Breaking News

နန္ဒမောင် (LLB) - နိုင် လွတ် လုံ ကို လျှောက်ပါလို့ ညွှန်ကြားချက်ကိုတဲ့ မျှော်လိုက်ရင်


နန္ဒမောင် (LLB) -  နိုင် လွတ် လုံ ကို လျှောက်ပါလို့ ညွှန်ကြားချက်ကိုတဲ့ မျှော်လိုက်ရင်

(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၁၉

နိုင်လွတ်လုံဥပဒေကို သမ္မတဦးထင်ကျော်လက်ထက်တွင် ပင်နီဝတ်အမတ်များ အုပ်စိုးစီးပိုးထားသည့် လွှတ်တော်များတွင် ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေ၏ အနစ်ချုပ်ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ကို ဆန်ကာတိုက်စစ်ချလိုက် လျှင် စအဖ၊ စစစ(စသုံးလုံး)၊ ထောက်လှမ်းရေး စသည့်ဖြင့် စုံစမ်း- ထောက်လှမ်း၊ စစ်ဆေး၊ မေးမြန်း၊ ခေါ်ယူ၊ တွေ့ဆုံ၊ ဖမ်းဆီးခြင်း၊ ဆက်သွယ်ရေးကွန်ယက်များကို ကြားမှဖြတ်၍ နားထောင်ခြင်း ဖမ်းယူခြင်း မှတ်တမ်းယူခြင်း၊ စာအိတ်များ ချောထုပ်များ ပါဆယ်ထုပ်များ ဖွင့်ဖောက် ရှာဖွေ သိမ်းဆည်း ဖျောက်ဖျက်၊ လက်စတုံးခြင်းတို့အပြင် နေ့နေ့ညည စောင့်ကြည့်ခြင်း ချောင်းမြောင်းခြင်း၊ ရုပ်သံများ အသံဖိုင်များ ဓါတ်ပုံမှတ်တမ်းများရယူခြင်းတို့ကို အစိုးရဝန်ထမ်းများ (သို့မဟုတ်) နိုင်ငံ့ဝန်ထမ်းများ (သို့မဟုတ်) အာဏာရှိလူတန်းစားများက ဆက်လက်ပြုလုပ်၍ မရနိုင်စေရန်သော် လည်းကောင်း၊ ပြည်သူလူထုများနှင့် အထူးသဖြင့် နိုင်ငံရေးရာထူးလက်ဝယ်ရှိသူများအပြင် ဝန်ကြီးများ၊ လွှတ်တော်အမတ်များ၊ ရွေးကောက်ပွဲအသီးသီးမှ တက်ရောက်တာဝန်ထမ်းဆောင်ကြမည့် ထိပ်ပိုင်း၊ နိုင်ငံရေးရာထူးနေရာများတွင် တာဝန်ထမ်းဆောင်ကြမည့် ပုဂ္ဂိုလ်များနှင့် မိသားစုများကို နောက်ကျောလုံစေရန် သို့မဟုတ် နောက်ဆံမတင်းကြစေရန် ရည်ရွယ်ပြဋ္ဌာန်းထားသည်ကို ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ကာကွယ်တားဆီးပေးထားတာ တွေ့ရမှာဖြစ်ပါတယ်။

သို့သော် တစ်ခါတစ်ရံတွင် ရည်ရွယ်ချက်နှင့် ကွဲလွဲစွာ အသုံးဝင်သွားတတ်တာ၊ အသုံးတွင် ကျယ်သွားတတ် တာ ဘေးထွက်ဆိုးကျိုးက ပိုနာမည်ကြီးတာတွေ ဖြစ်ပါတယ်။ ဥပမာ  - ကျားငါးကောင်အားတိုးဆေးဟာ အမျိုးသားတွေ ထုတ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ အားပြင်းလွန်းလို့ ကိုယ်ဝန်ဆောင်များ မသောက်ရလို့ ရေးသားပြီး သတိပေးလိုက် ပါတယ်။ အဲဒီတော့မှ ထပေါက်ပြီး ရောင်းအားတွင် ကျယ်သွားတော့တာပါပဲ။ ဘယ်သူတွေ ဝယ်ယူသုံးစွဲတာ အများဆုံးလည်းဆိုတော့ ကိုယ်ဝန်ဆောင်သည်တွေပဲဖြစ်ပြီး ကိုယ်ဝန်ကို ဖျက်ချတဲ့နေရာမှာ အသုံးပြုကြတော့တာ ပါပဲ။

ယခုလည်း ထိုကဲ့သို့ပင်ဖြစ်ကာ မှန်းချက်နှင့် နှမ်းတွက်မကိုက်သော ဥပဒေတစ်ခုဖြစ်လာပြီး တစ်နိုင်ငံလုံး ပွက်ပွက်ညံလာကာ နာမည်ဆိုးများဖြင့် ကျော်ကြားလာသူ နိုင်လွတ်လုံကို ပြည်ထောင်စုရှေ့နေချုပ်ရုံးစာ မိတ်ကပ်အနည်းငယ်အုပ်ကာ ပွဲကိုဆက်ကဖို့ကြိုးစားသည့် သဘောမျိုးကို ကြားသိလာရသည်။ သို့သော် ယခုအချိန် အထိပင် အချို့ပုဂ္ဂိုလ်များက အွန်လိုင်းပေါ်က ဓာတ်ပုံတွင် လက်မှတ်မပါ၍ မီဒီယာများကဖွတာပါ စသည့်ဖြင့် အယူအဆရှိနေကြဆဲပင်ဖြစ်သည်။

ဒါကအရေးမကြီးပါ။ အရေးကြီးတာက ညွှန်ကြားချက်နံပါတ်တစ်တွင် “ဥပဒေ ပုဒ်မ(၈)၏ ခြေဆင်းပါ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် သို့မဟုတ် ဝရမ်းရယူနိုင်သူများ၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူနိုင်သူများက ယင်းဥပဒေပုဒ်မ (၈)၊ ပုဒ်တွဲ(က)မှ (ဆ)ထိပါ တားမြစ်ချက်များ ဖောက်ဖျက်ကျူးလွန်သည့် ကိစ္စအပေါ် အကြံပြုပြန်ကြားခြင်း မဟုတ်ဘဲ”တဲ့။

ကဲ.. ကဲ..လာပါပြီ။ အရေးကြီးတဲ့အပိုင်းကတော့ ရှေ့မှာတင်ပြခဲ့သလိုပါပဲ အစိုးရဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ စသည့်ဖြင့် စုံစမ်းချင် ထောက်လှန်းချင်လွန်းသူကြီးတွေက ပုဒ်မခွဲ (က)မှ (ဆ)ထိပါတဲ့ တားမြစ်ချက်တွေကို ဖျောက်ဖျက်ကျူးလွန်တဲ့ ကိစ္စအပေါ်မှာ အကြုံပြုပြန်ကြားတာမဟုတ်ဘဲတဲ့။ 

ရည်ရွယ်ချက်က ရှင်းပါတယ်။ နိုင်ငံဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေ၊ တာဝန်ရှိသူတွေက သည်ပုဒ်မတွေကို ကျူးလွန်ပြီဆိုမှ နိုင်လွတ်လုံကို အသုံးပြုပြီး တရားစွဲဖို့ အကြံပြုကြပါတဲ့ဗျ။

နောက်တစ်ချက်က အခြားသူများက ယင်းဥပဒေပုဒ်မပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်ပါလျက်တဲ့ ...

အခြားသူဆိုတာ ဘယ်သူတွေလဲဆိုတာကတော့ အနီးစပ်ဆုံးခန့်မှန်းရရင် နိုင်ငံသားတွေ၊ ပြည်သူလူထုတွေဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံဝန်ထမ်းမဟုတ်သူ၊ အစိုးရဝန်ထမ်း မဟုတ်သူ၊ တာဝန်မရှိသူတွေပေါ့ဗျာ။

ညွှန်ကြားချက်တစ်ခုလုံးမှာ အဓိကဆိုလိုရင်းကတော့ ဒါပါပဲ။ တကယ်တော့ အဲသည် ညွှန်ကြားချက်မှာ အရေးကြီးတာတွေ ကျန်နေခဲ့တယ်လို့ ဆိုရမှာပါ။

ဥပမာ ... သည်ညွှန်ကြားချက်ထွက်ပြီး နောက်ပိုင်းဖြစ်ပွားလာမယ့် အမှုတွေအပေါ်မှာ သက်ရောက်မှုရှိမှာလား။ ရှေ့မှာ ရင်ဆိုင်ဖြေရှင်းနေကြရတဲ့ အမှုတွေ အပေါ်မှာရော ဘာသက်ရောက်မှုတွေ ရှိနိုင်မလဲ။ ဥပဒေအရာရှိတွေအတွက်ပဲ ရည်ရွယ်တာလား။ ရှေ့နေတွေက ဘာတွေဆောင်ရွက်ရမှာလဲ။ တရာရုံးတွေကရော ဘယ်လို အမိန့်တွေကိုချမှတ်ရမှာလဲ။ ရဲစခန်းတွေကရော အမှုဖွင့်ပေး ရမှာလား မဖွင့်ပေးရဘူးလား။ ဘယ်သူတွေက အမှုလာဖွင့်မှဖွင့်ပေးရမှာလဲ။ အမှုမဖွင့်ပေးရင် ထောင်ဒဏ် တစ်နှစ်မှ ငါးနှစ်နဲ့ ငါးသိန်းမှ နှစ်ဆယ့်ငါးသိန်းကို စခန်းမှူးက ဆောင်နိုင်ပါမလားစသည့်ဖြင့် တွေးစရာတွေ၊ မေးစရာတွေက တော့ တပုံတခေါင်းပဲဖြစ်ပါတယ်။

နိုင်လွတ်လုံဥပဒေ ခေတ်စားလာရခြင်းရဲ့ အဓိကသော့ချက်တွေထဲမှာ အဲဒါလည်း ပါတာဖြစ်ပါတယ်။ အမှုမဖွင့်ပေးရင် စခန်းမှူးက အရင်ထောင်ကျမှာဖြစ်တဲ့အတွက် ဘယ်သူက ဘယ်သူကို နိုင်လွတ်လုံနဲ့ လာဖွင့်ဖွင့် မဖြစ်မနေ အမှုဖွင့်ပေးရမှာဖြစ်ပါတယ်။ ဒါကလည်း ဥပဒေရဲ့ အားနည်းချက်ဖြစ်ပြီး အမှုလိုသူတွေအတွက် အားသာချက်ပါပဲ။ နောက်တစ်ခုက အာမခံကိစ္စဖြစ်ပါတယ်။ နိုင်လွတ်လုံမှာ အာမခံပေးနိုင်ပါသည်လို့ မပါဝင်သလို အာမခံမပေးရလို့လည်း မပါတဲ့အတွက် ပေးချင်ရင်ပေးလို့ရပြီး မပေးချင်ရင် မပေးလို့ရပါတယ်။ အဲသည်တော့ ဘာဖြစ်သလဲဆိုရင် အဂတိလိုက်စားမှုကို ဖြစ်စေတတ်တယ်လို့ပဲ ဆိုရမယ် ထင်ပါတယ်။

အလိုက်သိပြီး ဆယ်တန်းအောင်ရင် အာမခံရမယ်။ အဆိုပါ မသိရင်တော့ အာမခံမပေးဘူးပေါ့ဗျာ။ ဥပဒေအရာရှိကအစ အချိန်ပြည့် ကန့်ကွက်နေမယ်ပေါ့ဗျာ ဒါပါပဲ။ အဲသည်တော့ နိုင်လွတ်လုံနှင့် တရားစွဲလိုက်တာနဲ့ ဟုတ်သောရှိ မဟုတ်သောရှိ မှန်တာ မှားတာ တို့မသိ၊ နစ်နာတာတွေ မနစ်နာတာတွေ ဘာမှမသိဘူး။ တန်းဖမ်းပြီး အချုပ်ထဲထည့် ထောင်ပို့တော့ပါပဲ။ တကယ်ကျူးလွန်သူတွေဆိုရင် ပြဿနာမရှိပေမယ့်၊ အပြစ်မရှိသူတွေကြတော့ ဘာရယ် ညာရယ်မဟုတ် အချုပ်ထဲထောင်ထဲကနေ စာရွက်စာတမ်းတွေ မှတ်တမ်းမှတ်ရာတွေ သက်သေခံတွေ မပြည့်မစုံနဲ့ အစားအသောက် ဆင်းရဲပင်ပန်းကြီးစွာ အငတ်ငတ်အပြတ်ပြတ်နဲ့ ရင်ဆိုင်ပေတော့ အို ... လူသားပေါ့။ အနည်းဆုံး ခြောက်လ ရှစ်လ တစ်နှစ်ပေါ့။ တရားလိုအတွက်ကတော့ စွပ်စွဲခံရသူ အပြစ်ကျူးလွန်သည်ဖြစ်စေ၊ မကျူးလွန် သည်ဖြစ်စေ သူ့ရည်ရွယ်ချက်က အောင်မြင်သွားပြီဆိုရမှာပေါ့ဗျာ။ ဒီလူကို အမြင်မကြည်ဘူးဆိုရင် ဘာမှ တွေးမနေဘူး နိုင်လွတ်လုံနှင့်ပဲ တရားစွဲထည့်လိုက်ကြတာတွေ ဒုနှင့်ဒေး တွေ့လာရတာဖြစ်ပါတယ်။

နိုင်လွတ်လုံဥပဒေမှာ အဓိကလိုအပ်နေတာက အာမခံပေးနိုင်တဲ့ ပုဒ်မဖြစ်ဖို့၊ မဖြစ်မနေအမှုဖွင့်ပေးစရာ မလိုတဲ့ ပုဒ်မမဖြစ်ဖို့၊ အစိုးရဝန်ထမ်းများ သို့မဟုတ် နိုင်ငံဝန်ထမ်း သို့မဟုတ် တာဝန်ရှိသူများက ယင်းပုဒ်မကို ကျူးလွန်ဖျောက်ဖျက်တဲ့အခါမှသာ နိုင်လွတ်လုံကို အသုံးပြုဖို့၊ ထောင်ဒဏ်နှင့် ငွေဒဏ်ကို လျှော့ချပြဋ္ဌာန်းဖို့ စသည့်ဖြင့် လိုအပ်လိမ့်မည် ထင်ပါတယ်။

သို့သော် ယခုလက်ရှိတွင် တည်ဆဲဥပဒေသည် တည်ဆဲဥပဒေသာဖြစ်သည်။ တရားရုံးသည် တရားရုံးသာ ဖြစ်သည်။ ဥပဒေရေးရာသည် ဥပဒေရေးရာဖြစ်သည်။ ရဲကိစ္စသည် ရဲကိစ္စသာဖြစ်သည် စသည့်ဖြင့် ကိုယ့်လမ်းကြောင်း နှင့်ကို အလွမ်းသင့်သလို လျှောက်လှမ်းနေကြသည်ဖြစ်ရကား နိုင်လွတ်လုံနှင့် ညွှန်ကြားချက်သည် ပြဒါးတစ်လမ်း သံလမ်းသာဖြစ်သလို ညောင်ဦးကမ်းပါးပြို၊ စမ္မာနဂိုရ်ကနွားမပေါင်ကျိုးသလို ၊ ဘုန်းကြီးနှင့် ဘီးလို မည်သို့မျှပင် တွဲဖက်စားသုံး၍ မရဖြစ်နေသေးသည်ကား အမှန်ပင်ဖြစ်သည်။

ယခုရည်မှန်းချက်၊ ရည်ရွယ်ချက်အရဆိုလျှင် နိုင်ငံသားအချင်းချင်း နိုင်လွတ်လုံနဲ့ တရားစွဲဆိုတာတွေကို အသုံးပြုစေချင်တာ ထင်ရှားပါတယ်။ သို့ပေသော်လည်း ယခင်ကစွဲထားတဲ့ နိုင်လွတ်လုံအမှုပေါင်းများစွာကိုရော ဘယ်လိုရှင်းလင်းကြမှာလဲ။ ဆက်သွားကြမှာလား။ နစ်နာသူတွေရှိလာခဲ့ရင် ဘယ်သူတွေက တာဝန်ခံပြီး ရှင်းလင်း ပေးကြမှာလဲ။

(ပထမ) ညွှန်ကြားချက်က ဥပဒေအရာရှိတွေကို လိုက်နာခိုင်းတာလား။ အကြံပြုတာလား။ အမိန့်ပေး တာလား။ အဲဒီညွှန်ကြားချက်က တရားရုံးတွေအပေါ်မှာ သို့မဟုတ် နိုင်လွတ်လုံဥပဒေအပေါ်မှာရော သက်ရောက်မှု ရှိသလား။ တရားရုံးချုပ်ကရော ညွှန်ကြားချက်ထပ်ထွက်ဦးမှာလား။ လွှတ်တော်မှာရော နိုင်လွတ်လုံဥပဒေကို ပြန်လည် ပြင်ဆင်ကြဦးမှာလား။ အမှုတွေကရော ဖွင့်ရမှာလား မဖွင့်ရဘူးလား။ နိုင်ငံသားအချင်းချင်း စွဲထားတဲ့အမှုတွေကရော ဘာဆက်လုပ်ကြရမှာလဲ။ အာမခံပေးရမှာလား။ ထောင်ထဲ ဆက်ချုပ်ထားရမှာလား။ အမှုကို ပလပ်ရမှာလား။ ပိတ်သိမ်းရမှာလား။ ထောင်ကျစေဖို့ အမိန့်ချမှတ်မှာလား။ လား... လား... လား...စသည့်ဖြင့် ဟေမာနေဝင်းသီချင်းလို စဉ်းစားရင်း တွေးရင်း မေးခွန်းလေးတွေ ပေါ်လာကြောင်းပါဗျာ။