Breaking News

စစ်အာဏာသိမ်းပြီး နောက် ၂ နှစ် အကြာ


မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၃၁ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၁၊  ၂၀၂၃


စစ်အာဏာသိမ်းပြီး နောက် ၂ နှစ် အကြာ  

စစ်အာဏာသိမ်းနိုင်သည် ဆိုသည့် သတင်းတွေက အာဏာမသိမ်းမီ သီတင်းပတ် အနည်းငယ် အလိုကတည်းက ထွက်ပေါ်နေခဲ့ပြီး သတင်းမီဒီယာများကလည်း အမြင်၊ ဆွေးနွေးခန်းစသည့် အစီအစဥ်များပင်ထုတ်လွှင့်နေခဲ့ကြသည်။  

အချို့ကလည်း ၂၀၀၈ အခြေခံဥပဒေကို ပြဋ္ဌာန်းထားကတည်းက စစ်တပ်က အသာစီးယူထားပြီး ဖြစ်၍ အာဏာသိမ်းစရာမလိုအောင် လွှတ်တော်တွင် ၂၅ ရာနှုန်း အစိုးရအဖွဲ့တွင် အရေးပါသည့် ဝန်ကြီးဌာန ၃ ခုကို ချုပ်ကိုင်ထားပြီးဖြစ်၍ အာဏာသိမ်းစရာ မလိုဟု ကောက်ချက်ချကာ အာဏာမသိမ်းဆိုသည့်ဘက်က ရပ်ခံငြင်းခုံကြသလို အချို့ကလည်း အခုလို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို အပြစ်ရှာကာ ထုတ်ပြန်ချက်ပေါင်း ဒါဇင်နှင့်ချီကာ ထုတ်ပြန်နေခြင်းသည် အာဏာသိမ်းရန်အတွက် အကြောင်းပြ လမ်းခင်းနေခြင်း ဖြစ်သည်ဟု ခန့်မှန်း ကောက်ချက်ချ ကြသည်။  

ကျနော့်အနေနှင့်တော့ စစ်အာဏာသိမ်းနိုင်သည် ဆိုသည့် အယူအဆဘက်ကို ပိုဖြစ်နိုင်သည်ဟု ယူဆမိသည်။ ၂၀၁၈ ခုနှစ်ခန့်က ဆွေးနွေးပွဲတခုတွင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း တဦးနှင့် စကားလက်ဆုံကျသည့်အခါ ၄င်းက လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD အပြတ်အသတ်နိုင်ခဲ့မည် ဆိုလျင် တပ်က လက်ပိုက်ကြည့်နေပါ့မလားဆိုသည့် စိုးရိမ်မှုတခုကို တွေးမိသည်ဟု ပြောဆိုဖူးသည်။ 

မှန်သည်။ ၂၀၁၀ မှ ၂၀၁၅ ထိ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်ကြသည့် ကြံ့ခိုင်ရေးပါတီ အမည်ဖြင့် ၅ နှစ်တာကို ၄င်းတို့ပုံဖေါ်ချင်သည့် ပုံသဏ္ဌာန်ဖြင့် ပုံဖော်ခဲ့သည်။ ၂၀၁၅ တွင် အန်အယ်လ်ဒီက အပြတ်အသတ်နိုင်ခဲ့သည်ကို ၅ နှစ်တာ အလှည့်ပေးခဲ့ပြီးနောက် ယင်း ၅နှစ်ကာလတွင် တပ်ရဲ့ နိုင်ငံရေး အာဏာ၊ စီးပွားရေးလုပ်ပိုင်ခွင့်ကို ဘယ်လောက် ထိန်းချုပ်ကန့်သတ်ခဲ့လဲ၊ နောက်ထပ် လာမည့် ၅ နှစ်တွင် ကြံ့ခိုင်ရေး ရွေးကောက်ပွဲ ရှုံးခဲ့ရင် တပ်က သည်အတိုင်း လက်ပိုက်ကြည့်နေမယ် မထင်ဘူးဆိုသည့် စိုးရိမ်မှု ဖြစ်သည်။  

အဲဒီအချိန်ကာလကတည်းက အဆိုပါ အယူအဆကို ထည့်သွင်းစဥ်းစားရမည့် ဖြစ်နိုင်ခြေတခုအဖြစ် စိတ်ထဲမှတ်သားထားမိပြီး ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး တပ်က ခင်းကျင်းလာသည့် မဲစာရင်းကိစ္စ ထုတ်ပြန်ချက်တွေ သတင်းစာရှင်းလင်းပွဲတွေကို ကြားသိလာရသည့်အခါ စစ်အာဏာသိမ်းမှုသည် ဖြစ်နိုင်ခြေရှိသည့် အခြေအနေဟု ယူဆခဲ့ခြင်း ဖြစ်သည်။ ဇန်နဝါရီတတိယပတ်လောက် ရောက်သည့်အခါ သတင်းစာရှင်းလင်းပွဲတခုတွင် အာဏာမသိမ်းဟု ပြောနိုင်သလားဆိုသည့် မေးခွန်းကို စစ်တပ်ပြောခွင့်ရသူက မသိမ်းဟု အာမမခံ ဆိုသည့် အငြင်းအဆို ၂ ခုဖြင့် ရှိနိုင်သည့်အကြောင်း လူသိရှင်ကြားထုတ်ပြောခဲ့သည်။  

အဆိုပါ သတင်းစာရှင်းလင်းပွဲကို နားထောင်ပြီးနောက်တွင်တော့ အာဏာသိမ်းမှုက ဖြစ်လာဖို့ ၈၀ ရာနှုန်းလောက် သေချာနေပြီဆိုတာ မှတ်ယူထားပြီး လွှတ်တော် ခေါ်ယူမည့် နေ့မတိုင်ခင် အာဏာသိမ်းမှုကို ရှောင်လွှဲနိုင်မည့် အခွင့်အလမ်းက NLD နင့် စစ်တပ်တပ်အပေါ်တွင် သာတည်နေသည့် သဘောဖြစ်သည်။  

နောက်ဆုံးသီတင်းပတ်တွေမှာ ဘယ်လို ရှောင်လွှဲကြမလဲဆိုသည့် သတင်းတွေ ကောလဟလတွေကို နားစွင့်ကြည့်နေခဲ့သည့် ရက်တွေ ဖြစ်သည်။ ၂၈ ရက်နေ့ NLD နှင့် စစ်တပ်တို့ ဒုတိယအဆင့် ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြသည့် သတင်းမီဒီယာ တချို့တွင် ဖော်ပြကြသည်။ ဆွေးနွေးမှု မအောင်မြင်ကြောင်းလည်း သတင်းအရ သိရသည်၊ မည်သို့မည်ပုံ ဆွေးနွေးသည် စစ်တပ်က ဘာအချက်ကို ဆုပ်ကိုင်ထားသလဲ NLD က ဘယ်အချက်ကို ရပ်တည်ဆုပ်ကိုင်ထားသလဲ ဆိုသည်တို့ကို ရှင်းလင်းစွာ မသိရပေ။

ရုံးဖွင့်ရက် သီတင်းပတ်မကုန်ခင် ရက်ပိုင်းတွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ နေပြည်တော်စည်ပင်ရိပ်သာကို ရောက်လာကြပြီး စစ်တပ်ဘက်က တာဝန်ပေးသည့် စစ်တပ် လွှတ်တော်ကိုယ်စားလှယ်တွေက ကိုဗစ်ကာကွယ်ဆေး ထိုးနေကြသည့် သတင်းများ ဖေါ်ပြကြသည့်အခါ တချို့က စစ်တပ်က လွှတ်တော်တက်ဖို့ ပြင်နေပြီဆိုသည့် ယူဆချက်ဖြင့် အာဏာသိမ်းနိုင်ခြေ မရှိတော့သည့်သဘောမျိုး ကောက်ချက်ချကြသည်။ စစ်အာဏာသိမ်းနိုင်ခြေ ပျက်ပြယ်သွားသည့် သဘောမျိုး ဆိုရှယ်မီဒီယာများတွင် ရေးသားကြသည်ကို သတိပြုမိသည်။  

သောကြာနေ့ ညနေတွင် NLD လွှတ်တော်ကိုယ်စားလှယ် အချို့၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ လွှတ်တော် အစီအစဥ်ရရှိကြောင်း ဓါတ်ပုံရိုက်တင်ထားကြသည်။  

ထိုလွှတ်တော်အစီအစဥ် ထွက်ရှိလာခြင်းသည် စစ်တပ်ခေါင်းဆောင်နှင့် NLD ခေါင်းတို့ နောက်ဆုံးအကြိမ် တွေ့ဆုံရန် ချိန်းဆိုမှုကို ပျက်ပြယ်စေရန် နောက်ဆုံး အဆုံးသတ်လိုက်သည့် အဖြစ်အပျက် တခုဖြစ်ကြောင်း နောက်လအတန်ကြာမှ ထိုစဥ်က ယင်းဖြစ်စဥ်ကို ကိုယ်တိုင် ကြားသိခဲ့ရသူ တချို့၏ ပြောဆိုချက်အရ သိခဲ့ရသည်။  

ဇန်နဝါရီလ ၂၈ ရက်နေ့ ဆွေးနွေးပွဲမှ ရလဒ် မထွက်ခဲ့သည့်နောက် NLD ခေါင်းဆောင်က စစ်ခေါင်းဆောင်ကို တွေ့ဆုံရန် ကြားခံ ဆက်သွယ်ပေးသည့် ဘာသာရေးခေါင်းဆောင်တဦးမှ တဆင့် ကြိုးစားခဲ့သည်။ သို့သော် တွေ့ဆုံရန် သဘောတူညီချက်တွင် အခြေအနေတချို့ တွဲလျှက်ပါရှိပြီး လွှတ်တော် ကျင်းပခဲ့လျှင်လည်း လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်သည့်အဆင့်ထိ မသွားရန်၊ သဘာပတိရွေးသည့် အဆင့်ပြီးပါက လွှတ်တော်ကို အချိန်တခုထိ ဆိုင်းငံ့ရပ်ဆိုင်းထားပေးရန် ဆိုသည့် တောင်းဆိုချက် ဖြစ်သည်။ ယင်းအချက်ကို NLD ဘက်က သဘောတူညီခဲ့ပြီးနောက် သီတင်းပတ်မကုန်ခင် နောက်ဆုံးရက်တွင် လွှတ်တော်အစည်းအဝေး အစီအစဥ်ထွက်ရှိလာရာ ယင်းအစီအစဥ်တွင် လွှတ်တော် ဥက္ကဋ္ဌကို ရွေးချယ်ရန်ဆိုသည့် အစီအစဥ် ပါရှိလာခဲ့ရာ ယင်းသို့ အစီအစဥ် ဖြန့်ဝေခြင်းသည် NLD က ကတိကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု တပ်ဘက်က ဆိုကာသီတင်းပတ်ကုန်တွင် တွေ့ဆုံမည့်အစီအစဥ်ကို ဖျက်သိမ်းခဲ့သည်ဟု ဆိုသည်။ စစ်တပ်အနေနှင့် ၂၈ ရက်နေ့နောက်ပိုင်း အာဏာသိမ်းရန် ဆုံးဖြတ်ချက်ချပြီးအနေအထား ဖြစ်၍ နောက်ဆွေးနွေးပွဲတခုကို လုပ်ဆောင်ရန် ဆန္ဒမရှိဘဲ ပရိယာယ်အရ ချိန်းဆိုပြီး အထက်က လွှတ်တော် အစီအစဥ်တွင် ဥက္ကဋ္ဌရွေးချယ်မည့် အချက်ကို အကြောင်းပြကာ ဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ခြင်းမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။  

စစ်အာဏာမသိမ်းဖို့ ညှိနှိုင်းမည့် အခွင့်အရေး တနည်း ယခုအခြေအနေမှ ရှောင်လွှဲနိုင်မည့် နောက်ဆုံး မျှော်လင့်ချက် ပျက်သုဥ်းသွားသည့် သဘောလည်း ဖြစ်သည်။ ဒီသတင်းအချက်အလက်တွေက စစ်အာဏာသိမ်းပြီး နောက်ပိုင်းသိရသည့် အချက်အလက်များဖြစ်သည်။  

အဆိုပါရက်တွေတုန်းက နောက်ဆုံးအခြေအနေ ထူးခြားသည့် သတင်းအချက်အလက်တွေ ကြားရမည်ကို ရင်းနှီးသူတချို့ထံမှ စောင့်နားထောင်ရသည့် အနေအထားဖြစ်သည်။ ညဘက် တစုံတရာ ထူးခြားသည့် လက္ခဏာ သတင်းကြားရနိုင်သဖြင့် နားစွင့်နေခဲ့သည့် ရက်များဖြစ်သည်။  

သီတင်းပတ်ကုန်ရက်ဖြစ်သည့် တနင်္ဂနွေနေ့တွင် အချို့သော NLD လွှတ်တော်ကိုယ်စားလှယ်များ၏ ဖေ့စ်ဘွတ်ပို့စ်တွင် လွှတ်တော်တက်ရန် အသင့်ဖြစ်နေပြီ ဆိုသည့် ရေးသားမှုတချို့ကို တွေ့ရ၍ စိတ်အနည်းငယ် သက်သာရရသော်လည်း အခြေအနေမှာ မခန့်မှန်းနိုင်သည့် အနေအထားမျိုးဟု ထင်မြင်မိ၍ တနင်္ဂနွေနေ့ည ညည့်နက်သည်အထိ ဆိုရှယ်မီဒီယာပေါ်မှာ သတင်းများ ထူးခြားသည့် အခြေအနေများကို စောင့်ကြည့်ပြီး ည ၁၂ နာရီခန့်တွင် အိပ်ယာဝင်ခဲ့သည်။ မနက်ဖြန်က လွှတ်တော်စခေါ်မည့် နေ့ဖြစ်၍ တစုံတခုတော့ ထူးခြားမှု ရှိမည်ဆိုသည့် အတွေးဖြင့် အိပ်ယာဝင်ခဲ့ခြင်း ဖြစ်သည်။  

ဖုန်းကို ခေါင်းအုံးအောက်တွင် ထည့်ထားပြီး ညလယ်ကျော်ပြီး မနက်အာရုံမတက်သေးခင် တရေးနိုးလာသည့် အချိန် ခေါင်းအုံးအောက်က ဖုန်းကို ယူ၍ဖွင့်ပြီး ဖေ့စ်ဘွတ်ကို ဖွင့်ကြည့်လိုက်သည့်အခါ နယ်မြို့တမြို့မှ အန်အယ်လ်ဒီမြို့နယ်ဥက္ကဋ္ဌတဦးကို စစ်ကားဖြင့် လာရောက်ခေါ်ဆောင်သွားသည်ကို ၄င်း၏ သားဖြစ်သူက တင်ထားသည်ကို တွေ့လိုက်ရသည်။ ဒါဆိုလျှင်တော့ အာဏာသိမ်းပြီထင်တယ်ဟု ရုတ်တရက် အိပ်နေရာမှထကာ ကွန်ပျူတာကို သွားဖွင့်ကြည့်မိတော့သည်။  

အွန်လိုင်းပေါ်မှာ ရှိနေသည့် မိတ်ဆွေတချို့ အိပ်ချိန်မတိုင်သေးသည့် ဥရောပနိုင်ငံမှ မြန်မာတချို့ကလည်း လိုင်းပေါ်မှာ ရှိနေသဖြင့် သူတို့နှင့် သတင်းဖလှယ်ရာတွင် အခြားသောမြို့တွေမှာလည်း ပြည်နယ် အစိုးရအဖွဲ့ဝင်တချို့ ထိန်းသိမ်းခံရပြီဆိုသည်ကို သိလိုက်ရသဖြင့် စစ်အာဏာသိမ်းသည်မှာ သေချာသွားပြီ ဖြစ်သည်။  

နံနက် ၃ နာရီခွဲဝန်းကျင်မှ အွန်လိုင်းပေါ်တွင် အပ်ဒိတ်အဖြစ် တက်လာသည့် အာဏာသိမ်းသည့် ဖြစ်စဥ်ကြောင့် ထိန်းသိမ်းမှု ပို့စ်တွေကို စောင့်ကြည့်ရင်း လိုင်းပေါ် ရောက်နေသည့် အသိမိတ်ဆွေများနှင့် သတင်းဖလှယ်ရင်း နံနက် ၅ နာရီမထိုးတထိုးရောက်သွားသည်။ စစ်အာဏာသိမ်းလိုက်ပြီ ဘာတွေ ဖြစ်နိုင်သလဲ မြို့ထဲမှာ ဘယ်လိုမြင်ကွင်းတွေ တွေ့ရမလဲ စသဖြင့် သိချင်စိတ်ဖြစ်လာသည်။ အပြင်ထွက်ပြီး စူးစမ်းလိုသည့်စိတ်ကြောင့် ရန်ကုန်တိုင်းလွှတ်တော်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်၊ မြို့တော်ခန်းမ စသည့်နေရာတွေကို သွားကြည့်ဖို့ တွေးမိပြီး နံနက် ၅ နာရီဝန်းကျင်အိမ်မှ ထွက်လာခဲ့သည်။  

ဝန်ကြီးချုပ်နေသည့်ဝင်းနှင့် တဆက်တစပ်ထည်း ရန်ကုန်တိုင်းလွှတ်တော်ရှေ့ ပြည်လမ်းပေါ်တွင် လုံခြုံရေးချထားသည့် အရိပ်အယောင်မတွေ့ရသလို တက္ကသိုလ် ရိပ်သာလမ်းပေါ်မှ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့တွင်လည်း ထူးခြားသည့် လုံခြုံရေးချထားသည်ကို မတွေ့ရ။ ဆူးလေအနီးက မြို့တော်ခန်းမရှေ့တွင်လည်း ထူးခြားသည့် လုံခြုံရေးချထားသည်ကို မတွေ့ရ ရန်ကုန်မြို့နေသူတွေ အများစုက စစ်အာဏာသိမ်းသည်ကို မသိကြသေးသလို စစ်ကောင်စီကလည်း စစ်ကားတွေ အရင်ရက်ပိုင်းက အင်အားပြသည့် တင့်ကားတွေ မြို့ထဲ သွားလာနေတာမျိုး မတွေ့ခဲ့ရ။ သက်ဆိုင်သည့် စာရင်းပါ လူပုဂ္ဂိုလ်တွေ နေအိမ်တွေဆီ စစ်ကားတွေနှင့်သွားပြီး ဖမ်းဆီးထိန်းသိမ်းမှုတွေတော့ လုပ်နေပြီး ဖြစ်ပုံရသည်။ အစိုးရအဖွဲ့ဝင်တွေသာမက အန်အယ်လ်ဒီပါတီနှင့် နီးစပ်စွာ အထောက်အကူပေးနေသည့် ပြင်ပက စာရေးဆရာ၊ ထင်ရှားသူတွေရဲ့ နေအိမ်တွေကို အဲဒီမနက်မှာပဲ သွားရောက်ထိန်းသိမ်းခဲ့ပြီး ဖြစ်သည်။  

နံနက်မိုးလင်းသည့်အချိန်လောက် နေအိမ်လမ်းထဲ ပြန်ရောက်သည့်အခါတွင် လမ်းထဲမှ အိမ်တအိမ်က ရွေးကောက်ပွဲအောင်ပြီးသည့်နောက် အိမ်ရှေ့တွင် လွှင့်ထူထားသည့် NLD အလံကို ဖြုတ်သိမ်းနေသည်ကို တွေ့လိုက်ရသည်။ အဆိုပါအိမ်က နံနက်စောစော ရေဒီယိုသတင်းသို့မဟုတ် ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသည့် စစ်အာဏာသိမ်းလိုက်ပြီဆိုသည့်သတင်းကို ကြားပြီးဖြစ်လိမ့်မည်ဟု သဘောပေါက်မိသည်။  

