Breaking News

မြင့်ကျော် - မြို့လား တောလား


မြင့်ကျော် - မြို့လား တောလား

(မိုးမခ) ဇန်နဝါရီ ၈၊ ၂၀၂၀

ရုရှား မှ စာရေးဆရာကြီး လီယိုတော်စတွိုင်းက မြို့စားမျိုးရိုးက ဆင်းသက်လာသူဖြစ်ပြီး သူ့ဘဝ နောက်ပိုင်းကာလမှာ ဘယ်သမားတယောက်လို ဘဝကို အရိုးရှင်းဆုံး အသက်ရှင်နေထိုင်လိုသူတယောက်ဖြစ်တယ်လို့ သူ့အကြောင်းရေးသားချက်တချို့မှာ ဖတ်ရှုရဖူးတယ်။

မိမိ အသက်ရှင်နေထိုင်ရေးအတွက် တပါးသူတယောက်ကို ဝန်မပိုစေချင်သူ ဝန်မထမ်းစေချင်သူဖြစ်တယ်လို့ဆိုပါတယ်။ ဥပမာအားဖြင့် သူစားသောက်ဖို့ ဂျုံကို သူကိုယ်တိုင်စိုက်ပျိုးတာမျိုး သူဝတ်ဖို့ အဝတ်အထည်ကို သူကိုယ်တိုင် ယက်တာမျိုး ဒါ့အပြင် ဘဝမှာ အခြားအပိုအဆောင်အယောင်တွေဘာကိုမျှ မလုပ်ပဲ အရိုးသားဆုံး နေထိုင်သူတဦးလို့ ဖတ်ရှုဖူးပါတယ်။

လီယိုတော်စတွိုင်းက သူ့ဘဝရဲ့ နှောင်းပိုင်းတွေမှာ သူနေထိုင်ရှင်သန်မှု အတွက် သူ့ဘာသာသူ လုပ်ဆောင်ခဲ့တာမျိုးရှိတယ်လို့ ဖတ်ရှုခဲ့ရတာပါ။ တော်စတွိုင်းဟာ သူ့မူသူ့ဟန်နဲ့ ဒဿန အတွေးအယူအဆတွေ တွေးတော ရေးသားကျင့်သုံးခဲ့သူတဦးလည်းဖြစ်ပါတယ်။

ဒါနဲ့ ဆန့်ကျင်ဘက် လူနေမှုပုံစံကတော့ မြို့ပြ လူနေမှုပုံစံ လို့ထင်ပါတယ်။ လူတဦးအနေနဲ့ မိမိစားဖို့ သောက်ဖို့ ဝတ်ဖို့ နေဖို့ရာကို မိမိကိုယ်တိုင် ဘာမှ မလုပ်သလောက်ဖြစ်ပြီး ကိုယ်ကျွမ်းကျင်တဲ့ အတတ်ပညာကိုယ်သာ လုပ်ကိုင်ပြီး အဲဒီက ရတဲ့ဝင်ငွေနဲ့ အခြားလိုချင်တဲ့ အရာ၊ ဝန်ဆောင်မှုတွေကို ပြန်လဲလှယ်ယူကြတာမျိုးဖြစ်ပါတယ်။

ဒါကို တနည်းအားဖြင့် အလုပ်ခွဲခြားလုပ်ကိုင်ခြင်းလို့ ခေါ်ဆိုတာလည်းဖြစ်ပါတယ်။ အလုပ်ခွဲခြားလုပ်ကိုင်ခြင်းကြောင့် သမိုင်းခေတ်တိုးတက်လာတယ်လို့လည်း သမိုင်းစတင်သင်ကြားခဲ့စဉ်က မှတ်သားခဲ့ရပါတယ်။ အလုပ်ခွဲခြားလုပ်ကိုင်ခြင်းက လူမှုအဖွဲ့အစည်းကို တိုးတက်ဖို့ ဖြစ်လာစေတဲ့သဘောဖြစ်ပါတယ်။

