ဖိုးသံ(လူထု) - ဖိုးသံ (လူထု)ရဲ့ မောင်သစ်လွင် (လူထု)
ဖိုးသံ(လူထု)
(မိုးမခ) ဩဂုတ် ၂၇၊ ၂၀၂၂
ကိုသစ်လွင်လို့ စဉ်းစားလိုက်တာနဲ့ ရေဒီယိုကြီးတလုံးတင်ထားတဲ့ စားပွဲမှာခေါင်းငိုက် ပြီး စာရေးနေတာကိုတွေ့ရတတ်တဲ့ ကိုသစ်လွင်(လူထု)ပုံဟာ ခေါင်းထဲ၊ အာရုံထဲမှာတန်းခနဲ ပေါ် ထွက်လာပါတယ်။ ပြီးတော့မှ သူတို့စားပွဲတွေအကြားမှာ ပြေးလွှားကစားခဲ့တာ၊ လူကြီး တွေကိုနောက်ပြောင်ခဲ့တာမျိုးတွေကအစ သူနဲ့သူ့စားပွဲရှေ့မှာနာရီနဲ့ချီ ထိုင်လေ့ရှိကြတဲ့ ပန်းချီဆရာကိုပေါ်ဦးသက်၊ ကိုဝင်းဖေ၊ စန္ဒယားကိုသိမ်းမောင်၊ စာရေး ဆရာ ကိုစိန်မြင့်၊ ကဗျာဆရာ ကြည်အောင် (ကိုကြည်လင်)၊ မောင်စွမ်းရည်(ကိုဝင်းဖေ)၊ ကိုတင်မိုး(ကိုဘဂျမ်း) ကိုစောလွင် (မောင်တောလူ)စတဲ့ လူထုဝိုင်းတော်သားများနဲ့ သူနဲ့ပြောကြဆိုကြတာတွေကို ပါးစပ်အဟောင်း သား နားထောင်ခဲ့ကြတဲ့ နေ့-ညများကိုလည်း ပြန်သတိရမိပါတယ်။ တခါ အင်မတန်နှုတ်အေးပြီး စကားနည်းတဲ့သူဟာ ကျွန်တော်နဲ့ကျတော့ စကားတွေအများကြီး ပြောလေ့ရှိတာကိုလည်း ပြန်သတိရနေမိပါတယ်။
ကိုသစ်လွင်ရဲ့ထူးထူးခြားခြားမပြောမဖြစ်ပြောရမယ့်အချက်တချက်ကိုပြောပါဆိုရင် ကျွန် တော်ကတော့ “သူဟာလူထုသတင်းစာရဲ့ပေါ်လစီအတိုင်း တသက်လုံးတသွေမတိမ်း လိုက်နာသွားသူတယောက်ဖြစ်တယ်” လို့ပြောလိုက်ချင်တာပါပဲ။ သတင်းစာတိုင်းမှာမူ ပေါ် လစီတွေရှိပါတယ်။ ဒါဟာ နိုင်ငံရေးဘက်မှာသာပြောတာမဟုတ်ပါဘူး။ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ သာသနာရေးဘက်တွေမှာလည်း မူရှိရပါတယ်။
၁၉၆၃ ခုနှစ်ထဲမှာ ကျောင်းသားလှုပ်ရှားမှုတွေထဲမှာပါလို့ဆိုပြီး ကျွန်တော်တက္ကသိုလ်က အထုတ်ခံလိုက်ရပါတယ်။ ဒီအခါမှာကျွန်တော့်အမေကကျွန်တော့်ကို ဒီကောင်- အလုပ်မရှိ၊ အကိုင်မရှိ၊ လတ်လျား၊ လတ်လျားဖြစ်နေမယ်ဆိုပြီး အလုပ်ထဲဆွဲထည့်ပါတယ်။ သူ့အဖို့ အလွယ်ဆုံးနည်းကတော့ သူနေ့တိုင်းထိုင်တဲ့အခန်းနဲ့ ငါးထပ်သားတချပ်သာခြားတဲ့ အယ်ဒီတာ အခန်းထဲမှာ ပညာယူချေဟဲ့ဆိုပြီး တွန်းထည့်လိုက်တာပါပဲ။
ဒီလိုနဲ့ ကျွန်တော်ဟာ နယ် သတင်းအယ်ဒီတာ(ကွယ်လွန်သူ) နတ်မောက်ထွန်းရှိန်နဲ့ မျက်နှာချင်းဆိုင်ထိုင်ရတဲ့နေရာကို ရောက်သွားပါတယ်။ အဲဒီကိုရောက်ရောက်ချင်းပဲ အယ်ဒီတာအလုပ်ရဲ့အေ-ဘီ-စီ-ဒီ အခြေခံအတတ် ပညာတွေကို ကန့်ကူလက်လှည့်ဆရာလို့ဆိုရမယ့် ကိုထွန်းရှိန် (နတ်မောက်) က သင်ပေးပါတယ်။ အဲဒီတုန်းကအယ်ဒီတာအဖွဲ့ထဲမှာ စာရေးဆရာ(ဦးလေး) မောင်ရဲလင်းလည်း ရှိပါတယ်။ ဒါပေမဲ့ သူကကျွန်တော်ရောက်ပြီးမကြာခင်ပဲ ရန်ကုန်လူထုတိုက်ခွဲကို ပြန် ပြောင်းသွားပါတယ်။
အဲဒီတုန်းက အယ်ဒီတာခန်းထဲကကျွန်တော့်အလုပ်ဟာ မနက်ပိုင်းမှာဝင်လာတဲ့ နယ် သတင်းတွေကိုတည်း ဖြတ်၊ ပြီးရင် ကိုထွန်းရှိန်လက်ကိုအပ်၊ နေ့လယ်ကျတော့ အမေကခိုင်း တဲ့ အေအက်ဖ်ပီ(AFP)၊ အေပီ(AP) စတဲ့နိုင်ငံခြားကြေးနန်းသတင်းထဲကဟာတွေကို ဘာသာပြန်၊ ကိုသစ်လွင်လက်ကိုအပ်၊ ညနေကျတော့ ဘော့လုံးသွားကန်၊ ဒါမှမဟုတ် ဗထူးအားကစားကွင်းကိုသွားပြီး ဘော့လုံးပွဲသတင်းယူ၊ ပြန်လာရင်ရေးပေး ဆိုတာတွေဖြစ်ပါတယ်။ ညမှာတော့အားနေပါတယ်။ ကျွန်တော်အဲဒီလိုအားကစားသတင်းတွေယူနေ၊ ရေးနေတော့ ဦး လေး ကိုရဲလင်းက ကျွန်တော့်ကို “ကစားသမားသတင်းထောက်” လို့နောက်ခေါ် ပါတယ်။ အားကစားသတင်း ထောက်လို့မခေါ်ဘဲ စ’ တာပါ။ အမေတို့၊ ကိုသစ်လွင်တို့က ညပိုင်းဖောင်ပိတ်ချိန် သန်းခေါင်သန်းလွှဲအထိ အလုပ်လုပ်ရပါတယ်။ ဒီတော့ ည၁၀ နာရီ လောက်၊ ဘီဘီစီသတင်းပြီးချိန်လောက်မှာ ကိုသစ်လွင်နဲ့ကျွန်တော် အပြင်ကိုထွက်ပြီး တခုခုစားကြပါတယ်။ အဲဒီတုန်းကအများဆုံးစားကြတာကတော့ ၂၉ လမ်းနဲ့ ၈၄ လမ်း၊ ရုံတော်ကြီးထောင့်ကလမ်း ဘေးခေါက်ဆွဲဆိုင်လေးဖြစ်ပြီး၊ ဆီချက်ခေါက်ဆွဲအစားများ ပါတယ်။ အဲဒီတုန်းကဆီချက် ခေါက်ဆွဲက တပန်းကန်မှပြား ၅၀ ပါ။
ညလယ်စာသွားစားတဲ့လမ်း အသွားအပြန်မှာသူနဲ့ကျွန်တော် စကားတွေလွတ်လွတ်လပ်လပ်ပြောခွင့်ရ၊ ပညာတွေဆည်းပူးရတာပါပဲ။ သူကစာဖတ်နာသူတယောက်ဆိုတော့ သူ့ဆီကကျွန် တော်မှတ်ရသားရတာတွေထဲမှာ စာရေးဆရာတွေအကြောင်း၊ ဘယ်ဝတ္ထုဟာ ဘယ်လိုဖတ်ကောင်းကြောင်း စတာတွေပါပါတယ်။ တာရာမဂ္ဂဇင်း၊ ဒဂုန်မဂ္ဂဇင်းစတဲ့ ကျနော်မမီလိုက်တဲ့ စာပေနယ်ပယ်တွေ၊ နောက်ပြီး မောင်မောင်ညွန့်၊ ဆရာမြို့မငြိမ်းတို့ရဲ့ သီချင်းတွေ၊ နောက်ပြီးအမာစိန်-နွဲ့နွဲ့စန်းတို့ရဲ့အကတွေ အကြောင်းလည်းပါတာပေါ့။ အဓိကကတော့ စာပေအနုပညာအကြောင်းတွေပါ။ နိုင်ငံရေးအကြောင်းတွေ သိပ်မပြောလေ့ ပါဘူး။ ကျွန်တော့်အဖို့က့ သူပြောသမျှဟာ မှတ်သားစရာချည့်ပါ။ လူကြီးစကား၊ လူငယ်ကြားလို့လည်း ပြောနိုင်မယ်ထင်ပါတယ်။
သူ့ခမျာမနက်အိပ်ရာထတဲ့အချိန်ကနေ ညအိပ်ချိန်အထိသတင်းစာလုပ်ငန်းပဲလုပ်နေရ တော့ သူ့နာမည်နဲ့ဆောင်းပါး-ဝတ္ထုတွေရေးဖို့အချိန်သိပ်မရခဲ့ပါဘူး။ သတင်းစာရပ်လိုက်ရ တဲ့နောက်ပိုင်းမှာမှ နည်းနည်းပါးပါးရေးနိုင်တာပါ။ ပြောသင့်တာတခုက သူရေးတဲ့ဗမာစာမှာ ဘယ်သူ့ရဲ့ရေးဟန်ကိုအတုယူတယ်လို့ မတွေ့ရဘဲ သူ့နေထိုင်ပြောဆိုဟန်အတိုင်း အင်မ တန်ရိုးစင်းတာပါ။ တကယ့်ကိုသတင်းစာဆရာတဦးရဲ့ ဗမာစာပါ။
ကျွန်တော်ထောင်ကထွက်လာတော့ လူထုသတင်းစာ၊ ဂျာနယ်လည်းမထွက်ရတော့ဘဲ သူဟာ လူထုစာအုပ်တိုက်အတွက် ရိုက်ထုတ်မယ့်စာအုပ်တွေကို သတ်ပုံကအစပြင်ပေးတဲ့ ပရုကြည့်ဆရာတယောက်သာဖြစ်နေပါတော့တယ်။ ကျွန်တော့်မ(မှာ)လည်း ကိုယ့်အလုပ်နဲ့ ကိုယ်၊ သူ့မ(မှာ)လည်းအိမ်ထောင်ပြုဖို့ပြင်ဆင်စဉ်းစားရတာတွေနဲ့ဆိုတော့ ကျွန်တော်တို့ ချင်း စကားထူးထူးခြားခြားသိပ်မပြောဖြစ်လှတော့ပါဘူး။
ဒီလိုနဲ့၁၉၇၆ခုနှစ်၊ ကျွန်တော်အိမ်ကထွက်လာရတဲ့နောက်ပိုင်းမှာတော့ သူနဲ့ကျွန်တော် အဆက်လုံးဝပြတ်သွားပါတယ်။ ဒါပေမယ့်သူက ကျွန်တော့်သတင်းကိုနားစွင့်လေ့ရှိကြောင်း ကြားသိရပြီး ကျွန်တော်ကလည်း ကျွန်တော့်ရင်ထဲမှာသူ့အတွက် တကဏ္ဍဖွင့်ထားပါတယ်။
အခုသူအဲဒီကဏ္ဍထဲကထွက်သွားပေမယ့် လူကတော့ ကျွန်တော့်ခေါင်းထဲ၊ ရင်ထဲမှာကျန် နေရစ်ပါတယ်။
ဖိုးသံ(လူထု)
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar