Breaking News

ဂျူနီယာဝင်း - ဘာသာပြန်ဆရာတစ်ယောက် ကြိုးစားခဲ့ရသမျှ (သို့မဟုတ်) အဲလစ်နှင့်ပတ်သက်သမျှ



ဂျူနီယာဝင်း - ဘာသာပြန်ဆရာတစ်ယောက် ကြိုးစားခဲ့ရသမျှ (သို့မဟုတ်) အဲလစ်နှင့်ပတ်သက်သမျှ

(ချင်းတွင်းမဂ္ဂဇင်း ၂၀၀၆)
(မိုးမခ) ဇွန် ၁၁၊ ၂၀၁၉

Lewis Carroll၏ Alice in Wonderland စာအုပ်ကို ဘာသာပြန်ဖို့စပြီး စိတ်ဝင်စားလာခဲ့ပြီးနောက်မှာ ၂ဝဝ၂ ခုနှစ် နှစ်စပိုင်း လောက်မှာ စရေးဖြစ်ခဲ့တယ်။ အဲဒီကနေ မုံရွေးက ဦးတာတို့ လက်ထဲ စာမူအပ်ခဲ့တဲ့ ဇန်နဝါရီလ ၂ဝဝ၅ ဆိုတော့ ၃ နှစ်လောက်ကြာခဲ့ပါ လားလို့ သုံးသပ်မိပါရဲ့။ ဒီကလေးစာအုပ်ကလေးကို ဘာဖြစ်လို့ ဒီလောက်ကြာခဲ့ရသလဲ... ဆိုတော့... ကျွန်မပြောချင်နေတဲ့ အဲလစ်နှင့် ပတ် သက် သမျှ။

ကျွန်မ ဒီစာအုပ်ကို စပြန်တုန်းက စကားပြေဖြစ်လိုက်၊ စကားပြောဖြစ်လိုက်။ စကားပြေနှင့် သင့်တော်မလား၊ စကားပြောနဲ့ သင့်တော် မလားနဲ့ အတော်ကြာကြာ ချီတုံချတုံဖြစ်ခဲ့ရတယ်။ အင်္ဂလိပ်စာပေမှာ စကားပြောနဲ့ စကားပြောဆိုပြီး နှစ်မိုျးမရှိဘူး။ မြန်မာစာပေမှာတော့ရှိ တယ်။ ကျွန်မဟာ ဘယ်လိုဘာသာပြန်သင့်သလဲဆိုတဲ့ အဖြေကို ရှာခဲ့ရာမှာ စစချင်းတော့ စကားပြေနဲ့ အရင်ရေးကြည့်ခဲ့တယ်။ ဖတ်ရတာ အဆင်မပြေဘူး။ ဒီတော့ စကားပြောနဲ့ ပြင်ရေးပြန်တယ်။ ဒါလည်းစိတ်ထဲမှာ သဘောမကျလှဘူး။ အဲဒါဘာကြောင့်လဲ။ ဒီအဖြေကို ရှာမရခဲ့ လို့ သူ့ကို ဒီအတိုင်းရပ်ထားခဲ့ရတာ တစ်နှစ်လောက်ကြာခဲ့တယ်။

ကျွန်မစိတ်ထဲမှာတော့ ဒီစာအုပ်ကို မူရင်းအတိုင်း ကလေးတွေကို ချပြဖို့ ခက်ခဲတယ်လို့ ယူဆမိတယ်။ မြင့်တယ်လို့ သတ်မှတ်ချင် တယ်။ ဒါပေမဲ့ ကျွန်မ စဉ်းစားကြည့်တယ်။ ကလေးတွေအတွက် ဒီလောက်တောင် ဘာသာပြန်ဖို့ အဆင်မပြေတဲ့ စာတစ်ပုဒ်ဟာ လူးဝစ်ကာ ရိုးလ်တို့ ၁၈၆ဝ ခုနှစ် ဝန်းကျင်က ကလေးတွေကို ဘာကြောင့် ဆွဲဆောင်နိုင်ခဲ့သလဲ။ ကလေးတွေက အဲလစ်ကို ဘာကြောင့် ကြိုက်နှစ်သက် သွားရသလဲ။ ကျွန်မ ဘာသာပြန်ဖို့ ဖတ်ကြည့်သလောက်နဲ့တော့ ကလေးတွေ လုံးဝမကြိုက်နိုင်ဘူး။ နံပါတ်တစ်အချက် ပျင်းစရာကောင်း တယ်။ နံပါတ်နှစ်အချက် စိတ်မရှည်ဘူး။ နံပါတ်သုံးအချက် နားမလည်ဘူး။ အဲဒီ အချက် ၃ ချက်က ကျွန်မ ဒီစာအုပ်ထွက်လာရင် ကြားရမယ့် အသံတွေ ဖြစ်လာလိမ့်မယ်။ စာအုပ်ထုတ်တဲ့သူတောင် အရှုံးပေါ်နိုင်တယ်။ သို့သော် ၁၈၆ဝ ခုနှစ်ဝန်းကျင်တုန်းက ကလေးတွေ နှစ်သက်ခဲ့ကြတာ ဘာကြောင့်လဲ။ ဒီအဖြေကို ရှာလို့တွေ့ရင် ကျွန်မ ဒီစာအုပ်ကို ဘယ်လိုစိတ်သွင်းပြီး ဘာသာပြန်ရမလဲဆိုတဲ့ အဖြေရမယ်။ ကျွန်မ အဲဒီအဖြေကို ရှာခဲ့တယ်။

အဲဒီခေတ်က ကလေးတွေဆီကို ကျွန်မသွားကြည့်တယ်။ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ သစ်ပင်၊ တော၊ တောင်၊ ရေ၊ မြေ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်တွေ၊ သိုးကျောင်းသားလေးတွေ၊ ယာတော ကျေးတောတွေရှိနေတယ်။ တီဗွီ၊ ဗွီဒီယို၊ ဂိမ်း၊ ကွန်ပူျတာတွေ မပေါ်သေးတဲ့အတွက် ကလေးပုံပြင်စာအုပ်တွေဟာ ကလေးတွေအတွက် အဖော်ဖြစ်နေတယ်။ ပုံပြင်ထဲက ယုန်ကလေး၊ ြွကက်ကလေးဒိုဒိုအပြင် ထူးဆန်းထွေလာ သတ္တဝါတွေကို ဖတ်နေရတာကိုက သူတို့လေးတွေအတွက် စိတ်ဝင်စားစရာ ဖြစ်နေရော့သလား။ အဲလစ်ကလေးအရွယ်အစားကြီးသွားတာ၊ လည်ပင်းရှည် ထွက်သွားတာ အထူးအဆန်းဖြစ်နေကြလား။

ပြီးတော့ လူးဝစ်ကာရိုးလ်ရဲ့ အဲလစ်စာအုပ်ထဲမှာ သုံးထားတဲ့စကားလုံးတွေ... 'ကမ္ဘာကြီးထဲမှာ ငါဘယ်သူဖြစ်နေသလဲ'... 'ကျွန်မ စား တာကို တွေ့တယ်' ဆိုတာဟာ 'ကျွန်မတွေ့တာကို စားတယ်' ဆိုတာနဲ့ အတူတူပဲလို့ ပြောနိုင်သလား'... 'အချိန်ကို သူက သတ်ပစ်တယ်... ဒီတော့ အမြဲတမ်း အခုတိုင် ၆ နာရီပဲကွဲ့'... 'ဒါဆိုရင် ဆယ့်တစ်ရက်မြောက်နေ့က ကျောင်းပိတ်ရက်ဖြစ်ရမှာပေါ့'... ဒီစာကြောင်းတွေကို ကလေးတွေဟာ နားလည်ဖို့ခက်ခဲသော်လည်း အဲဒီခေတ်က ကလေးတွေက ဘာလို့ အဲလစ်ကို ဖတ်ပြီး ကြိုက်ကြသလဲ။ ကျွန်မအနေနဲ့ ဘာ ကြောင့် ဘာသာပြန်ဖို့ မသင့်ဘူးလို့ ယူဆနေမိတဲ့အချက်က ဒီစကားလုံးတွေကို ကလေးတွေ နားမလည်နိုင်ဘူးလို့ ယုံကြည်နေမိလို့ပဲ။ ဒါဆို ရင် လူးဝစ်ကာရိုးလ်က ဘယ်လိုစဉ်းစားသလဲ။ သူ့ရဲ့သင်္ချာအတွေးအခေါ်တွေကို ကလေးတွေ နားလည်ပါ့မလားလို့ သူ လုံးဝဥဿုံမတွေးလို့ ဘဲ။ သူ့စိတ်ထဲမှာ ရှိနေတာက ကလေးတွေအတွက် ပုံပြင်တစ်ပုဒ်ရေးဖို့ပဲ။ အဲဒီစိတ်စေတနာ တစ်ခုတည်းနဲ့ သူရေးသားခဲ့လို့ ဖြစ်တယ်။ ဒါကြောင့် လူးဝစ်ကာရိုးလ်ရဲ့ စိတ်ဟာ ရိုးသားဖြူစင်ပြီး သူရဲ့အရေးအသားဟာ ထူးခြားနေတယ်။ ကျွန်မဟာ လူးဝစ်ကာရိုးလ်ရဲ့ အဲလစ်ကို မူရင်းအတိုင်း စာဖတ်သူတွေကို တင်ပြချင်စိတ်တွေ ဖြစ်ပေါ်လာရပါတယ်။ အဲဒီအတိုင်း မတင်ပြနိုင်ရင် အဲလစ်ကို ဘာသာမပြန်နဲ့တော့။ အဲဒါ ကျွန်မရဲ့ ဆုံးဖြတ်ချက်ပဲ။

စာမူဟာ တို့လို့တန်းလန်းဖြစ်နေတာ တစ်နှစ်လောက် ကြာခဲ့ပြီ။ ရလာတဲ့ အဖြေတွေက အသုံးမဝင်ဘူး။ ဒါနဲ့ ကျွန်မဟာ Alice in Wonderland (Walt Disneyမှ ရိုက်ကူးသော) ကာတွန်းကားကို ပြန်ကြည့်ခဲ့တယ်။ ဒီတော့ ကာတွန်းကားထဲက အခန်းတွေဟာ လူးဝစ် ကာရိုးလ်မူရင်းထဲက စာသားတွေအတိုင်း မဟုတ်ဘူး။ ပုံစံပြောင်းထားတယ်။ Walt Disney ရိုက်တာ ၂ဝ ရာစု ရောက်ပါပြီ။ ဘာကြောင့် လူးဝစ်ကာရိုးလ်အတိုင်း မရိုက်ရသလဲ။ ကဗျာ၊ တေးသီချင်းအသစ်တွေ ထည့်ရိုက်ထားပြီး ဘာကြောင့် လူးဝစ်ကာရိုးလ်ရေးတဲ့ ကဗျာတွေ မသုံးတာလဲ။ လူးဝစ်ကာရိုးလ်ရဲ့ ကဗျာတွေက ဘာဖြစ်နေလို့လဲ။ ဒါအကြောင်းရှိရမယ်။ အဲဒီမှာ အဖြေတစ်ခု ထွက်လာတယ်။ လူးဝစ်ကာရိုးလ်ရဲ့ စာဟာ စာပေအနေနဲ့ ဖတ်လို့ကောင်းပေမယ့် ကာတွန်းကားအနေနဲ့ တင်ပြတဲ့အခါ နားမလည်နိုင်တာတွေ ပါနေတယ်။ ဒါကြောင့် ပြင်ဆင်ပြီး ရိုက်ရတာဖြစ်တယ်။ ကာတွန်းကား အနေနဲ့ဘာကြောင့် အဲဒီလိုဖြစ်သွားသလဲဆိုတာ ကျွန်မနည်းနည်းတော့ သဘော ပေါက်မိတယ်။ ဒါပေမဲ့ ရုပ်ရှင်မှာ လူးဝစ်ကာရိုးလ်ရဲ့ ဇာတ်လမ်းဇာတ်ကွက်၊ ကျောရိုးတွေဟာ လုံးဝပျောက်မသွားဘူး။ အဲဒီ အတတ်ပညာက တော်တော်မြင့်တယ်။ ကျွန်မက ဒီစာအုပ်ကို စာလုံးတွေအဖြစ်ဘာသာပြန်ရမှာ။ ကာတွန်းကားကို ပြန်မှာမဟုတ်ဘူး။ ဒီတော့... စကားပြေလို့ ရေးရင်ကောင်းမလား... ၊ စကားပြောလိုရေးရင် ကောင်းမလား။ ကျွန်မ ဘယ်လိုမှ စိတ်သွင်းလို့မရခဲ့ဘူး။ ကလေးတွေ လက်ခံနိုင်မယ်မထင် ဘူးဘဲဖြစ်နေတယ်။ ဒါပေမဲ့ လူးဝစ်ကာရိုးလ်ရဲ့ စာကို အဲဒီခေတ်က ဝေဖန်ရေးဆရာတွေက ဝေဖန်ကြပြီး ဘာကြောင့် ကလေးတွေက အပြစ် မမြင်ခဲ့ကြတာလဲ။ အဲဒီအချက်ဟာ တော်တော် စိတ်ဝင်စားစရာကောင်းတယ်။ ဒီအဖြေကို ရအောင်ရှာရမယ်။ ဒီလိုနဲ့ နောက်တစ်နှစ်ကုန်ခဲ့ပြီ။

ကျွန်မ ငယ်ငယ်တုန်းက အဲလစ်ကို ဘယ်လိုလက်ခံခဲ့သလဲဆိုတဲ့ အဖြေကို ရှာခဲ့တယ်။ ကျွန်မ ကလေးတုန်းက ဖတ်ခဲ့ဖူးတဲ့ အဲလစ်က ဘယ်လိုမိုျးလဲ။ ဘယ်လောက်မှတ်မိခဲ့သလဲ။ ကျွန်မ ဖတ်ခဲ့ဖူးတာဆိုလို့ ဦးဦးပုံပြောမယ်ထဲက ရုပ်ပုံကာတွန်း အဲလစ်ပဲ။ လူးဝစ်ကာရိုးလ်ရဲ့ မူရင်းစာအုပ်မဟုတ်ဘူး။ ဒီတော့ အခုပြန်စဉ်းစားရင် မှတ်မှတ်ရရဖြစ်ခဲ့သလား။ မှတ်မှတ်ရရဖြစ်ရတဲ့ အခန်းလေးတွေ ရှိသလား။ ကျွန်မ သေချာစဉ်းစားလိုက်တော့ အဲလစ်က ကိတ်မုန့်လေးစားပြီး ကြီးလိုက် ငယ်လိုက် ဖြစ်တာမှတ်မိတယ်။ အိမ်သေးသေးလေးထဲမှာ ကိုယ်လုံး အကြီးကြီး အဲလစ်တစ်နေတာရယ်၊ လက်ဆန့်ထုတ်လိုက်လို့ ယုန်ကလေးလွင့်သွားတာရယ် ပြီးတော့ သေသေချာချာ မျက်စိထဲအခုထိ မြင်နေမိ တာက တရားရုံးမှာ အဲလစ် မတ်တတ်ထရပ်လိုက်လို့ ဂူျရီတိရစ္ဆာန်လေးတွေ ဖရိုဖရဲပြုတ်ကျတဲ့ ကာတွန်းပုံပေါ့။ ဒီထက်ဘာ မှတ်မိသလဲ။ အဲလစ်ငိုတာမှတ်မိတယ်။ စက်ဝိုင်းပုံပြေးတဲ့အခန်း မှတ်မိတယ်။ အဲဒီအရွယ်တုန်းက ကလေးတစ်ယောက်အနေနဲ့ ကြိုက်နှစ်သက်ခဲ့သလားလို့ဆို တော့ ကြိုက်နှစ်သက်လှချေရဲ့လို့တော့ ဖြစ်မသွားခဲ့ဘူး။ အဲဒါကတော့ သေချာတယ်။ ဒါဆိုရင် အခုကလေးပရိသတ်ကရော ဘယ်လိုဖြစ်မလဲ။ ကိုယ်ငယ်ငယ်လေးတုန်းကတောင်မှ အမှတ်တမဲ့လောက်ပဲ ရင်းနှီးခဲ့ရတဲ့ အဲလစ်ကို အခုမူရင်းကြီး ချပြလိုက်ရင် ဘာတွေဖြစ်လာမလဲ။

ကျွန်မဘာသာဆက်မပြန်ဖြစ်သေးခင်မှာ အင်တာနက်ကနေ အဲလစ်ရုပ်ပုံကို ဆွဲခဲ့တဲ့ John Tennielရဲ့ အဲလစ်ပုံတွေရှာတယ်။ သူဆွဲခဲ့ တဲ့ ကာတွန်းပုံတွေကို လေ့လာခဲ့တယ်။ ကလေးတွေက အဲဒီကာတွန်းရုပ်တွေကို နှစ်သက်တာ ဘာကြောင့်လဲလို့ စဉ်းစားရတယ်။ သူ့ပုံတွေမှာ ဘယ်လိုဆွဲဆောင်မှုတွေ ရှိနေသလဲ။ အဲလစ်က လှလား။ ချစ်စရာကောင်းရဲ့လား။ ကလေးတွေက အဲလစ်ကိုတွေ့ရင် သဘောကျမလား။ ကာတွန်းကားထဲက အဲလစ်ကတော့ ဆေးရောင်စုံဒီဇိုင်းအသစ်နဲ့မို့ ပိုပြီး ဆွဲဆောင်မှုရှိတယ်။ ဒါပေမဲ့ ကျွန်မကတော့ John Tennielရဲ့ မူရင်း အဖြူ အမည်းရုပ်ပုံတွေကိုပဲ သုံးချင်တယ်။ ဒါမှ အဲဒီခေတ်ရဲ့ ဇာတ်ရုပ်ပေါ်မယ်။ နောက်ပိုင်းပိုပြီး ဆွဲဆောင်မှုရှိတဲ့ ရုပ်ပုံတွေကိုJohn Tenniel မဆွဲဘူး။ အဲဒီပုံတွေ ကျွန်မမှာရှိတယ်။ အဲဒီပုံတွေပါ ထည့်လိုက်ရင် ဘာပဲဖြစ်ဖြစ် စာတွေကိုတောင် ပိုနားလည်ပြီး ပိုကြိုက်သွားနိုင် လိမ့်မယ်။ ဒါပေမဲ့ အဲဒီပုံတွေ တစ်ပုံမှ မယူချင်ဘူး။ လိုက်မမီရင် နေပါစေ မူရင်းအတိုင်း ထုတ်ချင်တယ်။ ကျွန်မ သိချင်လာတဲ့ အချက်က ဒီမြန်မာစာဖတ်ပရိသတ်က ဘယ်လောက်အတိုင်းအတာ လက်ခံမလဲ။ မူရင်းအတိုင်းကို တင်ပြချင်စိတ်က အရမ်းကို ထက်သန်လာခဲ့တယ်။ မြန်မာစာဖတ်ပရိသတ်ကို လူးဝစ်ကာရိုးလ်တို့ခေတ်ကအတိုင်း ပေးချင်တဲ့ စေတနာဟာ ကျွန်မမှာ တော်တော်လွန်ကဲခဲ့ပါတယ်။


စာက ဘယ်နေမှန်းမသိဘူး။ စာအုပ်ကို ပုံဖော်နေမိသည်။ အဖုံးကိုတောင် မူရင်းစာအုပ်အဖုံးရုပ်ပုံ လုံးဝမပါတဲ့ ရိုးရိုးကြီးပဲ သုံးမယ်။ ဖြစ်နိုင်ရင် အဲဒီအဖုံးဒီဇိုင်း အတိုင်း၊ အရွယ်အတိုင်း ထုတ်ချင်တယ်။ အဲလစ်ပုံတွေက မူရင်းအဖြူအမည်းပုံတွေပဲ သုံးမယ်။ အရောင်လုံးဝမပါ ဘူး။ အဲဒါ... ကျွန်မစဉ်းစားခဲ့တာတွေ။

နှစ်နှစ်လောက်တောင်ကြာခဲ့ပြီ။ ကျွန်မဟာ လူးဝစ်ကာရိုးလ်ကို စိတ်ထဲ သွင်းယူလို့ မရသေးခဲ့ဘူး။ သူ့အကြောင်းတွေ ရှာဖတ်ခဲ့တယ်။ သူ့ရဲ့ စိတ်နေစိတ်ထားတွေကို လေ့လာခဲ့မိတယ်။ သူ့အကြောင်းတွေ ဖတ်ရင်းကနေ 'လူးဝစ်ကာရိုးလ်ရဲ့ အဲလစ်'ဆိုပြီး အတွေးအမြင်မှာ ဆောင်းပါးတစ်ပုဒ် ရေးဖြစ်ခဲ့သေးတယ်။ သူက ကလေးလေးတွေနဲ့ ပျော်မွေ့တတ်တဲ့ သင်္ချာပညာရှင်ကြီးတစ်ယောက်ပါပဲ။ 'ကျွန်တော်ဟာ ကလေးများအတွက် ပုံပြင်တစ်ပုဒ်ကို ရေးချင်စိတ်နဲ့... ' ဆိုပြီး လူးဝစ်ကာရိုးလ်ဟာ သူအဲလစ်ကို ဘယ်လိုမွေးဖွားခဲ့ရတယ်ဆိုတာကို ပြောပြထားတယ်။ အဲဒီ 'စိတ်'ဟာ လူးဝစ်ကာရိုးလ်က အဲလစ်ကို ရေးသားဖြစ်ခဲ့တဲ့ စိတ်ခံစားမှုပါပဲ။ အဲဒီစိတ်ဓာတ်ကလေးကို တမင်မွေးယူ ခဲ့တာ မဟုတ်ပါဘူး။ သူ့ရင်ထဲကနေ အလိုလိုဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ကျွန်မဟာ သူ့ရဲ့စာကို ဘာသာပြန်သူတစ်ယောက်အနေနှင့်တော့ အဲဒီ စိတ်ကို မွေးယူရလိမ့်မယ်။ ဒီနေရာမှာတော့ ကျွန်မမှာ မြန်မာစာဖတ်ပရိသတ်ကို လူးဝစ်ကာရိုးလ်ရဲ့ မူရင်းအတိုင်း အဲလစ်ကို ချပြချင်တဲ့ စေတနာဟာ ကျွန်မရင်ထဲမှာ အလိုလိုရှိနေပြီးသား ဖြစ်နေခဲ့တယ်။ အဲဒီစေတနာဖြင့် အဲလစ်ကို ဘာသာပြန်ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲလစ်ကို စပြီး ဘာသာပြန်ဖြစ်ခဲ့ချိန်ကနေ ၆ လကြာခဲ့ပါတယ်။ ၁၈၆ဝ ခုနှစ်လောက်က ကလေးတွေစွဲလမ်းခဲ့တဲ့ အဲလစ်က ဒီလိုလို့ ပေးလိုက်ချင်တဲ့ စေတနာဖြင့် ကျွန်မ အပြီးသတ်ရေးနိုင်ခဲ့ပါပြီ။ ၁၈၆ဝ ခုနှစ်တုန်းက ကလေးတွေက လက်ခံခဲ့တဲ့ အဲလစ်ကို အရင်းအတိုင်း ကျွန်မပေးဖြစ်ခဲ့ ပါပြီ။

ကျွန်မဖြည့်ထားတာတွေကတော့ John Tenniel ရေးဆွဲခဲ့တဲ့ ကာတွန်းရုပ်ပုံတွေ အောက်က စာသားလေးတွေ ဖြစ်ပါတယ်။ ဒါဟာ မူရင်းစာအုပ်နှင့် မတူတဲ့ အချက်တစ်ခုပါပဲ။ အဲဒီစိတ်ကူးလေးကိုတော့ သူတို့ဆီမှာ Aliceစာအုပ်ကို တခြား ပန်းချီဆရာတွေရဲ့ ရေးဆွဲမှုတွေ နှင့် ထုတ်ထားရာမှာ ပြောင်းလဲထားတဲ့ ကာတွန်းရုပ်ပုံ ဒီဇိုင်းစာသားတွေဆီကနေ ရတာဖြစ်ပါတယ်။ မျက်နှာဖုံးကိုတော့ မူရင်းစာအုပ် ရိုးရိုးကြီးမလုပ်ဖြစ်ဘဲ ဦးတာစိတ်ကြိုက် လုပ်ဖြစ်ခဲ့တယ်။ ကျွန်မပေးတဲ့ အကြံမဟုတ်သော်လည်း စာအုပ်လေးက ပိုလှပြီး ပိုဆွဲဆောင်မှုရှိပြီး အဲလစ်က ပိုပြီးချစ်စရာကောင်းသွားတယ်။ အဲဒါ ဦးတာရဲ့ စေတနာပါ။ ကာတွန်းရုပ်ပုံတွေကို ဦးတာက အရောင်တွေဖြည့်ထားပါတယ်။ မူရင်းအတိုင်း မဟုတ်သော်လည်း ကျွန်မဟာ ဦးတာရဲ့ စေတနာကို မငြင်းတော့ပါဘူး။ အတွင်းက အရေးအသားစတိုင်ဟာ လူးဝစ်ကာရိုးလ်ရဲ့ အရေးအသား အာဘော်အတိုင်းပါပဲ။ အဲဒီအတွက် ကျွန်မ အလွန်ကျေနပ်မိပါတယ်။ စက်တင်ဘာ ၂ဝဝ၆ မှာ စာအုပ်ကလေး ထွက်လာခဲ့ပါပြီ။ ၃ နှစ်လောက် သန္ဓေတည်ပြီး ကြိုးစားထုတ်ဖော်ခဲ့ရတဲ့ လွန်ခဲ့တဲ့ နှစ် ၁ဝဝ ကျော်က လူးဝစ်ကာရိုးလ်ရဲ့ လက်ရာဖြစ်တဲ့ စာအုပ်ကလေး ထွက်ပေါ်လာခဲ့ရပြီပေါ့။ စာဖတ်ပရိသတ်က ဘယ်အတိုင်းအတာ လက်ခံမလဲဆိုတာ ကျွန်မ မမှန်းဆရဲပါဘူး။ အဲလစ်ကို မူရင်းအတိုင်း ထုတ်ပြခဲ့တဲ့ မှတ်တိုင်တစ်ခုစိုက်ခဲ့နိုင်တာကိုက စာဖတ်သူတွေကို ပေးချင်တဲ့ ကျွန်မ၏ စေတနာ ပြည့်ဝခဲ့ခြင်းပါပဲ။