နံနက် ၇ နာရီခန့် စားစရာဝယ်ဖို့ စျေးဘက်ထွက်ခဲ့သည့်အခါတွင်မူ ဆန်ဆိုင် ဆီဆိုင်တွေရှေ့မှာ လူတွေအုံနေကြသည်ကို တွေ့လိုက်ရသည်။ ဆိုက်ကားနှင့် ကားနှင့် ဆန်အိတ်တွေ ဆီပုံးတွေဝယ်ယူနေကြသည်။ ဘဏ်အေတီအမ်ရှေ့တွင် လူတွေ စုစု စုစုနှင့် ကြည့်နေကြသည်။ နံနက် ၆ နာရီနောက်ပိုင်း အင်တာနက် လုံးဝဖြတ်တောက်လိုက်ခြင်းကြောင့် ဘဏ်အေတီအမ် စက်တွေ အလုပ်မလုပ်နိင်တော့၊ အရေးကိစ္စရှိလို့ ငွေထုတ်ယူထားလိုသူတွေနှင့် မိမိဘဏ်စာရင်းထဲမှ ငွေထုတ်ယူလိုသူတွေ အကျပ်ရိုက်ကုန်ကြသည့် အနေအထားတွေလည်း တွေ့မြင်နေရသည်။  

ကျွန်တော်တို့ နေထိုင်သည့် ရပ်ကွက်စျေးတဝိုက် က ဆန်ဆိုင်၊ စားသုံးဆီဆိုင်တွေရှေ့မှာ ဆိုက်ကားတွေ ကားတွေနှင့် ဆန်အိတ်လိုက် ဝယ်နေကြတာတွေ ဆိုင်တွေမှာ လူတွေပုံမှန်ထက် ၃/၄ ဆမျှမက များနေတာတွေ့လိုက်ရသည်။  

မဆလ ခေတ် ဦးနေဝင်းခေတ်မှာ ကြီးပြင်းခဲ့သူတွေရဲ့ ဘဝက ပေးသည့် အတွေ့အကြုံနှင့် အသိတရားက တစုံတခု နိုင်ငံရေးမတည်မငြိမ် ဖြစ်လျင် ဆန်၊ဆီ စုဆောင်းကြသည်မှာ လက်တွေ့ဘဝက အသိ၊ မျိုးဆက်တခုမှတခုသို့ လက်ဆင့်ကမ်းခဲ့သည်ဟု ဆိုရလောက်အောင် မြန်မာ့နိုင်ငံရေးတွင် တကြိမ်မက ဖြစ်ပျက်ခဲ့ပြီဖြစ်သည်။ 

 ယခု အင်အားစုစည်းမှု အရှိန်အဟုန်နဲ့ ချီတက်နေဆဲ ဖြစ်တဲ့ နွေဦးတော်လှန်ရေး ခေါင်းဆောင်များ၊ မျိုးဆက်များကို သည်တခါမှာလည်း စစ်တပ် (သို့မဟုတ်) စစ်အုပ်စုက စစ်ရေး၊ နိုင်ငံရး၊ နည်းလမ်းမျိုးစုံနဲ့ အနိုင် အရှုံးကွဲသည်အထိ တိုက်နိုင်မလား၊ ရေရှည်အချိန်ဆွဲပြီး ကန့်သတ်ထားနိုင်မယ့်လမ်းကို ရွေးမလား မသိနိုင်သေးချေ။ နွေဦးတော်လှန်ရေး အင်အားစုများကတော့ ၂၀၂၃ ကို အဆုံးအဖြတ်နှစ်အဖြစ် သတ်မှတ် ကြေညာထားပြီး ဖြစ်လေသည်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar