Breaking News

သီပေါ မြို့အနီး TNLA နဲ့ SSPP/SSA တို့ ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွား၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားက ပဋိပက္ခ

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၆ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၆၊ ၂၀၂၄

သီပေါ မြို့အနီး TNLA နဲ့ SSPP/SSA တို့ ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွား၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားက ပဋိပက္ခ

ရှမ်းမြောက်ဒေသရဲ့ မြို့အတော်များများနဲ့ မန္တလေး-လားရှိုး-မူဆယ် လမ်းပိုင်းပေါ်က မြို့တချို့ကို တိုက်ခိုက်သိမ်းယူထားခဲ့တဲ့ TNLA လက်နက်ကိုင် အဖွဲ့နဲ့ ရှမ်းလက်နက်ကိုင် အဖွဲ့ကြီး ၂ ဖွဲ့အနက်က တဖွဲ့ဖြစ်တဲ့ SSPP/SSA အဖွဲ့တို့ ထိတွေ့တိုက်ပွဲ နောက်တကြိမ် ထပ်မံဖြစ်ပွားခဲ့တဲ့ သတင်း ထွက်ပေါ်လာပါတယ်။ 

ဇူလိုင်လ ၅ ရက်နေ့က အဆိုပါ လက်နက်ကိုင် တပ်ဖွဲ့ ၂ ဖွဲ့အကြား ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဖြစ်ပွားတဲ့နေရာဒေသတွေ အနေနဲ့ ဆိုရင် ကျောက်မဲနဲ့ သီပေါမြို့နယ်ထဲမှာ ဖြစ်ပြီး ပထမနေရာက ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာ အုပ်စုမှာဖြစ်ပြီး ဒုတိယ အဖြစ်အပျက်က သီပေါြမို့နယ် ကြံခင်းကျေးရွာတို့မှာ ဖြစ်ပွားခဲ့တာလို့ သတင်းတွေက ဖေါ်ပြထားကြပါတယ်။ TNLA တပ်ဖွဲ့ဘက်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်နဲ့ SSPP ဘက်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက် ၂ ခုမှာတော့ ဖြစ်ပွားရတဲ့ အကြောင်းကို ဖော်ပြထားတာ နှစ်ဖက် ကွဲလွဲနေပြီး TNLA ဘက်က ထုတ်ပြန်ရာမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရွှေ့ပြောင်းစဥ်မှာ SSPP တပ်ဖွဲ့ဘက်က စတင်ပစ်ခတ် တိုက်ခိုက်တယ်လို့ ဖော်ပြထားပြီး SSPP ဘက်က ထုတ်ပြန်ရာမှာတော့ TNLA လက်နက်ကိုင်အဖွဲ့တွေ ဘက်က ၄င်းတို့ရဲ့ နယ်မြေတွေကို ကျော်ဖြတ်ဝင်ရောက်လာတာကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဖေါ်ပြထားပါတယ်။ TNLA ဘက်က ထုတ်ပြန်ချက်အရ အောက်ခြေမှာ နားလည်မှုလွဲမှားပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားတာကို နှစ်ဖက် ဆွေးနွေး ညှိနှိုင်းဖြေရှင်းနိုင်ခဲ့တယ်လို့ ဖော်ပြထားတာလည်း တွေ့ရပါတယ်။ 

SSPP ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာအရ ကားတန်းကို ပစ်ခတ်တယ်ဆိုတဲ့ သဘောမျိုး မတွေ့ရပဲ တောင်ဘက် SSPP တပ်ဖွဲ့တွေ ရှိတဲ့နေရာ ဖြစ်တဲ့ ကျောက်မဲမြို့နယ် ခေးနင်း ကျေးရွာအနီးမှာ ပြည်ထောင်စုလမ်းမကို TNLA ဘက်က လက်နက်ကိုင် အင်အား ၇၀ ကျော်ခန့်က ကျော်ဖြတ်လာပြီး တိုက်ခိုက်လာတာကြောင့် SSPP ဘက်က ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ဖေါ်ပြထားပြီး TNLA ဘက်က ထိခိုက်သေဆုံးမှုနဲ့ သုံးပန်းအဖြစ် ၅ ဦးဖမ်းဆီးခံရတာ ရှိတယ်လို့ ဖေါ်ပြထားတာ တွေ့ရပါတယ်။ 

TNLA နဲ့ SSPP အကြား ပွတ်တိုက်မှု၊ လက်နက်ကိုင် ထိတွေ့တိုက်ခိုက်မှု၊ နှစ်ဖက် ထိခိုက်သေဆုံးမှုတွေဖြစ်ပွားခဲ့ရတာမျိုးက အခု ဖြစ်ပွားတာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ၁၀၂၇ စစ်ဆင် ရေး စတင်ပြီးမကြာခင် ယမန်နှစ် နိုဝင်ဘာလတုန်းက မူဆယ်မြို့နယ် စယ်လန့်ကျေးရွာမှာ TNLA တပ်ဖွဲ့တွေက ဓါတ်ပုံရိုက်တယ်ဆိုတဲ့ ရှမ်းလူမျိုး စည်းရုံးရေး မှူးတဦးကို ဖမ်းဆီးခဲ့ရာက SSPP လက်နက်ကိုင် အဖွဲ့က ပြန်လွှတ်ပေးဖို့ သွားရောက်ပြောဆိုရာမှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင် သေဆုံးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီအဖြစ်အပျက်ကို နှစ်ဖက် ဆွေးနွေးပြီး ဖြေရှင်းနိုင်ခဲ့ကြပြီးနောက် တဖန် ယခု နှစ် မေလ ထဲမှာတော့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့ အနီးက တရုတ်နိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ ကျေးရွာမှာ ရှိတဲ့ SSPP လက်နက်ကိုင် တပ်ဖွဲ့ဝင် ၁၀၀ ခန့်နီးပါးကို TNLA က လက်နက်ဖြုတ်သိမ်းပြီး ကားနဲ့ တင်ဆောင်ကာ မူဆယ်မြို့ ဘက်ကို ပို့ဆောင်ခဲ့တဲ့ အဖြစ်အပျက်လည်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

ရှမ်းမြောက်ဒေသမှာ ရှမ်းလူမျိုးနဲ့ ပလောင်လူမျိုး ရောနှောနေထိုင်နေကြတဲ့ မြို့တွေ ဒေသတွေ ကျေးရွာတွေ အများအပြားရှိနေပြီး အဆိုပါဒေသတွေကို စိုးမိုး ထိန်းချုပ်နိုင်ဖို့က လက်နက်နဲ့ တိုက် ခိုက်ရယူနိုင်တာက အဓိက ကျတဲ့အချက်လား၊ သို့မဟုတ် လူမျိုးစု ဦးရေအများစု နေထိုင်ကြတာ၊ အစဥ်အလာအရ ထိန်းချုပ်ခဲ့တဲ့အချက်တွေအပေါ်မှာမူတည်တာလား ဆိုတဲ့ ရှင်းရှင်း လင်းလင်းအခြေခံတဲ့ အချက်၊ သဘောတူညီမှုတွေမရှိကြတဲ့အနေအထားမှာ လတ်တလော နယ်မြေသိမ်း တိုက်ပွဲတွေ မြို့သိမ်းတိုက်ပွဲတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ပွတ်တိုက်မှုနဲ့ နယ်မြေသိမ်းယူမှုတွေမှာ လက်ဦးမှုရယူဖို့ ဆန္ဒစောတာတွေဖြစ်ပေါ်စေနိုင်တာလည်း ဖြစ်ပါတယ်။ 

TNLA အနေနဲ့ ရှမ်းလူမျိုး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ SSPP နဲ့တင်မကပဲ ကွတ်ခိုင်မြို့နယ်လိုဒေသနဲ့ ရှမ်းမြောက်ရဲ့ အချို့သောဒေသတွေမှာ KIA လက်နက်ကိုင် အဖွဲ့နဲ့ အကျိုးစီးပွားထိပ်တိုက် တိုးမှုတွေ ရှိနေနိုင်တာ ဖြစ်ပါတယ်။ လက်နက်ကိုင် တပ်တွေအချင်းချင်းသာမက ဒေသမှာ နေထိုင်ကြတဲ့ လူထုတွေနဲ့ပါပညာရေး၊ အုပ်ချုပ်ရေးလို ကိစ္စရပ်တွေမှာ ပွတ်တိုက်မှုတွေ ဖြစ်ပေါ်စေနိုင်တာလည်း တွေ့နေရတာဖြစ်ပါတယ်။ ကွတ်ခိုင်မြို့ KIA ဆက်ဆံရေးရုံးကိုပိတ်ပစ်ဖို့ TNLA က ပြော ဆိုတဲ့ကိစ္စ၊ ကွတ်ခိုင်မြို့နယ် ကာလိုင် (ဂါလိုင်) ကျေးရွာက စာသင်ကျောင်း မဖွင့်လှစ်ဖို့ TNLA က လက်နက်ကိုင် အဖွဲ့တွေနဲ့ တားဆီးရာမှာ ရပ်ရွာလူထုနဲ့ အငြင်းအခုံဖြစ်ပွားတာ၊ နောက်ဆုံး TNLA က စာသင်ကျောင်းကို လက်နက်ကိုင်တွေ ဝင်ရောက်တပ်စွဲပြီး ချိတ်ပိတ်ထားတဲ့ အဖြစ်အပျက်တွေက အဆိုပါ လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့အကြား အကျိုးစီးပွား ပဋိပက္ခဖြစ်ပွားတာတွေ ရှိနေပြီဆိုတဲ့သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ ကွတ်ခိုင်လို မြို့မှာ ပလောင်လူမျိုးတွေတင်မက ကချင်လူမျိုးအများအပြားနေထိုင်ကြတာကြောင့် ကွတ်ခိုင်မြို့ ကို TNLA က သိမ်းယူပြီး အုပ်ချုပ်မှုအပေါ် KIA အနေနဲ့ မကျေလည်မှုတွေလည်း ရှိနိုင်တာဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့နယ်မြေဒေသတွေ တိုက်ခိုက်သိမ်းယူကြရာမှာ အများလက်ခံနိုင်မယ့်အခြေခံရမယ့်အချက်၊ သဘောထား၊ အချင်းချင်းအကြားဖြစ်ပွားလာနိုင်တဲ့ အကျိုး စီးပွားထိပ်တိုက်ဖြစ်မှုတွေနဲ့ပတ်သက်လို့ဖြေရှင်းမယ့် နည်းနာ၊ အဖွဲ့၊ ကော်မတီ၊ မူဝါဒတွေ ရှိဖို့ လိုအပ်နေတာဖြစ်ပြီး စစ်အင်အားသည်သာ အဆုံးအဖြတ်ဆိုတဲ့ မူဝါဒမျိုးနဲ့အခြားသော လက်နက် ကိုင်အဖွဲ့တွေကိုပြောဆိုမယ်ဆိုရင်တော့ တော်လှန်ရေး လက်နက်ကိုင်ဆိုတဲ့ ဂုဏ်ပုဒ်ထက် စစ်ဝါဒကို အခြေခံထားတဲ့ လက်နက်ကိုင်အဖွဲ့ဆိုတဲ့ ဂုဏ်ပုဒ် ဆီကိုသာ ဦးတည်နေတယ်ဆိုတာ သတိပြုရမှာဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar