Breaking News

တအာင်း(ပလောင်) လက်နက်ကိုင် အဖွဲ့ TNLA က စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အသင့်ရှိကြောင်း ထုတ်ပြန်

⁨⁨⁨⁨⁨မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂၅ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၂၄⁨⁨⁨⁨⁨⁨


တအာင်း(ပလောင်) လက်နက်ကိုင် အဖွဲ့ TNLA က စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အသင့်ရှိကြောင်း ထုတ်ပြန်


“စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေး ဖြေရှင်းရန် အမြဲတမ်း အဆင်သင့်ရှိကြောင်း သဘောထားထုတ်ပြန်ချက်” ဆိုတဲ့ ခေါင်းစဥ်နဲ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ TNLA ရဲ့ ထုတ်ပြန်ချက်ဟာ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုက ထိရောက်မှုရှိကြောင်း သက်သေပြလိုက်တဲ့ အဖြစ်အပျက် တခုအဖြစ် ဆိုနိုင်ပါလိမ့်မယ်။

နောင်ချိုမြို့ရဲ့ တောင်ဘက်၊ တောင်ခမ်းတဝိုက် မှာ လနဲ့ချီ အပြင်းအထန်ဖြစ်ပွားနေတဲ့ အရေးပါတဲ့ စစ်ကောင်စီ တပ်စခန်းတွေကိုသိမ်းဖို့ ကြိုးစားတဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေစဥ်မှာ အခုလို မျှော်လင့်မထားတဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ယမန်နှစ်ကုန်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး လအနည်းငယ်အကြာမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ပဲ ပထမတကျော့ ဆွေးနွေးမှုတွေ ယူနန်ပြည်နယ် ဟိုင်ဂင်မြို့မှာ ကျင်းပခဲ့ပြီး ဇွန်လကုန် ဇူလိုင်ဝန်းကျင်ထိ အပစ်အခတ်ရပ်စဲခဲ့ပေမယ့် ဒုတိယ အကျော့ စစ်ဆင်ရေးတွေ ပြန်လည်စတင်ပြီး ပထမ အကျော့ထက်ကို နယ်မြေ၊ မြို့၊ တပ်စခန်းပိုမို သိမ်းယူနိုင်ခဲ့ပြီး သိမ်းယူထားတဲ့ မြို့တွေဖြစ်တဲ့ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ နောင်ချို၊ နမ္မတူ၊ ကွတ်ခိုင်တို့မှာ အုပ်ချုပ်ရေး ဖေါ်ဆောင်နေသလို သယံဇာတတွေ ထုတ်လုပ်ရာက အခွန်အခ နဲ့ အခြားသော အခွန်အကောက်တွေ ကောက်ယူကာ “တအာင်းပြည်” ကို ကိုယ်ပိုင်အုပ်ချုပ်နေပြီ ဖြစ်ပါတယ်။ 

သို့ပေမဲ့ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းတွေက တင်သွင်းမယ့် ရိက္ခာ၊ လောင်စာ၊ ဆေးဝါးနဲ့ အခြားသော လူသုံးကုန်၊ တိုက်ပွဲတွေအတွက် လိုအပ်တဲ့ လက်နက်မဟုတ်တဲ့ ကုန်ပစ္စည်းတွေကိုပါ တရုတ်နိုင်ငံဘက်က သယ်ယူတင်သွင်းခြင်း မပြုနိုင်အောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

ထုတ်ပြန်ချက် စာသားကို လေ့လာကြည့်ရင် ပထမအပိုဒ်မှာ “လေကြောင်းစစ်ဆင်ရေး အပါအဝင်ပြင်းထန်သည့် တိုက်ပွဲကြောင့် စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရသည့် ဒေသခံ မိဘပြည်သူများ၏ အကျိုးကို ငဲ့ညှာထောက်ထား၍ သော်လည်းကောင်း နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်း ဆောင်ရွက်နေသည့် တရုတ်နိုင်ငံ အစိုးရ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍သော်လည်းကောင်း” လို့ ရေးသား ဖော်ပြထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ စစ်ဘေးဒဏ် ဆိုးရွားစွာခံစားရခြင်းနဲ့ စစ်ကောင်စီရဲ့ လေကြောင်းက တိုက်ခိုက်မှုကို ပထမ အကြောင်းရင်း အဖြစ်၊ ဒုတိယအကြောင်းရင်းအနေနဲ့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍လို့ ဖော်ပြထားတာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် အခုလို တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိကြောင်း ထုတ်ပြောလာရတယ်လို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ 

ဒုတိယအပိုဒ်မှာလည်း တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်နေမှုတွေကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF မှ အပြုသဘောဆောင် ကောင်းကျိုးရှိတဲ့ အမြင်နဲ့ အမြဲပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းနေကြောင်း ကောင်းမွန်တဲ့ ရလဒ်များရရှိဖို့ ဆက်လက်ပူးပေါင်း ဆောင်ရွက်မယ်လို့ ထပ်ပြီး ကတိကဝတ်ခံထားတာ တွေ့ရပါတယ်။ 

တတိယစာပိုဒ်မှာတော့ ၁၀၂၇ စစ်ဆင်ရေးမှာ တအာင်းဒေသအတွင်း တိုက်ပွဲများဖြစ်ပွားလာတာ တနှစ်ပြည့်လာပြီး စစ်ကောင်စီတပ်၊ စခန်း နဲ့ စစ်ကြောင်းတွေကို တအာင်းဒေသရဲ့ မြို့ရွာ နယ်မြေတွင်းက ဖယ်ရှားတိုက်ထုတ်နိုင်သော်လည်း လေကြောင်းတိုက်ခိုက်မှုက အပြစ်မဲ့ ပြည်သူလူထုအဖို့ စစ်ဘေးစစ်ဒဏ်ကို ဆိုးရွားစွာခံစားနေကြရတဲ့ အကြောင်း ဖော်ပြထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

အဲဒီနောက် စတုတ္ထအပိုဒ်မှာတော့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်ဟာ တအာင်း လူမျိုးများ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန် နဲ့ တအာင်းပြည်နယ်ရရှိရန် လက်နက်ကိုင် တိုက်ပွဲဝင်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တိုင်းရင်းသား မြန်မာပြည်သူလူထုတို့နဲ့ အတူ တည်ဆောက်ရန် အမြဲတစေကြိုးပမ်းဆောင်ရွက်နေပါသည်လို့လည်း ဖေါ်ပြထားတာတွေ့ရပါတယ်။ ဒီအပိုဒ်က တအာင်းပြည်နယ် ရရှိရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံကို တည်ဆောက်ရာမှာ အတူပါဝင်ရန် ဆိုတဲ့ ရည်ရွယ်ချက်ကို မီးမောင်းထိုးဖေါ်ပြထားတဲ့ သဘောလို့ ကောက်ချက်ချ နိုင်ပါတယ်။ နောက်ဆုံးစာပိုဒ်မှာတော့ စစ်ဘေးစစ်ဒဏ် အလူးအလဲခံစားနေရသော ပြည်သူကို ထောက်ထားညှာတာခြင်း နဲ့ မိမိကိုယ်ကို ခုခံကာကွယ်ခွင့် အခွင့်အရေးကို ကိုင်စွဲပြီး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေး အဖြေရှာရန် PSLF/TNLA အနေနဲ့ အမြဲတမ်းအဆင်သင့်ရှိကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်ဆိုပြီး အဆုံးသတ်ထားတာ တွေ့ရပါတယ်။ 

ဒီထုတ်ပြန်ချက်နဲ့ လက်ရှိဖြစ်ပွားနေတဲ့ နောက်ခံအခြေအနေ အားလုံးကို ခြုံငုံသုံးသပ်ကြည့်မယ် ဆိုရင် TNLA အပေါ် တရုတ်နိုင်ငံရဲ့ ဖိအားက တစုံတရာ သက်ရောက်မှုရှိနေတယ်ဆိုတဲ့ အချက်၊ TNLA အနေနဲ့ သိမ်းယူထားပြီးဖြစ်တဲ့ နယ်မြေတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အတွက် စစ်ရေးအပြင် သံတမန်ရေး အရပါ ဆောင်ရွက်နိုင်ခြင်း မရှိရင် မဖြစ်ဘူးဆိုတဲ့ အနေအထားလို့ မှန်းဆကြည့်နိုင်တာ ဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးရေးက ဖြစ်လာမယ်၊ မဖြစ်လာဘူးဆိုတာ လောလောဆယ်မှာ ပြောဖို့စောနေသေးတဲ့ အနေအထားဖြစ်ပြီး စစ်ကောင်စီ အနေနဲ့လည်း စစ်ရေးအင်အားနဲ့ချည်း ခုခံနေရာမှာ လူအား၊ လက်နက်အင်အား ခြေကုန်လက်ပန်းကျနေသလို တွေ့ဆုံဆွေးနွေးရေးကို အသုံးချပြီး နောက်ထပ်နယ်မြေတွေ မြို့တွေ မဆုံးရှုံးရအောင် လုပ်ဆောင်ဖို့ ရည်ရွယ်ထားတာ ဖြစ်နိုင်ပါတယ်။ ဒီလို အခင်းအကျင်းမျိုးကို တရုတ်နိုင်ငံကလည်း အားပေးထောက်ခံတဲ့ သဘောဖြစ်ပါတယ်။ တရုတ်နိုင်ငံက ၂၀၂၄ ခုနှစ်ဆန်းကတည်းက တွေ့ဆုံဆွေးနွေးရေး ပိုနေမြဲ ကျားနေမြဲ အနေအထားကို ထိန်းထားနိုင်ရေးနဲ့ နယ်စပ်တလျှောက် လက်နက်ကိုင် တိုက်ပွဲတွေ ရပ်ဆိုင်းရေးကို ဦးတည်ကြိုးစားခဲ့တာ တွေ့ရမှာပါ။ 

သြဂုတ်လ လားရှိုးမြို့ ကိုးကန့်လက်နက်ကိုင် အဖွဲ့လက်ထဲ ကျရောက်သွားပြီး နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံအနေနဲ့ နယ်စပ်တည်ငြိမ်ရေးတင်မကတော့ပဲ မြန်မာနိုင်ငံတွင်းက တိုက်ပွဲတွေ နယ်မြေအများအပြား ဆက်တိုက်သိမ်းယူလာနိုင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အနေအထားနဲ့ ဗဟိုက စစ်အစိုးရအနေနဲ့ အာဏာချိန်ခွင်လျှာမှာ ဘက်မမျှ ဖြစ်လာတာကို ဝင်ပြီး အလေးမဲတင်းဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။ 

TNLA ထုတ်ပြန်ချက်အပေါ် အကြောင်းခံပြီး တွေးကြည့်ရာမှာ အကယ်၍ တွေ့ဆုံဆွေးနွေးရေး တွေ ဖြစ်ပေါ်လာခဲ့ရင် နယ်မြေ၊ စခန်း၊ မြို့တွေနဲ့ ပတ်သက်လို့ အပေးအယူတွေ၊ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ပတ်သက်လို့ သဘောတူညီမှု တချို့ ဆီ ဦးတည်ကောင်း ဦးတည်သွားနိုင်ပါတယ်။ ဒါက အကောင်းဆုံး အခြေအနေ ၂ ဖက်စလုံးက ဆွေးနွေးရေးကို လိုလားတဲ့ အခြေအနေဖြစ်ပါတယ်။ 

အဲဒီလိုမဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ ဖိအားကို တုံ့ပြန်ချက်တခု အနေနဲ့သာ ထုတ်ပြန်တာမျိုး တဖက်မှာ စစ်ကောင်စီ အနေနဲ့လည်း တွေ့ဆုံဆွေးနွေးရေးကို နည်းပရိယာယ် တခုအဖြစ်သာ ကျင့်သုံးတာမျိုးဖြစ်ခဲ့ရင်တော့ အခု ထုတ်ပြန်ကြေညာချက်က နိုင်ငံရေး ကစားမှုတခုလို့သာ မှတ်ယူရမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar