Breaking News

လှကျော်ဇော - မဲခေါင်မြစ်ဝှမ်းနိုင်ငံများ




လှကျော်ဇော - မဲခေါင်မြစ်ဝှမ်းနိုင်ငံများ

(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၂၀

တရုတ်ပြည် တိဘက်ကုန်းမြေမြင့်က မြစ်ဖျားခံပြီး တောင်ပိုင်းကို စီးဆင်းလာတဲ့ လန်ချန်းမြစ်ဟာ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံများကို ဖြတ်စီးတဲ့အခါ မဲခေါင်မြစ်လို့ အမည်တွင်ပြီး တောင်တရုတ်ပင်လယ်တွင်း စီးဝင်သွားပါတယ်။ ဒီမြစ်ဟာ ကီလိုမီတာ ၄၃၅၀ မိုင်အရဆိုရင် ၂၇၀၀ ကျော်ရှိပြီး အရှေ့တောင်အာရှမှာ အရှည်ဆုံးမြစ်ပါ။

ပထဝီအနေအထားအရ အရေးပါတဲ့အပြင် ရေအရင်းအမြစ်တွေ အတော်များပြီး သိပ်လည်းထုတ်ယူတာတွေ မရှိသေးတော့ နိုင်ငံတကာကရင်းနှီးမြှုပ်နှံသူများရဲ့ မျက်စိကျခြင်းခံရပြီး ဟိုအစောပိုင်း (၁၉၅၀-၆၀) ကတည်းက မဲခေါင်မြစ်ကော်မရှင် (Mekong River Commision.M.R.C) ဆိုတာ ပေါ်ခဲ့ပြီး မဲခေါင်မြစ်အောက်ပိုင်း နိုင်ငံ ၄ နိုင်ငံ (လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်) နဲ့ ရေအားလျှပ်စစ်လုပ်ငန်းများ အစရှိတဲ့လုပ်ငန်းတွေ လုပ်ဆောင်နေကြတာပါ။ သိပ်အလုပ်မဖြစ်လှပါဘူး။

၂၀၁၄ ခုနှစ်မှာ တရုတ်က ရှေ့ဆောင်ရှေ့ရွက်ပြုပြီး အဲဒီနိုင်ငံများအပါ (၆ နိုင်ငံပေါင်း)၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(Lancang-Mekong Cooperation.LMC) ဆိုတာ ဖွဲ့စည်းခဲ့ပါတယ်။ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဒေသခွဲအတွင်း ပူးပေါင်းဆောင်ရွက်ရေးယန္တရားသစ် တည်ဆောက်လိုက်ပြီး ရေအရင်းအမြစ်များ ပူးတွဲသုံးစွဲရေး၊ နိုင်ငံအချင်းချင်းအကြား ဘက်ပေါင်းစုံဆက်သွယ်ရေးဆိုင်ရာ လမ်းကြောင်းအသီးသီး တည်ဆောက်ရေး စတာတွေ အတော်မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်လိုက်တဲ့အတွက် အဲဒီဒေသတွင်းနိုင်ငံများက ပြည်သူများအတွက် သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေ ရရှိခဲ့တယ်လို့ ပြောဆိုတာတွေလည်း ကြားသိနေရပါတယ်။

ဒီအဖွဲ့ရဲ့လုပ်ငန်းများကို ပြန်လည်ဆန်းစစ်ထိန်းညှိဖို့၊ ၆ နိုင်ငံ ထိပ်သီးအစည်းအဝေးတွေ သင့်တော်စွာ (အလှည့်ကျ ပူးတွဲသဘာပတိ)နိုင်ငံတွေမှာ ကျင်းပလေ့ရှိပါတယ်။

၂၀၁၉ ခုနှစ် နွေရာသီအတွင်း တချို့မြစ်အောက်ပိုင်းနိုင်ငံများ (လာအို၊ ကမ္ဘောဒီးယား) မှာ မကြုံစဖူး မိုးခေါင်ရေရှား ဖြစ်လာတဲ့အခါ တချို့ အနောက်နိုင်ငံ သတင်းမီဒီယာများက မြစ်အထက်ပိုင်း တရုတ်ပြည်က ရေကာတာတွေကြောင့်လို့ စွပ်စွဲလာတာလည်း ရှိနေပါတယ်။

တကယ်လည်း တရုတ်ပြည်ဘက်က ဆောက်ထားတဲ့ စွမ်းအင်ထုတ်ယူတဲ့ ရေကာတာကလည်း အများသား။ ဒီနှစ်ဆန်းမှာ စတင်ဖြစ်ပွားလာတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဘေးအတွင်း ဒီ ၆ နိုင်ငံအချင်းချင်းအကြား အပြန်အလှန် အထောက်အကူပြုလုပ်ငန်းတွေကြောင့် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်လိုက်နိုင်မှုက အာရှတိုက်အတွက် အတော်အကျိုးပြုလိုက်နိုင်ကြောင်း ပြောဆိုတာတွေလည်း ကြားသိရပါတယ်။ ဒီကနေ ကပ်ဘေးအလွန် စီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်ရေးအစီအစဉ်များကိုလည်း တိုးတက်လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ဒါတွေ ဆက်လုပ်စရာတွေ ရှိကြောင်းလည်း သိရပါတယ်။

ဒါတွေကို ပြန်ထိန်းညှိဖို့ တတိယအကြိမ်မြောက် လန်ချန်း မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစည်းအဝေးကို သြဂုတ်လ ၂၄ ရက်နေ့ ဗွီဒီယိုအစီအစဉ်နဲ့ ကျင်းပခဲ့ကြပါတယ်။ တရုတ်ဝန်ကြီးချုပ်နဲ့ အလှည့်ကျ ပူးတွဲသဘာပတိ လာအိုဝန်ကြီးချုပ်တို့ ဦးစီးတဲ့ ဒီအစည်းအဝေးမှာ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် ဝန်ကြီးချုပ်များ ပါဝင်ပြီး ဗမာပြည်ကတော့ သမ္မတဦးဝင်းမြင့် ပါဝင်တာ တွေ့ရပါတယ်။

တရုတ်ဝန်ကြီးချုပ် လီခက်ချန်က အဖွင့်မိန့်ခွန်းပြောရာမှာ အရေးကြီးအချက် ၂ ရပ် ပါဝင်ပါတယ်။

၁။ တရုတ်ပြည်က မိမိတို့ရဲ့ ရေအားသုံးလုပ်ငန်းဆိုင်ရာ အချက်အလက်များ (hydrological data) ကို ကျန်နိုင်ငံများကို မျှဝေပေးမယ်။ (ဒါဟာ သမိုင်းဝင်မယ့် အချက်ပါ။ ရေအရင်းအမြစ်တွေ သုံးစွဲရာမှာ (အထူးသဖြင့် နိုင်ငံအများကို ဖြတ်သန်းစီးဆင်းတဲ့ မြစ်များအတွက်) တရားမျှတမှုရှိရေး၊ ပွင့်လင်းမြင်သာမှု ရှိရေးအတွက် အတော်အထောက်အကူပြုလိုက်ပါတယ်။)

၂။ တရုတ်ပြည်က ထုတ်လုပ်မယ့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို မဲခေါင်မြစ်ဝှမ်းနိုင်ငံများကို ဦးစားပေး မျှဝေမယ် ဆိုတာပါပဲ။

အရေးပေါ်အခြေအနေများ (ကျန်းမာရေး၊ သဘာဝဘေး) မှာ ပူးပေါင်းဖြေရှင်းရေးများအတွက်လည်း နည်းလမ်းများ ရှာကြမယ်။ ဒါ့အပြင် အဲဒီနိုင်ငံများက ထွက်ရှိတဲ့ (အဆင့်မီ) လယ်ယာထွက်ကုန် အမျိုးမျိုးကိုလည်း တိုးမြင့်ဝယ်ယူသွားမယ်--တဲ့။

ဒီလိုနည်းတွေနဲ့ဒီဒေသခွဲ ပူးပေါင်းဆောင်ရွက်ရေးယန္တရားကို ပိုမိုသွက်လက် အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် ဒီနှစ်အကုန်မှာ အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်အောင် ကြိုးစားနေတဲ့ အေစီယံ ၁၀ နိုင်ငံ + ၆ နိုင်ငံ (တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား သြစတျေးလီးယား၊ နယူးဇီလန်၊ ယာယီနုတ်ထွက်ထားတဲ့ အိန္ဒိယ) ပါဝင်တဲ့ (Regional Comprehensive Economic-Partnership.R.C.E.P) အတွက် တွန်းအားဖြစ်စေနိုင်တယ် တဲ့။

ဒါ့အပြင် တခြားစီမံကိန်းကြီးတွေဖြစ်တဲ့—

၁။ တရုတ်-လာအို ရထားလမ်း တည်ဆောက်ရေး

၂။ တရုတ်-ထိုင်း ရထားလမ်း တည်ဆောက်ရေး

၃။ ကမ္ဘောဒီးယား-သီဟာနုဗေးလ်မြို့တော် တည်ဆောက်ရေး

၄။ မြန်မာနိုင်ငံ-ကျောက်ဖြူရေနက်ဆိပ်ကမ်းတည်ဆောက်ရေး

တွေကိုလည်း အရှိန်မြှင့်လုပ်ဆောင်ရမယ် တဲ့။

ကျန်ခေါင်းဆောင်များကလည်း တရုတ်ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းကို မိမိတို့တိုင်းပြည်အခြေအနေများနဲ့အညီ ထောက်ခံသင့်တာ ထောက်ခံ၊ဖြည့်စွက်သင့်တာ ဖြည့်စွက်ဆွေးနွေးကြပြီး အထူးသဖြင့် ရေအရင်းအမြစ် သုံးစွဲရေးဆိုင်ရာ လုပ်ငန်းများနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာလုပ်ငန်းများမှာ ပူးပေါင်းလုပ်ဆောင်ရေး ပိုမိုတိးတက်လာစေရေးအတွက် အကြံပေးတာတွေ ရှိပါတယ်။ ဒီအစည်းအဝေးတွေမှာ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ယုံကြည်မှုတွေကို တည်ဆောက်နိုင်အောင် ကြိုးစားရာမှာ အရေးအကြီးဆုံးက တန်းတူညီမျှရေးအပေါ် အခြေခံတဲ့ အကျိုးကျေးဇူးတွေကို ညီတူမျှတူ ခွဲဝေရေးပါ။

ဒီလိုမှသာ ဒေသတွင်း တိုင်းပြည်များရဲ့ အားကောင်းချက်များကို ပိုမိုထွန်းကားစေနိုင်ပြီး ဒေသတခုလုံးရဲ့ ဘုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပါ ဖြစ်စေနိုင်ပါလိမ့်မယ်။

ဒီကမှတဆင့် အာရှတိုက်တခုလုံးပါ ပါဝင်လာနိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှုအမျိုးမျိုးကို တိုးလုပ်နိုင်လာမှာပါ။ ဒါဟာ တရုတ်ရဲ့ တကမ္ဘာလုံးဆိုင်ရာ သေနင်္ဂဗျူဟာခြေလှမ်းဖြစ်တဲ့ ကံကြမ္မာတွေကို မျှဝေထားတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်ရေးရဲ့ပုံစံများ (နည်းနာများ) ဖြစ်ဟန်ရှိပါတယ်။

ဒီဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အောင်မြင်မှုနောက်မှာ အလွန်အရေးကြီးတဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ အောင်မြင်မှုတရပ်လည်း ရှိနေပါတယ်။ ဒါကတော့ တကြိမ် တခါက နာမည်ကျော် ရွှေတြိဂံဒေသရဲ့ မူးယစ်ဆေးဝါးလုပ်ငန်းရပ်ကြီးတခုလုံး ချုပ်ငြိမ်းသွားတဲ့ ကိစ္စရပ်ပါ။ အထူးသဖြင့် အဲဒီဒေသက ဘိန်းစိုက်ပျိုးရေးလုပ်ငန်းနဲ့ အဲဒီလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ဒုစရိုက်လုပ်ငန်း အတော်များများကို ဖြိုပစ်လိုက်နိုင်ပါတယ်။

ရွှေတြိဂံနယ်မြေဆိုတာ အဲဒီမဲခေါင်မြစ် ၃ နိုင်ငံအကြား (မြန်မာ၊ လာအို၊ ထိုင်း) ကွေ့ပတ်စီးဆင်းတဲ့ နေရာလေးပါ။ အဲဒီဒေသဟာ မင်းမဲ့ဒေသပါ။ တနိုင်ငံက လိုက်ဖမ်းရင် တဖက်ကမ်း (နိုင်ငံခြား) ထွက်ပြေး တိမ်းရှောင်လိုက်နဲ့၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြေးတမ်းလိုက်တမ်း ကစားနေကြတဲ့ မူးယစ်ဆေးဝါး ဘိန်းဘုရင်အမျိုးမျိုး ကျက်စားခဲ့တဲ့နေရာ ဖြစ်ပါတယ်။ ထုံးစံအတိုင်း ဒေသဆိုင်ရာ အရာရှိများလည်း အနည်းအများ ပါဝင်ပတ်သက်နေကြပါတယ်။ မဲခေါင်မြစ်တလျှောက် ကူးသန်းသွားလာရောင်းဝယ်နေကြတဲ့ ရေယာဉ်သင်္ဘောတွေအားလုံးလောက်နီးနီး အဲဒီဘိန်းဂိုဏ်းတွေကို ဆက်ကြေးအမျိုးမျိုး ပေးနေရတာပါ။

မြန်မာပြည်က လော်စစ်ဟန် တို့၊ ခွန်ဆာ တို့ တကြိမ် တခါက ကြီးစိုးခဲ့တဲ့ နေရာတွေပေါ့။ ထို့အတူ ထိုင်း တို့၊ လာအိုတို့မှာလည်း ဒီလိုမျိုးဂိုဏ်းတွေ ရှိခဲ့ဖူးတယ်။ ၁၉၅၀ ပြည့်နှစ်များကတည်းက စခဲ့တဲ့ အမေရိကန် စီအိုင်အေ (ဆီတိုး)အဆက်၊ ယူနန်က ထွက်ပြေးလာတဲ့ ကူမင်တန် အဆက်များပါ။ ထုံးစံအတိုင်းပဲ သက်ဆိုင်ရာနိုင်ငံအသီးသီးက ရဲအဖွဲ့တွေ၊ စစ်တပ်တွေနဲ့လည်း အဆက်အစပ်တွေ ရှိကြပါတယ်။ ဒီအဖွဲ့တွေဟာ မူးယစ်ဆေးဝါးလုပ်ငန်းများကို အကြီးအကျယ်လုပ်ကြရုံမက မဲခေါင်မြစ်တလျှောက် ရေလမ်းကြောင်းကို လွှမ်းမိုးထားပါတယ်။ အဲဒီဒေသတဝိုက်က လက်နက်ကိုင်အဖွဲ့အစည်း အမျိုးမျိုးလည်း အကြောင်းပြချက် အမျိုးမျိုးနဲ့ ပါဝင်နေကြပါတယ်။ နောက်ပိုင်းမှာ ဘိန်းလုပ်ငန်းများသာမက၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းများ၊ လက်နက် မှောင်ခိုလုပ်ငန်းများ၊ လူမှောင်ခိုလုပ်ငန်းများ စသဖြင့် ရာဇဝတ်လုပ်ငန်း အမျိုးမျိုးနဲ့ တရားမဝင် လူဆိုးဂိုဏ်းတွေ ပွတက်နေတဲ့ဒေသ ဖြစ်လာနေပါတယ်။ ဘယ်နိုင်ငံအစိုးရကမှ ဖြစ်ဖြစ်မြောက်မြောက် မဖြေရှင်းနိုင်ခဲ့ပါဘူး။

၂၀၁၁ ခုနှစ်မှာ မဲခေါင်မြစ်အတွင်း ကုန်ရောင်း ကုန်ဝယ် အစုန်အဆန်သွားနေတဲ့ တရုတ်စက်လှေ ၂ စီး အတိုက်ခံရပြီး သင်္ဘောသား ၁၃ ယောက်စလုံး အသတ်ခံလိုက်ရပြီး ရေထဲ ပစ်ချတာ ခံလိုက်ရပါတယ်။ လူမပါဘဲ မျောနေတဲ့ စက်လှေ ၂ စီးကို ထိုင်းရဲတွေက သူတို့နယ်ထဲမှာ ရှာတွေ့ရပြီး အဲဒီစက်လှေပေါ်မှာ မက်ဖက်တမင်းဆေးပြား ၉ သိန်း ဖမ်းမိတယ်လို့ ကြေညာတယ်။ လက်ပြန်ကြိုးတုပ်ထားပြီး သေနတ်ဒဏ်ရာတွေ ဓားဒဏ်ရာနဲ့ အလောင်းတွေကိုတော့ တရုတ်နယ်ထဲမှာ တရုတ်ရဲတွေ ရှာတွေ့လိုက်တယ်။

တရုတ် မူးယစ်ဆေးဝါးဂိုဏ်းအချင်းချင်း တိုက်ပွဲဖြစ်ပြီး သေကုန်တဲ့ပုံဖော်ထားတာ။ နိုင်ငံတကာ သတင်းများကလည်း လူတွေ အကုန်အသတ်ခံရတဲ့ သတင်းထက် မိတဲ့ မူးယစ်ဆေးတွေ အကြောင်းပဲ အသားပေး ဖော်ပြလာပါတယ်။ တရုတ်တပြည်လုံး ပွက်ပွက်ရိုက်ပြီး (အထူးသဖြင့် အသတ်ခံလိုက်ရတဲ့သူများရဲ့မိသားစုများ အပါ) အဲဒီခရီးလမ်းအတွင်း ကုန်သွယ်လုပ်ကိုင်နေကြရသူများက တရုတ်အစိုးရကို သူတို့အတွက် တရားမျှတမှုရရှိရေးအတွက် တောင်းဆိုလာကြပါတယ်။

ဒီမှာတင် တရုတ်အစိုးရက သူတို့လုပ်နည်းအတိုင်း ကိစ္စဆိုးကို ကိစ္စကောင်းအဖြစ် လှည့်ပြောင်းလာရေး ကြိုးစားတော့တာပါပဲ။

ဒီမဲခေါင်မြစ်အတွင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးဖို့ ဆိုပြီး ကော်မရှင်တရပ် ဖွဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့(Interpol) နဲ့အတူ တရုတ်၊ ထိုင်း၊ လာအို၊ မြန်မာ ၄ နိုင်ငံ ရဲမင်းကြီးများဦးစီးတဲ့ အဖွဲ့ကြီးပါ။

ဒီနောက် တာဝန်အသီးသီးခွဲဝေပြီး(လိုအပ်ရင် သက်ဆိုင်တဲ့နိုင်ငံတွင်း ဝင်ရောက်မှုအပါ) အမှုမှန် ပေါ်ပေါက်ရေးအတွက် အပြင်းအထန် ကြိုးစားကြပါတယ်။ အသေးစိတ်အခြေအနေတွေ မသိရပေမယ့် ၂၀၁၂ အကုန် ၂၀၁၃ မှာတော့ အဲဒီလူသတ်မှုကျူးလွန်ရာမှာပါပြီး မူးယစ်ဆေးတွေ သင်္ဘောပေါ်တင်ခဲ့တယ်ဆိုတဲ့ ထိုင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထူးတပ်က အထူးရဲ ၉ ဦးနဲ့ မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင် (လာအိုနိုင်ငံတွင်း တလှည့်၊ မြန်မာပြည်တလှည့် နေထိုင်နေတယ် ဆိုတဲ့) နော်ခမ်း (ခွန်ဆာ လက်နက်ချသွားစဉ် ကျန်ခဲ့တဲ့အဖွဲ့က) နဲ့ သူ့လူ ၂ ဦးတို့ကို ဖမ်းမိတဲ့သတင်း ကြားရပါတယ်။ နောက် အမှုကို တရားရုံးတင်စစ်ဆေးပြီး နော်ခမ်းအပါ လူအတော်များများကို သေဒဏ်ပေးလိုက်ပါတယ်။

အဲဒီကနေအခြေခံပြီး ၄ နိုင်ငံ ရဲများ ပူးပေါင်းပါဝင်တဲ့ မဲခေါင်မြစ်တလျှောက် ကင်းလှည့်ရေးအစီအစဉ် စအကောင်အထည်ဖော်လိုက်ပါတယ်။ နှစ်ရှည်လများ တရားမဲ့ဒေသကြီးကို ဒီနည်းနဲ့ တရားဥပဒေအောက် ဆွဲသွင်းယူလိုက်ပါတယ်။ (အနောက်တိုင်းသတင်းစာများက တရုတ်က မဲခေါင်မြစ်ဝှမ်းတွင်း နယ်ချဲ့ဝင်ရောက်လာပြီ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးများ အကြီးအကျယ် ရေးခဲ့ပါသေးတယ်။)

၂၀၁၆ ခုနှစ် ဟောင်ကောင် ဒါရိုက်တာတယောက် ရိုက်တဲ့ (အဲဒီနှစ်အတွက် ဝင်ငွေစံချိန်တင်သွားတဲ့) မဲခေါင်မြစ်ပေါ်က စစ်ဆင်ရေး (OperationMekong) ဆိုတဲ့ ရုပ်ရှင်ထွက်လာမှ အသေးစိတ်တွေ ပါလာပါတယ်။ အဲဒီကား စာတန်းထိုးရာမှာ တရုတ်ဗဟိုလုံခြုံရေးဌာနကို အချက်အလက်များ၊ အကြံဉာဏ်များ ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်း ပါလာပါတယ်။

ဒီတော့ တရုတ်က သူ ပြောပြချင်တာတွေကို ရုပ်ရှင်ကတဆင့် ပြောပြလိုက်ပုံရပါတယ်။ အဲဒီကားထဲမှာတော့ အသေးစိတ်တွေ ပါလာပါတယ်။ တရုတ်ရဲက အစောကြီးထဲက အဲဒီဒေသတွင်းက မူးယစ်ဆေးဝါးဂိုဏ်း အတော်များများ (အထူးသဖြင့် (ထိုင်းအခြေစိုက် ရာဇဝတ်ဂိုဏ်းများ)ထဲမှာ သူ့လူကိုယ့်ဘက်သား (သတင်းပေးများ) ထည့်ထားပြီးပါပြီ။ လာအို တို့၊ မြန်မာပြည် (အထူးသဖြင့် ရှမ်းပြည်တွင်း တာချီလိတ်၊ ကျိုင်းတုံ စသည်တို့က) တရုတ်အနွယ်များထဲမှာလည်း သူတို့လူယုံတွေ ရှိထားပါတယ်။

အဲဒီလူတွေ အကူအညီ၊ တရုတ်ရဲ့ နည်းပညာတိုးတက်မှုများ (သက်မဲ့ယာဉ် အမျိုးမျိုး) စတာတွေကို ပုံဖော်ပြသပြီး ဒီမူးယစ်ဆေးဝါးဂိုဏ်းတွေကို တရုတ်ရဲ နှစ်ဆယ်ကျော်လောက် သက်စွန့်ကြိုးပမ်း ဖမ်းဆီးဖြိုခွဲပုံတွေ ပါပါတယ်။ တရုတ်က ဒီဇတ်ကားကို ရိုက်ကူးရာမှာ နိုင်ငံရေးသဘောထားတွေ ပါပါတယ်။ လူပုဂွိုလ် ရာဇဝတ်သမား အများအပြားနဲ့အတူ ဆက်နွှယ်နေတဲ့ အာဏာရအသိုင်းအဝိုင်း (ဥပမာ- ရဲ)ကတော့ ဆန်ရင်းနာနာဖွပ်ပြီး ယူနန်ပြည်နယ်ထဲက လူတွေကိုပဲ အဓိကထားပြသွားပါတယ်။ မြန်မာပြည် တို့၊ လော တို့၊ ထိုင်း တို့ လူတွေကိုတော့ ရာဇဝတ်ကျူးလွန်သူများကိုသာ အဓိကထား ပြသတာတွေ့ရပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းထဲမှာ တရုတ်တို့က သတင်းစကား ပါးပြီးပါပြီ။ ရပ်တန်းကရပ်ဖို့နဲ့ သူတို့ အကုန်သိနိုင်တယ် ဆိုတာပါ။

တရုတ်က နောက်ပိုင်းမှာ ဒီဇာတ်လမ်းကိုပဲ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲအဖြစ် ရိုက်ပါသေးတယ်။ ပိုအသေးစိတ်တွေ ပါပါတယ်။

ဒီလိုနဲ့ ဒီဒေသကြီးကို မူးယစ်ဆေးဝါးအမျိုးမျိုးနဲ့ပတ်သက်တဲ့ ဒေသကြီးအဖြစ်ကနေ ကုန်သွယ်ရေး ရေကြောင်းလိုင်းကြီး ဖြစ်အောင် ပြောင်းလဲပစ်လိုက်ပါတယ်။ အခုတခါ တဆင့်တက်ပြီး ၆ နိုင်ငံပေါင်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဆိုတာ ဖွဲ့စည်းလိုက်တာပါ။

ဒါပေမဲ့ အရာအားလုံး ချောမောအဆင်ပြေနေတာတော့ မဟုတ်ပါဘူး။ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ၊ လက်နက် မှောင်ခိုရောင်းဝယ်မှုတွေ ကြိုးကြားကြိုးကြား ကြားနေရပါတယ်။ သိပ်တော့ အမြစ်ပြတ်ဟန် မရှိသေးဘူး။

တရုတ်ဘက်ကတော့ ဒီကနေတဆင့်တက်ပြီး အာဆက်ပ် ( R-C.E.P) အထိ ရောက်အောင် လှမ်းမယ့်ပုံပါပဲ။ ဒီလိုနည်းနဲ့ အရှေ့အာရှတိုက်တတိုက်လုံးနီးပါးက လွတ်လပ်တဲ့ ကုန်သွယ်ရေးဒေသကြီးတရပ် ပေါ်လာအောင် လုပ်ဆောင်နေပုံ ရပါတယ်။

ဒါတွေကတော့ တရုတ်ရဲ့ လောလောဆယ် သေနင်္ဂဗျူဟာခြေလှမ်းများပါ။ ကိုဗစ်အလွန် စီးပွားရေးများ ပြန်နာလန်ထူရေးအတွက် ကြိုးပမ်းချက်တရပ်လည်း ဖြစ်ပုံရှိပါတယ်။

၈-၉-၂၀၂၀။