မုံရွာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၁၃ မြင်ကွင်း
မိုးမခ၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၅
မုံရွာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်
ဖေဖော်ဝါရီ ၁၂ ရက်ည နဲ့ ၁၃ ရက် နံနက်ပိုင်းတွေမှာ စစ်ကိုင်းတိုင်း မုံရွာမြို့ရဲ့ တောင်ဘက် ချောင်းဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး စစ်ဘေးရှောင်သူတွေနဲ့ အရပ်သား ၁ ဒါဇင်ထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ မုံရွာဒေသ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ မုံရွာနဲ့ ချောင်းဦးအကြားက ကျေးရွာတွေ ဖြစ်တဲ့ ညောင်ဖြူပင်၊ ဘုဘ၊ သစ်ဆိမ့်၊ ဆူးလေကုန်း၊ ဂျိုးစု စတဲ့ ကျေးရွာတွေကို စစ်ကောင်စီ လေတပ်က ဒါဇင်နဲ့ချီတဲ့ ဗုံးကြဲခဲ့ရာမှာ စုစုပေါင်း ၁၃ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ လေကြောင်းတိုက်ခိုက်မှုက ဖေဖော်ဝါရီ ၁၂ ရက်နေ့ သန်းခေါင်မတိုင်မီ တကြိမ်၊ ၁၃ ရက်နေ့ နံနက် မိုးမလင်းမီ တကြိမ် ၂ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်သေဆုံးသူတွေအထဲ ကလေးငယ် ၂ ဦးနဲ့ သက်ကြီး ရွယ်အို ၁ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က သတင်းအချက်အလက် စုဆောင်းပြီး လေကြောင်းက တိုက်ခိုက်တာလို့ မှန်းဆရပေမယ့် ပစ်မှတ်ထားတဲ့ နေရာတွေက စစ်ရှောင်တွေ စခန်းချ နေထိုင်ကြတဲ့နေရာ နဲ့ အရပ်သားတွေ နေထိုင်တဲ့ လူနေအိမ်လို နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ အဆိုပါကျေးရွာတွေဟာ စစ်ကောင်စီတပ်တွေ ထိန်းချုပ်နိုင်ခြင်း မရှိတဲ့ ကျေးရွာတွေ နယ်မြေတွေဖြစ်ပြီး အခုလို များပြားတဲ့ အကြိမ်ရေ၊ ဗုံးတွေ ကြဲချတဲ့ လေကြောင်းတိုက်ခိုက်မှုနောက်က မြေပြင်က ထိုးစစ်လုပ်ဆောင်မလား ဆိုတာတော့ ရှင်းလင်းစွာ မသိနိုင်သေးပါဘူး။
စစ်ကိုင်းတိုင်းရဲ့ အခြေအနေက စစ်ကောင်စီ အနေနဲ့ မြို့အများစုကို ထိန်းချုပ်ထားဆဲ ဖြစ်ပေမယ့် မြို့ဧရိယာ ကျော်လွန်တဲ့ ကျေးရွာတွေအများစုက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတဲ့ NUG လက်အောက်က ပကဖ၊ LPDF လို့ခေါ်တဲ့ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့တွေက အများစု ထိန်းချုပ်ထားကြတာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းလို ကျယ်ပြန့်တဲ့ဒေသကို စစ်ကောင်စီ အနေနဲ့ ထိန်းချုပ်နိုင်ခြင်းမရှိတာ နှစ်နဲ့ချီရှိလာပြီဖြစ်ပြီး PDF တပ်ဖွဲ့တွေ အနေနဲ့လည်း မြို့တွေ တပ်စခန်းတွေကို သိသိသာသာ တိုက်ခိုက်သိမ်းယူနိုင်တဲ့ အခြေအနေမျိုး ရှိမနေတာ တွေ့ရပါတယ်။
စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုက အစဥ်အမြဲ ဖြစ်ပွားနေတာမျိုးတော့ မဟုတ်ပါဘူး။ ယခင်နှစ်တွေတုန်းက မုန်တိုင်ပင်ကျေးရွာ၊ လက်ယက်ကုန်း၊ ပဇီကြီး တို့လို ကျေးရွာတွေကို စစ်လေယာဥ်၊ စစ်ရဟတ်ယာဥ်တွေနဲ့ တိုက်ခိုက်ခဲ့တာတွေ ရှိပြီး ပဇီကြီးကျေးရွာ အဖြစ်အပျက်က အရပ်သား အသေအပျောက်အများဆုံး ဖြစ်သလို လက်ယက်ကုန်းရွာ စာသင်ကျောင်း တိုက်ခိုက်မှုမှာတော့ မူလတန်း ကျောင်းသားကလေးငယ်တွေ အများအပြားသေဆုံးခဲ့တာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းထဲက မုံရွာ၊ ချောင်းဦးနယ်က ကျေးရွာတွေကို လတ်တလော လေကြောင်းတိုက်ခိုက်မှုဟာ စစ်ကောင်စီ အနေနဲ့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီ နဲ့ ကရင်ပြည်နယ်တို့မှာ တိုက်ပွဲဖြစ်ပွားမှု လျော့နည်းလာတဲ့ အနေအထားမှာ အညာဒေသကို ပိုမိုထိန်းချုပ်နိုင်အောင် ဖိလာတဲ့ ရည်ရွယ်ချက်နဲ့လား ဆိုတဲ့ ယူဆချက်တခုလည်း ရှိလာပါတယ်။ ကိုးကန့် လက်နက်ကိုင် အဖွဲ့နဲ့ အပစ်အခတ် ရပ်စဲမှု သဘောတူညီချက် ရထားသလို TNLA နဲ့လည်း ဆွေးနွေးမှုတွေ ပေါ်ထွက်ကောင်း ပေါ်ထွက်လာနိုင်တဲ့ အနေအထား၊ ရှမ်း-မန်းစစ်ဆင်ရေး၊ လားရှိုး၊ မိုင်းရယ်တို့လို ဒေသတွေမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ငြိမ်သက်နေချိန် မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသ ဖြစ်တဲ့ စစ်ကိုင်း မကွေးတိုင်းတို့ကို လေကြောင်းနဲ့ မြေပြင် ပူးပေါင်း တိုက်ခိုက်ပြီး နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း ပဲခူးတိုင်းတို့ကို အားယူနိုင်အောင် လုပ်ဆောင်တာလားလို့ မှန်းဆကြည့်စရာလည်း ရှိနေပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း မြောက်ပိုင်းက တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စစ်ကောင်စီ အနေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေကို ပိုပြီးအင်အားစုစည်းကာ ထိုးစစ်ဆင်လာနိုင်ခြေကို သတိပြုဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ နယ်မြေ လက်လွတ်ဆုံးရှုံးမှုများလာတဲ့ အချက်က တဖက်မှာ အရှုံးဘက်ကလို့ ဆိုနိုင်သလို အခြားတဖက်မှာ အဲဒီဒေသတွေ နယ်မြေတွေကနေ ဆုတ်ခွာလာတဲ့ တပ်အင်အားက မြန်မာနိုင်ငံအလယ်ပိုင်း အထက်ပိုင်း ဒေသတွေဆီ စုစည်း အားဖြည့်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရခိုင်ပြည်နယ်၊ ရှမ်းမြောက်၊ ချင်းပြည်နယ် စတဲ့ ဒေသတွေက ဆုတ်ခွာလာတဲ့ တပ်တွေကို စစ်ကောင်စီ အနေနဲ့ အလယ်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေမှာ အင်အားဖြည့်တာမျိုး လုပ်လာနိုင်စရာလည်း ရှိနေတာဖြစ်ပါတယ်။
နောက်ရှုထောင့်တခုက စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံ အစွန်အဖျား နယ်စပ်ဒေသတွေထက် ကုန်သွယ်ရေး လမ်းကြောင်း၊ ဆက်သွယ်ထောက်ပံ့ရေးလမ်းကြောင်း ကုန်းလမ်း၊ ရေလမ်း ကျတဲ့ ချင်းတွင်းနဲ့ ဧရာဝတီ မြစ်ကြောင်းတလျှောက်က မြို့တွေ နယ်တွေကို ထိန်းသိမ်းထားနိုင်ဖို့ အာရုံစိုက်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဒီအခြေအနေတွေ ဒီလို ဖြစ်လာနိုင်ခြေတွေကို မြန်မာနိုင်ငံအလယ်ပိုင်း နဲ့ အထက်ပိုင်းက လက်နက်ကိုင် အင်အားစုတွေအနေနဲ့ တုံ့ပြန်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။ အညာလို့ ခေါ်ဆိုကြတဲ့ မကွေးတိုင်း အထက်ပိုင်း၊ စစ်ကိုင်းတိုင်း ဒေသတွေက လက်နက်ကိုင်တပ်အင်အားစုတွေ အနေနဲ့ အခုထက်ပိုပြီး စစ်ရေးအရ စုစည်းဖွဲ့စည်းမှုတခု လိုအပ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar