ဟိန်းထက်ဇော် - ငယ်ငယ်ကတော့ သေနတ်ပစ်တမ်းကစားခဲ့ကြတယ်
ငယ်ငယ်ကတော့ သေနတ်ပစ်တမ်းကစားခဲ့ကြတယ်
ဟိန်းထက်ဇော်
(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၂၃
ငယ်ဘဝကိုလွမ်းပါဘိ။ ငယ်ငယ်ကတော့ အပေါင်းအသင်းတွေနဲ့ အိမ်ကြိုအိမ်ကြား လမ်းကြိုလမ်းကြား ဘုရားကြိုဘုရားကြားမှာ စိမ်ပြေးတမ်းဆော့ကစားခဲ့ကြတာကို လွမ်းတယ်။ ဖန်ခုန်ထုတ်တိုး အမျိုးမျိုးပါပဲ။ သစ်သားကိုဓားလုပ်လို့ နှစ်ဦးနှစ်ဖွဲ့ဓားခုတ်တမ်းလည်း ကစားခဲ့တယ်။ အရုပ်သေနတ်ကို အဟုတ်အဟတ်လုပ်ပြီး စစ်ညတိုက်တမ်းကစားခဲ့ကြတာတွေကိုသတိရနေမိတယ်။
မင်းတို့ကလူဆိုး၊ ငါတို့ကလူကောင်းလုပ်မယ်ဆိုပြီး နှစ်ဘက်လူခွဲ ကစားခဲ့ကြတာ။ လူဆိုးဘက်လူကောင်းဘက်ကို မဲချလို့ရွေးကြရတဲ့အခါလည်း ရှိရဲ့။ ဘယ်သူမှလူဆိုးဘက်မှာမနေချင်ကြဘူး။ အဆိုးအကောင်းအကြောင်းမသိရခင်ကတည်းက လူကောင်းဘက်ကနေချင်ကြတာ။ လူကောင်းဖြစ်ချင်ခဲ့ကြတာ။ သစ်သားသေနတ်၊ ရေပြွတ် သေနတ်၊ ဝါးသေနတ်တွေကိုယ်စီကိုင်လို့။ “နေရာယူ၊ အသင့်ပြင်၊ ကဲ..တိုက်ပွဲစပြီဆိုပြီး” လို့ စစ်ကြေညာလိုက်တာနဲ့ ပါးစပ်က ‘တဒိုင်းဒိုင်း’ ပစ် ‘တဒုန်းဒုန်းထု’ လို့ အပြိုင်ကျဲပြီး နိုင်ပွဲအတွက် အားခဲခဲ့ကြရတာ။
သူ့ဘက်ကိုယ့်ဘက် ပါးစပ်သေနတ်မှန်လို့ လဲကျသူတွေက လဲကျ။ ပြေးသူကပြေး ဒဏ်ရာရသူက ရပေါ့။ နောက်တော့ ၅၅၀ နိပါတ်တော်ထဲကလိုပါပဲ။ လူကောင်းက အနိုင်ရစမြဲပါ။ စစ်မိစ္ဆာခေါင်းဆောင် လူဆိုးကြီးဗိုလ်စံဖဲက ထန်းလက်မြင်းကိုခွစီပြီး ‘တစ် ကလုတ်၊ တစ် ကလုတ်’ နဲ့အော်ရင်းထွက်ပြေးသွားတော့မှပဲ စခန်းသိမ်းတိုက်ပွဲလည်း ပြီးဆုံးသွားခဲ့ရတော့တယ်။ တိုက်ပွဲပြီးသွားတော့လည်း တယောက်ပခုံးတယောက်ဖက်လို့ အိမ်ပြန်ခဲ့ကြတာတွေကို ပြန်တမ်းတလွမ်းနေမိတယ်။ ကလေးဘဝကပျော်စရာ ‘စစ်တိုက်တမ်းကစား’ ခဲ့ကြတာတွေလေ။ စစ်ဆိုတာ အပျော် တမ်းဆော့ကစားစရာမဟုတ်မှန်း ဘယ်သိခဲ့ပါ့မလဲကွယ်။
ဟုတ်တာပေါ့။ သေနတ်ပစ်တမ်းကစားရတာ ပျော်ရွှင်ဖွယ်မှမဟုတ်လေပဲ။ ဒီလိုခံစားအတွေးပွားပြီး ငယ်ဘဝကိုသတိတရလွမ်းဆွတ်အောင် လှုံ့ဆော်လိုက်တာက “ကဗျာဆရာ အံ့ဘွယ်ဇင်” ရဲ့ “သေနပ်ပစ်တမ်းကစားနည်းဟာ ပျော်ရွှင်ဖွယ်မဟုတ်တော့ဘူး” ဆိုတဲ့ ကဗျာလေး။ သူ့ကဗျာတပိုင်းတစကိုဖတ်ပြီး ငယ်စဉ်ကစစ်တိုက်တမ်းကစားခဲ့ကြတာတွေကို ပြန်လည်မြင်ယောင်ကာ စမြုံ့ပြန်နေရင်း အကြည်လင်ဆုံးပြုံးလာမိတယ်။ ရင်ထဲမှာပီတိအပြည့် လွှမ်းလို့။ အဖြူရောင်ဟင်းလင်းပြင်မှာအစွန်းအထင်း မတင်ခင်တုန်းကပေါ့။
တမ်းတဖွယ်ရာကာလအပိုင်းလေးမှာ ကြည်နူးမြူးပျော်စရာတွေအပြည့်။ စစ်တိုက်တမ်းကစားရတာကိုနှလုံးကြည်မွေ့ တအိအိလေးစိမ့်ဆင်းတသသလေး သန့်စင်နေဆဲပါပဲ။ စစ်ဆိုတာအနိဋ္ဌာရုံလို့ ဘယ်သိခဲ့ပါ့မလဲလေ။ အတိတ်ဝေနာကိုသန့်စင်စွာပဲ ကြည်ကြည်မြမြ ခံစားနေမိတာပေါ့။ အံ့ဘွယ်ဇင် လှုပ်နှိုးလိုက်ပုံကလည်း…
တစ် .. နေရာယူကစတင်တော့တာပဲ ငယ်စဉ်ကတည်းက ငါတို့နှစ်ဘက်ခွဲ/ကွဲခဲ့ရတယ် သစ်ကိုင်းခြောက်လေးရေပြွတ်သေနတ်လေးတွေနဲ့ အဆင်သင့်ပြင် စကားလုံးများနဲ့ကျည်ဆံထည့် စကားလုံးများနဲ့ မောင်းတင် စကားလုံးများနဲ့ ပစ်နိုင်ပြီအော် စကားလုံးများနဲ့ တဒိုင်းဒိုင်းစကားလုံများနဲ့ လဲကျ စကားလုံးများနဲ့စခန်းသိမ်းမောမောပမ်းပမ်းပျော်ပျော်ရွှင်ရွှင် ဒီလိုနဲ့ သူကျဆုံးတစ်လှည့် ကိုယ်ကျဆုံးတစ်ခါ အိမ်အပြန် ပခုံးချင်းဖက် ပြန်နိုင်ခဲ့ကြတယ်
သူ့ကဗျာကတော့ မဆုံးသေးဘူး။ ဒီအပိုင်းလေးမှာပဲ ခဏရပ်ကြည့်မိတဲ့အခိုက်အတန့်မှာ မေ့လျော့နေတဲ့ကျနော် အာရုံကို လှုပ်နှိုးလိုက်တာပါ။ဒီ ’အပိုင်း’ လို့သုံးရတာက သူ့ကဗျာမှာ ဒီနေ့ခေတ်ကဗျာဆရာတွေမှာတွေ့ရတတ်တဲ့ ‘ချဉ်ခြင်းတပ်မှု’ တွေအတိုင်း အပိုဒ်ခွဲတွေ၊ ပုဒ်ထီးပုဒ်မတွေမပါ။ ဒါကလည်း တမူထူးခြားတဲ့ ‘ဟန်’ လေးတခု။
သူ့ကဗျာဖတ်ပြီး ငယ်ဘဝကိုပြန်မြင်ရင်း စိတ်နှလုံးတွေမြူးလာတယ်။ ပြုံးရယ်ခြင်ပီတိကို တအိအိလေးခံစားနေမိတယ်။ နောက်တော့ ရင်မောလာတယ်။ ကဗျာအပြင်ထွက်လို့ စိတ်ဆင်ရာခရီးနှင်နေပေမယ့် ကဗျာထဲကမထွက်နိုင်ပဲ ကဗျာထဲပြန်ဝင်လာမိပြန်တယ်။ သူဆက်ပြောထားတာက…
ကာတွန်းစာအုပ်ထဲကသူရဲကောင်းတွေကို အားကျသေနတ်ပစ်ခန်းပါတဲ့ ရုပ်ရှင်တွေကို စွဲလန်းခဲ့တယ်။ တဖြည်းဖြည်းနဲ့ ‘ဒုက္ခသည်’ ဆိုတဲ့စကားတွေယဉ်ပါးလာတယ်။ သက်တန်းအရှည်ဆုံးပြည်တွင်းစစ် တိုင်းပြည်မှာလူဖြစ်နေရတယ်။
ပျော်ရွှင်စွာဆော့ကစားလို့ စစ်တိုက်တမ်းကစားကြပေမယ့်လည်း စခန်းသိမ်းပြီး အိမ်ပြန်ခဲ့ကြတာလေ။ ‘ဒုက္ခ’ ဆိုတာ ဘယ်သိပါ့မလဲ။ ရှိလည်းမရှိခဲ့ဘူးလေ။ သိလည်းမသိခဲ့ဘူး။ တကယ့်ဘဝ တကယ့်စစ်ပွဲတွေမှ မဟုတ်ခဲ့ပဲကိုး။ တကယ့်စစ်မှာတော့ စစ်ကြောင့် သေဆုံးဒဏ်ရာရသူတွေ၊ အိုး အိမ်ဆုံးရှုံးရသူတွေ၊ စစ်ဘေးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြတဲ့‘ဒုက္ခ’ တွေ‘ဒုနဲ့ဒေး’ များလိုက်သမှ လက်ရှိအခြေနေမှာဆိုရင် စစ်ဘေးဒုက္ခသည် ၂ သန်းနီးပါးရှိသတဲ့။ ဒီကိန်းဂဏန်းတွေကလည်း အကွေ့တကွေ့စာရဲ့အရေအတွက်တွေ။ ဗမာနိုင်ငံရဲ့ပြည်တွင်း စစ်အချိုးအကွေ့များစွာမှာ ‘ဘယ်လောက်များရှိလေမလဲ’ လို့ စဉ်းစားကြည့်လိုက်စမ်းပ။ မစဉ်းစားဝံ့စရာပါပဲ။
အဲ့လိုအတွေးတွေကိုစုစည်းပြီး ပြန်သုံးသပ်ကြည့်တော့ ခံစားချက်တွေဟာအတိတ်နဲ့ပစ္စုပ္ပန်။ တနည်းဆိုရရင် ‘ကလေးဘဝနဲ့ပစ္စက္ခ’ တို့ ရောထွေးခံစားခံစားလိုက်ရတယ်။ စိတ်တွေကကလေးဘဝကိုရောက်သွားလိုက်၊ချက်ချင်းဆိုသလို လက်ရှိပီဒီအက်ဖ်လေးတွေရဲ့ စစ်မြေပြင်ဆီအာရုံညွှတ်သွားပြန်ရော။ ဗမာ့ဒေသအသီးသီး နေရာအဖုံဖုံရဲ့မီးရှို့ခံထားရတဲ့အိမ်ပျက်တွေ၊ ပြာပုံတွေ၊ မီးကျွမ်းနေတဲ့လူသေအလောင်းနဲ့ အိမ်မွေးတိရစ္ဆာန်တွေ။ စစ်မိစ္ဆာဘေးကြောက်လို့ အဝတ်တထည်ကိုယ်တခုနဲ့ နေရပ်စွန့်ခွာထွက် ပြေးကြရတဲ့ စစ်ဘေးဒုက္ခသည်တွေ။ မိုးမလုံလေမလုံ ဘဝမလုံခြုံမှုတွေ။စတာတွေအားလုံး မျက်စေ့ထဲမြင်ယောင်လာခဲ့ပြန်တယ်။ အတိတ်ကိုခံစားနေရင်းက အသွေးအသားနဲ့တွေ့ကြုံခံစားနေရတဲ့ ပစ္စက္ခကိုပြန်ရောက်လာတယ်။ ရင်မောရပြီပေါ့။ မမောခံနိုင်ရိုးလားကွယ်။ ကမ္ဘာမှာအရှည်အကြာဆုံး ပြည်တွင်းစစ်ဖြစ်နေတဲ့ ဗမာပြည်မှာလူဖြစ်ခဲ့ရပေသကိုး။
ကဗျာဘက် လှည့်ကြည့်လိုက်တော့ ကဗျာ့ပရိယာယ်ပေလားမသိ။ အပိုဒ်မခွဲ၊ ပုဒ်ထီးပုဒ်မ,မရှိ ရေးထားတာကိုက စိတ်အလျဉ်ကို အဖြတ်အတောက် အတားအဆီးမရှိ တဆက်တည်းစီးဆင်းသွားစေခဲ့တယ်။အချိန်နဲ့နေရာဒေသ(Time & Space )ကို ဖြန့်ခင်း( Flattenning)လိုက်ဟန်ပါပဲ။ ဒါကြောင့်လည်း အတိတ်နဲ့ပစ္စက္ခကို ‘လက်တဖျစ်အတွင်း ကုဋေတသိန်းချုပ်’ တဲ့ စိတ်အလျဉ်မှာ တဆက်တည်းခံစားလိုက်ရပါတယ်။ ဒီတော့မှ ပုဒ်ဖြတ်၊ ပိုဒ်ဖြတ်တွေမထည့်ခြင်းရဲ့သဘောကို ခပ်ဝါးဝါးလေးရိပ်စားမိလိုက်ရတယ်။ ဒါဟာ ကဗျာစာဆိုရဲ့ အတတ်ပညာထင်ပါရဲ့။
နောက်တခါ ကဗျာစာဆိုရှင်က မထင်မှတ်ပဲကာလကို ‘အခု’ ဆိုတာလေးနဲ့ပိုင်းချလိုက်ပြီး ဆက်ပြောလိုက်တာက. ...
အခုဒီစကားလုံးတွေနဲ့ငြိမ်းချမ်းရေး ဒီစကားလုံးတွေနဲ့ ဆွေးနွေးဒီစကားလုံးတွေနဲ့ အချေအတင် ဒီစကားလုံးတွေနဲ့ သဘောတူ/မတူညီမှုများ ဒီစကားလုံးတွေနဲ့ ဖန်မီးအိမ်လေးထဲက ယိုင်နဲ့နဲ့မီးတောက်သေးသေးလေးကို မှုတ်ငြှိမ်းပစ်လိုက်ပြန်တယ် နောက် ဖန်မီးအိမ်လေးကိုပါ ရိုက်ခွဲပစ်လိုက်ကြတယ်။ သေနတ်ပစ်တမ်းကစားနည်းဟာ ပျော်ရွှင်ဖွယ် မဟုတ်တော့ဘူး
ကဗျာစာဆိုရှင်လည်း ပေါက်ကွဲသွားပြီထင့်။ ‘ဆီသည်မလက်သုတ်ဖတ်လိုဖန်တရာတေနေတဲ့ စကားနွမ်းတွေ’ နဲ့ဝါကျတည်ဆောက်ထားတဲ့ ‘ငြိမ်း ချမ်းရေး’ ဆိုင်ရာတဲ့ဝေါဟာရအပေါ် စက်ဆုတ်လာဟန်ပါပဲ။ စာဆိုရှင်နှလုံးသားက လောလောလတ်လတ်ဖြစ်ရပ်တွေအပေါ် အာရုံကျသွားပေါ့။ ဒါကြောင့်လည်း သူ့စိတ်သဏ္ဍန်မှာအချိန်တခုကို ‘အခု’ ဆိုတဲ့ ကာလအနားသတ်ပြီး တိတိကျကျပိုင်းဖြတ်ပြလိုက်တာလို့ ယူဆချင်ပါတယ်။
ဒါပေမယ့် သူ့ကဗျာထဲမှာသုံးထားတဲ့ ‘ဒီစကားလုံးတွေနဲ့” ဆိုတဲ့ ညွန်းဆိုမှုက ဘယ်စကားလုံးတွေကို ညွှန်းဆိုနေပါလိမ့်။ ငယ်စဉ်သေနတ်ပစ်တမ်းကစားစဉ်က ‘ဒီစကားလုံးများနဲ့’ လို့ ဆိုခဲ့တာကို ညွှန်ဆိုလေသလား။ ‘ဒီစကားလုံးများ’ ကိုရှေ့ရောနောက်မှာပါ ‘အကြိမ်ကြိမ်အထပ်ထပ်’ အဖိအဖေါ့မှန်မှန်နဲ့ စည်းဝါးတကျသုံးထားပြီး‘တွေ’ နဲ့ ‘များ’ ကိုလဲလှယ်သုံးထားပုံက ကာလနှစ်ခုကိုပိုင်းခြားပြလိုသလားမသိ။ စာဆိုဘာကိုပြောချင်ပါလိမ့်။ ‘အပစ်ရပ်တို့၊ ငြိမ်းချမ်းရေးဆွေးနွေပွဲတို့၊ သဘောတူခြင်း မတူခြင်းတို့’ ဆိုတဲ့ ကလေးဘဝက သရုပ်ဖော် ဟန်ဆောင်စကားလုံးတွေ၊ ပြောစကားတွေ၊ ထုတ်ပြန်ချက်တွေ၊ လေနဲ့ဖောင်းပွနေကြတာတွေ၊ အဲ့ဒါတွေနဲ့ဆုပ်ဆုပ်ကိုင်ကိုင်မဖြစ်ခဲ့တဲ့ ‘ဖန်တစ်ရာတေ’ ဆွေးနွေးပွဲတွေအပေါ်မှာ အော့နှလုံးနာနေဟန်ပါပဲ။
အော့နှလုံးနာမယ်ဆိုလည်း နာလောက်စရာပါပဲ။ အဲ့ဒီစကားလုံးတွေကပဲယိုင်နဲ့နဲ့ မီးတောက်သေးသေးလေးကို မှုတ်ငြိမ်းပစ်လိုက်ကြပေတာကိုး။ ‘ယိုင်နဲ့နဲ့ မီးတောက်သေးသေးလေး’ က ဘာကိုဆိုလိုချင်ပါလိမ့်။ မဖြစ်နိုင်မှန်းသိသိကြီးနဲ့ ပြည်သူတွေမျှော်လင့်ခဲ့ကြတဲ့ ငြိမ်းချမ်းရေးကိုများဆိုလိုလေသလား။ ငြိမ်းချမ်းရေးရရင် တဦးချင်းလွတ်လပ်ခွင့်နဲ့ လစ်ဘာတီလည်း ရမှာပဲဆိုတဲ့ မမျှော်လင့်ရဲမျှော်လင့်ခဲ့ရတဲ့ မှိန်ပျပျအလင်းတန်းလေးကိုများ ပြောချင်လေသလားမသိ။ အခုတော့ အဲ့ဒီမျှော်လင့်ခြင်းမီးအိမ်ကိုပင် ရိုက်ခွဲလိုက်ကြပြီပဲ။ ဒီစကားတွေအပေါ်မှာ အော့နှလုံးနာနေတဲ့ စာဆိုဝေဒနာကို စာနာလိုက်မိပါတယ်။
မျက်ရည်တွေဝဲနေတယ် မြင်ကွင်းကမှုန်မှိုင်းနေတယ် ပြူတင်းတံခါးတွေပိတ်လိုက်ရတယ် တစပြင် အမှောင်ရိပ်ကြီးနဲ့ မြို့ကလေးတွေအိုစာသွားတယ် အခုမိုးတွေရွာနေတယ် အခု ကျွက်ကျွက်ဆူနေပြီ အခုခိုက်ခိုက်တုံနေပြီ တခြားကစားနည်းပြောင်းကြစို့ကွယ်။ ။
‘အခု, အခု, အခု..’ ဆိုတဲ့ ပစ္စက္ခများစွာအကြောင်း ကျနော်ပြောစရာစကား မရှိတော့။ ပြောရင်လည်း ကဗျာ ဆရာရဲ့နှလုံးသားခံစားနေရတာတွေကို မီမယ်မထင်။ သူမျက်ရည်ဝဲမယ်ဆိုလည်း ဝဲလောက်စရာပါပဲ။ နွေမိုးဆောင်းသုံးရာသီလုံးမှာ စစ်ပြေးဒုက္ခသည်တွေရဲ့ဘဝ၊ သောက၊ ပရိဒေဝ၊ ကပ် သုံးပါးဒဏ်ကို စာနာမိတယ်။ ကဗျာစာဆိုရဲ့နှလုံးအိမ်က ယိုဖိတ်လာတဲ့မျက် ရည်စတွေ လွတ်လပ်စွာကျဆင်းပါစေတော့။
ဒါပေမယ့် အံ့ဘွယ်ဇင်ရေ..။ စစ်မိစ္ဆာတွေမင်းမူနေသ၍တော့ ငြိမ်းချမ်းရေးအတွက် “တခြားနည်းပြောင်းကစား” ဖို့ဆိုတာ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။ စစ်မိစ္ဆာဂိုဏ်းကိုမြေမြှုပ်သင်္ဂြိုလ်ပြီးမှပဲ အခြားကစားနည်းပြောင်းကြတာပေါ့ကွယ်။ အဲ့ဒီအခါရောက်ရင် အံ့ဘွယ်ဇင်ရဲ့မျက်ဖျားမှာတွဲခိုနေတဲ့ မျက်ရည်ဥတွေလည်းစဲသွားပါလိမ့်မယ်။ ချစ်သောအံ့ဘွယ်ဇင် ဖြေသိမ့်နိုင်ပါစေတော့….။
ဟိန်းထက်ဇော်
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar