Breaking News

လက်နက်ကိုင် ပဋိပက္ခကြောင့် ရိက္ခာပြတ်တောက်နေတဲ့ ဒေသတွေ


မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၂၆ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၇၊ ၂၀၂၂


လက်နက်ကိုင် ပဋိပက္ခကြောင့် ရိက္ခာပြတ်တောက်နေတဲ့ ဒေသတွေ၊ သိသိသာသာ ကြီးမြင့်လာတဲ့ ကုန်စျေးနှုန်းတွေ 


မြန်မာနိုင်ငံရဲ့ ပဋိပက္ခဒေသအချို့မှာတော့ စစ်ဘေးရှောင်စခန်းတွေမှာ အခြေခံစားစရာ ဆန်လုံလောက်ဖို့ ခက်ခက်ခဲခဲကြိုးစားနေရတဲ့ ဒေသတွေရှိသလို ဆန်လုံလုံလောက်လောက် မရနိုင်လို့ ဆန်ပြုတ်သောက်နေရတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင် စခန်းလိုမျိုးတွေလည်း ရှိလာနေပါပြီ။ 

စစ်ကိုင်း လို မကွေးတိုင်းလို ဒေသတွေအဖို့ လမ်းပန်းဆက်သွယ်မှု တခုမက ရှိတာကြောင့် ထိစပ်နေတဲ့ဒေသတွေကနေ ဆန်နဲ့အခြေခံ ရိက္ခာသယ်ယူနိုင်ပေမယ့် ကယားပြည်နယ်လို၊ ပလက်ဝလို၊ ချင်းပြည်နယ်က တချို့မြို့နယ်တွေက စစ်ဘေးရှောင် စခန်းတွေအဖို့ ရိက္ခာသယ်ယူရေးက စိန်ခေါ်မှုတခု ဖြစ်နေတာပါ။ 

ပလက်ဝလို ဖွံ့ဖြိုးမှုအနည်းဆုံး ဒေသ ရေလမ်းကြောင်းကို အဓိက ဆက်သွယ်ရေးအဖြစ် အားကိုးနေရပြီး အဲဒီလမ်းကြောင်းကို လက်နက်ကိုင်တွေက ထိန်းချုပ်ထားလိုက်တဲ့အခါ အခြေခံနေ့စဥ်စားသုံးရတဲ့ ဆန်ဈေးက မြို့တွေက ဈေးထက် ၂ ဆ၊ ၃ ဆအထိ မြင့်တက်ကုန်တဲ့ဒဏ်ကို ခံစားနေကြရတာ ဖြစ်ပါတယ်။ ကယားပြည်နယ်မှာလည်း မိမိဒေသက ဆန်ကို လုံလောက်အောင် မထွက်ရှိတာကြောင့် တခြားဒေသက ဆန်ဝယ်ယူဖို့ လိုအပ်တဲ့ ဒေသခံပြည်သူတွေ၊  စစ်ဘေးရှောင်စခန်းရောက်နေတဲ့ ဒုက္ခသည်တွေအဖို့ လက်နက်ကိုင် တပ်ဖွဲ့တွေ ထိပ်တိုက်ရင်ဆိုင်နေကြ နယ်မြေတွေကို ပိတ်ဆို့ထားကြတဲ့အခါ ရိက္ခာသယ်ယူရေး အခက်အခဲဖြစ်လာတာ ဖြစ်ပါတယ်။ ယူအန်လို နိုင်ငံတကာကူညီရေးအဖွဲ့တွေအနေနဲ့လည်း လူသားချင်းစာနာမှု အကူအညီပေးခွင့်တွေ ကန့်သတ်ခံထားရပြီး စစ်ကောင်စီက ဖြတ်လေးဖြတ် ဗျူဟာကြောင့်လည်း ဒေသခံတွေအဖို့ ရိက္ခာအခက်အခဲတွေ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ 

 တဖက်မှာ စစ်ရေး အောင်နိုင်ဖို့ အလေးထားနေကြချိန် ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်ကြရတဲ့ ဒေသခံတွေအဖို့ မိမိတို့ စိုက်ပျိုးထား စုဆောင်းထားတဲ့ ရိက္ခာတွေ သယ်ယူနိုင်ခြင်းမရှိဘဲ ဖျက်ဆီးခံရတာ ၊ နေအိမ်တွေပါ မီးရှို့ခံကြရတဲ့ အခြေအနေအောက်မှာ ဒေသခံ စစ်ဘေးတိမ်းရှောင်သူတွေအနေနဲ့ အကူအညီကို လုံးလုံးလျားလျား မှီခိုကြရတဲ့ဘဝ ရောက်သွားပြီး စားဖို့ အသက်ရှင်ဖို့ နံပါတ်တစ် ဦးစားပေး ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။ ဒီကြားထဲ ရောဂါဖြစ်ပွားတာတွေ နာမကျန်းဖြစ်တာတွေအတွက် ငွေကြေး၊ ဆေးဝါးဝယ်ယူရနိုင်ဖို့ ၊ ဆေးရုံဆေးခန်း စတာတွေက ပိုပြီးခက်ခဲကာ စစ်ပွဲနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ အသက်ဆုံးရှုံးမှုတွေလည်း အများအပြားရှိနေပြီး မြို့ပြလို လက်နက်ကိုင် တိုက်ပွဲမရှိတဲ့ နေရာမှာတောင် ပျက်ပြားသွားတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကြောင့် အသက်ဆုံးရှုံးမှုတွေ အများအပြားရှိနေတာမို့ စစ်ဘေးရှောင်စခန်းတွေလို တောတွေတောင်တွေထဲ ပုန်းခိုနေကြရတဲ့ ဒေသတွေမှာဆို ပိုမိုများပြားတဲ့ အသက်ဆုံးရှုံးမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ 

ဒီကိန်းဂဏန်းတွေက ဘယ်သူမှ ဘယ်အဖွဲ့အစည်းမှ မှတ်တမ်းတင်ထားနိုင်တာ မဟုတ်တာကြောင့် မြေပြင်မှာ တကယ်ဖြစ်ပျက်နေပေမယ့် ဘယ်လောက်များပြားသလဲဆိုတာ မသိနိုင်ပါဘူး။ 

စစ်ပွဲ လက်နက်ကိုင် ပဋိပက္ခကြောင့် သေနတ်နဲ့ သေဆုံးရသူ ဗုံးနဲ့ လက်နက်ကြီးနဲ့ သေဆုံးရသူ အရေအတွက်တွေက သတင်းတွေထဲပါရှိလို့ မှတ်တမ်းတင်နိုင်ကြပေမယ့် အခုလို စစ်ပွဲရဲ့ ဘေးထွက်အကျိုးဆက်ကြောင့် သေဆုံးရတဲ့အရေအတွက်က မှတ်တမ်းတင်ထားတာ မရှိကြတဲ့အခြေအနေပါ။ 

နောက်အကြောင်းအရာတခုက လက်နက်ကိုင် ပဋိပက္ခ၊ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ စီးပွားရေးကျဆင်းမှု ကုန်စျေးနှုန်းမြင့်တက်မှု ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းလိုက်တာက အနောက်နိုင်ငံကြီးအချို့ ရဲ့ စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံက ထွက်ခွာဖို့ အခြေအနေ ဖြစ်လာပြီး နိုင်ငံရေးမတည်ငြိမ်မှု ၊ လက်နက်ကိုင်ပဋိပက္ခ ၊ စစ်ကောင်စီရဲ့ မူဝါဒ အလွဲ ၊ နိုင်ငံတကာမှာလည်းဖြစ်နေတဲ့ ရိက္ခာဈေးနှုန်းမြင့်တက်မှု၊ လောင်စာဆီဈေးမြင့်တက်မှုတွေက ပေါင်းဆုံလာပြီး မြန်မာနိုင်ငံမှာ စီးပွားရေးကပ်ဆိုက်မှုတခုသဖွယ် ဖြစ်လာနေတဲ့ အရိပ်အယောင်တွေ တွေ့နေရပါတယ်။ စစ်ကောင်စီက မကြာခင်ကမှ နိုင်ငံခြားငွေကြေး စီးထွက်မှုကို ပိတ်ထားသလို အရင်းအနှီးအချို့ ပြည်ပကို ရွှေ့ပြောင်းကြရမှာ တရားမဝင် ငွေလွှဲ လမ်းကြောင်းတွေကနေ စီးထွက်နေကြတယ်လို့ သတင်းတချို့မှာ ဖေါ်ပြထားပြီး ဒီအကျိုးဆက် သက်ရောက်မှုတွေက မြန်မာကျပ်နဲ့ ဒေါ်လာစျေးနှုန်း တကြိမ်မှမကြုံဖူးလောက်အောင် ကျပ်တန်ဖိုးကျနေတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းခါစ ၁၄၀၀ ကျပ် တဒေါ်လာလောက်ရှိရာက အခုအခါ ၂ ဆကျော် ကျပ် ၃၀၀၀ ကျော်အထိ ရောက်လာတဲ့အခါမှာ ပြည်ပတင်သွင်းရတဲ့ ကုန်ပစ္စည်းအားလုံးစျေးမြင့်တက်ကုန်ပြီး လူတွေရဲ့ စားရေး ၊သွားရေး ၊ ကျန်းမာရေးတို့အတွက်လိုအပ်တဲ့ အခြေခံ ကုန်စျေးနှုန်းတွေ မကြားဖူးလောက်တဲ့ နှုန်းထားတွေ ဖြစ်လာနေတာ ဖြစ်ပါတယ်။ 

ဒီအခြေအနေကို တဖက်မှာ နိုင်ငံရေးရှုထောင့်က သုံးသပ်ပြီး စီးပွားရေးကြောင့် စစ်ကောင်စီအာဏာ ပြိုလဲတော့မလား ဆိုတဲ့ မှန်းဆချက်တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ လူထုရဲ့ ဆန္ဒပြမှု အုံကြွမှုတွေက ယမန်နှစ် စစ်အာဏာသိမ်းပြီးခါစ သီတင်းပတ်တွေမှာ အမြင့်ဆုံးရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ အခုလို စီးပွားရေးကြပ်တည်းမှု ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် လူတွေနောက်တခါ လမ်းပေါ် ရောက်လာကြပြီး စစ်အာဏာကို အဆုံးသတ်နိုင်မလားဆိုတဲ့ အယူအဆရှိကောင်း ရှိကြပါလိမ့်မယ်။ သို့ပေမယ့် အခြားတဖက်က ကြည့်ရင် လက်နက်မဲ့ လူထုအုံကြွမှု နဲ့ နိုင်ငံရေးအာဏာကို ပြိုလဲအောင် လုပ်တာ တချို့သော အခြေအနေတွေမှာ ဖြစ်နိုင်ပြီး စစ်လက်နက်နဲ့ အုပ်ချုပ်ထားတဲ့ စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင် မပြိုကွဲနိုင်တဲ့အခြေအနေမျိုးမှာ အင်အားသုံး ဖြိုခွဲတာမျိုး၊  အစုလိုက်အပြုံလိုက် ထပ်မံဖမ်းဆီးတဲ့နည်းနဲ့ ဖြိုခွဲတဲ့ ဖြစ်နိုင်ခြေများပြီး၊ ပြည်တွင်းမှာလည်း ဒီလို လှုပ်ရှားမှုကို ဦးဆောင်မယ့် နိုင်ငံရေး အင်အားစုတွေ တဖက်နိုင်ငံနဲ့ တတိယနိုင်ငံတွေကို ရောက်ရှိကုန်ကြတာကြောင့် လူထုအုံကြွမှုက ဖြစ်လာနိုင်ခြေနည်းမယ်လို့ မြင်ပါတယ်။ 

စစ်ကောင်စီရဲ့ ရက်စက်တဲ့ ဖြိုခွဲဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် လူထုကိုယ်၌က လက်နက်ကိုင် လမ်းစဥ်လိုမျိုးအပေါ်မှာသာ မျှော်လင့်ချက်ထားကြကာ စီးပွားရေးကျပ်တည်းမှု အကြောင်းကြောင့် မြို့တွေ နယ်တွေမှာ လမ်းပေါ် တက်လာဖို့ အလားအလာနည်းတယ်လို့ ထင်မြင်မိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar