Breaking News

ဇင်လင်း - မေလ ၃ ရက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ နှင့် မြန်မာ့ သတင်းလွတ်လပ်ခွင့်အခြေအနေ


ဇင်လင်း - မေလ ၃ ရက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ နှင့် မြန်မာ့ သတင်းလွတ်လပ်ခွင့်အခြေအနေ
(မိုးမခ) မေ ၄၊ ၂၀၁၉


မေလ ၃ ရက်နေ့သည် “ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့” (World Pess Freedom Day) ဖြစ်သည်။ ၂၀၁၉ ခုနှစ် ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကို UNESCO အစီအစဉ်ဖြင့် အီသီအိုပီးယားနိုင်ငံ၏ မြို့တော် အက်ဒစ္စအဘာဘာ (Addis Ababa) ၌ ကျင်းပ မည်။ “ရွေးကောက်ပွဲ နှင့် ဒီမိုကရေစီဖေါ်ဆောင်ရာတွင် မီဒီယာ၏ အခန်းကဏ္ဍ” (The Role of Media in Elections and Democracy) ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပရန် စီစဉ်ထားသည်။ သတင်းမီဒီယာ လွတ်လပ် ခွင့် (Freedom of the Press) ၏  အရေးပါမှုကို မီးမှောင်းထိုးပြသည့် အနေဖြင့် မေလ ၃ ရက် နေ့ကို ‘ကမ္ဘာ့ သတင်း လွတ်လပ်ခွင့်နေ့’ အဖြစ် နိုင်ငံတကာတွင် အခမ်းအနားများ ကျင်းပကြသည်။ ကမ္ဘာ တစ်ဝှမ်းရှိ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပြန်လည်စိစစ်သုံးသပ် ရန်၊ သတင်း မီဒီယာလွတ်လပ်ခွင့်ကို တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရန်နှင့် သတင်းလိုက်ရင်း အသက်စွန့်သွားရသည့် သတင်းထောက်များအား ချီးကျူး ဂုဏ်ပြုရန် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ကို ကမ္ဘာတခွင်တွင် ကျင်းပကြခြင်းဖြစ်သည်။  တနည်း အားဖြင့် သတင်းစာ လွတ်လပ်ခွင့်၏ အခြေခံအခွင့်အရေးနှင့် သဘောတရားများကို မီးမှောင်းထိုးပြသည့်နေ့ဟု ဆိုနိုင်သည်။ 

မြန်မာနိုင်ငံတွင် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသည်။ ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ သည် မြန်မာနိုင်ငံအတွက်လည်း အရေးကြီးသောနေ့ ဖြစ်သည်။ သတင်း လွတ်လပ်ခွင့် ရရှိရေးအတွက် တန်ဖိုးမဖြတ်နိုင် သည့် ပေးဆပ်မှုများနှင့်အတူ အနစ်နာခံ ကြိုးပမ်းခဲ့ကြသည့် ကမ္ဘာတစ်ဝှမ်းမှ ပုဂ္ဂိုလ်များ၊  လက်ရှိအချိန်တွင် ဆက်လက် ကြိုးပမ်းတိုက်ပွဲဝင်နေကြသူများ၊ သတင်းလိုက်ရင်း အသက်ဆုံးရှုံးခဲ့့ကြရသည့် သတင်းသမားများ၊ သတင်းလိုက်ရင်း ထိခိုက်အနာတရ ဖြစ်ခဲ့ရသူများကိုလည်း နှစ်စဉ် မေလ ၃ ရက် “ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့” တွင် ဂုဏ်ပြုမှတ်တမ်း တင်လေ့ရှိသည်။ ယနေ့မြန်နိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အခြေအနေသည် ယခင် စစ်အစိုးရခေတ်ကထက် အသင့်အတင့် တိုးတက်လာသည်ဆိုသော်လည်း သတင်းရယူရာတွင်၊ သတင်းများထုတ်လုပ်ဖြန့်ဖြူးရာတွင် အကန့်အသတ်များ ရှိနေဆဲ ဖြစ်သည်။ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် သတင်းများရယူရာ၌ သတင်းထောက်များ၏ လုံခြုံရေး အခြေအနေမှာ စိုးရိမ် နေရဆဲဖြစ်သည်။ အထူးသဖြင့် ရှေ့တန်းစစ်မျက်နှာသဖွယ် ဖြစ်နေသော တိုင်းရင်းသားဒေသများတွင် သတင်းထောက်များ အတွက် လုံခြုံရေးအာမခံချက် လုံးဝမရှိဟု ဆိုနိုင်သည်။

