Breaking News

မယ်မွှေး ● မယ်မွှေးနှင့် သမီးတောင်းခြင်းဓလေ့

မယ်မွှေး ● မယ်မွှေးနှင့် သမီးတောင်းခြင်းဓလေ့
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၉

သီတင်းကျွတ်ချိန်ခါရောက်ရှိလို့လာချေပြီ။ ခါတော်မီရန်အတွက်လှုပ်လှုပ်ခတ်ခတ်အဖြစ်ဆုံးသူတို့မှာ မင်္ဂလာဆောင်အကြိုအလှဓါတ်ပုံရိုက်ပေးမည့် ဓါတ်ပုံဆရာများနှင့် အွန်လိုင်းပေါ်မှ ပိုးထည် ရောင်းသော ဆိုင်ကြီးများဖြစ်ကြသည်။ အဖိုးနည်းဝန်ပါ အချိတ်ထမီ ရောင်းသူတို့ကား ကြော်ငြာအားအကောင်းဆုံးပင်။ သူတို့ကြော်ငြာနေသော အချိတ်ထဘီ၊ ပုဝါ၊ တိုက်ပုံနှင့် ပိုးပုဆိုးတို့ကား သူ့ထက်သူအပြိုင်အဆိုင် မင်္ဂလာအရောင်ဟုခေါ်သော ပန်းနုနှင့်အဝါဘက်သို့လုနေကြသည်။ သူတို့နည်း တူပင် တမိုးလုံးအေးစက်လျှက်ရှိသောအရောင်းအဝယ်များ ခပ်ဆတ်ဆတ်လှုပ်နှိုးခံရသလို ကောင်းလာလိမ့် မည်ဟု မျှော်လင့်နေသူတို့ကား အိပ်ယာခြင်ထောင် အရောင်းဆိုင်ကြီးများပင်တည်း။ ဒေါ်လာဈေးအတက်အကျတည်း ဟူသော အကြောင်းရင်းကြောင့် ကုန်ဈေးနှုန်းမထိန်းနိုင်သောကိစ္စကား ဆွာချောင်းတမံကျိုးသကဲ့သို့ အစိုးရ၏ ကိစ္စသာဖြစ်၍ အိမ်ထောင်ပြုခြင်းတည်းဟူသောကိစ္စကား ဆွာဆည်တမံနားနေသူတို့၏ ဝမ်းရေးကဲ့သို့ပင် ကိုယ့်ဝမ်းပူဆာမနေသာ မင်္ဂလာကိုဆောင်မှဖြစ်မည်ဟူသောကိစ္စများရှိကြ၏။ သို့ဖြစ်ရာ မင်္ဂလာအခါအမှီ ဈေးကြီးဈေးလေးတို့တွင်သတို့သားသတို့သမီးလောင်းများ၊ ၎င်းတို့၏ မိဘဆွေမျိုးများပျားပန်းခတ်စပြုပြီ။ တတ်နိုင်လျှင် တတ်နိုင်သလောက် မိမိတို့၏ အဆင့်အတန်းကို မင်္ဂလာဆောင်အကြောင်းပြု၍ ပေါ်လစ်သုတ်ရန် ကြိုးစားနေကြသူများရှိသလို တဖျတ်ဖျတ်လူးလွန့်နိုးကြားလာသော ပိုးထည်ချည်ထည်အရောင်များကြားတွင် မျက်နှာတပျက်ပျက်ရှိသူများလည်းရှိကြ၏။ ထိုသူတို့ကား မိမိတို့သားသမီးတို့၏ မင်္ဂလာ အစီအစဉ်အတွက် ကုန်စရာကျစရာ ငွေမရှိသောမိဘများပင်ဖြစ်ကြ၏။ သတို့သမီးအိမ်သို့ သမီးတောင်းသွားသော နေ့တွင် မည်မျှပင်ညှိနှိုင်းထားပြီးသည့်တိုင်အောင် သတို့သားမိဘများအတွက် ရင်တမမဖြစ်ကြရသော မိနစ်စက္ကန့်ပိုင် များရှိသည်။ သတို့သမီးများဘက်မှလူကြီးသူမများက မည်မျှတင်တောင်းမည်နည်းဟု မေးလျှင် မိမိတို့ဘက်က မည်သို့မည်ပုံဖြေမည်နည်း။ စာကျက်ထား၊ ဇာတ်တိုက်ထားကြရလေသည်။

မယ်မွှေးကား လူလွတ်တစ်ယောက်မဟုတ်တော့သဖြင့် (ဤကားကြော်ငြာ) သတင်းကျွတ်မင်္ဂလာဆောင်ကိစ္စများကို ဖြတ်သွားဖြတ်လာမျှသာ သတိပြုရုံရှိသည်။ သို့သော်လည်း တနေ့သ၌ ဂျာနယ်ကျော်အဟောင်းများကို မွှေသောအခိုက်ဝယ် ၁၉၃၉ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့ထုတ်ဂျာနယ်ကျော်တွင် မြန်မာတို့၏မင်္ဂလာဆောင်ဓလေ့ကို သာသာထိုးထိုးဝေဖန် ထားသော ဆောင်းပါးတစ်ပုဒ်ကိုတွေ့သည်နှင့် မိတ်ဆွေများအား ဖောက်သည်ချလိုစိတ် တဖွားဖွားပေါ်မိ၏။ ရေးသူမှာ အညာသား၊ ကျောက်ဆည်မြို့ဟု ဆို၏။ ခေတ်မီမီကမ္ဘာကြည့်ကြည့်မြင်ခဲ့သော ဦးချစ်မောင် အယ်ဒီတာချုပ်လုပ်ခဲ့သော ဂျာနယ်တွင် ပါခဲ့သော စာတစ်ပုဒ်ဖြစ်သောကြောင့် အကျင့်ဟောင်း ဓလေ့ဟောင်းတို့ကို မကြိုက်လျှင် မကြိုက်သလို ပွင့်ပွင့်လင်းလင်း ရေးထားပုံကိုကြည့်ပါလေ။ ကျောက်ဆည်မြို့မှာ အညာသားဆိုသည်မှာ မည်သူနည်း။ ကိစ္စမရှိ၊ သူရေး သောစာကိုသာကြည့်ကြဦးစို့။ ခေါင်းစဉ်ကား “မိန်းမများကို ဝယ်ယူနေသောဓလေ့ကြီး” ဟု ဆိုလေသည်။ မူရင်းစာလုံးပေါင်း အတိုင်း သာဆောင်းပါး၏ တစ်စိတ်တစ်ပိုင်းကို ဖော်ပြလိုက်ရပါသည်။
*****

“ဘယ်လောက်ကုန်တင်တောင်းမလဲ ဟူသော တောင်းဆိုချက်မေးခွန်းကြီးသည်ကား မိန်းကလေး၏ မိဘများက ယောက်ျား ကလေး၏ မိဘများအား သားရေးသမီးရေး စေ့စပ်ပြောဆိုကြရာတွင် မေးမြန်းတတ်စမြဲသော မေးခွန်းကြီးတစ်ရပ်ပင်ဖြစ်ပေတော့၏။ ယခုခေတ်အခါတွင် အဆိုပါမေးခွန်းကြီးကိုပင် ဂုဏ်ရှိလှသည်အထင်နှင့် မေးမြန်းပြောဆိုနေကြ၏။ ယောကျ်ား ကလေး၏ မိဘများကလည်း ချွေးမရရန် ငွေတင်တောင်းလျှင် ဂုဏ်ရှိလှသည်ဟု အထင်ကြီးဖြင့် ငွေထပ်တောင်းယူကြ၏။

အပြင်ပအားဖြင့် အပေါ်ရံရှပ် တွေးကြည့်လိုက်မည်ဆိုသော် ငွေတင်တောင်းခြင်းသည် ဂုဏ်ရှိသည်ဟု ထင်ရ၏။ သို့သော် အတွင်းသို့ နှိုက်၍ တွေးမည်ဆိုသော် စိစိတွေးရေးရေးပေါ် ဆိုသည့် အလား။ ငွေတင်တောင်းခြင်းသည် ယောက်ျားကလေး၏ မိဘများက မိန်းကလေး၏ မိဘများထံမှ မိမိတို့၏ သားအတွက် မိန်းမဝယ်ပေးရာ ရောက်နေလေတော့သည်။

၎င်းပြင် မိန်းကလေး၏ မိဘများက ယောကျ်ားကလေး၏ မိဘများအား၊ငွေမည်၍မည်မျှ တင်တောင်းရန် ပြောဆိုခြင်း၏ စကားအရင်းကိုစစ်လိုက်လျှင်၊ မိမိတို့၏ သမီးသည် ဤမျှလောက်သာ အဘိုးထိုက်တန် သည်။ဤမျှနှင့်သာ ဝယ်ပါတော့ဟု၊ သ္မီးကို၏ တန်ဘိုးကိုဖြတ်လိုက်ခြင်းပင်ဖြစ်သည်၊ မိမိတို့၏ သ္မီးကို၊ မည်သူ့သားက မည်မျှတင်တောင်းသည်ဟု၊ ဂုဏ်ရှိသည် အထင်ဖြင့် ကြွားဝါကြေညာခြင်းသည်လည်း၊ အများအား သ္မီး၏ တန်ဘိုးကိုဖော်ပြပြောဆိုခြင်းပင်ဖြစ်၏။ မိဘများသည် သားသမီးများကို အမွှမ်းတင်ဂုဏ်ယူကြမည်ကားမလွဲပေ။ ထိုမိမိတို့ သ္မီးကို အမွှမ်းတင် ဂုဏ်ယူထားသော်လည်း သ္မီး၏ တန်ဘိုးကိုဖြတ်လိုက်ခြင်းဖြင့်၊ဤမိန်းကလေးသည်၊ ဤမျှသာ တန်သည်ဟု သ္မီးဖြစ်သူတွင်ကြက်သရေရုတ်လျော့ရန် အကြောင်း ဖြစ်ပေါ်လာလေသည်။ လူတို့မည်သည်၊ မည်မျှ အဘိုးတန်သည်ဟု မဖြတ်နိုင်ကြချေ။

အဘိုးကြီးစွာတန်သည်ဟု ထင်သော၊ သူဌေး သ္မီး- ဘုရင့် သ္မီးများပင်၊ အဘိုးကြီးစွာတန်သည်ဟု မပြောနိုင်၊ အဘိုးမတန်ဟု ထင်သော ဆင်းရဲသူများသည်လည်း၊ အဘိုးမတန်ဟု မဆိုနိုင်၊အဘိုးတန်သည်ဟု ထင်သောသူများပင် တနေ့၌အဘိုး မတန်ဖြစ်တတ်၍ အဘိုးမတန်ဟု ထင်သော ဆင်းရဲသားသည်ပင်၊ တနေ့၌အဘိုးကြီးစွာတန်လာပေသည်။

မိန်းကလေးအားငွေတင်တောင်းခြင်း၊ ဝါ၊ ငွေနှင့်ဝယ်ယူခြင်းကိုထောက်သော်၊ အချစ်ကိုငွေပေးလို့မရဟူသော ရှေးလူကြီး များ၏ စကားပုံရှိပါငြားလည်း လင်မယားအချစ်ဘဝသို့ ရောက်ရှိရန် ငွေနှင့်ဝယ်ယူရသဖြင့်၊ အချစ်ကို ငွေပေးလို့ရသည်ဟူ၍၊ ရှေးထုံးကိုပယ်ခါ၊ ရှေးလူကြီးများ လက်နှင့်ရေးထားခဲ့သည်ကို၊ ခြေနှင့်ဖျက်ရန်သာ ရှိတေ့ာ့တကား။

ယောက်ျားကလေးများ၏ မိဘများကလည်း မိမိတို့၏ ချွေးမဖြစ်မည့် မိန်းကလေး ကြက်သရေရုတ်လျော့ခြင်း မရှိကြစေရန်၊ သားရေး သ္မီးရေး စေ့စပ်ရာ၌၊ ငွေတင်တောင်းခြင်းအမှုကို အထူးပင်ရှောင်ရှားထိုက်ပေ၏။ ထိုမျှမကသေး၊ မိမိတို့၏ သားအား သားကျွေးမှု- မယားကျွေးမှုအတွက် ပညာသင်ထားခြင်းသည်ပင်၊ သားအတွက် လက်ဖွဲ့ပြီးဖြစ်နေရကား၊အခြားပစ္စည်းများ လက်ဖွဲ့ရန် မလိုတော့ချေ။

သား သ္မီးရေး စေ့စပ်ပြောဆိုကြသည်မှာ၊လူရောင်းလူဝယ်ခြင်းကိစ္စပြုကြသည်မဟုတ်၊သားနှင့် သ္မီးတို့အား ၂ဘက်သော မိဘများက၊ စိတ်သဘောညှိနှိုင်းကာ၊ အကြင်လင်မယားအဖြစ်သို့ရောက်ရှရန် ဆောင်နှင်းပေးခြင်းမျှသာဖြစ်သည်ကိုလည်း၊အထူးသတိပြု အပ်လှပေ၏။

မိန်းကလေး၏ မိဘများကလည်း၊ မိမိတို့၏ သ္မီးဖြစ်သူဂုဏ်မညှိုးနွမ်းစေရန်၊ ငွေမည်မျှ တင်တောင်းမည်နည်းဟူသော သမီး၏ အဘိုးကိုဖြတ်ထားသော မေးခွန်းကို၊ မမေးအပ် မပြောဆိုအပ်ထိုက်။ အထူးမှာ၊ မိမိတို့၏ သားမက်ဖြစ်မည့် ယောက်ျားကလေး၏ မျိုးရိုးဇာတိ၊ အကျင့်စာရိတ္တ၊ မိမိတို့၏ သ္မီးကိုမယားမှတ်မှတ်ပေါင်းမည့်သူဟုတ်မဟုတ်၊ အလုပ်အကိုင်တွင်လုံ့လဝီရိယရှိမရှိစသော အရေးကြီးသည့် အချက်များကိုသာစုံစမ်း၍ သဘောကိုက်ညီက ပေးစားဘို့ရန်သာ အကြောင်းရှိ၏။

အထက်ဖော်ပြပါမေးခွန်းသည်၊ ငွေကို ခုံမင်တက်မက်သော မေးခွန်းတရပ်ဖြစ်၍၊ ငွေသည်သင်္ခါရ၊ ဆင်းရဲချမ်းသာသည်မှာ ကာမာဝါစရကုသိုလ်ပင်ဖြစ်သည်ကို၊အထူးသတိပြုအပ်ကြ၏။ ငွေမတင်နိုင်က မပေးစားဟူ၍ ငွေကိုသာမျှော်မြင်၍မာနထားခြင်းသည်လည်းမှားချေ၏။ယခု ဆင်းရဲသော်လည်း၊ကာမာဝစရ ကုသိုလ်ကံအကျိုးပေးလာလျှင်၊ စီးပွားသည် တနေ့တခြားဒီရေအလားတက်လာပေသည်။ အကျိုးပေးနဲက၊ ရှိပြီးပစ္စည်းပင်တဖြည်းဖြည်းသော်၎င်း၊ ချက်ချင်းသော်၎င်း၊ ရွေ့လျောပျက်စီးတတ်သည်ကို၊အထူးသတိချပ်အပ်၏။ ဤလောကကြီးတွင်ပင် သက်သေများပြနေကြပေသည်ကိုလည်းတွေ့မြင်သိရှိနိုင်လေသည်။”
*****

စာရှုသူသည် သမီးတောင်းသောအခမ်းအနားသို့တက်ရောက်ဖူးပါ၏လော။ မည်သို့သောခံစားချက်ရှိသနည်း။ တင့်တောင့်တင့်တယ် ကြွယ်ဝသူတို့အဖို့ မထောင်းတာလှသော်လည်း သမီးရှင်ဘက်မှ အတင်းအကျပ် တင်တောင်းရန်ငွေကို ပေးစရာမရှိသော၊ သို့မဟုတ် ထိုငွေနှင့်ထပ်တူကျသော ခမ်းနားကြီးကျယ်မှုမျိုးကိုဆောင်ရွက်ပေးရန် မတတ်နိုင်သောမိဘများ ကို တွေ့ကြုံဖူးပါ၏လော။ မင်္ဂလာဆောင်ဆိုသောစကားနှင့်အညီ ဆောင်ယူလာရမည့် မင်္ဂလာအစား ရန်ပွဲများကိုသာလက်ဖွဲ့နိုင်ကြသော သာဓကများလည်း ဒုနှင့်ဒေးပင်။ တစ်နှစ်တုန်းဆီက ဆွေမျိုးများထဲတွင် မင်္ဂလာကိစ္စကြုံလာသောအခါတွင်ဖြစ်သည်။ သတို့သမီးမိဘများဘက်မှတောင်းဆိုလာသောအရာများသည် သတို့သမီး၏ ရှေ့ရေးအတွက်လည်းမဟုတ်၊ မင်္ဂလာဆောင်ကြမည့်သူနှစ်ဦးရှေ့လျှောက်ကောင်းစားရန်နှင့်လည်းမသက်ဆိုင်၊ သတို့သမီး၏ မိဘအစိုးရိမ်ကြီးစိုးရိမ်နေသည်ကား ရပ်ရွာအသိုင်းအဝိုင်း၏ အမြင်ဖြစ်သည်။ သူတို့သမီးသည် နှစ်ကျပ်တပဲမဟုတ်၊ တန်ဖိုးတစ်စုံတစ်ရာဖြင့် တင်တောင်းခံရသည်ဆိုသည်ကို အသည်းအသန်ပြလိုခြင်းပင်ဖြစ်သည်။ ယောကျ်ားကလေးဘက်တွင်လည်း ထိုကဲ့သို့ တစုံတရာတင်တောင်းနိုင်သည့်အခြေအနေလည်းမရှိရာ လူရှေ့သူရှေ့တွင် အခမ်းအနားမစမီကပင် တစ်ဘက်နှင့်တစ်ဘက်တစ်ပွဲတစ်လမ်းအကဲစမ်းကြပြီးပြီ။ တင်တောင်းရမည့်ပမာဏနှင့်ပတ်သက်သည့် အကြိုဆွေးနွေးပွဲကား ၂၁ ရာစုပင်လုံက ငြိမ်းချမ်းရေးညှိုနှိုင်းမှုများလောက်နီးနီးပင်ဖြစ်သည်။ နောက်ဆုံးတွင် လူကြီးမိဘစုံလင်စွာဖြင့် တင်တောင်းသောနေ့တွင် ယောကျ်ားကလေးဘက်မျှ မည်ရွေ့မည်မျှတင်တောင်းပါမည်ဆိုသည်ကို မိန်းကလေးဘက်မှ ဖန်တီးထားသော ပမာဏ တစ်ခုကို မပြောမဖြစ် အတင်းအကျပ်ပြောစေသောအခါ လိမ်လည်ကြံစည်မှုတစ်ခု အဖတ်တင်လေသည်။ ရေရှည်အတွက် တစ်ဘက်နှင့်တစ်ဘက် မလေးစားနိုင်ကြခြင်းများကို ထယ်ထိုးမျိုးစေ့ချမိကြသည်။ မည်မျှ စိတ်ဆင်းရဲစရာကောင်းပါသနည်း။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံတွင်တင်တောင်ခြင်း သို့မဟုတ် မင်္ဂလာကြေးကိုလက်ခံယုံကြည်ထားပုံမှာ ယဉ်ကျေးမှု ဓလေ့စရိုက်များကူးလူးယှက်နွယ်နေသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် အိန္ဒိယ၊ ထိုင်းအစရှိသည်တို့မှ စနစ်များနှင့် အတန်ငယ်ဆင်သော်လည်း တစ်နိုင်ငံချင်းစီတွင်မူ ထူးခြားသောစရိုက်လက္ခဏာများရှိမြဲပင်။ အိန္ဒိယတွင် အများအားဖြင့် မိန်းကလေးမှ အိမ်ထောင်သည် အဖြစ်ကို မင်္ဂလာကြေးပေး၍ ဝယ်ယူရခြင်းနှင့်တူလှသောစနစ်မှာ ကျောက်စာတွင်ရေးထားသကဲ့သို့ပင်ခိုင်မြဲစွာ၏။ အလယ်ခေတ်ကတည်းကရှိသောလူမှုစည်းကမ်းတစ်ခုမှာကိုလိုနီခေတ်တွင် ဥပဒေသဖွယ် မလုပ်မနေရဖြစ်လာခဲ့သည်။ ခေတ်အလိုက် လူမှုစီးပွားရေးပုံစံများကိုလိုက်ပြီး မင်္ဂလာကြေးပေးရသော ပမာဏလည်းပြောင်းလဲလာခဲ့ရာ သတို့သားများ၏ တန်ဖိုးကြီးလာသည်။ လက်ထပ်ပြီးချိန်ကျကာမှ ပိုပြီးကြေးကြီးကြီးပြောင်းလဲတောင်းဆိုလာခြင်းမျိုးလည်းရှိလာတတ်သည်။ ခြုံ၍ကြည့်လျှင် မင်္ဂလာကြေးတိုးလာသည်နှင့်အတူ ဇနီးကိုညှင်းပင်းနှိပ်စက်ခြင်းများလည်းတိုးလာခဲ့သောကြောင့် ၁၉၆၁ တွင် တင်တောင်းခြင်းစနစ်ကို ဥပဒေအရဖျက်သိမ်းလိုက်သည်။ သို့ရာတွင် လူကလုပ်သောစနစ်တစ်ခုမှာ ခိုင်မြဲခိုင်ခန့်လျှက်ပင်။

ထိုင်းနိုင်ငံတွင်မူ တင်တောင်းရသောငွေမှာ သတို့သမီးမိဘများနှင့်သာ သက်ဆိုင်သည်။ နိုင်ငံခြားသားများကမူ ထိုင်းမိဘများထံမှ သတို့သမီးကိုဝယ်ယူနိုင်သည်ဟု အထင်လွဲလေ့ရှိကြသောကြောင့်ဖြေရှင်းရခြင်းများရှိသည်။ အမှန်ကမူ ထိုငွေမှာ လက်မထပ်မီဤအသက်အရွယ်အထိ သမီးဖြစ်သူကိုကျွေးမွေးစောင့်ရှောက်လာသည့်အတွက် ကျေးဇူးတင်ဂါရဝပြုသောငွေဖြစ်ရာ ထိုငွေကိုမည်သို့သုံးစွဲသည်ဆိုသည်ကမူ သတို့သမီးမိသားစုနှင့်သာဆိုင်သည်။ နောင်တချိန် ဥပမာ-သတို့သမီးက သားသမီးထွန်းကားပြီး မီးဖွားသောအခါ ငွေလိုလျှင် မိဘများက ထိုငွေကိုပြန်ထုတ်ပေးခြင်းမျိုးလည်းရှိသည်။သို့မဟုတ် မိဘများ၏အိုစာမင်းစာဟု ဆုံးဖြတ်ခြင်းလည်းရှိသည်။ ထိုဆုံးဖြတ်ချက်များမှာ ၎င်းတို့၏ ဓနအင်အား၊ မိဘနှင့်သားသမီးကြားဆက်ဆံရေးတို့နှင့်သာဆိုင်သည်။ သို့ရာတွင် မင်္ဂလာဆောင်ခဲ့ဖူးသူ တစ်ခုလပ်ဖြစ်ခဲ့လျှင်မူ တင်တောင်းရန် မတန်ဟု ခွဲခြားကြပြန်သေးသည်။ မြန်မာများကမူ တင်တောင်းသောငွေနှင့်ပတ်သက်၍ မည်သို့သုံးစွဲရမည်ဟူ၍ စည်းကမ်းအတိအကျသတ်မှတ်ထားခြင်း မရှိပေ။ မင်္ဂလာဆောင်သောအခါ ထိုငွေမှာ သတို့သားအတွက် မရှင်းမရှင်းဖြစ်ရသည်။ တင်တောင်းသောငွေကိုသတို့သားသတို့သမီးရှေ့ရေးအတွက် တစ်ခါတည်းလက်ဖွဲ့ပြန်ပေးလိုက်ခြင်းပေလော၊ မင်္ဂလာဧည့်ခံပွဲစားရိတ်ထဲ တစ်ပေါင်းတည်းတွက်ရခြင်းလော၊ မင်္ဂလာစရိတ်နှင့်သီးခြားစီပေးအပ်ရခြင်းလော မရှင်းလှပေ။ သူ့အရပ်သူ့ဇာတ်လုပ်နည်းလုပ်ဟန်များလည်းရှိသေးသည်။ ဓလေ့ဆိုသည်မှာလူတို့က တီထွင်ခြင်းသာဖြစ်ရာ အချိန်ကာလပြောင်းလာသည်နှင့်အမျှ ယဉ်ကျေးမှုထုံးစံများလည်းပြောင်းလာသည်။

မင်္ဂလာကိစ္စနှင့်ပတ်သက်၍ မှတ်မိသမျှ မယ်မွှေးတို့အရပ်တွင် ထူးခြားစွာပင် တင်တောင်းမှ မြတ်သည်ဆိုသော ကိစ္စမျိုးမရှိခဲ့ပေ။ သူတို့ရွာက မိန်းကလေးများသည် ဆင်းရဲချမ်းသာမဟူ ကောက်စိုက်ပျိုးနှုတ်၊ ဓနိဖက်ထိုးကာ ရာသီအလိုက်အလုပ်လုပ်ကြရသည်။ မရှိဆင်းရဲ လယ်သူမများမှာ လယ်ကွက်ထဲကောက်စိုက်ရသလို လယ်ရှင်သမီးသည် မိုးအခါ ကောက်စိုက်သမများစားရန် မိုးထဲရေထဲ လယ်တဲတွင် ထမင်းအိုးကြီး၊အိုးကလေးလိုက်ချက်ရသည်။ ထမင်းစားချိန်တွင် ကောက်စိုက်သမများကို ဟင်းတစ်မျိုးကျွေးပြီး ကိုယ်က ပိုကောင်းသော ဟင်းဖြင့် စား၍မရ။ နွေအခါသံလွင်မြစ်ဝရှိကျွန်းများပေါ်ပေါက်သော ဓနိကို မော်လမြိုင်တမြို့လုံးကသွပ်ခေါင်မိုးမဟုတ်သောအိမ်များမိုးရန် ဖက်ထိုးကြရ၏။ မွန်အိမ်ခြေတံရှည်ကြီးများအောက်တွင် အပျိုအအို အတူတူပင်အလုပ်လုပ်ကြရ၏။ ဓနိဖက်ကျွန်းရှင်သမီးနှင့် သူတို့အိမ်အောက်ဖက်ထိုးရုံတွင် ဓနိဖက်ပြစ်လာထိုးသော အပျိုမကလေးမှာလည်းသူငယ်ချင်းများပင်။ ဇာတ်ပွဲအတူသွားကြသည်။ ဝတ္ထုစာအုပ်လဲလှယ်ဖတ်ကြသည်။ ရေဒီယိုဇာတ်လမ်းများအတူနားထောင်ကြသည်။ လင်ယူသောအခါ သူတို့အားလုံးသည် စနစ်တမျိုးတည်းကိုသာကျင့်သုံးသည်။ အားလုံးခိုးရာလိုက်ကြလေသတည်း။ သူတို့အရပ်တွင် မိန်းကလေးမွေးလာသောအခါ ဖျာခင်းကလေးဟု ချစ်စနိုးခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော်မင်္ဂလာစရိတ်ကို မိန်းကလေးဘက်က တစ်ပြားမှထုတ်ရန်မလိုဘဲ ယောကျ်ားကလေးဘက်မှ အစအဆုံးခေါင်းခဲကြရသောကြောင့်ဖြစ်သည်။ မိန်းကလေးရှင်အဖို့မှာကား အိမ်ကြီးအိမ်ကောင်းမှာ ဖျာခင်းပြီးဧည့်ခံဖို့စောင့်ဆိုင်းနေရုံသာ။

သို့ရာတွင် သမီးရှင်များအတွက် ခိုးရာလိုက်ခြင်းနှင့် တင်တောင်းခြင်းကို မည်သို့မျှမခြားနားဘဲ လက်ခံခဲ့ကြသည်။ ရွာကလေးမှာ တစ်ယောက်ကိုတစ်ယောက်သိသည်။ ရွာတောင်ပိုင်းက ရွာမြောက်ပိုင်းက ဘယ်သူဘယ်ဝါ့ သားသမီးဆိုသည်နှင့်တစ်ရွာလုံးသိလေသည်။ သို့ဖြစ်ရာ ခိုးယူယူတောင်းယူယူ ဒီမိ ဒီဘ၏ သားပဲဖြစ်သည်။မခြားနားလှ။ ထို့အတွက်ကြောင့် ခိုးရာလိုက်သောအခါ မည်သူကမျှလည်းစကားတင်းမဆို၊ ဘယ်နေ့ပြန်အပ်မလဲ ဆိုတာလောက်နှင့်ကိစ္စပြီးသည်။ တင်တောင်းခြင်းဆိုသောကိစ္စမှာ သူတို့ရွာတွင် ၁၉၉၀နောက်ပိုင်း ထိုင်းဘက်သို့ရွှေ့ကြပြောင်းကြအလုပ်လုပ်ကြသောအချိန်တွင်တဖန်ပြန်ခေတ်စားလာသောကိစ္စဖြစ်၏။ အဝေးတွင်သွားရောက်ကာ အလုပ်လုပ်နေသော ရည်းစားသူသည် ငွေထုတ်ပိုက်မိကာ ပြန်လာသည်ဟု ပြလိုကြသောအချိန်တွင် တင်တောင်းသောကိစ္စကိုအရေးတယူလုပ်လာကြပြန်သည်။ ယခင်ကတော့ မင်္ဂလာဆောင် တစ်ရာဆိုရင် တင်တောင်းတဲ့သူက တစ်ယောက်စနှစ်ယောက်စ၊ ယခုအခါမှာ လူကပြောင်းစေလိုသောအခါ ဓလေ့တို့ကပြောင်းလေပြီ။ မွန်ပြည်နယ်ဘက်ကအိမ်တွေသည် အိမ်ဆောက်လျှင်လူနေဖို့ချည်းရည်ရွယ်သည်မဟုတ်ပေ။ အလှုအတန်းနှင့်အခမ်းအနားလုပ်ရန်ပါ ထည့်စဉ်းစားပြီးဆောက်သည်။ ယခုအခါ တင်တောင်းခြင်းနှင့်ဟိုတယ်မှာ ဧည့်ခံခြင်းခေတ်စားလာသောအခါ အိမ်ကြီးကြီးများ၏ အရေးပါမှုကိုလည်းတပြေးညီတည်းလက်ခံကြတော့သည်မဟုတ်ပေ။

မယ်မွှေး၏ ကလေးဘာသာဘာ၀ အမြင်တွင်မူ ခိုးရာလိုက်ပြီးပြန်အပ်သော မင်္ဂလာဆောင်နည်းကိုပိုသဘောကျ၏။ အဘယ်ကြောင့်ဆိုသော် သူတို့အရပ်ဓလေ့တွင် မင်္ဂလာဆောင်သောနေ့၌ မောင်ရင်မောင် မမယ်မဝတ္ထုထဲကလိုပင် ယောကျ်ားကလေးအိမ်မှာ ဆွေမျိုးညာတိလူကြီးများစုရုံးကာ လူတန်းရှည်ကြီးပြုလျှက် ရှင်လောင်းလှည့်သဖွယ် သတို့သမီးအိမ်ကို ထွက်ခွာလာရသည်။ ခိုးရာလိုက်လာသောသတို့သမီးကိုပြန်အပ်သောနေ့ မင်္ဂလာဆောင်နေ့တွင် လူကြီးမိဘများက ရှေ့မှ ဖလားပိုက်ကာ ဆံမန်းပေါက်ပေါက်ကျဲလျှက် နောက်တွင် သတို့သမီး၏ အဖော် အပျိုများက သတို့သမီးကိုဝန်းရံလျှက်၊ သတို့သားအဖော် ဘက်စ်မန်းများက သတို့သားကိုဝန်းရံလျှက် သတို့သမီးအိမ်သို့သွားရာလမ်းတစ်လျှောက်စီတန်းသွားကြသည်။ ထိုအခါ ကလေးလူကြီးများအိမ်သားအကုန်လမ်းပေါ်ထွက်ကြည့်လျှက် သတို့သမီးလှမလှကိုသုံးသပ်ကြကုန်၏။ ထိုအခါမျိုးတွင် မယ်မွှေးသည် လည်တဆန့်ဆန်ဖြင့် နာရီဝက်လောက်ကြိုကာ အိမ်ရှေကစောင့်မျှော်လျှက် လူတန်းကြီးကိုတွေ့လျှင် သတို့သမီးသတို့သားလာပြီဟေ့ဟု အိမ်ထဲသို့ကုန်းအော်၏။ ထိုအတွေ့အကြုံမှာ သတို့သားက တင်တောင်းယူသော သတို့သမီးမျိုးတွင် မကြုံရသောကြောင့် ကလေးပီပီမကျနပ်ချေ။ အစဉ်အလာအရတင်တောင်းသောကိစ္စမျိုးတွင် သတို့သမီးမှာ အလှပြင်ပြီးလျှင် အိမ်မှသာ သတို့သားဘက်ကလာသောလူတန်းကိုစောင့်ကြိုရသည်။ ထို့ကြောင့် မယ်မွှေးသည် တင်တောင်းရသောမင်္ဂလာဆောင်ကိုမကြိုက်ချေ။ အကြောင်းမှာ အိမ်ရှေ့ကဖြတ်သွားသော ဝတ်ကောင်းစားလှဖြင့်လူတန်းကြီးတွင် သတို့သမီးမပါသည်က ဟာတာတာဖြစ်စေသောကြောင့်ဖြစ်သည်။

သူတို့အရပ်ဓလေ့အရ မယ်မွှေးမှာ အပျိုပေါက်ကလေးဖြစ်လာသောအခါ ဆွေမျိုးမင်္ဂလာဆောင်များက သူ့ကို တက်တောင်း (မွန်ရိုးရာ မင်္ဂလာကန်တော့ပွဲ) ကိုအရွက်ခိုင်းကြ၏။ မင်္ဂလာဆောင်တွင် အုန်းပင်ပေါက်လတ်လတ်ကို ငှက်ပျော၊ကွမ်းအစရှိသည်တို့ ရံထားသော ပွဲသည် မပါလို့မဖြစ်ပေ။ အုန်းပင်ပေါက် စိမ်းစိမ်းမဟုတ်လျှင် အုန်းလက်အစို့မလတ်လျှင် အနာဂတ်တွင် ညှိုးငယ်ခြင်းသဘောပါမည်စိုးကာ မကြိုက်တတ်ကြ။ ထိုအုန်းပင်ပေါက်က စို့ပြူနေသော အုန်းလက်တွင် လက်ကိုင်ပုဝါဖြူကို ငွေအကြွေနှင့် လိပ်ပြီးချည်ထားသည်။ ထိုငွေနှင့်လက်ကိုင်ပုဝါမှာ တက်တောင်းရွက်ပေးသော သူငယ်မကိုပေးရန်ဖြစ်ရာ မယ်မွှေးကားသူ့ကို တက်တောင်းရွက်ခိုင်းသောအခါမျိုးတွင် ထိုလက်ကိုင်ပုဝါခေါက်ထဲတွင် ပိုက်ဆံများများထည့်ပေးပါစေဟုဆုတောင်းနေလေ့ရှိသည်။ အမျိုးထဲတွင် သူသာခဏခဏ အလှည့်ကျကာ ကန်တော့ပွဲရွက်ပေးရခြင်းအကြောင်းကား ရုပ်ကလေးသနားကမားဖြစ်ခြင်း တစ်ခုတည်းကြောင့့််မဟုတ်ချေ။(သည်လိုအရေးအသားမျိုးကိုသည်းခံပါအဆွေ) ထိုကန်တော့ပွဲကိုရွက်ရန် အရည်အချင်းပြည့်မီသော ကရိုင်တီးယားများ (criteria)မှာ ဘာမှမလုပ်ရပါဘဲ ပြည့်စုံနေသောကြောင့်ဖြစ်သည်။ အယူသည်းသည်ဟုလည်းဆိုနိုင်သောထိုအချက်များတွင် တက်တောင်းရွက်ပေးမည့် အပျိုစင်သူငယ်မ၏ မိဘများမှာ ငယ်လင်ငယ်မယားဖြစ်ရမည်ဖြစ်သည်။ မကွဲကွာဖူးသော ထိုစုံတွဲမှာမွေးလာသော သမီးဦးသည် တက်တောင်းကို ရွက်ရန် အော်တိုအခွင့်အရေးရလေသည်။ မယ်မွှေးကား ထိုကန်တော့ပွဲကိုဇက်ကြီးတောင့်လောက်အောင်ရွက်ပေးရသော်လည်း သူ့ကို ခိုးရာလိုက်သော စုံတွဲအိမ်မှလည်းကောင်း၊ တောင်းယူသောစုံတွဲအိမ်မှလည်းကောင်း တညီတညာတည်းသာ ပိုက်ဆံထည့်ပေးကြရာ အပျိုပေါက်စန တစ်ယောက်စာမုန့်ဖိုးသာ။ ဘယ်တော့မှ ငါးကျပ်ထက်မပိုချေ။ မယ်မွှေးကားသီတင်းကျွတ်သော် ရွာမင်္ဂလာဆောင်ကိုလွမ်းလှသည်။ သို့သော်သူသည် တက်တောင်းရွက်ရမည့်အရွယ်မဟုတ်တော့ပေ။ ယောကျ်ားလည်းတင်တောင်းရန်မလိုတော့။ တင်တောင်းတာကိုလည်းမကြိုက်သည်နှင့် အခွင့်ကြုံတုန်းသည်စာကိုရေးလိုက်သည်။