မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၁၀ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၁၀ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဧပြီ ၁၁၊ ၂၀၂၂
ဧပြီလ ၁၀ ရက် - မပျော်ရတဲ့ သင်္ကြန် တနည်းအားဖြင့် သပိတ်မှောက်တဲ့ သင်္ကြန်
နှစ်စဥ် မြန်မာ့ရိုးရာလို့ သတ်မှတ်ပျော်ရွှင်ကြတဲ့ သင်္ကြန်ပွဲတော်က ၂၀၂၀ ခုနှစ်က စလို့ ကိုဗစ် ရောဂါကူးစက်မှုကန့်သတ်ချက် သဘာဝဘေးစီမံ ဥပဒေအမိန့်တွေ ထုတ်ပြန်ပြီး မကျင်းပခဲ့ရတာ နှစ်များစွာအတွင်း ပထမဆုံးအကြိမ် တနိုင်ငံလုံးနီးပါး သင်္ကြန်မကျင်းပဖြစ်ခဲ့တာပါ။
တဖန် မနှစ်က စစ်အာဏာသိမ်းပြီးနောက်မှာ လူအများအပြား ဆန္ဒပြမှုကြောင့် မြို့တွေမှာဖြစ်ပွားတဲ့ ခုခံမှုတွေမှာ စစ်တပ်နဲ့ ရဲတွေရဲ့ ဖြိုခွင်းမှုကြောင့် လူရာချီ အသက်ဆုံးရှုံးခဲ့ကြရလို့ သင်္ကြန်ကို မကျင်းပဘဲ အသက်ဆုံးရှုံးသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ တိတ်ဆိတ်စွာ ဖြတ်သန်းခဲ့ကြပါတယ်။
အခုနှစ်မှာလည်း စစ်အာဏာသိမ်းပြီး တနှစ်ကျော်အကြာ ခုခံမှု လက်နက်ကိုင် တိုက်ခိုက်မှုတွေ အသက်ဆုံးရှုံးမှုတွေ ပိုပြီးများပြားလာနေတာ မိမိတို့ နေအိမ်တွေ ကျေးရွာတွေကနေ တိမ်းရှောင်နေရသူ သိန်းနဲ့ချီရှိနေတဲ့ အခြေအနေမှာ သင်္ကြန်ကို မကျင်းပဖို့ နိုင်ငံရေးအဖွဲ့တွေက ဆိုရှယ်မီဒီယာက တဆင့် နှိုးဆော်ခဲ့ကြပါတယ်။
အမှန်တကယ်တော့ ပြည်တွင်းမှာ လူအများစုက စားဝတ်နေရေးနဲ့ လက်နက်ကိုင် တိုက်ပွဲတွေရဲ့ ဂယက်နဲ့ သင်္ကြန်ကို ကျင်းပဖို့ထက် အသက်ဘေးနဲ့ အသက်ရှင်ရေးကို ပိုဦးစားပေးနေကြရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ အထက်တန်းအလွှာ၊ လူလတ်တန််းစား အလွှာနဲ့ အုပ်ချုပ်သူ အပေါ်ပိုင်းက သူတွေသာ လူးသာလွန့်သာ ရှိကြတာ ဖြစ်ပြီး လူများစုက ခါတိုင်းအနေအထားလို ငွေကြေးသုံးစွဲနိုင်တဲ့ အခြေအနေ နောက်ဆံမတင်းဘဲ ပျော်နိုင်တဲ့အခြေအနေမျိုး မဟုတ်ကြပါဘူး။
သင်္ကြန်က တချို့သော တိုင်းရင်းသားဒေသတွေမှာတော့ ကိုးကွယ်မှု ဘာသာရေးနဲ့ လူမျိုးစု ယဥ်ကျေးမှုကွဲပြားမှုကြောင့် အရင်ကတည်းက အလုပ်ပိတ်ရက် အားလပ်ရက်အနေနဲ့သာ နားလည်ကြတာမျိုးလည်း ရှိပါတယ်။ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ ဗမာ၊ ရခိုင်၊ ရှမ်း၊ ပအို့ဝ် ပလောင်တို့လို လူမျိုးစုတွေကတော့ ဘုန်းကြီးကျောင်းသွားပြီး ဥပုသ်စောင့် တရားနာကြတာမျိုးရှိပေမယ့် ခရစ်ယာန်ဘာသာ ကိုးကွယ်တဲ့ တိုင်းရင်းသားဒေသတွေမှာတော့ သင်္ကြန်ပွဲတော်ရယ်လို့ ထူးထူးခြားခြား သတ်မှတ် ပျော်ရွှင်ကြတာ မတွေ့ရပါဘူး။
မနှစ်ကနဲ့ ဒီနှစ်ကတော့ နိုင်ငံရေး ရာသီဥတုက အဆိုးရွားဆုံးကာလ ဖြစ်ပြီး အခုလို အချိန်မှာ စစ်အာဏာသိမ်းမှုနဲ့ စစ်ပွဲတွေကြောင့် ဒုက္ခတွင်းထဲ ရောက်နေကြရတာမို့ ထူးထူးခြားခြား မလှုံ့ဆော်သည့်တိုင် လူအများစုက ပျော်ပွဲရွှင်ပွဲ ကျင်းပဖို့ အခွင့်မသာကြတာလည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှု တနှစ်တိတိပြည့်တဲ့နေ့က အပြင်မထွက်ဖို့ လှုံ့ဆော်တဲ့ Silent Strike လိုမျိုး၊ အခု သင်္ကြန်ကို သပိတ်မှောက်ပြီး မပါဝင်ကြဖို့ နှိုးဆော်မှုမျိုး တွေက အကြမ်းမဖက်တဲ့ နိုင်ငံရေးနည်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ လူထုရဲ့ ပါဝင်မှုကို လျော့ကျမသွားအောင် နှိုးဆော်နေတဲ့ နည်းလမ်းတွေထဲက တခုလည်း ဖြစ်ပါတယ်။
ဒီလိုစည်းရုံးရေး နည်းလမ်းတွေကို သုံးပြီး လူထုကို လှုံ့ဆော်တာ ထောက်ခံမှု လျော့ကျမသွားအောင် လုပ်တာ အင်အားရှိနေကြောင်း ပြတာတွေက ကောင်းတဲ့ နည်းလမ်းမို့ ကိုင်စွဲလုပ်ဆောင်သင့်တာ အမှန်ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီလို သပိတ်မှောက်ရာမှာ မပါဝင်နိုင်တဲ့သူ သို့မဟုတ် မပါဝင်သေးတဲ့သူတွေကိုလည်း စည်းရုံးတဲ့ နည်းလမ်းနဲ့ ဆွဲဆောင်သိမ်းသွင်းရဖို့လည်း လိုပါတယ်။ အဲဒီလိုမဟုတ်ဘဲ မပါဝင်နိုင်သူတွေ၊ မပါဝင်သူတွေကို လူမှုဒဏ်ခတ်တယ်ဆိုပြီး ရှုတ်ချတာ တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ရင် စည်းရုံးရေးကျဆင်းတာ ကြားနေသူတွေကိုပါ တဖက်ကို ရောက်သွားအောင် တွန်းပို့သလိုမျိုး ဖြစ်စေနိုင်တယ်ဆိုတဲ့အချက်ကိုလည်း သတိပြုသင့်ပါတယ်။
တကယ်တော့ သင်္ကြန်ကာလ နှစ်ဆန်းတရက်လိုနေ့မျိုးမှာ သက်ကြီးရွယ်အိုတွေကို ခေါင်းလျှော်သန့်စင်ပေးတာမျိုးတွေ လုပ်ဆောင်တဲ့ အလေ့အထရှိကြပြီး အခုလို အခါမှာတော့ သင်္ကြန်ကာလမှ စစ်ဘေးရှောင်နေကြရတဲ့ သက်ကြီးရွယ်အိုတွေ ၊ ကလေးငယ်တွေ ကလေးမိခင်တွေကို လုပ်အားနဲ့ ဖြစ်စေ၊ ရုပ်ဝတ္တု နဲ့ဖြစ်စေ စိတ်ပိုင်းဆိုင်ရာ ဖြစ်စေ စုပေါင်းပြီး ကူညီနိုင်မယ့် နည်းလမ်းတွေ ရှာဖွေ လုပ်ဆောင်ကြတာမျိုးလည်း လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။
သင်္ကြန်လိုကာလမျိုးမှာ မိမိတို့ ထောက်ခံတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ အရေး အောင်မြင်ဖို့ရာအတွက် အမြင်မတူတဲ့သူတွေကို တိုက်ခိုက်တာ ရှုတ်ချတာထက် ရည်ရွယ်ချက်တူသူချင်း အကူအညီလိုအပ်နေသူတွေကို ကူညီဖို့ ပူးပေါင်းဆောင်ရွက်မှုမျိုးပိုမို များပြားလာအောင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ယူဆမိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar