သတင်းတွေက ဆားပေါ့နေသလား
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၈ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၂၂
သတင်းတွေက ဆားပေါ့နေသလား
နေ့စဥ် သတင်းတွေဖတ်တဲ့အခါ မနက်ထုတ် သတင်းစာတွေမှာ နေ့စဥ် ပါတဲ့ သတင်းခေါင်းစဥ် တခုက .... မြို့နဲ့ ....မြို့အချို့မှာ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုများဖြစ်ပွားတယ်ဆိုတဲ့ သတင်း၊ ဘယ်မြို့နယ် ဘယ်ကျေးရွာတွေမှာ ဘယ်နှစ်ရက်အတွင်း သို့မဟုတ် ဘယ်နှလအတွင်း နေအိမ်ဘယ်လောက် မီးရှို့ခံရတယ်ဆိုတဲ့ သတင်း၊ ကျေးရွာ ဘယ်နှရွာက လူဦးရေ ဘယ်လောက် ထွက်ပြေးတိမ်းရှောင်နေကြရတယ်ဆိုတဲ့ သတင်း၊ ဘယ်ရွာ ဘယ်မြို့မှာ သတင်းပေးဆိုသူ၊ ရာအိမ်မှူး၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်း၊ ကုန်ပစ္စည်းတွေ စျေးဘယ်လောက်တက်တယ်ဆိုတဲ့ သတင်းတွေက နေ့စဥ်ထုတ် သတင်းစာ၊ အွန်လိုင်းက သတင်းဌာနတွေက သတင်းတွေရဲ့ ၈၀ ရာနှုန်းလောက်ကို နေရာယူထားတာ တွေ့ရပါတယ်။
ဘယ်မြို့ ဘယ်နယ်မှာ ပစ်ခတ်မှု ပေါက်ကွဲမှု ဖြစ်ပွားတယ်ဆိုတဲ့ သတင်းတွေမှာလည်း ဘယ်သူတွေက ပစ်တာလဲ၊ ဘယ်သူက ဖေါက်ခွဲတာလဲဆိုတဲ့ အချက်အလက်တွေ မပါရှိတော့ပါဘူး။ ပစ်ခတ်မှု ဖြစ်တဲ့ သတင်းမှာလည်း ပစ်ခတ်တာ ဘယ်အဖွဲ့က ဖြစ်နိုင်သလဲဆိုတာလည်း မပါဝင်သလို ဘယ်အချိန်နာရီတွေလည်း မပါရှိတော့ပဲ နေ့ရက်သာပါရှိလေ့ ရှိပါတယ်။ ဆိုလိုချင်တာက ပစ်ခတ်တဲ့ ၊ ဖေါက်ခွဲတဲ့ လက်သည်အဖွဲ့အစည်းက သတင်းဖတ်သူ အားလုံးနားလည် ထားပြီးဖြစ်တယ်ဆိုတဲ့ သဘောမျိုးဖြစ်သလို တဖက်မှာလည်း ဘယ်အဖွဲ့ အစည်း ဘယ်သူက ပစ်တယ် ဖောက်ခွဲတယ်ဆိုတာ စုံစမ်းဖော်ထုတ်သင့်တဲ့ အချက်အလက်တွေ မဟုတ်ဘူးလို့ သတင်းသမားတွေက နားလည် ယူဆထားကြပြီး မစုံစမ်းတော့ပဲ ဖြစ်တယ်ဆိုတဲ့ အချက်အလက်ကိုသာ ဖေါ်ပြကြတော့တဲ့ သဘောမျိုး ဖြစ်လာတာပါ။
အလားတူပဲ သတင်းပေးဆိုသူ၊ ရာအိမ်မှူး၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ပစ်သတ်ခံရတဲ့ သတင်းတွေမှာလည်း သတင်းပေးဟုတ်ခြင်း မဟုတ်ခြင်းစတဲ့ အကြောင်းအချင်းအရာကို သတင်းသမားအနေနဲ့လည်း စုံစမ်းအတည်ပြုတာတွေ လုပ်လေ့မရှိတော့ပဲ သတင်းရင်းမြစ် ဖြစ်သူက ပြောတဲ့အတိုင်း ဖော်ပြကြတာမျိုး ဖြစ်ပါတယ်။ များသောအားဖြင့် သတင်းရင်းမြစ်တွေက အဖြစ်အပျက်မှာ ပါဝင်ပတ်သက်သူတွေ ဖြစ်နေလေ့ရှိပြီး သတင်းရင်းမြစ်က လွတ်လပ်တဲ့ တတိယလူ အနေအထားမျိုးမဟုတ်ကြတာကြောင့် ဘက် ၂ ဘက်မှာ တဖက်ဖက်က ပါဝင်ပတ်သက်နေသူက ပေးတဲ့ သတင်းတွေကို ဖေါ်ပြနေကြတာမျိုးဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ကန့်သတ်မှု ဖိနှိပ်ချုပ်ချယ်မှု တဖက်သတ် အပြစ်ပေးမှုတွေ၊ စစ်တပ်ရဲ့ သြဇာလွှမ်းမိုးထားတဲ့ တရားရုံးတွေနဲ့ တာဝန်ခံစရာမလိုတော့တဲ့ အများနဲ့ဆိုင်တဲ့အဖွဲ့အစည်းတွေ အများစုဖြစ်လာတာကြောင့် သတင်းမီဒီယာတွေ အနေနဲ့လည်း သတင်းအချက်အလက်စုံလင်အောင် မေးမြန်းဖို့ ခက်ခဲလာသလို တဖက်မှာလည်း နိုင်ငံရေးရပ်တည်ချက် ဘက်တွေသတ်မှတ်လာကြပြီး အချို့သတင်းတွေကို ထပ်ပြီး မရှာဖွေတော့တာ သတင်းရင်းမြစ်က ဘက်လိုက်နိုင်တဲ့အနေအထားရှိတာကို သတိပြုမိပေမယ့်လည်း မီဒီယာကို၌က ရပ်တည်ချက် ဘက်ရှိလာတာကြောင့် လွတ်လပ်တဲ့ သတင်းတင်ပြမှုတွေ ပိုပြီး ရှားပါးလာတာ ဖြစ်ပါတယ်။
သတင်းဖတ်သူတွေ အနေနဲ့လည်း သတင်းအဖြစ်အပျက်တွေကနေ တိကျတဲ့ ခိုင်လုံတဲ့ လွတ်လပ်တဲ့ သတင်းဖေါ်ပြခြင်းမျိုးထက် ခံစားချက်ပါတဲ့ ရပ်တည်ချက်ပါတဲ့ သတင်းတင်ပြမှုမျိုးကို ပိုနားဆင် ဖတ်ရှုလိုကြတာကြောင့် သတင်းအချက်အလက်တိကျမှု ခိုင်လုံမှု အရည်အသွေးပိုင်း ပိုပြီးကျဆင်းလာတဲ့ သဘောတွေ တွေ့နေရတာ ဖြစ်ပါတယ်။
လူ ရာထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းတွေ၊ ဆေးဝါး၊ စားနပ်ရိက္ခာ မလုံလောက်တဲ့ သတင်းတွေ ၊ နေအိမ်တွေဆုံးရှုံးနေရတဲ့ သတင်းတွေ ပါရှိနေပေမယ့် အဲဒီလို ဒုက္ခရောက်သူတွေကို ပြည်သူအချင်းချင်း ကူညီနိုင်တဲ့ အနေအထားလည်း အားနည်းလာနေတာ တွေ့ရပါတယ်။ ဆိုင်ကလုံး နာဂစ်လို ကာလ၊ ကိုဗစ်ကပ်ဘေး လိုကာလမှာ သဘာဝဘေးအန္တရာယ် ၊ ရောဂါကပ်ဘေးလိုမျိုးမှာ ပြည်သူအချင်းချင်း ကူညီနိုင်ခဲ့ကြပေမယ့်လည်း အခုလို လက်နက်ကိုင် ပဋိပက္ခတွေကြားထဲ စီးပွားရေး ကျဆင်းမှု ကြပ်တည်းမှုအခြေအနေအောက်မှာ အချင်းချင်းလည်း မကူညီနိုင်ကြသလို နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့လည်း လွတ်လပ်စွာသွားရောက်ကူညီနိုင်တဲ့ အခြေအနေမဟုတ်ကြတာ တွေ့ရပါတယ်။
ဒုက္ခသည်စခန်းတွေ အချို့ဒေသမှာ စခန်းလို့တောင် မခေါ်ဆိုနိုင်ပဲ တောထဲတောင်ထဲမှာ ယာယီနေထိုင်နေကြရတာတွေ သတင်းတွေထဲကြားသိနေရပေမယ့်လည်း လူအများ အနေနဲ့ ကိုယ့်အပူနဲ့ကိုယ်မို့လို့ မကူညီနိုင်ကြတဲ့ အနေအထားရောက်နေတာ ဖြစ်ပါတယ်။
ယခင်နှစ်ဆန်း စစ်အာဏာသိမ်းပြီးနောက်မှာ လက်နက်ကိုင် ပဋိပက္ခကြောင့် စစ်ပွဲကြောင့် ဖမ်းဆီးသတ်ဖြတ်မှုကြောင့် လူထောင်ချီ သေဆုံးခဲ့ကြပြီလို့ သတင်းတွေမှာပါရှိတဲ့ အချက်အလက်တွေကို စောင့်ကြည့်မှတ်တမ်းတင်ကြတဲ့ ကိန်းဂဏန်းတွေအရ သိကြရပါတယ်။ လက်နက်နဲ့ သေဆုံးကြရတာ၊ ညှင်းဆဲသတ်ဖြတ်လို့ သေဆုံးကြရတဲ့ ကိန်းဂဏန်းတွေက ထင်သာမြင်သာရှိသော်လည်း စစ်ဘေးရှောင်ရင်း ဆေးဝါးကုသခွင့်မရကြလို့ သေဆုံးကြရသူတွေ၊ ပဋိပက္ခ၊ နှိပ်စက်သတ်ဖြတ်မှု ခံရမှာကြောက်လို့ ဆေးဝါးကုသခွင့်ကို မရယူနိုင်သူတွေ၊ စီးပွားရေး အခြေအနေကြောင့် ဆေးဝါးကုသခွင့်မရကြတာတွေ နဲ့ ယမန်နှစ် ခုလိုကာလမှာ တနိုင်ငံလုံး ရိုက်ခတ်သွားတဲ့ ကိုဗစ်ကူးစက်မှုမှာ သေဆုံးကြရသူတွေ အရေအတွက်တွေက မှတ်တမ်းတင်ထားတာ ကောက်ယူထားတာ မရှိလို့ မသိနိုင်ပါဘူး။ သို့ပေမဲ့ ယမန်နှစ် မိုးရာသီ ကိုဗစ်ကပ်ဘေးတခုထည်းတင် သောင်းဂဏန်း မျှသော လူ့အသက်တွေ ဆုံးရှုံးခဲ့တာ ဖြစ်လို့ အထက်က စစ်ဘေးရှောင်ရတဲ့ အကျိုးဆက် လက်နက်ကိုင် ပဋိပက္ခရဲ့ အကျိုးဆက်ကြောင့် အသက်ဆုံးရှုံးရသူ အရေအတွက်ပါ ပေါင်းလိုက်ရင် သောင်းဂဏန်းကြီး သို့မဟုတ် သိန်းဂဏန်းလောက်ထိ ရှိကောင်းရှိနိုင်တာ ဖြစ်ပါတယ်။
ဒီကိန်းဂဏန်းတွေကတော့ မထင်ရှားတဲ့ ကိန်းဂဏန်းတွေ ဖြစ်ပြီး လျစ်လျူရှုခံထားရတဲ့ ကိန်းဂဏန်းတွေလို့လည်း ခေါ်ဆိုကောင်း ခေါ်ဆိုနိုင်ပါလိမ့်မယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar