Breaking News

သာထက်အောင် ● လူရောင်စုံ၊ ဘဝရောင်စုံ၊ ဒုက္ခရောင်စုံ (၉)


သာထက်အောင် ● လူရောင်စုံ၊ ဘဝရောင်စုံ၊ ဒုက္ခရောင်စုံ (၉)
(မိုးမခ) မေ ၄၊ ၂၀၁၉

ပုသိမ် - မုံရွာကားလမ်းပေါ်မှာရှိတဲ့ နွယ်တမယ်ရွာလေးဟာ ဆင်ဖြူကျွန်းမြို့လေးနဲ့ စလင်းချောင်းခြားထားတော့ မိုးရာသီ ချောင်းရေကျချိန်ဆို ဈေးသည်တွေ ကျောင်းသားတွေခမျာ သိပ်ဒုက္ခရောက်တာကလား။ ခုတံတားထိုးလိုက်တော့ သွားရေး လာရေး အတော်အဆင်ပြေသွားပါပြီ။ တံတားပေါ်တရွေ့ရွေ့သွားနေတဲ့ကားပေါ်ကနေ ကျွန်တော်ငယ်စဉ်က ရင်းနှီးကျွမ်း ဝင်ခဲ့ရတဲ့သဲချောင်းပြင်ကြီးကို ငေးနေတုန်းမှာပဲ ဟိုမှာ တံတားတစင်းထပ်ထိုးမလို့ လုပ်နေတယ်" လို့ မောင်ကျော်လင်းက လက်တို့ပြောတော့ "ဘာလုပ်ဖို့တုန်း" ဆိုတော့ ခုဒီတံတားက ကားတစီးပဲသွားလို့ရတယ်။ ဟိုဘက်ကတစီးလာရင် ဒီဘက် ရပ်ပေးရတယ်။ ဒါ့ကြောင့်  နှစ်စီးသွားလို့ရအောင် နောက်တံတားတခုထပ်ထိုးမှာ။ "နေပါဦး မောင်ကျေ်ာလင်းရဲ့ဒီတံတား မဆောက်ခင်က ဒီပြဿနာကို ကြိုမစဉ်းစားမိကြဘူးလား။ ယာဉ်ကြောတလိုင်းတည်း အသွားတစီး အပြန်တစီး ဆုံမိကြရင် ဆိုတဲ့အတွေးမျိုး စီစဉ်သူတွေရဲ့ခေါင်းထဲမှာမရှိတာ ငါတော့အံ့ရော" ဆိုတော့ နှစ်ခါဆောက်တော့ နှစ်ခါဝါးရတာပေါ့ အကို ကြီးရာတဲ့။ အင်း ဘယ်ဦးနှောက်တွေနဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေကြပါလိမ့်။

လာကြိုတဲ့သူငယ်ချင်း စိုးဝင်းအိမ်မှာပဲ အထုပ်အပိုးချ၊ ရေမိုးချိုးပြီး ညစာကို နီးရာတဆိုင်မှာဝိုင်းဖွဲ့ရင်း ငယ်သူငယ်ချင်းတွေသတင်းမေးရပါတော့တယ်။ ၅ တန်းကနေ ဘွဲ့ရတဲ့အထိနေလာခဲ့တဲ့မြို့လေးဆိုတော့ ကျောင်းနေဖက်တွေ အများသား ကလား။ ဘယ်သူကဖြင့် ဆုံးပြီ၊ ဘယ်သူကတော့ လေဖြတ်လို့။ ဘယ်ဝါကဖြင့် ချမ်းသာနေတယ်၊ ဘယ်မိသားစုကတော့ ဆင်းရဲပြိုကွဲနေတယ် စသဖြင့် လောကဓမ္မတာအတိုင်း ဆူကြုံ နိမ့်မြင့် ကံစီမံရာနာခံနေကြရတာပဲလို့ပဲ နှလုံးသွင်းရပါတယ်။ ပုသိမ် - မုံရွာကားလမ်းပေါက်သွားတော့ မြစ်အနောက်ဖက်ကမြို့လေးတွေ သွားရေး လာရေး အတော်အဆင်ပြေသွားပါ တယ်။ ခုပဲကြည့် ဆင်ဖြူကျွန်းသားတွေ ရန်ကုန်သွားချင်ရင် ကိုယ့်မြို့မှာပဲ ကားလက်မှတ်ဖြတ် တက်လိုက်သွားရုံပဲ။ ဟိုတုန်း ကလို မြစ်အရှေ့ဖက်ကူးစရာမလိုတော့။

မနက်မိုးလင်းတော့ သူငယ်ချင်းစိုးဝင်းက မုန့်ပြားသလက်တထပ်ကြီးနဲ့ စောင့်နေပါတယ်။ မင်းမနိုးသေးလို့ ပူပူနွေးနွေး စား ရအောင် ငါ အကြော်သွားဝယ်လိုက်ဦးမယ်ဆိုပြီး ဆိုင်ကယ်လေးနဲ့ထွက်သွားပါတယ်။ တအောင့်လောက်ကြာတော့ ဘယာ ကြော် ဘူးသီးကြော် တထုပ်ကြီးနဲ့ ပြန်လာပါတယ်။ "အကြော်ကတော့ ရှယ်ပဲ၊ မုန့်ပြားသလက်ကတော့ ဟိုတုန်းက ဒို့စားခဲ့ ရတဲ့ စာတိုက်နားက ဒေါ်ငွေစုမုန့် မမီဘူးကွ" "သူက မြေအိုးကင်းနဲ့လုပ်တာ၊ ခုဟာတွေက သံအိုးကင်းနဲ့လုပ်တာ၊ ဘယ် တူပါ့မလဲ။ "မုန့်စားပြီး လက်ဖက်ရည်ဆိုင်ထိုင်ကြတော့ ငယ်သူငယ်ချင်းတွေနဲ့ပြန်ဆုံရတာလည်း ငွေနဲ့ဝယ်လို့မရတဲ့ အ ရသာတမျိုးပါ။ လဖက်ရည်ဆိုင်မှာထိုင်ရင်း မြို့လေးရဲ့တခုတည်းသောလမ်းမတော်ပေါ်မှာ ပြေးလွှားနေတဲ့ကားတွေ ဆိုင် ကယ်တွေ စက်ဘီးတွေငေးနေမိပါတယ်။ မြင်းလှည်းတွေ မရှိသလောက်နည်းသွားပြီး ဟိုတုန်းက မြင်တောင်မမြင်ဖူးတဲ့ ဆလွန်းကားလေးတွေများလာတာ သတိထားမိပါတယ်။

တကယ်တော့ဆင်ဖြူကျွန်းနဲ့ မော်တော်ကားဆိုတာ ဟိုတုန်းကတော့ ဘုန်းကြီးနဲ့ဘီးလို့ ပြောရမလားပဲ၊ ဘာမှမဆိုင်ပါဘူး။ သွား စရာမှမရှိတာ။ အရှေ့လားသော် ဧရာဝတီမြစ်၊ အနောက်လားသော် စလင်းချောင်း၊ မြောက်လားသော် ဘာလမ်းမှမရှိ၊ တောင်လားသော်စလင်း ရှောက်တော။ ပြီးတော့ မုန်းတို့ မန်းတို့ဆိုတဲ့ချောင်းတွေ။ ဒါ့ကြောင့် တချိန်တုန်းက ဆင်ဖြူကျွန်းသား ဘယ်လောက် ချမ်းသာ ချမ်းသာ ကားဝယ်မစီးဘူး၊ စီးစရာလမ်းသာမရှိတာ အစိုးရမင်းများ ချောဆွဲတာခံရသေးတော့ ကျွန် တော်ငယ်ငယ် မှတ်မိသလောက် ဆင်ဖြူကျွန်းမှာ ဂျစ်ကားတစီးနဲ့ ကုန်တင်တဲ့ ဒေါ်ကြည်ရဲ့ စစ်ကျန် ချက်ပလက်ခေါင်းတို တစီးပဲတွေ့ဖူးပါတယ်။

ခုတော့ သူကလည်း တိုယိုတာနဲ့ ကိုယ်ကလည်း ဟွန်ဒါနဲ့  မင်းဘူး မကွေးဆိုတာများ စိတ်ကူးပေါက်ရင်ထသွား၊ ရွှတ်ခနဲ ရောက်ပြီ။ တခါတုန်းက (ပြည်သူပိုင်သိမ်းပြီး စလောက်ကထင်ပါရဲ့ ) ဆင်ဖြူကျွန်းက ကိုမြသွင်ဆိုတဲ့လူ ၁ သိန်းဆုပေါက်ပါ လေရော။ ရွှေ ၁ ကျပ်သားမှ ၃ဝဝ လောက်ရှိတဲ့အချိန်  ထီကလည်း တပြည်လုံးမှ သိန်းဆု ၅ ဆုပဲဖွင့်တာ။ ထီပေါက်တော့ ဂျစ်ကားတစီး (၈ ထောင်ပေးရဆိုလား) ဝယ်ပြီး သူကလည်း ကားမောင်းတတ်တာမဟုတ်ဘူး။ မောင်းတတ်တဲ့သူခေါ်ပြီး သူက ဘေးဟန်ပါပါနဲ့ မြို့ထဲပတ်လိုက် စလင်းသွားလိုက်၊ သူ့ကားသံမှကြားရင် တချို့ထွက်ကြည့်ရတာ အမော။ အဲဒီက တည်းက ကိုမြသွင်လည်း မြို့လူထုကပေးတဲ့ နာမည်တလုံး တွင်သွားပါတယ်။ ဂျစ်မဆင်းတဲ့။ ခုတော့ သူလည်း ရှိမှရှိသေး ရဲ့လား မသိ။ လဖက်ရည်သောက်ပြီး မြို့ထဲ ကားနဲ့ တပတ်ပတ်ကြည့်။ ပြီးတော့ တနေရာမှာကားထားခဲ့ပြီး စလင်းချောင်းဖက် ထွက်ခဲ့ပါတယ်။ စလင်းချောင်းနဲ့ ဆင်ဖြူကျွန်းသားခွဲခြားလို့မရပါဘူး။ ဒီချောင်းရေသောက်ခဲ့ကြ၊ ဒီချောင်းရေချိုးခဲ့ကြ၊ ဒီ ချောင်းထဲမှာပဲ အာလူးစိုက်ပြီး စီးပွားရှာကြ၊ ဒီချောင်းနားတဝိုက်ကရွာတွေလည်း ဒီချောင်းကိုအမှီပြုပြီး သီးပင်စားပင်တွေ စိုက်ကြ ဒီချောင်းရဲ့ကျေးဇူး ကြီးလှပါတယ်။ အလွမ်းပြေကြည့်ချင်လို့ ချောင်းထဲရောက်တော့ စိတ်ပမ်းဝမ်းနည်းဖြစ်ရပါတယ်။ အမှိုက်ပုံတွေ ... တောမြို့လေးဆိုတော့ အမှိုက်သိမ်းစနစ် တိတိကျကျရှိဟန်မတူပါဘူး။ အမှိုက်ကို လွယ်လွယ်ချောင်းထဲပဲလာ ပစ်ကြပုံပေါ်ပါတယ်။ မိုးတွင်း ချောင်းရေကျချိန်မှာ အကုန်လုံးမျောပါသွားမှာပေါ့။

ကိုယ်နေခဲ့ကြီးခဲ့တဲ့အရပ်ဆိုတော့ အိမ်ပေါက်စေ့အောင်တောင် နှုတ်မဆက်နိုင်ပါဘူး။ ကိုယ့်ရှေ့ နှပ်ချေးတွဲလောင်းနဲ့ ပြေး လွှားဆော့ကစားနေတဲ့ ကလေးတွေလည်း ခုတော့ လူလားမြောက်ပြီး တချို့ ကြီးကြီးပွါးပွါးဖြစ်နေတာတွေ့ရတော့ မုဒိတာ ပွားရပါတယ်။ ချောင်းကိုကြည့်ပြီးပြီ၊ မြစ်ကိုကြည့်ချင်တာနဲ့ ကမ်းနားကို ကားနဲ့သွားကြပါတယ်။ ဆင်ဖြူကျွန်း ဆိပ်ကမ်းက မြို့နဲ့ (၂) မိုင်လောက်ဝေးတဲ့ ကျွန်းညိုဆိုတဲ့ရွာထိပ်မှာပါ။ မြစ်ကို မမြင်ခဲ့ရပါဘူး။ မြစ်ကိုမြင်ရဖို့ အတော်ဝေးဝေးသွားရသေးတယ်လို့ပြောပါတယ်။ ခြုံနွယ်တွေ ဖုံးလွှမ်းနေတဲ့ပျောက်ဆုံးသွားတဲ့ ဆိပ်ကမ်းတခုလို့ပြောရမယ်ထင်ပါရဲ့။ ဟိုတချိန်က ဆင် ဖြူကျွန်းဆိပ်ကမ်းဟာ ကုန်တင် ကုန်ချ အလွန်များတဲ့ ဆိပ်ကမ်းတခုပါ။ အာလူး မြေပဲ ကုလားပဲ၊ ဟင်းသီးဟင်းရွက် ကုန်စိမ်းထွက်တဲအရပ်ဆိုတော့ ကမ်းနားနဲ့ မြို့ထဲ ကုန်တင်လှည်းတွေမပြတ်တော့ အမြဲဖုံတထောင်းထောင်းနေတဲ့မြို့ပါ။ ဆင်ဖြူကျွန်းငရုတ်ဆို ကုန်သည်လောကမှာ နာမည်ကြီးပါ။

ကျွန်တော့်အိမ်နီးချင်းမှာ ကလေးတွေကများတော့ ကျွန်တော့်အိမ်ထဲမျောက်ရှုံးအောင်ဆော့တဲ့ ကလေးတွေထဲက ၂ ယောက် စလင်းမှာ အတော်လေး ကြီးကြီးပွားပွားဖြစ်နေတယ်လို့ ကြားရပါတယ်။ ညနေ လဘက်ရည်သောက်ပြီး ကား လေးနဲ့ စလင်းကိုသွားကြပါတယ်။ သူတို့ကိုနှုတ်ဆက်ပြီးပြန်လာတော့ မှောင်ပြီ။ စလင်းနဲ့ ဆင်ဖြူကျွန်းက ၆ မိုင်လောက် ဝေးပြီး ရွာဆက်ကမပြတ်ပါဘူး။ ရွာနားတဝိုက်က ဆိုင်ကယ်တွေ တချို့နှစ်ယောက် တချို့သုံးယောက် ကားလမ်းပေါ်မှာ ၊ ရှေ့မီးလည်း မထွန်း နောက်မီးကလည်း မလင်း။ နောက်ကကားကမမြင်လို့ ဝင်ကြုံးလိုက်ရင် တွေးရဲစရာမရှိ။ ဦးထုပ်မဆောင်း ရှေ့မီး နောက်မီး မလင်းဘဲ မှောင်နဲ့မဲမဲ ကားလမ်းပေါ် ဆိုင်ကယ်စီးနေကြတာ သတ္တိကောင်းတာလား မိုက်မဲတာလားဆိုတာ စာဖတ်သူပဲ ဆုံးဖြတ်ပါတော့။ ဒီအကြောင်း ကားမောင်းနေတဲ့ မောင်ကျေ်ာလင်းကိုပြောပြတော့ "အကိုကြီးမှာသာ ဒါကိုစိုးရိမ် နေတာ၊ ကျွန်တော်တို့အဖို့ ဒါမျိုး ရိုးဟိုးဟိုးနေပြီ" တဲ့။

အချိန်ဆင်းရဲလှတော့ ကိုယ့်မြို့ ကိုယ့်ရွာရောက်တုန်း တပတ်တန်သည် ဆယ်ရက်တန်သည် နေချင်ပေမယ့် တညနဲ့ တရက ပဲနေခဲ့ရပြီး ၁၉ ဒီဇင်ဘာမှာ မြို့လေးကို နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်။ သူငယ်ချင်းတွေကလည်း မပြန်စေချင်သေးဘူး၊ ရှေး ဟောင်းနှောင်းဖြစ် ပြောလို့မဝကြသေးဘူးလေ။ "မင့်ဟာက ကိုယ့်မြို့အလည်ပြန်တာမဟုတ်ဘူး၊ သရဲလာခြောက်တာ၊ ဘွားကနဲပေါ်လာ ဟုတ်ခနဲပျောက်သွား နောက်လာမယ်ဆိုရင် ကြာကြာနေကွာ" ဆိုတော့ သူငယ်ချင်းတွေကို အားနာရ ပြန်ရော။


သြော် ဆင်ဖြူကျွန်းဘဝမှာ အတန်ကြာကွန်းခိုခဲ့ဖူးတဲ့နေရာလေး။ မြေလတ်တောမြို့လေးဆိုပေမယ့် အစားအသောက် အလွန်ပေါတဲ့မြို့ကလေး။ ဝါတွင်းတတွင်းလုံး ဆိုင်းသံ ဗုံသံ တခြိမ့်ခြိမ့်နဲ့ နေတဲ့မြို့။ အနုသုခုမမှာ နောက်တန်းမကျတဲ့အပြင် ယောကျ်ား မင်းသမီ အောင်ဗလ ချက်မြှုပ်တဲ့မြို့။ မြန်မာစာပေလောကမှာ ထင်ရှားခဲ့တဲ့ ဆင်ဖြူကျွန်း ဆရာသင်၊ ကျပင်းဆရာတော်တို့ပေါ်ထွက်ရာမြို့။ ဒီဘက်ခေတ်မှာ ထင်ရှားတဲ့ ဆရာဆင်ဖြူကျွန်းအောင်သိန်းတို့၊ ကာတွန်း မြေဇာ၊ ကိုရွှေမင်း သားတို့ ပေါ်ထွက်တဲ့အရပ်ပါ။ ဆရာဇော်ဂျီတောင် ဖျာပုံသားဆိုပေမယ့် သူ့မျိုးရိုးစဉ်ဆက်က ဆင်ဖြူကျွန်းဘက်ကလို့ မှတ် သားရဖူးပါတယ်။

နံနက်စောစာစားပြီး ဆင်ဖြူကျွန်းကထွက်တော့ မိုးလေးက တဖျောက်ဖျောက်။ စလင်းကထွက်တော့ မိုးလေကင်းစင်လို့။ ရှောက်တောဝင်ခါနီးတော့ ကုန်းဇောင်းဝင်ချင်စိတ်ပေါက်လာတယ်။ လမ်းအခြေအနေမေးကြည့်တော့ ကောင်းတယ်တဲ့။ ဒါ ဖြင့် ကုန်းဇောင်းခဏဝင်ကြည့်ရအောင်ကွာဆိုပြီး ကားကိုဘယ်ဘက်ချိုးပြီး ကိုယ်မူလတန်းအောင်တဲ့အထိနေခဲ့တဲ့ရွာလေးကို အလွမ်းပြေကြည့်ခဲ့ရပါသေးတယ်။ မူလတန်း ၄ တန်းအထိ ကျောင်းနေဖက် မြင့်မြင့်သန်းဆိုတာက ခုရန်ကုန်လိုက်ပို့ မယ့် မောင်ကျော်လင်းနဲ့ကလည်း မောင်နှမဝမ်းကွဲတော်သေးတော့ သူ့အိမ်ရှေ့မှာပဲကားရပ်ပြီး ဟိုဟိုဒီဒီကြည့်နေတုန်း မျက်နှာချင်းဆိုင်လဖက်ရည်ဆိုင်ထဲက လူတယောက်ထွက်လာပြီး ... "ဟာ ဟေ့ကောင် မင်းရွာကိုအလည်လာတာလား။ လာ ... လာ" ဆိုပြီး လဖက်ရည်ဆိုင်ထဲ အတင်းဆွဲခေါ်သွားပါတယ်။ သေသေချာချာကြည့်လိုက်တော့မှ အေးကို။ တကယ့်အဖိုးကြီး ပါကလား့။ "ဒါ ... ငါ့သားဖွင့်ထားတဲ့လဖက်ရည်ဆိုင်၊ ချောင်ကျကျတနေရာမှာ ဝိုင်းဖွဲUလေကန်နေပုံရပြီး သူ့အဖွဲ့သားတွေနဲ့ မိတ်ဆက်ပေးပါတယ်။ ဘုန်းကြီးတပါးလည်းပါတော့ တော်တော်လေမုန်တိုင်းထန်မယ့်နေရာထင်ပါရဲ့။ အေးကိုတိုက်တဲ့ လဖက်ရည်သောက်ပြီး ထမယ်လုပ်တော့ လက်ဆွဲထားပြီး "မင်းကို တယောက်နဲ့ မိတ်ဆက်ပေးရဦးမယ်" တဲ့။ ဘယ်သူများပါ လိမ့်။ ကောင်တာမှာထိုင်နေတဲ့ သူ့သားကို ဟိုကောင်ခေါ်လိုက်စမ်းဆိုတော့ ၄ - ၅ နှစ်သားလောက်ပဲရှိသေးတဲ့ ကလေး လေးတယောက်။ အေးကိုရှေ့ လက်ကလေးပိုက်လို့။ "ဟေ့ကောင် ... အဲဒါ ငါ့မြေး။ မင်းနာမည်ဘယ်လိုခေါ်လဲ ... ပြော လိုက်စမ်းဆိုတော့ ... သာထက်အောင်တဲ့။ ကျွန်တော့်မှာရီလိုက်ရတာ။ "မင်းကို ငါဘယ်လောက်ခင်တယ်၊ မင့် ကလောင်ကိုငါဘယ်လောက်လေးစားတယ်ဆိုတာတွေ့ပြီမဟုတ်လား။ ငါ့ အချစ်ဆုံးမြေး သာထက်အောင်နဲ့ ဓါတ်ပုံရိုက်စမ်း" ဆိုလို့ သာထက်အောင် နှစ်ယောက် ကုန်းဇောင်းမှာ ဓါတ်ပုံတွဲရိုက်ခဲ့တာလည်း တကယ့်ကိုအမှတ်တရပါ။

ကားနဲ့ ရွာထဲတပတ်ပတ်ပြီး ၉ နာရီကျော်လောက်မှာ ကုန်းဇောင်းက ခွာခဲ့ပါတယ်။ နေပြည်တော် မိုင် ၂၀၀ ရောက်မှ ထမင်းစားကြမယ်ဆုံးဖြတ်ကြပြီး အလယ်ရိုးမကိုဖြတ်တော့ ပျဉ်းမနားကဗျာဆရာတွေ အလွန်ခံတွင်းတွေ့တဲ့ အလယ်ရိုးမရဲ့ တောအလှ တောင်အလှကို ပထမဦးဆုံးအကြိမ် ခံစားရပါတယ်။

အညာမြေလတ်က ခရီးပြင်းနှင်လာတဲ့ကားလေးဟာ ရန်ကုန်လည်းဝင်ရော လိပ်ကလေးဖြစ်သွားပါပြီ။ တလှုပ်လှုပ် တရွေ့ ရွေ့နဲ့  စိတ်မရှည်နိုင်လောက်အောင် ယာဉ်ကြောကကြပ်လှပါတယ်။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စီမံအုပ်ချုပ်နေတဲ့လူကြီးမင်များခေါင်းထဲ ရှိ/မရှိတော့မသိဘူး။ သူတို့ပါးစပ်ကထွက်လာသမျှစကားတွေကတော့ နိုင်င်ငံတကာ အမြင်၊ လက်တွေ့ဖြစ်ရပ်တွေနဲ့ ကင်းကွာလွန်းတော့ ကာတွန်းဆရာတွေ သရော်စရာ၊ လူတွေ ဟားစရာကြီးကိုဖြစ်လို့။

အင်း .. လူဦးရေ သန်း ၅၀ ကျော်ရဲ့ ကံကြမ္မာ ခေတ်အဆက်ဆက် နလပိန်းတုန်းတွေလက်ထဲ ဝကွက်အပ်ခဲ့ရတော့ ဆင်းရဲတွင်းက ဘယ်တော့မှ လွတ်မှာမဟုတ်။ နှစ်ပေါင်းများစွာ စနစ်တကျ ဖျက်ဆီးခံထားရတဲ့ ပညာရေးစနစ်ရဲ့ အသီးအ ပွင့်ကလည်း ခုခံစားနေရပြီဆိုတော့ တိုင်းပြည်အနာဂတ် အတော်ရင်လေးဖို့ကောင်းပါတယ်။ တောနဲ့ တောင်နဲ့၊ မြစ်နဲ့ချောင်း နဲ့၊ မြေပေါ် မြေအောက် သံယံဇာတ အလျှံပယ်နဲ့ တိုင်းပြည်တပြည် မျက်စိရှေ့တင် ဖြူကာပြာကာကျပြီး ကမ္ဘာ့အလယ်မျက် နှာငယ်ရတဲ့ဘဝက ဘယ်တော့များမှ လွတ်မှာပါလိမ့်။ လူမရှိ ကားမရှိ နေပြည်တော်မှာ ၈ လမ်းသွား၊ ၁၀ လမ်းသွားလမ်းတွေရှိ သလို လူများကား များတဲ့ ရန်ကုန်မှာလည်း ရှိရင်ကောင်းမှာလို့ မီးပွိုင့်မှာ အကြာကြီးစောင့်ရင်း တွေးမိ တွေးရာ တွေးနေမိပါ တယ်။

တိုးဝှေ့ကြပ်ညပ် ရှုပ်ပွမှောင်မည်းနေတဲ့ လူဦးရေ ၇ သန်းလောက် မှီခိုနေရတဲ့ ရန်ကုန်မြို့ကြီးလည်း ဘယ်တော့များမှ သစ်လွင်လှပလင်းထင်နေတဲ့ ကမ္ဘာ့အဆင့်မီမြို့ကြီးတမြို့ ဖြစ်လာမလည်းလို့ စိတ်ကူးတွေယဉ်ရင်း တည်းခိုအိမ်ပြန်ရောက် တော့ မိုးကြီး အတော်ချုပ်နေပါပြီ။ မနက်ဖြန် အာရုဏ်ကျင်းလို့ အလင်းသစ်ရင်ဖြင့် မျှော်လင့်ချက်အသစ်၊ အနာဂတ်အသစ် တွေက ဆီးကြိုလေမလားလို့တွေးရင်း မောမောနဲ့ အိပ်ယာပေါ်ခေါင်းချလိုက်တယ်ဆိုရင်ပဲ လောကကြီးနဲ့ ခေတ္တ အဆက် ပြတ်သွားပါတော့တယ်။

ပြီးပါပြီ။
အားလုံးကိုကျေးဇူးတင်ပါတယ်။

သာထက်အောင်