာဆိုတာ သွေးထဲ ပါလာတယ်။ ဂိမ်းဆော့ပြီး ကြီးလာတယ်။ နောက်ပြီး ဒီမျိုးဆက်က အလုပ်တခုဆိုရင် မမြဲဘူး၊ မကြာခဏဆိုသလို ငြီးငွေ့ အလုပ်ပြောင်းကြတယ်လို့ ဆိုတယ်။
ဂျန်ဇီးတွေက ဘယ်သူတွေလဲ။
ဒုတိယအငယ်ဆုံး မျိုးဆက်လို့ ဆိုရမယ်။ သူတို့ရှေ့မှာ ထောင်စုနှစ်ဖွား (Millennials) တွေ ရှိတယ်။ သူတို့နောက်မှာတော့ Generation Alpha လို့ ခေါ်တဲ့သူတွေ ရှိတယ်။ ၁၉၉၆ နဲ့ ၂၀၁၀ အကြား မွေးဖွားခဲ့သူတွေ မျိုးဆက်ပဲ။ သူတို့ကို ပုံသွင်းနေတဲ့ အကြောင်းတရားက ဒစ်ဂျစ်တယ်ခေတ်၊ ပြောင်းလဲနေတဲ့ ငွေကြေးမြေမျက်နှာသွင်ပြင်၊ ဥတုကပ်ဘေး ဖောက်ပြန်ပြောင်းလဲမှုတွေအပေါ် စိုးရိမ်နေရမှုနဲ့ COVID-19 ကပ်ဘေးကြီးလို့ ဆိုတယ်။ သူတို့ကို (Digital natives) ဒစ်ဂျစ်တယ် ဇာတိချက်မြှုပ်တွေလို့လည်း ခေါ်ကြတယ်။ ဂျန်ဇီးတွေက အလျင်အမြန် ကြီးလာနေကြတယ်။ ၂၀၂၅ ခုနှစ်ရောက်ရင် အာရှ-ပစိဖိတ်ဒေသရဲ့ လူဦးရေ လေးပုံတစ်ပုံ ရှိနေမယ်လို့ ဆိုတယ်။
တကယ်တော့ မျိုးဆက်တိုင်းမှာ ပြဿနာတွေနဲ့ ရှုပ်ထွေးပွေလီခဲ့ကြတာပါပဲ။ ကလေးတွေ မွေးထုတ်တဲ့ မျိုးဆက် (baby boomers) [၁၉၄၆ ကနေ ၁၉၆၄ အကြား မွေးဖွားခဲ့ကြသူတွေ] လို့ ခေါ်ကြတဲ့ မျိုးဆက်တုန်းကလည်း ဆေးချကြတယ် (ဘန်း စကားနဲ့ dropping acid ခေါ်ပြီး အဲဒီခေတ်က စိတ်ကြွဆေး LSD တွေ ချခဲ့ကြတယ်။ Golden Gate Park ပန်းခြံမှာ လူစုလူဝေး စုထွက်ပျော်ခဲ့ကြတယ်။ နောက်ပိုင်း Gen X တွေ ခေတ်မှာလည်း ဗီယက်နမ်စစ်ပွဲ၊ စစ်အေးတိုက်ပွဲ မတည်ငြိမ်မှုတွေနဲ့ AIDS/ HIV ကူးစက်ပြန့်ပွားတာတွေ၊ MTV ဂီတတယ်လီဗေးရှင်း စပေါ်လာတယ်။ နောက်ပိုင်းမျိုးဆက် ‘ထောင်စုနှစ်ဖွား’ တွေမှာတော့ အမေရိကန် ကမ္ဘာ့ကုန်သွယ်ရေးမျှော်စင်ကြီး (WTC) ကို လေယာဉ်နဲ့ အကြမ်းဖက်တိုက်ခိုက်တဲ့ ဖြစ်ရပ်က လွှမ်းမိုးမှုရှိခဲ့တယ်။
အချို့လူမှု သိပ္ပံပညာရှင်တွေက မျိုးဆက်တွေကို လေ့လာတာက တမင် မရှုပ် ရှုပ်အောင် လုပ်တာ၊ လူတွေကို တဦးချင်းအနေနဲ့ပဲ ကြည့်မြင်သင့်တယ်လို့ ထင်ကြတယ်။ မျိုးဆက်ဆိုပြီး ယေဘုယျကောက်ချက်ဆွဲကြတာက လူမှုအသိုက်အဝန်းကို နားလည်နိုင်ဖို့ ကြည့်ပုံတမျိုးပါပဲ။ တကယ့်လောက အမှန်တရားကြီးတော့ မဟုတ်ပါဘူး။
ဂျန်ဇီးတွေရဲ့ ကြန်အင်လက္ခဏာတွေ
ဒါပေမဲ့ သူတို့မှာ တူညီတဲ့ အချက်တွေရှိတယ်။ McKinsey & Company က ထုတ်တဲ့ စာတမ်းလေးမှာတော့ စိတ်ဝင်စားဖွယ်တူညီမှုတွေ စုထားတယ်။
ပထအအချက်က ဒစ်ဂျစ်တယ် ဇာတိဖွားတွေ ဆိုရလောက်အောင် Extremely online အချိန်ပြည့်အွန်လိုင်း ရှိနေကြတယ်လို့ ဆိုတယ်။ အလုပ်လုပ်တာ၊ ဈေးဝယ်တာ၊ ရည်းစားရှာတာ၊ အွန်လိုင်းကနေ မိတ်ဆွေဖွဲ့တာ အားလုံးအွန်လိုင်းပေါ်မှာပဲ။ တနေ့ မှာ ဖုန်းအွန်လိုင်းပေါ် ၆ နာရီကျော် ရှိတယ်လို့ ဆိုတယ်။ ဘာဖြစ်ဖြစ် အွန်လိုင်းကပဲ ရယူတယ်၊ သတင်း၊ ပစ္စည်းမဝယ်ခင် တခြားတယောက်ယောက်ရဲ့ သုံးသပ်ချက် ဒါတွေလည်း အွန်လိုင်းကပဲ ရှာတယ်။ သူတို့က ဆိုဒ်တွေ၊ apps တွေ၊ ဆိုရှယ် မီဒီယာ ဖော်ပြချက်တွေကို အွန်လိုင်းပေါ် လူးလာပျံသန်းရှာတယ်။ မတူခြားနားတဲ့ အွန်လိုင်းဂေဟစနစ် (online ecosystem) ထဲ နေတယ်။ ဒါပေမဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ ကြီးတဲ့သူတွေဆိုတော့ ပါးနပ်တယ်။ သတိကြီးကြီးနဲ့ သူတို့ပုံရိပ်တွေကို ဖုံးကွယ်ထားတယ်။ လောဘတကြီး စားသုံးနေပေမယ့် လူသူမသိအောင် နေနိုင်တယ်။
ဂျန်ဇီးတွေခေတ်မှာ ဗီဒီယိုရှယ်ယာတာတို့၊ ဆိုရှယ်မီဒီယာတို့ သိသိသာသာ မြင့်မားလာတယ်။ ဂျန်ဇီးအများစုအပေါ်မှာတော့ တစ်တော့ TikTok က လွှမ်းမိုးတယ်ဆိုတယ်၊ trends တွေ၊ ခံစားချက်တွေ၊ ယဉ်ကျေးမှုတွေ သက်ရောက်တယ်။ ဂျန်ဇီးတွေက အွန်လိုင်းကော်နာ ထောင့်တခုမှာတော့ သူတို့ ရှယ်ယာဝေမျှနိုင်တဲ့ သူတွေနဲ့ သူတို့ ခံစားချက်တွေ၊ စိတ်အားထက်သန်မှုတွေ၊ စိတ်ဝင်စားမှုတွေကို ဝေမျှကြတယ်ဆိုတယ်။ ဂိမ်းတွေအကြောင်းကနေ K-pop အကြောင်းတွေကို တကယ် ဘဝထဲမှာ သိကြသူတွေ၊ အွန်လိုင်းမှာ တွေ့ကြသူတွေကြား ဝေမျှကြတယ်။
ဂျန်ဇီးတွေက ယေဘုယျအားဖြင့် idealism စိတ်ကူးယဉ်ဆန်တယ်လို့ ဆိုကြတယ်။ ဒါကို အချို့ကလည်း Woke (သိပ်နိုးကြား) လွန်းတယ်လို့ ယူဆတယ်။ လူမှုရေးအရ တိုးတက်တဲ့အယူရှိတဲ့ အိပ်မက်ရှင်တွေ (socially progressive dreamers) တွေ ပေါ့။ သူတို့ကို “ဖက်ပေါင်းစုံ ထည့်စဉ်းစားတဲ့ စားသုံးသူတွေ” (inclusive consumers) လို့လည်း ဆိုကြတယ်။ ဥတုဖောက် ပြန် ပြောင်းလဲလာတာ လျော့ချနိုင်ဖို့ သူတို့ တတပ်တအား ပါဝင်ချင်ကြတယ်။ လူအားလုံး သာတူညီမျှ ဖြစ်စေချင်ကြတယ်။ အဲဒါတွေအပြင် ဂျန်ဇီးတွေက တာဝန်ယူတာဝန်ခံမှုအတွက် စုပေါင်းတောင်းဆိုတာမျိုးလည်း လုပ်ချင်ကြတယ်။ မတူခြားနား တဲ့ သူတွေ အခွင့်အလမ်းတွေကို ပိုမိုဖန်တီးပေးချင်ကြတယ်။ ကိုယ်စားပြုခွင့် သိပ်မရသူတွေအတွက်ဆို ပြောဆိုပေးချင်ကြ တယ်။ ရေရှည်တည်တံ့တဲ့၊ စိမ်းလန်းတဲ့ ကျင့်သုံးဆောင်ရွက်မှုမျိုးကိုလည်း တင်းတင်းကျပ်ကျပ် ကျင့်သုံးချင်ကြသူတွေ… အဲသလို McKinsey & Company အစီရင်ခံစာက ဖော်ပြထားတယ်။
ဂျန်ဇီးတို့ရဲ့ နိုင်ငံရေး
“ဂျန်ဇီးတို့ရဲ့ နိုင်ငံရေး” ဆိုပြီး စိတ်ဝင်စားဖွယ် ဆောင်းပါတပုဒ် The Guardian သတင်းစာမှာ တွေ့တယ်။ ဒီထက်ပိုလို့ ခိုင်မာတဲ့ စိတ်ပိုင်းဆိုင်ရာ လေ့လာသုံးသပ်မှု၊ စာအုပ်တွေရှိရင်တော့ ဖတ်ချင်သေးတယ်။ ဒီဆောင်းပါးကတော့ စိတ်ဝင်စားဖွယ် ကောင်းသလို၊ တချို့သဘောတူနိုင်ဖို့လည်း ခက်တယ်။ [ကျနော်တို့နိုင်ငံက ဂျန်ဇီးတွေကလည်း စိတ်ဝင်စားဖို့ ကောင်းတယ် မဟုတ်ပါလား။]
ပင်မရေစီး မီဒီယာတွေမှာတော့ ပြီးခဲ့တဲ့ ၅-နှစ်လောက် ကာလတွေမှာ ဂျန်ဇီးတွေနဲ့ ပတ်သက်လို့ အမျိုးမျိုးကွဲလွဲနေတဲ့ သုံးသပ်ချက်တွေ၊ ဇာတ်ကြောင်းတွေ ဖော်ပြနေခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့ဟာ သိပ်ပြီး ‘လစ်ဘရယ်’ကျတယ်။ ဆိုလိုတာက လွတ်လပ်ပွင့်လင်းတယ်၊ လွတ်လပ်မှုကို ကြိုက်တယ်။ ကျား-ကျားချင်း ချစ်ကြိုက်တာမျိုး၊ LGBTQ သဘောထားမျိုးလည်း လက်ခံနိုင်တယ် ဆိုကြပါတယ်။ သိပ်ပြီး “woke” ဖြစ် (နိုးကြားတယ်) ဆိုတာမျိုးလည်း ဖော်ပြကြပါတယ်။ လစ်ဘရယ်ကျလွန်းတဲ့အတွက်ကြောင့် ဒီမိုကရေစီကို ကယ်တင်နိုင်ဖို့ အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီကို မဲပေးကြမယ် ဆိုတာမျိုး ဖော်ပြခဲ့ကြသလို၊ အင်တာနက်ရဲ့ အဆိပ်ခတ်ခံရမှုကြောင့် လက်ယာစွန်းပါတီတွေကို မဲပေးကြမယ်ဆိုတာမျိုးလည်း ခန့်မှန်း ဖော်ပြခဲ့ကြပါတယ်။ ပေါ့ဒ်ကတ်စ် အသံလွှင့်တွေ နားထောင်ကြပြီး နောက်ဆုံး ဒေါ်နယ်ထရမ့်ကို အင်နဲ့အားနဲ့ ထွက်ပြီး မဲပေးခဲ့ကြတယ် ဆိုတာမျိုးလည်း ဖော်ပြခဲ့ကြပါတယ်။ သတင်းမီဒီယာတွေက သူတို့လိုရာ စိတ်ကူးကို ဖော်ပြနေခဲ့ကြပုံရတယ်။
ရို့စ်ဘာကန် (Rose Barkan) ရဲ့ ဆောင်းပါးမှာတော့ ဂျန်ဇီးတွေက ‘ဆယ်လီ’တွေကို ဆန့်ကျင်တဲ့အမြင်ရှိတယ်လို့ ဆိုပါတယ်။ ‘ဆယ်လီ’ လူထုဖျော်ဖြေမှု ယဉ်ကျေးမှုနယ်ကနေ ခွာရုံသာ မဟုတ်သေးဘူး။ နောက်ထပ် ဘာမှန်းသေချာ မသိရသေးတဲ့ ခေတ်တခုထဲကို တရွတ်ဆွဲပါနေပြီလို့ ရို့စ်က ဆိုပါတယ်။ သူ ဆိုလိုတာ ဂျန်ဇီးတွေ လူလားမြောက်လာတဲ့အချိန်မှာ အရင် အဟောင်း ဧက ယဉ်ကျေးမှုများ (old monocultures) တွေ ပြိုကွဲပျောက်ဆုံးနေပါပြီ။ ကေဘယ် ရုပ်/သံဆိုတာမျိုးကို သူတို့ မှတ်မိဖို့တောင် ငယ်ရွယ်လွန်းနေပါသေးတယ်။ တချိန်တုန်းကတော့ ကေဘယ်တီဗွီတွေဆိုတာက အတော့်ကို လွှမ်းမိုးထားခဲ့ရာကနေ အခုဧက ယဉ်ကျေးမှုများ ပြိုကွဲရာခေတ် ဖြစ်လာတာပါ။
တချိန်တုန်းက A-list ‘ဆယ်လီ’ လို့ခေါ်တဲ့ ဂျူလီယာရောဘတ်တို့၊ ဘရက်ပစ်တို့လို လူတွေက ကြွေနေရတဲ့ စတားတွေ ရှိခဲ့ပါတယ်။ အဲဒါအပြင် နည်း ပညာဂုရုကြီးတွေလို့ ခေါ်ဆိုနေကြတဲ့ စတိဂျော့တို့လိုမျိုးတွေကို ကြိတ်ပြီး ကြည်ညိုနေကြရတာလည်း ရှိခဲ့ပါသေးတယ်။ ပြောရမယ်ဆိုရင် ကျနော်တို့ နေထိုင်တဲ့ ခေတ်ကြီးက သိပ်မကြာသေးခင်တုန်းကအထိ ‘ဆယ်လီ’ (celebrity) တွေ လုံးဝ လွှမ်းမိုးထားတဲ့ ခေတ်ကြီးပါတဲ့။ အခု အမေရိကန်သမ္မတသစ် (အရင်တကြိမ်တုန်းကလည်း သမ္မတ ဖြစ်ခဲ့ဖူးတယ်) ထရမ့်က reality TV star တယောက် အနေနဲ့ ဆယ်စုနှစ်တခုကျော်ကြာ နေရာယူခဲ့ဖူးပါတယ်။ အဆိုတော် တေလာဆွစ်ဖ် (Taylor Swift) က ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးနဲ့ ဈေးအကြီးဆုံးလို့ ဆိုတဲ့ ဂီတဖျော်ဖြေပွဲတွေ မကြာသေးခင်ကလေးမှပဲ စီစဉ်ပြီးမြောက်ခဲ့ပါတယ်။ လူအများကို ဖျော်ဖြေတင်ဆက်နေတဲ့ လုပ်ငန်း (mass entertainment) ယာဉ်ကို အခုအချိန်အထိ ဆယ်လီတွေ၊ ‘စတား’တွေနဲ့ မောင်းနှင်နေဆဲပါ။ အခု ရုံးပိတ်အပန်းဖြေရက်ရာသီမှာ ထွက်ပေါ်လာတဲ့ Wicked (Ariana Grande) ရုပ်ရှင်၊ ဒါမှမဟုတ် အခုအသစ်ထွက်တဲ့ Gladiator II (Pedro Pascal, Denzel Washington) ရုပ်ရှင်တွေမှာလည်း လူကြိတ်ကြိတ်တိုးတုန်းပါပဲ။ လူတွေ အတင်းအဖျင်းလို ပြောနေကြရတဲ့ ရုပ်သံဇာတ်လမ်း၊ ဇာတ်ကောင် မင်းသား၊ မင်းသမီးတွေက ပြောလို့မကုန်နိုင်ဖွယ် ရှိနေပါသေးတယ်။ လွန်ခဲ့တဲ့နှစ်တွေ အနည်းငယ်တုန်းကဆိုရင် ‘ဆယ်လီ’ အချို့ကို မျက်ကန်းကိုးကွယ်သလိုတောင် ရှိခဲ့ကြပါတယ်။
အခု ဂျန်ဇီးတွေ အရွယ်ရောက်လာချိန်မှာတော့ ယဉ်ကျေးမှုတွေ ပြိုကွဲနေတဲ့ခေတ်ကာလ ဖြစ်နေပါပြီ။ အမေရိကန်လူငယ် သန်းရာချီက ရုံးပိတ်ရက်ညမျိုး တွေမှ ပြလေ့ရှိတဲ့ TV show တခုတည်း မှာ စွဲကြည့်မနေတော့ဘူး။ သူတို့က ညနက်ပိုင်းမှာ ပြတဲ့ late night TV shows တွေကလည်း နိုင်ငံရေးအမြင်တွေ ရယူမနေကြတော့ဘူး။ သမားရိုးကျ ရုပ်သံက ပြိုကွဲကျဆုံးနေပါပြီ။ MSNBC တို့၊ CNN တို့ တောင် သူတို့ပရိသတ်တွေကို အမေရိကန် သမ္မတရွေးကောက်ပွဲ ပြီးကတည်းက သွေး တသွင်သွင် ထွက်သလို ဆုံးရှုံးနေကြပါပြီ။ ဟောလီးဝုဒ် (Hollywood) ရုပ်ရှင်တွေတောင်မှ အခုအချိန်မှာ သူတို့ဟာ ဖျော်ဖြေရေးယဉ်ကျေးမှု ဗဟိုချက်မမှာ ရှိနေ တယ်ဆိုတာ သိပ်ပြီး မသေချာလှတော့ပါဘူး။ ဒီအချိန်မှာ ဘယ်တခုကမှ ဗဟိုချက်မ ဖြစ်မနေဘူး။ ဒါမှမဟုတ် သိသိသာသာကြီး အားပျော့ချည့်နဲ့လာနေကြတယ်။ ‘ဆယ်လီ’ ဆိုတဲ့ သူတွေတောင်မှ သူတို့ ကျော်စော မှုကို ဆက်ထိန်းနိုင်ဖို့ ပလက်ဖောင်းအသစ်၊ ဥပမာ ‘တစ်တောက်’ (TikTok) လိုဟာ မျိုးတွေ သုံးလာကြရတယ်။ ဒါပေမဲ့ လတ်တလော ကြုံလာကြရတာက TikTok မှာ နာမည်ကြီးနေကြသူတွေက ‘ဆယ်လီ’ တွေကို လျစ်လျူရှုလာကြတာပါပဲ။ သူတို့မှာ ပါဝါဘယ်လောက်ရှိကြောင်းကို ပြနိုင်ဖို့ ‘ဆယ်လီ’ တွေကို လိုက်ယှဉ်လာကြတာကိုက ပေါက်နေတဲ့ ထရန်း (viral trend) ဖြစ်လာနေပါတယ်။ မူလ‘ဆယ်လီ’ တွေအဖို့ မေးခွန်းထုတ်ခံရ တိုက်ခိုက်ခံနေရပါတယ်။
စာရေးသူ မိုဒစ်စ် (Mo Diggs) ကတော့ ဒီသရုပ်သကန်ကို “ပုဂ္ဂိုလ်ရေး စရိုက်လက္ခဏာ ငြီးငွေ့မှု” (personality exhaustion) လို့ နာမည်ပေးထားတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက လူတိုင်းက အထူးသဖြင့် အင်တာနက်ပေါ်မှာ ကြွယ်ဝချမ်းသာသူတွေနဲ့ နာမည်ကျော်ကြားသူတွေကို ငြီးငွေ့လာနေကြခြင်းပါပဲ။ နိုင်ငံရေးအရ ဆိုရင်လည်း လူတွေက ခေါင်းဆောင်တွေကို သံသယထားလာကြတယ်။ ဒါမှ မဟုတ် သူတို့ကို ဒီအတိုင်း-ဟိုအတိုင်းလုပ်ပါ ပြောဆိုနေတဲ့သူတွေကို မုန်းလာကြတယ်။ ဆွစ်ကိုတော့ ချစ်ပါတယ်။ ဘီယွန်းဆေး (Beyoncé) ကို ချစ်တာတွေ ကျန်နေပါသေးတယ်။ ဒါပေမဲ့ သူတို့ စိတ်အားထက်သန်စွာ ထောက်ခံမှုပေးနေတာကြောင့်တော့ ငယ်ရွယ်တဲ့ မဲပေးသူတွေက (အရေးနိမ့်ခဲ့ရတဲ့ သမ္မတလောင်း) ကမီလာ ဟဲရစ် (Kamala Harris) ဘက်ကို ပြောင်းပြီး မဲပေးကြဖို့တော့ မဖြစ်နိုင်ဘူး။
လက်ဝဲဖက်သန်တဲ့ အမေရိကန် ဂျန်ဇီး မဲပေးသူတွေက အထူးသဖြင့် ‘ဆယ်လီ’ တွေကို ဒေါသထွက်နေကြပါတယ်။ အကြောင်းကတော့ ဂါဇာ (ပါလက်စတိုင်း) အရေးမှာ ပြောင်ပြောင်တင်းတင်း ထွက်ပြီး အစ္စရေးကို မဝေဖန်၊ မကန့်ကွက်ခဲ့ကြတာကြောင့်ပါ။ ဒီလိုမျိုး ထိပ်သီးအလွှာ (ဧလိ) တွေအပေါ် မယုံကြည် သံသယတွေက ဂျန်ဇီးတွေမှာ ရှိနေတယ်လို့ ဆိုပါတယ်။
အိုင်ဒိုးသစ် လူဝီဂီ မန်ဂျီအိုနီ (Luigi Mangione)
ဒီလိုအရေးတွေကြားထဲမှာ ‘ဆယ်လီ’ ဆန့်ကျင်ရေးသမား အသက် ၂၆ နှစ်အရွယ် Luigi Mangione က ဝင်လာပါတယ်။ သူက တလောက (ဒီဇင်ဘာ ၄ ရက်နေ့က) UnitedHealthcare ရဲ့ အမှုဆောင်ဒါရိုက်တာ ဘရိုင်ယန် သွမ်ဆန် (Brian Thompson) ကို လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ သူက အသက် ၂၆ နှစ်လောက်ပဲ ရှိသေးတဲ့၊ အီတလီနွယ်ဖွား ကြွယ်ဝတဲ့မိသားစုက မွေးဖွားခဲ့ သူပါ။ ပင်ဆယ်လ်ဗေးနီးယားတက္ကသိုလ်မှာ အင်ဂျင်နီယာကျောင်း တက်နေပါတယ်။ နောက်တော့ သူ့ကို ဖမ်းဆီးရမိပြီး ဒီဇင် ဘာ ၉ ရက်နေ့မှာ ရုံးထုတ်ခဲ့ပါတယ်။
သူ့ကို ဖမ်းဆီးရမိတော့ 3D ပုံထုတ် သေနတ်တလက်၊ အသံတိတ်စနစ် (silencer) နဲ့ သူ့လက်ရေးနဲ့ စာတိုတစောင်ပါ ပါဝင်ပါတယ်။ စာတိုမှာတော့ ဒီလို ရေးထားပါတယ်။
“I do apologize for any strife or traumas but it had to be done. Frankly, these parasites simply had it coming.”Health insurers, are “too powerful, and they continue to abuse our country for immense profit.”
“ဆောင်ရွက်ခဲ့ရတဲ့ ကိစ္စအတွက် ပြဿနာတွေ၊ စိတ်ဒဏ်ရာရမှုတွေ ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။ ပွင့်ပွင့်လင်းလင်း ဆိုရရင် တော့ အခုလို ကပ်ပါးကောင်တွေ ရှိနေတာပါပဲ။ ကျန်းမာရေးအာမခံတွေဟာ သိပ်ပြီးအာဏာရှိလွန်းနေတယ်။ ဧရာမအကျိုးအမြတ်တွေအတွက် နိုင်ငံကို သွေးစုပ် ခေါင်းပုံဖြတ်နေကြတယ်” လို့ ရေးထားတယ်။ သူ့သတင်းစကားက အမေရိကန်နိုင်ငံရဲ့ ပြိုလဲနေတဲ့ ကျန်းမာရေးအာမခံစနစ်ကို ဖော်ပြနေပါတယ်။ သူ့အကြောင်းကို ပြန်ကြည့်တော့ သူက ဇာတိဘော်လ်တီမိုးမြို့ ရဲ့ Valedictorian ပုဂ္ဂလိကကျောင်းမှာ အထက်တန်းတက်တယ်၊ နောက်တော့ ကွန်ပျူတာသိပ္ပံဘွဲ့နဲ့ ၂၀၂၀ ပင်ဆယ်ဗေးနီးယား တက္ကသိုလ်မှာ ကျောင်းပြီးတယ်။ ဟာဝိုင်အီက ကုမ္ပဏီတခုမှာ ဒေတာအင်ဂျင်နီယာအဖြစ် လုပ်တယ်။ သူ့မှာ ရေလွှာ လျှောစီးရာက ဒဏ်ရာရပြီး၊ နာတာရှည် ခါးနာတဲ့ရောဂါ ခံစားနေရတယ်။ ခါးလည်း ခွဲစိတ်ခဲ့ရတယ်။ ဒီလိုနဲ့ ကျန်းမာရေး အာမခံကုမ္ပဏီတွေနဲ့ ပြဿနာ ကြုံခဲ့ရပုံရတယ်။ သူ့အလုပ်ကို တပိုင်းတစနဲ့ ဖြတ်ပြီး နောက်ဆုံး ပင်ဆယ်ဗေးနီးယား ပြည်နယ်၊ Altoona မှာ ပြန်ပေါ်လာတယ်။
Luigi Mangione ကို စာနာထောက်ခံသူတွေ အများကြီးရှိတယ်။ လတ်တလော သမိုင်းမှာ မကြုံဖူးလောက်အောင် အွန်လိုင်း ပရိသတ်တွေရဲ့ ထောက်ခံမှုရ ကျော်ကြားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ဝင်ငွေ ဒေါ်လာ ၁၀ ဒသမ ၂ သန်းရခဲ့တဲ့ ကျန်းမာရေး အာမခံ ကုမ္ပဏီ အမှုဆောင်ကို သတ်တာက တကယ်တော့ နိုင်ငံရေးအကြောင်းပါပဲ။ ဒါပေမယ့် နိုင်ငံရေး ဖက်နှစ်ဖက်လုံးက ရှုံ့ချခဲ့ ကြပါတယ်။ လက်ျာစွန်း ခေါင်းဆောင်ဂုရုတွေ ဖြစ်တဲ့ Ben Shapiro နဲ့ Matt Walsh တို့က အခု လူသတ်မှုကို ပြစ်တင် ရှုံ့ချခဲ့ ကြပါတယ်။ သူတို့မှတ်ချက်တွေအောက်မှာ ကျန်းမာရေး လုပ်ငန်းကြီးတွေကို အာပေါင်အာရင်းသန်သန်နဲ့ ဆန့်ကျင်ပြောဆို ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။ လစ်ဘရယ်တွေလည်း မထူးပါဘူး။ သွမ်ဆန်သတ်ခံရတဲ့ကိစ္စအပေါ် ပြစ်တင်ရှုံ့ချကြပါတယ်။ အာဏာရှိ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ မီဒီယာတွေက ညီညွတ်စွာ Mangione ကို ရွံမုန်းကြပါတယ်။
အွန်လိုင်းပေါ်က ပရိသတ်ကတော့ မတူခြားနားစွာ ရှုမြင်ကြပါတယ်။ အွန်လိုင်း ဗီဒီယိုဂိမ်းတခုမှာ Luigi ကို ဇာတ်ကောင် သဖွယ် လုပ်ထားတဲ့ ဂိမ်းက အမေဇုန် (Amazon) မှာ အကြီးအကျယ် ရောင်းခဲ့ရပါတယ်။ တချို့က Mangione မျက်နှာဖုံးနဲ့ ဖယောင်းတိုင်ထွန်း ဂုဏ်ပြုတာတွေတောင် လုပ်ခဲ့ကြပါတယ်။ ကြည့်ကောင်းတဲ့ ရုပ်ရည်နဲ့ နာမည်ကျော်ကျောင်းထွက် Ivy League ဘွဲ့ထူးဂုဏ်ထူးတွေနဲ့ စံပြအိုင်ဒိုးသဖွယ် ဖြစ်ခဲ့ကြပါတယ်။
သေချာတာက သူတို့ဂျန်ဇီး လူငယ်တွေက စံပြဇာတ်ကောင် idol အသစ်ကို ရွေးချယ်ခဲ့ကြတာပါ။ အနည်းဆုံး လူငယ်တွေက Luigi နဲ့ ညီညွတ်ကြောင်း ပြကြတာပါ။ အွန်လိုင်းပေါ်မှာ မျက်နှာဖုံးတွေနဲ့ Luigi memes တွေ ထွက်ပေါ်ခဲ့ပါတယ်။ လူငယ် တွေက အင်စတိကျူးရှင်း (အဖွဲ့အစည်းစနစ်) တွေအပေါ် ဒေါသတွေ ဖြစ်နေကြတယ်လို့ ရို့စ်ဘာကင်ရဲ့ “ဂျန်ဇီးတွေရဲ့ နိုင်ငံရေး” ဆောင်းပါးမှာ ရေးပါတယ်။
နောင်လာမယ့် ဆယ်စုနှစ်တွေမှာတော့ အကွဲအပြဲကြီးက လက်ဝဲ-လက်ျာ အယူဝါဒတွေလည်း မဟုတ်ပါဘူး။ အတွင်းလူ- အပြင်လူ ဆိုတာမျိုးလည်း မဟုတ်ပါဘူး။ တည်ဆဲ အဖွဲ့အစည်းစနစ်တွေကို မကျေနပ်ကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြော ဆိုသူတွေနဲ့ အသစ် ဖွဲ့စည်းမှုကို ရှာဖွေနေကြသူတွေအကြား ဖြစ်ပါလိမ့်မယ်လို့ ဆိုကြပါတယ်။
လူဝီဂီ မန်ဂျီအိုနီ (Luigi Mangione) ကို အိုင်ဒိုးသစ်တင်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ သဘောမတူတဲ့ အမြင်တွေလည်း ရှိနိုင်တာပေါ့။
ကိုးကား
====
McKinsey & Company. (August 2024.) What is Gen Z?. McKinsey Explainer.
Ross Barkan. (Dec 23, 2024). Gen Z’s politics are hard to categorize –and aharbinger of a new political order. The Guardian.
The Economist. (December 12, 2024). Luigi Mangione’s manifesto reveals hishatred of insurance companies.
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar