Breaking News

ခေတ်ပျက်တဲ့ ကြားကာလ မရည်ရွယ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ


မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၃ ၊ ၂၀၂၂


ခေတ်ပျက်တဲ့ ကြားကာလ မရည်ရွယ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ

မနက်ခင်း သတင်းတွေ ဖတ်လိုက်ရင် တိုက်ပွဲ သတင်း၊ လက်နက်ကိုင် သေဆုံးမှုတွေ၊ အရပ်သားသတ်ဖြတ်ခံရမှုတွေ၊ လက်နက်ထိမှန်သေဆုံးရမှုတွေ၊ ပိုင်ဆိုင်မှုတွေ မီးရှို့ဖျက်ဆီး ခံရတာတွေ၊ မဖျက်ဆီးတဲ့ အခြေအနေမျိုးမှာလည်း ပိုင်ဆိုင်မှုတွေကို ယူဆောင်သွားတဲ့ သတင်းတွေ၊ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက်၊ သေဆုံးသူ အရေအတွက်၊ ဖမ်းဆီးခံရသူအရေအတွက်၊  မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်တွေကို ကောက်ယူတဲ့ ကိန်းဂဏန်းတွေက နေ့စဥ် သတင်းတွေရဲ့ ခေါင်းစီး သတင်းတွေ ဖြစ်နေတာတွေ့ရပါလိမ့်မယ်။ 

ဒီတိုက်ပွဲ သတင်း ဖမ်းဆီးသတ်ဖြတ်မှု အိမ်မီးရှို့မှု သတင်းတင်ပဲလား ဆိုရင် မဟုတ်သေးပါဘူး။ အခုလပိုင်းမှာ ရာဇဝတ်မှုသတင်းတွေကလည်း နေ့စဥ်ပါနေကျ သတင်းတွေလို ဖြစ်လာနေပါပြီ။ နေအိမ်မှာ လုယက်ပြီး သတ်ဖြတ်သွားတဲ့ သတင်း၊ အသက်အရွယ်ကြီးသူ ၊ နေအိမ်မှာ လူတဦး နှစ်ဦးသာ နေတဲ့အိမ်၊ လူအသွားအလာနည်းတဲ့ လမ်းတွေမှာ လုယက်တာ၊ ရွှေဆိုင် ဓားပြတိုက်တာ၊ ပစ္စည်းယူဖို့ရာ လူသတ်တာ စတဲ့ သတင်းတွေကလည်း နေ့စဥ် သတင်းတွေ ဖြစ်လာနေပါပြီ။ ကျေးလက်တွေ နယ်မြို့တွေမှာချည်း ဓားပြတိုက်ခံရတာ မဟုတ်ပါဘူး။ ရန်ကုန်မြို့လို မန္တလေးမြို့လို မြို့ကြီးတွေမှာလည်း ဓားပြတိုက်မှုက နေ့စဥ်လိုလို ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

တနေ့က သတင်းမှာ အငြိမ်းစားကျောင်းဆရာ လင်မယား အသတ်ခံခဲ့ရသလို ဒီနေ့သတင်းမှာတော့ ရန်ကုန်မြို့လယ်က သင်္ဘောဆေး ရောင်းတဲ့ဆိုင်တဆိုင်မှာ လူ ၃ ယောက်က ဓါးနဲ့ထိုးပြီး ပိုက်ဆံနဲ့ ကားကို ယူဆောင်သွားတဲ့ လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဖုန်းလုခံရတာ၊ ဘတ်စကားပေါ်မှာ လမ်းမှာ ဖုန်းနဲ့ ပိုက်ဆံအိတ် လုယူခံရတာတွေက သတင်းမဟုတ်တော့ဘူးလို့ ဆိုရလောက်အောင် နေ့စဥ်လိုလို နေရာအတော်များများမှာ ဖြစ်ပွားနေပြီး သတ်ဖြတ်ခံရတဲ့ သတင်း၊ တဦးမက သတ်ဖြတ်ခံရတဲ့ သတင်းတွေကမှ သတင်းအဖြစ်နဲ့ ဖော်ပြကြတော့တာ ဖြစ်ပါတယ်။ လမ်းမှာ တွန်းလှည်းနဲ့ ရောင်းချတဲ့ စျေးသည်လည်း ငွေအနည်းငယ်ကို လုယူဖို့အတွက် အသတ်ခံရတဲ့ အဖြစ်အပျက်တွေလည်း ရန်ကုန်မြို့မှာရော နယ်မြို့တွေမှာပါ ဖြစ်ပွားနေတာ ပါ။ 

တဖက်မှာ ရာဇဝတ်မှုတွေ ဖြစ်ပွားတဲ့ ကိန်းဂဏန်း သိသိသာသာ တိုးမြင့်လာနေသလိုပဲ တဖက်မှာလည်း စားဝတ်နေရေးကျပ်တည်းမှုနဲ့ စိတ်ဖိစီးမှုဒဏ်တွေကို အရှုံးပေးပြီး မိမိကိုယ်ကိုယ် သတ်သေ အဆုံးစီရင်ကြတဲ့ အဖြစ်အပျက်တွေလည်း ပိုပြီးတွေ့လာနေရတာ သတင်းတွေထဲ ဖတ်နေရပါတယ်။ ပြီးခဲ့တဲ့လပိုင်းက ရန်ကုန်မြို့က ကမာကြည်တံတားကနေ ခုန်ချအဆုံးစီရင်သွားသူ ၂ ဦးရှိပြီး အခြားအခြားမြို့တွေမှာလည်း အဆုံးစီရင်သွားသူတွေ ရှိနေတာ သတင်းတွေထဲ ဖတ်ရှုနေရပါတယ်။ 

မြို့တွေမှာ အခုလို ရာဇဝတ်မှုတွေ ထူပြောလာတာဟာ တရားဥပဒေစိုးမိုးမှုမရှိလို့ဆိုတာ ထင်ရှားပါတယ်။ သို့ပေမဲ့ အခုလို အခြေအနေအောက်မှာ တရားဥပဒေ စိုးမိုးအောင် ဘယ်လိုလုပ်ဆောင်ကြမလဲ ဖြေရှင်းကြမလဲ၊ ဘယ်သူတွေက အဓိကကျလဲ ဆိုတာတွေက အရေးကြီးတဲ့မေးခွန်းတွေ ဖြစ်ပါတယ်။ အုပ်ချုပ်သူရှိသလားလို့ ဆိုရင် ရှိပေမယ့် တာဝန်မယူနိုင်တဲ့အနေအထားမျိုး သို့မဟုတ် ဒီလိုအခြေအနေ ဖြစ်ပေါ်အောင် ခွင့်ပြုထားပြီး လူထုက တရားဥပဒေ မစိုးမိုးတဲ့အနေအထားမှာ လက်နက်ကိုင်အဖွဲ့ကို အားကိုးလာရအောင် ရည်ရွယ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ 

ဒီလိုအခြေအနေမျိုးတွေ ၁၉၈၈ ခုနှစ် အရေးအခင်းမှာတုန်းက ရှုပ်ထွေးမှုတွေ ဖြစ်အောင် ဖန်တီးပြီး စစ်အာဏာသိမ်းမှုကို အကြောင်းပြခဲ့တဲ့ သာဓကရှိခဲ့ပြီး အခုအခြေအနေက အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တိုက်ပွဲတွေ မြို့ပေါ် တိုက်ခိုက်မှုတွေကြောင့် အခုလို တရားဥပဒေစိုးမိုးမှုမရှိတော့တာ ဆိုတဲ့ ကောက်ချက်ကို ချစေဖို့ ရည်ရွယ်တာ ဖြစ်နိုင်ပါတယ်။ 

တဖက်မှာ ကျေးလက်နဲ့ နယ်တွေကို စိုးမိုးထားတဲ့ တော်လှန်ရေး လက်နက်ကိုင်တွေအနေနဲ့လည်း ကျေးလက်တွေမှာ ဥပဒေစိုးမိုးဖို့ကိုလည်း အရေးကြီးတဲ့ တာဝန်တရပ်အနေနဲ့ ထည့်သွင်းစဥ်းစား လုပ်ဆောင်ဖို့လိုပြီး လက်ရှိ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေမှာတော့ လုယက်မှု သတ်ဖြတ်မှုတွေကို ဘယ်လိုအဖြေရှာပြီး ကာကွယ်မလဲဆိုတာ အရေးတကြီး စဥ်းစားလုပ်ဆောင်ရမယ့် အချက်တချက်လို့ မြင်ပါတယ်။ 

လူထုက ကင်းစောင့်ရမှာလား၊ ကင်းစောင့်ဖို့ရော လက်ရှိအခြေအနေမှာ ဖြစ်နိုင်သလား၊ ရာဇဝတ်မှုခင်းတွေ မဖြစ်အောင် ကွန်မြူနတီ စောင့်ကြည့်တဲ့ အဖွဲ့တွေကို ရပ်ကွက်တွေမှာ မြို့ရွာတွေမှာ ဖွဲ့စည်းကြဖို့ လိုမလား၊ ကျူးလွန်မှုတွေကို တားဆီးနိုင်အောင်၊ ဖမ်းဆီးနိုင်အောင် ဖော်ထုတ်နိုင်အောင် အများပါဝင်တဲ့ စောင့်ကြည့် သတင်းပေးတဲ့ စနစ်မျိုး ဖော်ဆောင်ကြဖို့ လိုမလားဆိုတာ အရေးကြီးတဲ့ မေးခွန်းဖြစ်ပြီး တာဝန်ရှိသူတွေ ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် တော်လှန်ရေးက ခေတ်ပျက်တဲ့ ကြားကာလတခုကို ဘေးထွက်ဆိုးကျိုးအဖြစ် မရည်ရွယ်ဘဲ ထွက်ပေါ်စေပြီး နိုင်ငံရေး ရည်မှန်းချက်တွေ ကြိုးပမ်းမှုတွေကို နှောင့်နှေးစေနိုင်တာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar