Breaking News

ခွန်ဆိုုုုုင်း - ကိုဗစ် ဒိုင်ယာရီ -၁၀



ခွန်ဆိုုုုုင်း - ကိုဗစ် ဒိုင်ယာရီ -၁၀

(မိုးမခ) မတ် ၂၇၊ ၂၀၂၀

ကမ္ဘာကြီး ကပ်ဆိုးကျ၊ ဥရောပ အမေရိက မြို့ကြီးတွေ က မီးသဂြိုလ်စက်တွေ မနိုင်မနင်းဖြစ်နေတဲ့ ကာလမှာ ရန်ကုန်နဲ့ နယ်တချို့ က လူ တချို့ လုပ်နေတာတွေ မြင်တော့ လာနေတဲ့ ကပ်ဘေး ကို ဘယ်လိုနားလည်ပြီးလို့ ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာ ငါ တွေးလို့မရ ဘူး ။ သူငယ်ချင်းမိတ်ဆွေတချို့ ဒီနေ့ ပို့လိုက်တဲ့ ရုပ်သံ ဖိုင် ၂ခုကို ကြည့်မိပြီး အဲဒီ အတွေး နဲ့ နောက်က ကပ်ပါလာတဲ့ ရှုပ်ထွေး သောက တွေနဲ့ တနေကုန် ငါ နပမ်းလုံးနေရပါလား ။

မနေ့က မတ်လ ၂၅ ရက်မှာ ကျုံပျော် ဇင်ပြွန်းကုန်းရွာ- ရွာအနောက်ခြမ်းက ရွာသားတွေက အသက်၈၀ အဖွားကြီးတယောက် ရဲ့ အသုဘ ကို ရွာလယ်လမ်းက ဖြတ်သယ်မယ်လုပ်တော့ အယူရှိတဲ့ ရွာ အရှေ့ခြမ်းက ရွာသားများ က လက်မခံ ၊ အရှေ့ခြမ်း နဲ့ အနောက်ခြမ်း ရွာသားချင်း အခင်း မဖြစ်ကြ ရ အောင် ရဲတွေ က ဝင်တားသတဲ့ ။ အနောက် ရွာသားတွေ သတ္တိကောင်းလှစွာ - ဒါမှမဟုတ် ဥပဒေကို လိုက်နာစရာမလိုဟု အထင်ရှိစွာ ရဲတွေကို မထီ မကြောက် အတင်းတိုး။ ခဲမိုးတွေ ရွာ ။ ရဲတွေကို ပစ်ခဲ့တဲ့ အခါ ရုန်းရင်းဆန်ခတ်တွေ ဖြစ် ။ ပစ်ခတ်ဖြေရှင်း ချိန်မှာ တယောက်သေ၊ ဘုန်းကြီးတပါးအပါအဝင် ၃ဦးဒဏ်ရာရ တဲ့ အကြောင်း ။ ရုပ်သံဖိုင်ထဲမှာ အတင်းတိုး အတင်း ခဲမိုးရွာနေတဲ့ ရွာသားတချို့ လက်ထဲမှာလဲ မှတ်တမ်းတင် ဖုံးကင်မရာတွေ တကားကား နဲ့ မှတ်တမ်းများယူ ။
ဘာလုပ်ကြမှာပါလိမ့်ကွယ်တို့ ။

နောက် ဖိုင်တခုက မတ်လ ၂၆ ရက်။ ပူပူနွေးနွေး ဒီနေ့ ပေါ့ ။ ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်အရှေ့ပိုင်းစက်မှုဇုန်မှာရှိတဲ့ Grand Enterprises Garment Co.,ltd မှာ အလုပ်သမား ၂၀၀၀ ကျော် ဆန္ဒပြနေတဲ့ သတင်း ။ ကိုဗစ် က အဓိကမကျဘူး ။ ဒါမှ မဟုတ် ကြောက်စရာမလိုဘူး ။ လက်ရှိ ဗိုက်ပြဿနာက အဓိက ။ အဲသည် တစုတဝေးကြီး က ပူးပူးကပ်ကပ် ကြီး ။ ဘယ်သူတွေက ဘာ တာဝန်ခံကြမှာ ပါလိမ့်။

အီတလီမှာ ဒီနေ့ အထိ ကူးစက် ၈၀,၅၃၉ နဲ့ အဖိတ်အစင် ၈,၁၆၅ ။ အသုဘ ရှစ်ထောင်ကျော် နောက်ဆုံးခရီး မှာ ဘယ်ဆွေမျိုးသားချင်းမှမပါ။ လိုက်ပို့ခွင့် မရှိ ။ လိုက်မပို့ရလို့ ဆန္ဒပြကြတဲ့ မြို့သားလဲ မရှိ ။ တောသားလဲ မရှိ ။ စစ်သားတွေသာ အလောင်းတွေကို တာဝန်ယူ စစ်ကားတွေပေါ်တင်။ မီးသဂြိုလ် တဲ့ ဆီ ယူသွားပြီး မီးစက်ထဲ ထည့်နေ။ မီးရှို့နေကြရ တာ သာ မနိုင်မနင်း ။ ကူးစက် ကပ်ရောဂါမို့ ဘယ်သူမှ အကပ်မခံ ။ တာဝန်မခံ ။ သုဘရာဇာလုပ်ငန်းရှင်တွေ လဲ ကိုဗစ်မကိုက်အောင် အသားကုန် ပတ်ပြေးနေကြပြီ ထင်တာပဲ ။ အစိုးရက စစ်တပ်ကို တာဝန်ပေး ။ စစ်သားတွေက အမိမြေအတွက် သုဘရာဇာဖြစ် ။ ရောဂါ ကူး စရာရှိလဲ ကူးကြ ပေါ့ ။

ပြီးခဲ့တဲ့ တပတ်က University College London က အထူးကြပ်မတ် ဆေးပညာ ပါမောက္ခ ( Professor of Intensive Care Medicine ) ဆရာဝန်ကြီး ဒေါက်တာ ဟူးချ် မောင်ဂိုမာရီ ( Hugh Montgomery) က ဘီဘီစီ Channel 4 နဲ့ အမေးအဖြေလုပ်ရာမှာ အခုချိန်အထိ လန်ဒန်ထဲ က ဆောက်လုပ်ရေးလုပ်ငန်းတွေ မရပ်သေးတာ ၊ အလုပ်သမားတွေ ဆက်အလုပ်လုပ်နေကြတာ ကို သူ အရမ်းစိုးရိမ်တဲ့ အကြောင်း ။ အလုပ်တွေ မပိတ်သိမ်းသေးပဲ ဆက်အလုပ်လုပ်နေကြခြင်းဟာ ရာဇဝတ်မှုကျူးလွန်နေတာနဲ့ တူကြောင်း ။ သူတို့ တွေ မသေပေမယ့် သူတို့ ရောဂါဖြန့်လို့ တခြားလူ တွေ သောင်းချီသေရရင် ဒါ ရာဇဝတ်မှု ။ ကိုဗစ် ဗိုင်းယပ်စ် ကူးစက်ပျံ့ပွါးပုံက ဘယ်လောက်မြန်သလဲဆိုတာကို သင်္ချာသဘောနဲ့ ရှင်းပြသွားပါတယ်။

( နားလည်လွယ်အောင် ပြောရရင် သုံး သုံးလီ ကိုး ။ ကိုး ကိုး လီ ရှစ်ဆယ့် တစ် ။ ရှစ်ဆယ့်တစ် x ရှစ်ဆယ့်တစ်လီ = ၆၅၆၁ ဆိုတဲ့ နှုန်းမျိုး နဲ့ ကို ကူးစက် နေတာ ) ရောဂါပျိုးနေတဲ့ ရက် ၆ရက် ( အဲဒီရက်တွေမှာကတည်းက သူများကို စ ကူးနေနိုင်ပြီ။ ဖျားနာချောင်းဆိုး လက္ခဏာတွေ ပေါ်လာမှ ကူးတတ်တာမျိုးမဟုတ်ဘူး ) ။ ရုပ်သံ တင်ဆက် သူက ဒါဆို အီတလီလို ဖြစ်လာမှာလားဆိုတော့ သူက စိတ်မကောင်းစွာနဲ့ ဖြစ်လာမှာ လို့ ဖြေ ပါတယ်။ 

သူ အဲဒီလို အင်တာဗျူးတဲ့ အချိန်မှာ လန်ဒန်ဟာ ( Lock Down ကျ )ပိတ်သိမ်းတဲ့ အဆင့်အထိ တိုးမြှင့်ပြီးပြီ ။ ဒါပေမယ့် သူ ကြိုပြောတဲ့ အတိုင်းပါပဲ ။ အခု လန်ဒန်မှာ ကုတင် ၄၀၀၀ ဆန့် ဆေးရုံဟာ ကုတင်မရှိတော့ဘူး ။ ဘောလုံးကွင်းကြီး တခုစာ မက ကြီး၊ ပရိသတ် ခုနှစ်သောင်း ဆန့်တဲ့ ဧရာမ အဆောက်အဦ London Excel Centre ကြီး ကို ကုတင် ၄၀၀၀ ဆန့် ကိုဗစ် လူနာကု ယာယီ ဆေးရုံ အဖြစ်ပြောင်းဖို့ လုပ်နေကြပါပြီ ။လုပ်နေကြတာလဲ စစ်သားတွေ ။ ဗြိတိန်စစ်သား ၂သောင်းလောက်ဟာ အခုအခါ စေတနာ့ဝန်ထမ်း ထမင်းထုတ်ဝေတဲ့ လုပ်ငန်း အပြင် ပစ္စည်းပို့ဆောင်တဲ့ လုပ်ငန်းနဲ့ ယာယီ ဆေးရုံတွေ ပြင်ဆင်နေရာချတဲ့ လုပ်ငန်းတွေ လုပ်နေကြပါတယ်။

ကိုဗစ်ဖြစ်တော့ အသက် ၇၀ အထက် ဘိုးဘွားတွေ အိမ်ထဲက မထွက်ကြပါနဲ့။ အိမ်ထဲမှာလောလောဆယ် အနည်းဆုံး ၃လ နေပေး ကြပါလို့ အစိုးရက မေတ္တာရပ်ခဲ့ တယ်။ ဗြိတိန်မှာ ဘိုးဘွားက တသန်းခွဲလောက်ရှိပြီး တော်တော်များများက သီးသန့် နေတယ်။ အမှီအခို မထား ၊ ကိုယ့်ခြေကိုယ့်လက် လွတ်လွတ်လပ်လပ် နေကြတဲ့ အကျင့်ပေါ့ ။ ကိုယ့်ဖာသာစျေးသွား၊ကိုယ့်ဖာသာ ချက်စား၊ သားသမီး အကူ မလို ။

အိမ်တွေထဲ က မထွက်ပါနဲ့ ညွှန်ကြား လိုက် တော့ သူတို့ စားဖို့ သောက်ဖို့ စောင့်ရှောက် ဖို့အစိုးရမှာ တာဝန်ရှိ လာတာပေါ့ ။ ဒီတော့ AGED UK လို စေတနာဝန်ထမ်း အရပ်သား ပရဟိတ အသင်းတွေ နဲ့ မနိုင် ။ စစ်သားတွေက တာဝန်ယူကြတယ်။ သက်ကြီးရွယ်အိုတွေ နေ့စဥ် စားဘို့ ထမင်း ထုတ်ဝေတယ်။ လိုအပ်တဲ့ အသုံးအဆောင် အစားအသောက်အတွက် စျေးဝယ်ပေးတာမျိုးတွေလုပ်ပေးနေကြပါတယ် ။

စစ်သားများ တဖက်က ဘိုးဘွားတွေကို အဲသလို စောင့်ရှောက်ရေး တာဝန်ယူသလို နောက်တဖက်က လဲ ဆေးရုံဆေးခန်းတွေမှာ အသည်းအသန်လိုနေတဲ့ ဗိုင်းယပ်စ် ကာကွယ်ရေး ဝတ်စုံ ထောင် သောင်း၊ မျက်နှာဖုံး နဲ့ လက်အိပ် သန်းပေါင်းများစွာကို ဆေးရုံဆေးခန်းတွေ အရောက် ပို့ဆောင်ပေးတဲ့ ပါဆယ်ပို့လုပ်ငန်းတာဝန်တွေကို ထမ်းဆောင် နေကြပါတယ်။ နောက်ထပ် တာဝန် တခုကတော့ လိုအပ်လာ တဲ့ ယာယီ ဆေးရုံတွေ လိုက်ပြင်ဆင် တိုးချဲ့ ပေးနေကြခြင်းပါ ။

ဆရာဝန်ကြီး ဒေါက်တာ ဟူးချ် မောင်ဂိုမာရီ ( Hugh Montgomery) က ကူးစက်ခံရတဲ့ လူနာဦးရေ ဟာ ဆူနာမီလှိုင်းတွေလို အုံနဲ့ ကျင်းနဲ့ တိုးနေတာမို့ နိုင်နိုင်နင်းနင်း ကုနိုင်ဘို့ မလွယ်ဘူးလို့ သူပြောပါတယ် ။ ကုသရေး တာဝန်ယူထားတဲ့ ဆေးဝန်ထမ်းတွေ ဟာ လုပ်ရင်းကိုင်ရင်း အခု ၃၀ ရာနှုန်းကနေ ၅၀ အထိ ကူးစက်ခံနေရပြီ။ ဝန်ထမ်း ပျက်ကွက် အင်အား ယုတ်လျော့တဲ့ ကိစ္စတွေကလဲ ရှောင်လွဲမရ ဖြစ်နေပါသေးတယ်တဲ့ ။

ဗြိတိန် အစိုးရက အရေးတကြီး အသက်ရှူစက် တသောင်းကျော် အမြန်ထုတ်လုပ်ပေး ဖို့ ကမ္ဘာတဝှမ်းအတွက် ဖုံစုတ်စက်တွေ အဓိက ထုတ်လုပ်ပေးနေတဲ့ ဒိုင်စံ DYSON ကုမ္ပဏီကို တာဝန်ပေးပါတယ်။

အမေရိကန်မှာလဲ ကူးစက် သူ ဒီနေ့ စာရင်း ရှစ်သောင်းကျော်လာပြီ ဆိုတော့ မကြာခင် အဖိတ်အစင် နှုန်း တက်လာတာ ကို ကြောက်ခမန်းလိလိတွေ့ကြရမှာပါ ။ ရေခဲတိုက် မလုံလောက်လို့ ရေခဲရိုက်ကားတွေ ရေခဲ ရွက်ဖျင်တဲတွေ ပြင်ဆင်နေတဲ့ သတင်းတွေလဲ တက်နေပြီ။

ဗြိတိန်နိုင်ငံ က ဘိုးအို ဖွားအို စီနီယာကြီးတွေဟာ အိမ်ထဲကနေ အိမ်ပြင်မထွက်ပဲ နေတယ်။ ဥပဒေကို လိုက်နာပြ ကြတယ်။ လူထုက ဗော်လန်တီယာ လုပ်ငန်းတွေ မျိးစုံ ထူထောင်ပြီး အစိုးရကို ကူညီကြတယ်။ ဒီနေ့ စာရင်းအရ ဗော်လန်တီယာ အင်အား ၅သောင်းလောက် ရထားပြီလို့ ဆိုပါတယ်။ ဒီ ကပ်ဘေးအတွက် ဗြိတိသျှ စစ်သားတွေက နောက်တန်းခံတပ် အကူတပ်တွေဖြစ်လာ၊ ထောက်ပို့ရေးတာဝန်တွေ ထမ်းဆောင်ကြချိန် ။

ရှေ့တန်းမှာ ကိုဗစ်ကို ရင်ဆိုင်နေတဲ့ ဆေးဝန်ထမ်းတွေ။ သူတို့ကို လေးစားဂုဏ်ပြုကြတဲ့ အနေနဲ့ Clap for care ပရိုဂရမ်တခုဗြိတိန် တပြည်လုံးမှာ ဒီနေ့စခဲ့ ကြတယ်။ ဆေးဝန်ထမ်းတွေမြင်ရင် လူထုက လက်ခုတ်တီး ဂုဏ်ပြုကြတဲ့ အစီအစဥ် ။ ယူကေရောက် မြန်မာ ဆရာဝန်များစွာဗြိတိန်ရဲ့ ကိုဗစ် တိုက်ဖျက်ရေးမှာ ရှေ့တန်းတိုက်စစ်မှူးတွေဖြစ်နေပါတယ်။ ပါဝင်တာဝန်ယူနေကြတဲ့ ဆရာဝန်များစွာထဲက သမားတော် ဒေါက်တာသက်ကိုကို ဟာ ဒီ နေ့ ဆေးရုံကနေ သူ့ အိမ်အပြန် လမ်းထဲက အိမ်နီးနားချင်းတွေ သူ့ကို လက်ခုတ်တီး ဂုဏ်ပြုကြိုဆိုကြတာကိုတွေ့လိုက်ရတဲ့ အခါ သူ ကြည်နူးဝမ်းသာခြင်းဖြစ်ရတဲ့ အကြောင်းလွန်ခဲ့တဲ့ ၂နာရီလောက်က သူ့ အကောင့်ကနေ ခုလို တခုတ်တရ ဖေါ်ပြထားတာကိုတွေ့ရပါတယ်။

ည ၈ နာရီမှာ တလမ်းလုံး လက်ခုတ်သံတွေကြားမှပဲ သတိရတော့တယ်
ဘေးအိမ်တွေက ကျနော်ဆရာဝန်မှန်းသိလို့ Thank you လို့ အော်ပြောကြတယ်
ပီတိဖြာလို့မျက်ရည်တောင်ဝဲတယ်
ဗျောက်အိုးတွေလဲဖေါက်တယ်
တနိုင်ငံလုံးက ပြည်သူတွေကိုလဲ appreciation အတွက် ကျေးဇူးတင်ပါတယ်။ အတုယူ စရာ ယဉ်ကျေးမှု civilisation ပါ
Thank you NHS


ကျွန်တော်တို့လဲ အသည်းအသန်ကာလကို အဲသလို တဦးကိုတဦး ရိုင်းပင်းတဲ့ စိတ်ဓါတ်နဲ့ ဖြတ်ကျော်ရလိမ့်မယ်။

ဆရာဝန်ကြီး ဟူးချ် မောင်ဂိုမာရီ ( Hugh Montgomery)ပြောသလို လာနေတဲ့ ကိုဗစ်ဟာ ဆူနာမီ ကိုဗစ်ပါ ။

ကံကို မပုံကြပါနဲ့ ။ အပူချိန်များတဲ့တိုင်းပြည်မို့ ကိုဗစ် အစွယ်မထက်နိုင်ဘူး ဆိုတဲ့ကျွန်တော်တို့ရဲ့တာဝန်မဲ့မှု အဆင်ခြင်မဲ့မှုကို မေ့လိုက်ကြရအောင် ။

ဒီနေ့ ထိုင်းနိုင်ငံ က ဆရာဝန်ကြီး ဒေါက်တာပရာဆစ် ( Prasit) က သူတိုင်းပြည်မှာ Covid-19 ရောဂါ အခြေအနေ ဟာ တနေ့ကို ၃၃% မြင့်တက်နေတဲ့အတွက် ဒီအတိုင်းသာ ဆက်ဖြစ်နေရင် ဧပြီ ၁၅ ရက်လောက်ဆို လူပေါင်း ၃သိန်းခွဲ ကူးစက်ပြီး ၇ ထောင်လောက် သေဆုံး နိုင်တယ်လို့ သူ့ တိုင်းပြည်ကို သတိပေးလိုက်ပါပြီ ။

ထိုင်းနဲ့ ကျွန်တော်တို့ ကျောချင်းကပ် တွေ ။ တမြေထဲနေ တရေထဲသောက် ။

အစိုးရ ၊ တပ်မတော်နဲ့ ပြည်သူတရပ်လုံး အတူ ညီညီညွတ်ညွတ် ကိုဗစ်ကို ရင်ဆိုင်ရမယ့်အချိန်မလွဲမသွေ ရောက်လာပါလိမ့်မယ်။

ခွန်ဆိုင်း ( ၂၆-၀၃-၂၀၂၀)