မကြာသေးမီက ရိုက်တာ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ၂ ဦးအား ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ် ချမှတ် လိုက်ခြင်း၊ ထို အမှုနှင့်ပတ်သက်သည့် အယူခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ပယ်ချလိုက်ခြင်း စသည့် ဖြစ်ရပ်တို့သည် သတင်းထောက်များအပေါ် စံနမူနာပြ ခြိမ်းခြောက် ဖိနှိပ်မှုဟု ဆိုနိုင်သည်။ တနည်းအားဖြင့် တပ်မတော် နှင့် အစိုးရတို့ အနေဖြင့် နိုင်ငံ၏ ပုံရိပ်ကို ကျဆင်းမှု မဖြစ်စေရန် ယခုကဲ့သို့မလုပ်သင့်ဟု ဝေဖန်မှုများ ရှိနေသည်။

ဧပြီလ ၂၄ ရက်နေ့က မြန်မာနိုင်ငံတွင် သတင်းထောက်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက် လူ့အဖွဲ့အစည်း ဝင်များ၊ သံချပ်ဖြင့် ဝေဖန်ထောက်ပြသူများကို ဖမ်းဆီးခဲ့မှုများအတွက် အထူးစိုးရိမ်ပူပန်မိကြောင်း အမေရိကန် နိုင်ငံခြား ရေးဌာနက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်သည်ကိုတွေ့ရသည်။ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ အမှုနှင့်ပတ်သက် သည့် အယူခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ပယ်ချခဲ့ပြီးနောက် အမေရိကန်သံရုံးက များစွာ စိတ်ပျက်မိ ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံအတွင်း တရားစွဲဆိုမှုများ၊ ပြစ်ဒဏ် စီရင်မှုများသည် လွတ်လပ်စွာပြောဆိုခွင့်အပေါ်သည်းခံမှု မရှိခြင်း ပိုမိုတိုးလာသည်ကို ပြသနေသည်ဟု အမေရိကန်သံရုံးက ဧပြီ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်၊ ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့ဝင်များ စသူတို့ကို ဖမ်းဆီးခြင်း၊ မကြာသေးမီက သတင်းထောက်များကို တရားစွဲဆိုခြင်းများနှင့် ပတ်သက်၍ ယင်းသို့ ရည် ညွှန်းထုတ်ပြန်ခြင်းဖြစ်သည်။ ပူလစ်ဇာဆုရ ရိုက်တာသတင်းထောက်များဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ အယူခံကို ဗဟိုတရားရုံးချုပ်က ပယ်ချလိုက်ပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အခြေအနေကို စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းထောက်များကို အကာအကွယ်ပေးရေးကိစ္စသည် အနှုတ်လက္ခဏာ ပြနေသည်ဟုလည်း အမေရိကန် နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်၌ ဝေဖန်ထားသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့က ရွေးကောက်တင်မြှောက်ခံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ၂၉ ဦး တို့ နိုင်ငံတော်အား ကတိသစ္စာပြုပွဲ သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သည်။ ထိုအခမ်းအနား၌ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဝေဖန်၊ ထောက်ပြမှုများ မရှိပါက ဒီမိုရေစီမရှိနိုင်ဟု ပြောကြားခဲ့သည်ကို ကြားနာခဲ့ရသည်။ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က “ကျွန်တော်တို့ အစိုးရအနေနဲ့ ဒီမိုကရေစီအရေးအတွက် သတင်းမီဒီယာရဲ့ ဥပဒေနှင့်အညီ လွတ်လပ်ခွင့်ဟာ အရေးပါတယ်ဆိုတာကို နားလည် သဘောပေါက်ပါတယ်။ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့ မီဒီယာကောင်စီရဲ့ အခန်းကဏ္ဍဟာလည်း အလွန်အရေးပါတဲ့နေရာမှာ ရှိတယ်လို့ ခံယူထားပါတယ်။” ဟုလည်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားသွားခဲ့သည်။

လက်ငင်းဖြစ်ပေါ်နေသည့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းထောက်များအား  အကာအကွယ်ပေး ရေးကိစ္စများသည် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ပြောကြားချက်များနှင့် ကွာဟနေသည်ဟု သတင်းလွတ်လပ်ခွင့် စောင့် ကြည့်လေ့လာသူတို့က ယူဆသည်။ သတင်းစာလွတ်လပ်ခွင့်နှင့်ပတ်သက်၍ ယေဘုယျ အခြေအနေကို ဖေါ်ညွှန်းပြသ သည့်  နယ်စည်းမခြား သတင်းသမားများ အဖွဲ့(RSF)၏ ၂၀၁၉ ခုနှစ် ညွှန်းကိန်း(Index)အရဆိုလျှင် နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံ၏ အဆင့်သည် ၁၃၈ တွင် ရှိနေသည်။ ၂၀၁၇ ခုနှစ်က မြန်မာ့ သတင်းလွတ်လပ်ခွင့်သည် အဆင့် ၁၃၁ ဖြစ်သဖြင့် ယခုနှစ်တွင် ၇ ဆင့် ကျဆင်းသွားသည်။ အထူးသဖြင့် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ၂ ဦးအား ထောင် ဒဏ် ၇ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် နိုင်ငံ၏ သတင်းလွတ်လပ်ခွင့် ပုံရိပ်ကို အကြီးအကျယ် ထိခိုက် သွားစေသည်။ ရိုက်တာသတင်းဌာန အယ်ဒီတာချုပ် စတီဖင်အက်ဒလာ (Stephen J. Adler) က ယခုကိစ္စ သည် မြန်မာ နိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်ကို  အကြီးအကျယ် နောက်ပြန်ဆုတ်သွားသည့် လက္ခဏာဖြစ်သည်ဟု မှတ်ချက်ပြုသည်။ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာ ပြောဆိုခွင့် စသည်တို့နှင့် လွဲချော်နေ၍ အစိုးရအနေဖြင့် အမြန်ဆုံး ပြန်လည်ပြင်ဆင်သင့်ကြောင်း ၎င်းက တိုက်တွန်းထားသည်။

ပါရီ အခြေစိုက် (Reporters Without Borders-RSF) ‘နယ်စည်းမခြား သတင်းသမားများအဖွဲ့’ က သတင်းလွတ်လပ်ခွင့် အခြေအနေကို အကဲဖြတ်ရာတွင် (၁) ဗဟုဝါဒ အခြေခံကို လိုက်နာကျင့်သုံးမှု အခြေအနေ၊ (၂) မီဒီယာ လွတ်လပ် အမှီ အခိုကင်းမှု (Media independence)၊ (၃) မီဒီယာ နောက်ခံအခြေအနေနှင့် ကိုယ်တိုင်သတင်းဆင်ဆာဖြတ်မှု အခြေအနေ (Setting and self-censorship)၊ (၄) သတင်း လွတ်လပ်ခွင့်အား လွှတ်တော်နှင့်အစိုးရက ကူညီအားပေးမှု (Legislative framework)၊ (၅) သတင်းထုတ်လုပ်သည့် အဖွဲ့များ၊ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု (Transparency) အတိုင်းအတာ၊ (၆) သတင်းထုတ်လုပ် ဖြန့်ဝေမှုနှင့် စပ်လျဉ်း သည့် အထောက်အကူပြု အခြေခံအဆောက်အဦများ (Infrastructure) ၏ အရည်အသွေးနှင့် အတိုင်းအတာ၊ (၇) သတင်းလွတ်လပ်ခွင့်အပေါ် မတော်မတရားပြုကျင့်မှုနှင့် အနိုင်အထက်ပြုမှု (Mistreatments and Violence) အခြေအနေ စသည့် အချက်များအပေါ် မူတည်၍ စံနှုန်းသတ်မှတ် ကြောင်း ဖွင့်ဆိုထားသည်။ 

သတင်းသမားများ၊ သတင်းမီဒီယာများနှင့် အစိုးရ/တပ်မတော်အာဏာပိုင်တို့အကြား ပွတ်တိုက်မှုများဖြစ်လာခြင်းသည် မြန်မာသတင်းမီဒီယာ လွတ်လပ်ခွင့် ဆုတ်ယုတ်မှုကို ပြသခြင်းဖြစ်သည်။ သတင်းသမားများကို ဖမ်းဆီးချုပ်နှောင်ခြင်းသည် အရပ်သားအစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို အယုံအကြည် ကင်းမဲ့စေသည်။ အစိုးရအနေဖြင့် ဒီမိုကရေစီမူဝါဒအတိုင်း ဆောင်ရွက်မည်ဆိုပါက သတင်းလွတ်လပ်ခွင့် ပေးရမည် ဖြစ်သည်။ သတင်းမှန်ခြင်း မှားခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ သတင်းအယ်ဒီတာများက တာဝန်ခံကြမည် ဖြစ်၍ အစိုးရိမ်မကြီးသင့်ဟု တိုက်တွန်းလိုသည်။
‘လွတ်လပ်စွာ ဖွင့်ဟထုတ်ဖေါ်ပြောဆိုခွင့်’ (freedom of expression)  နှင့် သတင်းစာလွတ်လပ်ခွင့် (Freedom of the Press) မရှိပါက သတင်းအချက်အလက်များရရှိလျှက် တက်ကြွစွာပါဝင်ပတ်သက်ပြောဆိုဆွေးနွေးနိုင်သော နိုင်ငံသားများ ပေါ်ပေါက်ရန် မဖြစ်နိုင်ဟုလည်း ယူနက်စကို က ဖေါ်ပြသည်။ သတင်းထောက်များ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံသည့် ပတ်ဝန်းကျင်မျိုးတွင် နိုင်ငံသားများအဖို့ ယုံကြည်အားထားလောက်သော သတင်းအချက်အလက်များ လွယ်ကူစွာရရှိနိုင် သည်။ အကျိုးဆက်အဖြစ် (လွတ်လပ်မျှတသော စီမံအုပ်ချုပ်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျား/မ-တန်းတူရေးနှင့် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေး၊  တရားမျှတမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ယဉ်ကျေးမှု အစရှိသော) ရည်ရွယ်ချက် အများအပြားကို အကောင်အထည်ဖေါ်ရန် ဖြစ်နိုင်သည်ဟုလည်း  UNESCO က ဆိုသည်။ ဥပမာ အကျင့်ပျက်ခြစားခြင်းနှင့် ကြိုတင်ပြင်ဆင် ရာဇဝတ်မှုကျူးလွန်ခြင်း အကြောင်းအရာများကို သတင်းပို့ သည့် သတင်းထောက်များသည် ဒုစရိုက်ဂိုဏ်းများ၏ ပစ်မှတ်ဖြစ်လာမှုများ ပိုများလာနေသည်။ ဒေသခံများ၏ လိုအပ်ချက်များ နှင့်အညီ ပုံစံချမှတ် ဆောင်ရွက်သည့် နည်းလမ်းများကို အားပေးသင့်ကြောင်း UNESCO က အကြံပြုထားသည်။

သို့ဖြစ်၍ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေနှင့်လည်း ကုလသမဂ္ဂက ချမှတ်လက်ခံထားသည့် သတင်းစာလွတ်လပ်ခွင့်နှင့် သတင်းသမားများဘေးကင်းလုံခြုံရေးဆိုင်ရာ အခြေခံမူများနှင့် အညီ၊ စစ်မက်ဖြစ်ပွားနေသည့် ဒေသများနှင့် စစ်မဲ့ဇုံများတွင်ပါ၊ သတင်းထောက်များ ဘေးကင်းလုံခြုံမှု သေချာစေရန် ဥပဒေ ဖွဲ့စည်းချမှတ် ကျင့်သုံးရန် စတင်သင့်ပြီ ဖြစ်သည်။ လွတ်လပ်၍ အမှီအခိုကင်းသော သတင်း မီဒီယာများ၏ ဗဟုသဘောထားအမြင်များကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရက လက်ခံခြင်းအားဖြင့် နိုင်ငံ၏ အသိဉာဏ်ပညာအင်အားနှင့် အခွင့်အလမ်းများ ပိုမို တိုးတက်ရရှိလာနိုင်မည်ဖြစ်သည်။

လက်ရှိနိုင်ငံ၏ အခြေအနေအရ သတင်းလွတ်လပ်ခွင့်ကိစ္စသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့်လည်း ဆက်စပ် နေသည်။ ထို့ကြောင့် သတင်းရယူပိုင်ခွင့်(Access to Information)နှင့် သတင်းအချက်အလက်များ သိရှိပိုင်ခွင့်(Right to Information)တို့ လက်တွေ့ပေါ်ထွန်းလာရေးအတွက် သတင်းသမားအဖွဲ့အစည်းများအနေဖြင့် ဆက်လက် ကြိုးပမ်းကြ ရဦးမည် ဖြစ်သည်။ ၎င်းအပြင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေရာ ဒေသများတွင် သတင်းရယူရာ၌ သတင်းထောက်များ ၏ လုံခြုံရေးအာမခံချက်မှာ စိုးရိမ်နေရဆဲဖြစ်သည်။ အထူးသဖြင့် ရှေ့တန်းစစ်မျက်နှာသဖွယ် ဖြစ်နေသော တိုင်းရင်းသား ဒေသများတွင် သတင်းထောက်များအတွက် လုံခြုံရေးအာမခံချက် လုံးဝမရှိသည့်အပြင် ဥပဒေ ၏ အကာအကွယ်လည်း ဆုံးရှုံးနေဆဲ ဖြစ်သည်။ ထို့ကြောင့် အစိုးရ အနေဖြင့် ‘သတင်းမီဒီယာ ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ မူဝါဒ’ တစ်ရပ် ခိုင်မာစွာ ချမှတ်၍ ဥပဒေပြဌာန်းပေးသင့်သည်။

သတင်းအချက်အလက်များသိရှိပိုင်ခွင့်(Right to Information)နှင့် ပတ်သက်၍ ၂၀၁၈ နိုဝင်ဘာ ၂၃ ရက်နေ့က ပြုလုပ် သည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များအား ဂုဏ်ပြု ညစာစားပွဲတွင် မီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင် က အစိုးရအနေဖြင့် အမြန်ဆုံး RTI Law ပေါ်ပေါက်ရး ဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။ ညစာစားသည့် စားပွဲဝိုင်း၌ လည်း ဟံသာဝတီ ဦးအုန်းကြိုင်က နိုင်ငံတော်အတိုင်ပင်ခံအား ထပ်မံတင်ပြပြောကြားခဲ့သည်ဟု ဆိုသည်။  နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ယင်းကိစ္စကို အမြန်ဆုံး အတည်ပြု အကောင်အထည် ဖေါ်ပေးမည်ဟု ကတိပေးကြောင်း မီဒီယာကောင်စီ ဥက္ကဋ္ဌ က သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

လက်ရှိမြေပြင်အခြေအနေမှာ ၂၀၁၈ ခုနှစ်အတွင်း ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) ဖြင့် သတင်းသမားများကို တရားစွဲဆိုမှု ၂၃ မှုရှိပြီး တရားရင်ဆိုင်နေရ သော သတင်းသမား ၃၁ ဦးရှိကြောင်း၊ ‘အသံအဖွဲ့’ က ထုတ်ပြန် ထားသည်။ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုမှု ၁၄ မှု၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့် လည်ခွင့် ဥပဒေဖြင့် တရားစွဲဆိုမှု ၃၆ မှုရှိကြောင်း၊ လက်ရှိအစိုးရလက်ထက်တွင် သတင်း ထောက်  ၄၇ ဦးအထိ တရားစွဲဆိုခံရပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်၍  အစိုးရနှင့် တပ်မတော်တို့က တင်းမာစွာ ကိုင်တွယ်နေသည်ကို မြင်တွေ့ရကြောင်း အသံ (Athan) အဖွဲ့က သုတေသနပြု တင်ပြထားသည်။

နိုင်ငံတကာက မြန်မာနိုင်ငံအကြောင်း လေ့လာ သုတေသနပြုရာတွင် အစိုးရအား လွတ်လပ်သည့် သတင်းမီဒီယာ မူဝါဒ ချမှတ် မြှင့်တင်ရန် တိုက်တွန်းလျှက်ရှိသည်။ သတင်းထောက်များအား ဥပဒေ အကာအကွယ်ဖြင့် လုံခြုံရေးအာမခံချက် ပေးရန်လည်း တိုက်တွန်းနေသည်။ လွတ်လပ်သော မီဒီယာမူဝါဒများဖြင့် ဖွဲ့စည်းထားသည့် (အစိုးရမဟုတ်သော) သတင်း မီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရကအားပေးမှသာ မီဒီယာ ဗဟုဝါဒ (Media Pluralism) ထွန်းကားနိုင်ပြီး ယုံကြည် အားထားလောက်သော သတင်းအချက်အလက်များရရှိနိုင်မည်။ သို့မှသာ နိုင်ငံတကာ၏ ဖိအားပေးမှုများကို တွန်းလှန် ပယ်ချ နိုင်မည်ဟု သုံးသပ်မှုများရှိသည်။ တိုင်းရင်းသားသတင်းဌာနများအပါအဝင် အစိုးရ လက်အောက်ခံ မဟုတ်သော လွတ်လပ်သည့် သတင်းမီဒီယာများ အားကောင်းမောင်းသန်ဖြစ်လာစေရန် ဒီမိုကရေစီ အစိုးရများက ပံ့ပိုးအားပေးရမည့် တာဝန်ရှိသည်။ ထိုအချက်ကို NLD အစိုးရအနေဖြင့် မမေ့သင့်ဟု ၂၀၁၉ ခုနှစ် “ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့”  တွင် လေးလေးနက်နက် နှိုးဆော်အပ်ပါသည်။


4th May 2019, Saturday နေ့ထုတ် သူရိယနေဝန်းဂျာနယ် ၌ ဖေါ်ပြသည့် ဆောင်းပါး။