Breaking News

ငြိမ်းစု - သစ္စာလမ်းမှသည် ကျောချခဲ့ရာသို့ ...

 

သစ္စာလမ်းမှသည် ကျောချခဲ့ရာသို့

ငြိမ်းစု

(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၂၀


တောင်ဥက္ကလာ သစ္စာလမ်းပေါ် ရထားသံလမ်းကျော်ပြီး ကားမှတ်တိုင် သေချာပါသည်။

ဤနေရာမှမြင်နေရသည့်ရပ်ကွက်ထဲဖြတ်ကျော်သွားလျှင် ၁၉၉၀ ခုနှစ် အောက်တိုဘာလကုန်ပိုင်းလောက်တွင် ကျနော်ခိုအောင်းခဲ့သော ကျနော်၏မိတ်ဆွေအိမ်သိို့ရောက်မည်မှာ အမှန်ပင်ဖြစ်၏။ သို့သော် ရပ်ကွပ်ထဲသို့ဝင်လိုက်သည်နှင့် လွန်ခဲ့သည့် ၂၃ နှစ်က ကျနော်ရောက်ခဲ့ဖူးသော ရပ်ကွက်နှင့်မတူတော့၊ အများကြီးပြောင်းလဲနေပြီ။ ထိုစဉ်က တစ်အိမ်နှင့်တစ်အိမ်ကြား ဖြတ်သန်းသွားလာလို့ရသည်။ ယခုမူ ခြံဝန်းများဖြင့် ဖြစ်နေလေသည်။ ကျနော့်၏မိတ်ဆွေအိမ်သိို့ု မည်ကဲ့သို့ သွားရမည်ကိုပင်မသိတော့ပေ။ မေးမြန်းစုံစမ်းရမည်မှာလည်း မိတ်ဆွေ၏အိမ်လိပ်စာနှင့် အမည်ကိုပင်မမှတ်မိ၍ အခက်တွေ့ခဲ့ရသည်။ မိတ်ဆွေ၏ အိမ်နေရာကို ကောင်းကောင်းကြီးမှတ်မိနေသော်လည်း မည်သို့သွားရမည်ကိုမူ လမ်းစရှာမရဖြစ်ကာ ပြန်လှည့်ခဲ့ရလေသည်။

၁၉၉၀ ရွေးကောက်ပွဲမတိုင်မီထောင်မှလွတ်လာခဲ့သည့်ကျနော်သည် နိုင်ငံရေးလှုပ်ရှားမှုများတွင်ပါဝင်လှုပ်ရှားခဲ့ရင်း ရှောင်တိမ်းလိုက်ရ၊ အခြေအနေကောင်းရင် အိမ်ပြန်လာနေလိုက်ရဖြင့် မတည်မငြိမ်ဖြစ်နေသည်။ ထောင်ထဲသို့ရောက်ခဲ့ဖူးသူဖြစ်၍ နောက်တစ်ကြိမ်ထောင်ထဲပြန်ဝင်ရန်အပန်းမကြီးသော်လည်း ပြန်၍မသွားချင်ခဲ့သည်မှာ အမှန်ပင်။ ရန်သူ့၏အကျဉ်းသားဘဝဖြင့််နေရမည်အစား လွတ်လပ်စွာဖြင့် ရန်သူကို ပြန်လည်တွန်းလှန်တိုက်ခိုက်ရင်း သေရသည်က ပို၍ကောင်းပေဦးမည်။

ကျနော်သည်ရှောင်တိမ်းရင်း မန္တလေးမြို့သို့ရောက်နေခဲ့စဉ် ကချင်ပြည်နယ်တွင်ရောက်ရှိနေသည့်ကျောင်းသားများနှင့်အချိတ်အဆက်ရှိသောနေရာကိုသိရသော်လည်း ထိုနေရာနှင့်ကျနော့်ကို ဆက်သွယ်ပေးမည့်သူမရှိဖြစ်နေသည်။ ကျနော်ကိုယ်တိုင်သွားရောက်ဆက်သွယ်ရအောင်ကလည်း ကျနော့်ကိုသိသူမရှိ၍ သွားရန်ုမဖြစ်နိုင်ပေ။ ထို့ကြောင့် ကချင်ဖက်သို့ထွက်ရန်ကြိုးစားမှုကို လက်လျှော့ခဲ့ရပေသည်။

သို့ဖြင့်ကျနော်သည် ကျနော်၏ဇာတိမြို့ဖြစ်သောပြည်မြို့သို့အောင်မြင်စွာဆုပ်ခွာခဲ့ရလေရာ ကံအားလျှော်စွာဖြင့် ပြည်မြို့မှလာသောကားနှင့် မန္တလေးမြို့မှ ကျနော်စီးနင်းလိုက်ပါလာခဲ့သောကားသည် မိတ္တီလာမြို့ထမင်းဆိုင်တွင်စုံကြလေ၏။ ပြည်ကားဖြင့်လိုက်ပါလာသည့် ပြည်မြို့မှကျနော်၏မိတ်ဆွေများရဲ့ပြောပြချက်အရ ကျနော်ပြည်မြို့သို့ ပြန်ရန်မဖြစ်နိုင်တော့ချေ။ မိတ်ဆွေများမှလည်း ကျနော့်အားပြန်ရန်မသင့်ဟုအကြံပြုကြသည်။ ပြည်မြို့၌ ကျနော်၏ညီဖြစ်သူအပါအဝင် လူငယ်အချို့အဖမ်းခံထားရသောကြောင့် ဖြစ်၏။ ထို့ကြောင့် ကျနော်သည်ပြည်မြို့သို့ပြန်ရန် ဦးတည်ချက်ကို် မိတ္တီလာမြို့မှနေ၍ တောင်ကြီးမြို့သို့ပြောင်းလွဲပြင်ဆင်ခဲ့ရပေတော့သည်။

တောင်ကြီးမြို့ရှိ စိတ်ချယုံကြည်ရသောမိတ်ဆွေသူငယ်ချင်းများထံတွင် တော်လှန်နယ်မြေအကြောင်း စုံစမ်းကြည့်သည်။ ၎င်းတို့၏ပြောပြချက်အရဆိုလျှင် တောင်ကြီးမြို့တောင်ဖက်သို့ ထွက်လိုက်သည်နှင့် တော်လှန်နယ်မြေသို့ရောက်သည်။ ကျောင်းသားများရှိသည်။ နယ်မြေခံမှာ ပအိုဝ်လူမျိုးများ ဖြစ်သည်။ သို့သော် ၎င်းတို့တွင် အဆက်အသွယ်မရှိသဖြင့် ကျနော့်ကိုမသွားရန် တားမြစ်ကြသည်။ ဤသို့ဖြင့် ကျနော်သည် တောင်ကြီးမြို့၌ တလနီးပါး ကြာမြင်စွာ နေထိုင်ခဲ့ပြီး ပြည်မြို့သို့ အခြေအနေကောင်း မကောင်း ဆက်သွယ်မေးမြန်းရာ အဖမ်းခံထားရသည့် ကျနော်၏ညီနှင့် လူငယ်အချို့ ပြန်လည်လွတ်မြှောက်လာပြီး အေးဆေးနေသည်ကိုသိရသည်။ ကျနော့်ကိုလည်း ပြန်လာလိုက ပြန်လာနိုင်ကြောင်းပြောသဖြင့် ပြည်မြို့သိို့ု ပြန်ခဲ့တော့သည်။