ဒီအကြောင်းကို ဘာကြောင့်တွေးကြည့်သလဲဆိုတော့ မိမိစားသောက်ဖို့ နေထိုင်ဖို့ ပစည်းပစယ အတော်များများကို ကိုယ်တိုင်ထုတ်လုပ်ကြတဲ့ ကျေးရွာ ဒေသအချို့ မြန်မာနိုင်ငံရဲ့ အချို့ဒေသတွေမှာ ရှိနေတာကို ကိုယ်တိုင်ကြုံတွေ့ရလို့ပါ။ မြို့လိုနေရာနဲ့ ၂ နာရီ ၃ နာရီလောက် ကားလမ်းအကွာအဝေးမှာပေမယ့် တကယ့်ကို သူတို့ လူနေမှုဘဝက ပြင်ပ သက်ရောက်မှု အနည်းဆုံးနဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းနေကြတဲ့သဘောပါ။
မကြာခင်က ရောက်ခဲ့တဲ့ ချင်းတောင်တန်းပေါ်က ရွာလေးတရွာက လူနေမှုပုံစံကိုကြည့်မယ်ဆို စားသောက်ဖို့ ဟင်းသီးဟင်းရွက်တွေ အားလုံးနီးပါး ကိုယ့်တောင်ယာခင်းထဲ အိမ်နဘေးက စိုက်ခင်းထဲ စိုက်ထားကြတာပါ။ ကြက်သွန်မိတ်၊ ဂေါ်ဖီထုပ်၊ မုံညင်း၊ ပန်းဂေါ်ဖီ၊ တရုတ်နံနံ နဲ့ သူ့ဒေသမှာသာ ပေါက်တဲ့ ဟင်းသီးဟင်းရွက်တချို့ စိုက်ပျိုးထားပါတယ်။ ဆန်တော့ စိုက်ပျိုးဖို့ အခွင့်မသာလို့ ဆန်ကိုတော့ မြို့ကနေ ဝယ်စားရပါတယ်။ အသားအတွက်ဆို အိမ်မှာတင် ကြက်၊ ဝက်၊ ဆိတ် မွေးထားတာကြောင့် အသားစားဖို့ရာ ဝယ်စရာမလိုပါဘူး။ နေစရာ အိမ်ဆိုလည်း တောင်တွေတောတွေက ပေါက်ရောက်တဲ့ သစ်ကို အသုံးပြုပြီး ဆောက်လုပ်ထားတာဖြစ်လို့ အမိုးသွပ်ကိုသာ မြို့ကနေဝယ်ရပါတယ်။ လျှပ်စစ်မီးကိုတော့ ရွာရဲ့အောက်ဘက် စမ်းချောင်းမှာ တပ်ဆင်ထားတဲ့ ရေအားလျှပ်စစ်ကို သုံးစွဲကြပါတယ်။ တခြား လူနေမှု အသုံးအဆောင်တွေဖြစ်တဲ့ အဝတ်အစား၊ ဆေးဝါး နဲ့ ဆက်သွယ်ရေး သွားလာရေး အတွက် ဆိုင်ကယ် နဲ့ ဓါတ်ဆီ တို့အတွက်သာ မြို့ကိုအားကိုးရတဲ့ သဘောဖြစ်ပါတယ်။

သူတို့အဖို့ ငွေကြေးဆိုတာ နေ့စဉ် သုံးဖို့လိုကောင်းမှ လိုပါလိမ့်မယ်။ ဆန်၊ ဆီ ၊ဆေးဝါးလိုမျိုး တကြိမ်ဝယ်ထားတယ်ဆိုရင် နေ့စဉ်အတွက် ငွေသုံးဖို့ လိုအပ်ချင်မှ လိုအပ်ပါလိမ့်မယ်။

ဒီလိုနေထိုင်တဲ့ဘဝမျိုးက စာရေးဆရာကြီး တော်စတွိုင်း နေထိုင်ချင်တဲ့ဘဝမျိုး ဖြစ်ပါလိမ့်မယ်။

ကျနော်တို့မြို့ပြက လူမှုဘဝကတော့ ငွေကိုရှာပြီး လူနေမှုဘဝအတွက် လိုအပ်တဲ့ စားစရာ၊ ဝတ်စရာ နေစရာတွေကို ငွေနဲ့ ဝယ်ယူကြရတာမျိုးပါ။ ငွေများများရဖို့ရာ စီးပွားရေး ကျွမ်းကျင်မှု၊ အာဏာ၊ ပညာ၊ ရာထူး ၊ အင်အား စတဲ့ နည်းလမ်းတွေ သုံးကြတာမျိုးပါ။ ငွေကြေးရှိတဲ့သူက လူနေမှု အခြေခံလိုအပ်ချက်တွေထက် ကျော်လွန်ပြီး ငွေကြေးနဲ့ လုပ်အားတွေ၊ ဇိမ်ခံမှုတွေ၊ ခိုင်းစေမှုတွေ ကိုပါ ဝယ်ယူတာမျိုးလည်း ရှိလာပါတယ်။ ဒီနေရာမှာ ငွေကြေးကို ကြားခံအဖြစ်သုံးပြီး မိမိလိုအပ်တာရော လိုချင်တာတွေကိုပါ ဝယ်ယူ လဲလှယ်ယူကြတာမျိုးဖြစ်ပါတယ်။

မြို့ရဲ့ လူနေမှုပုံစံက ရှုပ်ထွေးလာပြီး နကို လူတွေ တဦးနဲ့တဦးအကြား အလုပ်ခွဲခြားလုပ်ကိုင်ခြင်းရဲ့ အနှစ်သာရထက် ပိုလွန်လာပါတယ်။ ရသင့်ရထိုက်တာထက် ပိုယူတာ၊ ရှိသင့်ရှိထိုက်တာထက် ပိုရှိနေတာ၊ ယူသင့်ယူထိုက်တာထက် ပိုယူတာ ၊ ရသင့်သူက မရတာ၊ မရသင့်သူက ရတာ၊ ခွဲဝေမှု မညီမမျှဖြစ်တာတွေက မြို့လူနေမှုပုံစံရဲ့ ပြယုဂ်သဖွယ် ဖြစ်လာပါတယ်။ ဒီမူလ အကြောင်းခံအချက်ကို အများအားဖြင့် တွေးတော သတိပြုမိခြင်းမရှိကြတော့ပဲ သဘာဝသဖွယ် အမှန်တရား သဖွယ်၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့အရာ သဖွယ် ယူဆလာကြပါတယ်။