ပြည်မြို့၌ အေးဆေးတည်ညိမ်စွာရှိသော်လည်း ထောက်လှမ်းရေးများက အမြဲစောင့်ကြည့်နေကြပြီး ၎င်းတို့၏လက်ကိုင်တုတ်များဖြစ်သော သတင်းပေးများမှာ လှုပ်လှုပ်ရှားရှားရှိနေ၍ ဤတည်ငြိမ်မှုသည် အချိန်မရွေးလှုပ်ခတ်လာနိုင်ချေ ရှိ၏်။ ထို့ကြောင့် အဝတ်ထည့်ထားသည့်ကျောပိုးအိပ်ကိုမူ အသင့်အနေအထား ပြင်ဆင်ထားကာ သတိကြီးစွာဖြင့် ပုံမှန်သွားလာနေခဲ့ရသည်။

တနေ့သ၌ မကွေးမြို့မှ ရန်ကုန်မြို့သိို့ုထွက်ခဲ့သည့် ဧရာအရှေခရီးသည်တင်ဘတ်စ်ကားသည် ပြည်မြို့အဝင် ၌တိမ်းမှောက်ခဲ့ရာ ပြည်မြို့ဆေးရုံကြီး (ဆေး ရုံဟောင်း)သို့ ဒဏ်ရာရလူနာများအားပို့ဆောင်ခဲ့ကြပြီး ထိုဒဏ်ရာရလူနာများအတွက် သွေးလိုအပ်နေသည်ဟုကြားသိရ၍ ကျနော်သည် ဆေးရုံကြီးသိို့ အပြေးလှမ်းခဲ့လေသည်။ အခန်းတစ်ခုထဲ၌ ဒဏ်ရာရ လူနာများကို စိတ်မကောင်းစွာ မြင်တွေ့ရသည်။

”သွေးလှူရှင် မရသေးတဲ့ သူရှိပါသေးလား”

”ကျနော့်အဖေအတွက် မရသေးဘူး”

ကျနော်အော်၍မေးလိုက်သည်ကို လူငယ်တစ်ဦးမှတုန်ရီနေသောအသံဖြင့် ပြန်၍ဖြေ၏။ လူနာ၏ညာဘက်(ဖြစ်မည်ထင်သည် အသေချာမမှတ်မိတော့)လက်တတောင်ဆစ်အထက်ပိုင်းတွင် ဖြတ်ရှဒဏ်ရာကြီးအား တွေ့လိုက်ရသည်။ လက်ဖြတ်ရမည်ဖြစ်၍ လူနာ၏သွေးအုပ်စုကိုမေးကြည့်သောအခါ ကျနော်နှင့် သွေးအုပ်စုတူညီနေသဖြင့် ထိုလူနာအား သွေးလှူခဲ့သည်။ ထိုနေ့သည်ကား ၁၉၉၀ ခုနှစ် စက်တင်ဘာ လ ၁၉ ရက် သောကြာနေ့ဖြစ်သည်ကို ကျနော်၏သွေးလှူရှင်ကပ်မှ ညွှန်ပြလျက်ရှိ၏။

နောက်ရက်များတွင်လည်း ပြည်မြို့၌ အသိမိတ်ဆွေမရှိသည့် ထိုလူနာသားအဖအား သွားရောက်ကူညီရင်း ရင်းနှီးခဲ့သည်။ ကျနော်သည် နိုင်ငံရေးလှုပ်ရှားနေသူတစ်ဦးဖြစ်ပြီး မကြာခဏတိမ်းရှောင်နေရကြောင်း ရွေး ကောက်ပွဲမတိုင်မီ ထောင်မှလွတ်လာကြောင်း စသည့် ကျနော်၏အကြောင်းများ သူတို့ကို ပွင့်လင်းစွာ ပြောပြခဲ့သည်။ သူတို့သည် ရန်ကုန်သို့ပြန်ကြချိန်တွင် ကျနော့်ကိုသူတို့၏ အိမ်လိပ်စာကိုပေးကာ ရန်ကုန်ရောက်လျှင် အိမ်သို့လာရောက်ရန်ဖိတ်ခေါ်၍ ပြန်သွားကြလေသည်။

၎င်းတို့ပြန်သွားပြီး ရက်ပိုင်းအတွင်းမှာပင် ပြည်မြို့၌ လှုပ်ခတ်လာလေတော့သည်။ ကျနော်နှင့်အတူလှုပ်ရှားနေသော ရဲဘော်တစ်ဦးသည် ရဲများ၏ဖမ်းရန် ကြိုးစားသည့်ကြားမှ ရုန်းထွက်လွတ်မြှောက်ခဲ့ရသည်။ ထောက်လှမ်းရေးများက ယခင်ကလို အဝေးမှနေ၍စောင့်ကြည့်နေခြင်းမျိုး မဟုတ်တော့ပဲ၊ နောက်ကျောနားအထိကပ်လာပြီဖြစ်ရာ တစ်နေ့မဟုတ်တစ်နေ့ ဖမ်းတော့မည်မှာ ဗေဒင်မေးရန်မလိုလောက်အောင် သေချာနေပြီဖြစ်သဖြင့် ကျနော်လည်း အသင့်ပြင်ထားသည့်ကျောပိုးအိတ်ကိုလွယ်၍ ကျနော်၏ဇာတိမြို့သော ကဗျာ ဆရာမောင်ချောနွယ်၏နှစ်ထပ်သဘောင်္မြို့ကို စွန့်ကာ ရန်ကုန်သိို့တိမ်းရှောင်ခဲ့ရလေတော့သည်။

ရန်ကုန်၌တော်လှန်သော လူ့ဘောင်သစ်(မျိုးချစ်ဒီမိုကရက်တစ်လူငယ်တပ်ပေါင်းစု)ပါတီမှ ကျနော့်ကဲ့သို့ပင် မြို့ကိုစွန့်ခွာခဲ့ရသည့် ကျိုက်လတ်သား နိုင်မိုးအောင် (ကိုကိုနိုင်)နှင့်ဆုံတွေ့ကာ ကျနော်တို့နှစ်ဦး ဘုန်းကြီး ကျောင်းများတွင် သုံးရက်တစ်ကျောင်းပြောင်း၍ ညအိပ်ရုံမျှသာအိပ်ခဲ့ကြပြီး၊ အငတ်ခံအပင်ပန်းခံ၍ သွားလာလှုပ်ရှားခဲ့ကြရသည်။ ဤသို့ဖြင့် ကြာလာသည်နှင့်အမျှ ကျနော်တို့ဘုန်းကြီးကျောင်းများတွင် နေထိုင်ရန်ခက်ခဲလာသဖြင့် ရန်ကုန်မြစ်တစ်ဖက်ကမ်း သောင်ပြင်ပေါ်ရှိတဲကလေးသိို့ု ရောက်ခဲ့တြသည်။ သောင်ပြင်ပေါ်ရှိတဲကလေးသည် ဘုန်းကြီးကျောင်းတွင်နေရသည်ထက် လွတ်လပ်၏်။ လရောင် အောက်သောင်ပြင်ပေါ်တွင်ထိုင်၍ တဝေါဝေါစီးဆင်းနေသည့် ရန်ကုန်မြစ်ပြင်ကို ကြည့်နေရသည်မှာ စိတ်သက်သာရာရသည်ဟု ထင် သည်။ သို့သော် ကျနော်တို့နှစ်ဦး ထိုထင်မြင်ချက်လေးအပေါ်၌ သာယာ၍မနေနိုင်ခဲ့ကြ။ နောက်ရက်များတွင် မြစ်ကူးရန် လှေခမတတ်နိုင်ခြင်းကြောင့်ပင် ဖြစ်သည်။ ရန်ကုန်မြို့ထဲတွင် ကျောချရန်နေရာတစ်နေရာရလျှင်အဆင်ပြေနိုင်မည်။ သို့သော် ရန်ကုန်မြို့ထဲတွင် ကျောချရန်နေရာတစ်နေရာရဖို့လွယ်သည်တော့မဟုတ်ပေ။

တောင်ဥက္ကာလာရှှိ ကျနော်သွေးလှူခဲ့သည့်ဦးလေးထံသွားရောက်၍ အကူအညီတောင်းလျှင်ရနိုင်သော်လည်း စိတ်ထဲတွင်မူအကူအညီတောင်းသင့် မတောင်းသင့်ကိုဝေခွဲ၍မရ ဖြစ်နေ၏။ သို့သော် ကျနော်တို့အတွက် ရန်ကုန်၌ကျောခင်းစရာနေရာလိုအပ်နေပြီ မဟုတ်ပါလား။ အခြားနည်းလမ်း မရှိတော့ပေ။ ထို့ကြောင့် တောင်ဥက္ကလာရှိ မိတ်ဆွေဦးလေးထံသို့ သွားရောက် အကူအညီ တောင်းရလေတော့သည်။

”မင်း ရှောင်တိမ်းရပြန်ပြီလား”

မိတ်ဆွေဦးလေးသည် ကျနော့်ကိုတွေ့လျှင်တွေ့ချင်းပင် မေး၏။

”ဟုတ်ကဲ့ ကျနော်ရန်ကုန်ရောက်ပြီးဖြစ်သလိုရပ်တည်နေတာ ကြာပါပြီ။ ခုလည်း ကျောချစရာနေရာအတွက် အလွန်ခက်ခဲနေလို့ ဦးလေးဆီလာခဲ့တာပါ။”

ကျနော်မကွယ်မဝှက်ပဲ ဒဲ့ပြောချလိုက်မိသည်။ ဦးလေးက ကျနော့်ကို စိတ်မကောင်းဟန်ဖြင့် ကြည့်နေသည်။

”ဒီအိမ်က ဦးလေး အမေအိမ် ဦးလေးအိမ်က ဟိုမှာရှိတယ်။ အဲ့အိမ်မှာ ဦးလေးသားနဲ့မင်းတို့ သွားနေကြ၊ ထမင်းကိုတော့ ဒီကပဲ ပို့ပေးမယ်”ဟု ဦးလေးက ပြော၏။

”ဟုတ်ကဲ့ရပါတယ် ဦးလေး၊ ထမင်းတော့ ပို့မနေပါနဲ့ ကျနော်တို့က ညအိပ်ရုံပဲ အိပ်မှာပါ။ မနက်ကတည်းကထွက်သွားပြီး ညမှ ပြန်လာမှာမို့ ကျောချစရာ နေရာရရင် အဆင်ပြေပါတယ်”

ကျနော်ပြန်ပြောသည်ကို ဦးလေး အတန်ငယ်စဉ်းစားနေသည်။ အိပ်စရာနေရာရသဖြင့် ထမင်းမပို့ပါနဲ့ဟု ပြောလိုက်ရသည်။ တကယ်တမ်း နောက်ရက်တွေအတွက် စားရေးသောက်ရေးကမသေချာလှပေ။ ဒါတွေကို ဦးလေးက တွတ်မိဟန်တူသည်။

”ဒီလိုဆိုလဲ ညစာ ပို့ထားပေးမယ်”ဟုဦးလေးက ပြောတော့ ကျနော်လည်း ဟုတ်ကဲ့ဟုသာ ပြန်ပြောလိုက်၏။ ဦးလေးသည် လူကဲခတ်ကောင်း၍လား၊ ကျနော်တို့၏ ဗိုက်ထဲမှတကွီကွီ မြည်သံကြား၍လား မဆိုနိုင်

 ”မင်းတို့ ထမင်းမစားရသေးဘူး မဟုတ်လား”ဟုဆိုကာ ဦလေးက သူ၏အိမ်သားများကို ကျနော်တို့အား ထမင်းကျွေးရန် ပြင်ဆင်ခိုင်းလေသည်။ တနေ့လုံး ဘာမှမစားရသေးသဖြင့် ဦးလေး၏အမေအိမ်မှ ကျွေးမွေးသော ထမင်းဟင်းများကို အားရပါးရစားသုံးပြီး ကျောချရမည့်အိမ်ဂေဟာသိို့ု ထွက်ခဲ့ကြသည်။

ဤအိမ်ဂေဟာ၌ ကျနော်နှင့် နိုင်မိုးအောင်သည် စားကောင်းခြင်းအိပ်ကောင်းခြင်းဖြင့်နေခဲ့ကြရသည်။ သို့သော် ဤသို့သောကောင်းခြင်းတို့ဖြင့်် ကြာမြင့်စွာ မနေခဲ့ရပေ။ ကျနော်တို့ တော်လှန်သော လူ့ဘောင်သစ်မှရဲဘော်များ သာဓုကန်၌ လျှို့ဝှက်စွာ အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာလ (၇) ရက်နေ့ ညနေထွက်သည့် မန္တလေးအမြန်ရထားဖြင့် ကျနော်သည် မြို့ပြကိုစွန့်ခွာ၍ တော်လှန်မြေသို့ ထွက်ခဲ့ရလေသည်။

ထိုနေ့ည၌ ဦးလေး၏သားဖြစ်သူသည် ကျနော်တို့ပြန်လာမည်ကို ထမင်းပွဲပြင်၍ စောင့်မျှော်နေပေလိမ့်မည်။ နောက်ရက်များတွင် ကျနော်တို့အဘယ်ကြောင့်ပြန်မလာသည်ကိုတွေး၍ ဦးလေးသည်လည်း စိတ်ပူနေပေလိမ့်မည်။ ကျနော့်အပေါ် ဦးလေးတို့ မိသားစု မည်မျှစေတနာထားသည်ကို ကျနော်မှလွဲ၍ မည်သူမှ သိနိုင်မည်မဟုတ်ချေ။ အခြေအနေအရ နှုတ်မဆက်ပဲ ခွဲခွာခဲ့ရသည့် ကျနော့်ကိုလည်း ဦးလေးတို့ နားလည်ပေးနိုင်မည်ဟု ကျနော်မျှော်လင့်မိပါသည်။ 

ထိုချိန်က ကျနော်မပြောဖြစ်ခဲ့သောကျေးဇူးစကားကို ပြောနိုင်ရန် မြန်မာပြည်သို့ ပြန်ရောက်တိုင်း တောင်ဥက္ကလာ သစ္စာလမ်းမှ ဦးလေးတို့အိမ်ရှိရာ နေရာသို့ ရပ်ကွက်အတွင်း ဝင်ရောက်ရှာဖွေခဲ့သည်မှာ (၄) ကြိမ်ရှိခဲ့ပြီဖြစ်သော်လည်း မအောင်မြင်ခဲ့ပေ။ နိုင်မိုးအောင်သာ တောတွင်း၌မကျဆုံးခဲ့ပါလျှင် ဤမျှခက်ခဲစွာရှာရမည်မဟုတ်။ ကျနော် ဦးလေးတို့နှင့် ပြန်ဆုံခဲ့ပြီး ဖြစ်ပေလိမ့်မည်။ သို့သော် ဇွဲကားမလျှော့၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းကိုဗဟိုပြု၍ ဆက်လက်ရှာဖွေသွားမည်။ ထိုနေရာ၌ ဦးလေးတို့မိသားစု ရှိချင်မှရှိနေဦးမည်ကို ကျနော်တွေးမိပါသော်လည်း ကျနော်၏ရင်ထဲ၌ ဦးလေးတို့ မိသားစုနှင့် ပြန်လည်ဆုံတွေ့ရမည်ဟူသော ယုံကြည်ချက်သည်ကား ခိုင်မာလျက် … ….။

တောင်ဥက္ကာလာ၊ သစ္စာ၊ ကျောချရာ နေရာ...

ငြိမ်းစု

7:57 PM Sunday, October 11, 2020