Breaking News

မရေမရာ မသေမချာ ဇဝေဇဝါနှင့်ဘကြီးမိုး


မရေမရာ မသေမချာ ဇဝေဇဝါနှင့်ဘကြီးမိုး

(မိုးမခ) ဇွန် ၃၀၊ ၂၀၁၉
(ပြည်တွင်းဂျာနယ်တွင်း ဖော်ပြပြီး ဆောင်းပါး)


ဘကြီးမိုးတစ်ယောက် တစ်ပါတ်လျှင် ၃ရက် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွေတွင် လာခေါ်သူရှိရင် လက်ဖက်ရည်ဆိုင်လိုက်ထိုင်လေ့ရှိပါတယ်၊ ဆိုလိုတာက လာခေါ်သူမရှိလျှင် ဒီ၃ရက်စလုံး မထိုင်ဖြစ်တဲ့အခါ တွေလည်းရှိပါတယ်၊ ပြီးခဲ့တဲ့ နှစ်ပါတ်ကဆိုလျှင် ဘကြီးမိုးတို့လမ်းထဲမှာ ရေပိုက်လုံးအပြာကြီးတွေ ချပြီး ရေပိုက် ခေါင်းကသံပိုက်တွေကို ဖိုက်ဘာအပြာပိုက်လုံးတွေနဲ့လဲတယ်လို့ဆိုပါတယ်။ 

ဘာပဲပြောပြော အဲဒီပိုက်လုံးကြီး တွေ ချဖို့အတွက်ဆိုရင် နှစ်တောင်လောက်ရှိတဲ့ မြောင်းတွေတူးရပါတယ်၊ လမ်းထိပ်တစ်ဖက်တစ်ချပ်မှာတော့ ဟိုဘက်ဒီဘက်မြောင်းဖောက်ကူးဖို့ရှိသေးတယ်လေ၊ မြောင်းဖောက်တာနဲ့တပြိုင်တည်း လမ်းကပိတ်ထားရ တယ်၊ မြောင်းဖောက် ပိုက်ထည့်ပြီးတဲ့နောက် ပြန်အုပ်ပြီး လမ်းနဲ့တပြေးညီ ကွန်ကရစ်လမ်းမနဲ့တပြေးညီ ညှိရတာတွေရှိလေတော့ ကြာတာပေါ့ဗျာ၊ လမ်းထိပ်ကပိတ်လိုက်ရင် လမ်းထဲကားဝင်လို့မရတော့ဘူး၊ လမ်းထဲ ကကားတွေကလည်း လမ်းအပြင်ထွက်ပေးရတယ်၊ ဘကြီးမိုးကိုလာကြိုတဲ့ကားတွေက လမ်းထိပ်ကလမ်းပိတ် လို့ ဝင်လာခေါ်ဖို့မဖြစ်နိ်ုင်တော့ဘူး၊ 

ဘကြီးမိုးကိုယ်တိုင်ကလည်း ၃၁လမ်းအထက်လမ်းရဲ့ အလယ်လောက်မှာ နေထိုင်သူဖြစ်လေတော့ အပေါ်ဘက်တက်သည်ဖြစ်စေ အောက်ဘက်ဆင်းသည်ဖြစ်စေ လမ်းရဲ့တဝက် လောက်တော့ လျှောက်ရတာချည်းပဲ၊ ဘကြီးမိုးအတွက်တော့မလွယ်ဘူးလေ၊ အဲဒီလို အဲဒီလိုနဲ့ လမ်းထိပ်မှာ လမ်းပိတ်လို့ မထွက်နိုင်ရတာရှိတယ်၊ လမ်းထဲမှာ ပိုက်လုံးအပြာကြီးတွေချတာ တခါမထွက်နိ်ုင်ဘူးဖြစ်ရတယ်၊ ဒီလိုနဲ့ ရက်နှစ်ပါတ်လောက် သောကြာ၊ စနေ၊ တနင်္ဂနွေ လက်ဖက်ရည်ဆိုင်ဝိုင်းတွေကို ဘကြီးမိုးမရောက်ဖြစ်ပါ၊

 ဒီတစ်ခေါက်တော့ ၂၂ ရက် ၂၃ရက် ၂၄ရက်နေ့တွေမှာ ဘကြီးမိုးလက်ဖက်ရည်ဝိ်ုင်းတွေဆီရောက်ပါတယ်၊ အထူးသဖြင့် ၂၄ရက်နေ့ တနင်္ဂနွေ လက်ဖက်ရည်ဝိုင်းကိုရောက်တယ်၊ ဒီမှာတင် ဝိုင်းတော်သားတွေက ဝိုင်း ပြီးတော့ တိုင်ကြတောကြတော့တာပဲ၊ ၂၃ရက်နေ့က အကယ်ဒမီဆုချီးမြှင့်ပွဲရှိတယ်လေ၊ 

ဘကြီးမိုးဟာ တစ် ခေတ်တခါက ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာ၊ ရုပ်ရှင်ဇာတ်ကားကြီး ၁၀ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ သူဖြစ်ပြီး တစ်ချိန်တခါက ရုပ်ရှင်ကောင်စီရဲ့ ဗဟိုဦးစီးအမှုဆောင်အဖြစ် ၂နှစ်တာလုပ်ဆောင်ခဲ့ဖူးတာမှန် ပေမယ့် ခုတော့ ရုပ်ရှင်မရိုက်ဖြစ်တာ ကြာတောင့်ကြာခဲရှိတဲ့အပြင် ရုပ်ရှင်မကြည့်ဖြစ်တာလည်းကြာပါပြီ၊ ရုပ်ရှင်ရုံတွေကိုမသွားနိုင် မတက်နိ်ုင်တာလည်းပါပါတယ်၊ ဒါ့အပြင် အိမ်မှာပြတဲ့ ရုပ်မြင်သံကြားထဲက ဇာတ်ကားတွေကိုလည်းမကြည့်ဖြစ်ပါဘူး၊ 

လက်ဖက်ရည်ဝိုင်းကိုရောက်တော့ ညတုန်းက အကယ်ဒမီပွဲ ကိုတက်ဖြစ်သလားမေးတော့ မတက်ပါဘူး၊ ဘယ်သူမှလည်းငါ့မဖိတ်ပါဘူး၊ ရုပ်မြင်သံကြားရောပြတာ မကြည့်ဘူးလား၊ ဒါကိုတော့ မကြည့်ဘူးလို့ပြောလို့မရဘူးလေ၊ ဘကြီးမိုးတို့အိမ်ရဲ့ အိမ်ဖော်မိန်းကလေးက ၄နာရီကတည်းက ရုပ်မြင်သံကြားကိုဖွင့်ထားတာ၊ ပွဲတက်လာတဲ့ ထင်ရှားသူတွေကို ရုပ်မြင်သံကြားသတင်း သမားများက ပွဲတက်လာတဲ့ ဝတ်စုံတွေကို ဘယ်သူကချုပ်ပေးတာလဲ၊ လက်ဝတ်လက်စားတွေကိုဘယ်သူက ဆင်ပေးတာလဲ စသည်စသည်ဖြင့် မေးကြမြန်းကြတဲ့ ပုံတွေလည်းခဏတဖြုတ်တွေ့လိုက်ပါသေးတယ်၊ ဘကြီး မိုးကတော့ အဝတ်အစားဖက်ရှင်ဒီဇိုင်းရော လက်ဝတ်လက်စားရော စိတ်ဝင်စားသူမဟုတ်လေတော့ အိပ်ရာ ပြန်လှဲနေလိုက်ပါတယ်၊ အကယ်ဒမီပေးမယ်ဆိုတော့မှ ငါ့ကိုခေါ်လို့ပြောလိုက်ပါတယ်၊  

အကယ်ဒမီပေးပွဲမှာ ဘကြီးမိုး စိတ်ချမ်းသာရတဲ့ ပထမဆုံး တစ်သက်တာအကယ်ဒမီဆုရှင် ဒေါ်မြင့်မြင့်ခင်ကို တွေ့မြင်လိုက်ရပါ တယ်၊ ဒေါ်မြင့်မြင့်ခင်က ချောတုန်းလှတုန်းပဲခင်ဗျ၊ ဒေါ်မြင့်မြင့်ခင်ကို ဘကြီးမိုး စာရေးစကတည်းကပဲ ချစ်ခဲ့ ကြိုက်ခဲ့ သဘောကျခဲ့ပါတယ်၊ သူ့အကြောင်းဆောင်းပါးရေးတာကိုမှတ်မိသေးတယ်၊ အလုံ သို့မဟုတ် မြင့်မြင့် ခင် ဆိုတဲ့ခေါင်းစဉ်နဲ့ရေးခဲ့တာပါ၊ အလုံဆိုတာကတော့ ဖြေလျော့ခွေ ဇာတ်ကားမှာ မြင့်မြင့်ခင်ပါဝင်ရတဲ့ ဇာတ် ရုပ်နာမည်ဖြစ်ပါတယ်၊ တင့်တယ်ရဲ့ နာမည်ကြီးဝတ္ထုကို ရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်၊ ဖြေလျော့ခွေ ဇာတ် ကားထဲမှာ မြင့်မြင့်ခင်က ကျော်ဆွေနဲ့တွဲဖက်ပါဝင်ရပါတယ်၊ ဇာတ်ကားတစ်ကားလုံးရဲ့အစအဆုံးမှာ မြင့်မြင့် ခင်က အဖိအနှိပ်ခံ ဇာတ်ရုပ်အနေထားက ပါဝင်ရသူဖြစ်ပါတယ်။ အဲဒီဇာတ်ကားရဲ့ ဇာတ်သိမ်းခန်းမှာ မြင့်မြင့် ခင်ပြောဖူးတဲ့စကားလေးကို ဘကြီးမိုး ကြိုက်လွန်းလို့ မှတ်မိနေခဲ့ပါတယ်၊ အဲဒါကတော့ “အလုံတော့ ဖြေရင်း ဖြေရင်း လျော့ပြီးခွေနေရတော့တာပါပဲ ကိုလတ်ရယ်” ဆိုတဲ့စကားလေးပါ၊ ဇာတ်ကားရဲ့နာမည်ကိုလဲပေါ်လွင်ပြီး သားဖြစ် အဖြစ်အပျက်ကိုလဲ ပြည့်စုံစွာဖော်ပြပြီးသားလဲဖြစ်လေတော့ မြင့်မြင့်ခင်ရဲ့ သူ့ကိုယ်သူ အလုံတော့လေ ပြောတဲ့စကားလေးကို သဘောကျလို့ ဘကြီးမိုးက အလုံ သို့မဟုတ် မြင့်မြင့်ခင် လို့ တင်စားဆောင်းပါးရေးခဲ့ တာပါ၊ 

အဲဒီဆောင်းပါးက တစ်ချိန်တခါက လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀လောက်က မန္တလေးကထုတ်ဝေတဲ့ မောင်မိုး သူအယ်ဒီတာလုပ်ခဲ့တဲ့ ခေတ်ဂျာနယ်နောက်ကျောဖုံးမှာ ရေးခဲ့တဲ့ဆောင်းပါးဖြစ်ပါတယ်။ အဲဒီတုန်းက ဘကြီး မိုးဟာ စာပေလောကမှာပဲရှိပါသေးတယ်၊ နောက် ရုပ်ရှင်လောကထဲကို ရေပွက်ပမာ၊ ရန်ကုန်သားနဲ့မန္တလေးသူ ဇာတ်ကားများကို ဇာတ်ညွန်းရေးပြီး ရုပ်ရှင်လောကထဲကိုရောက်ခဲ့ပါတယ်၊ 

အကိုဆရာဖြစ်တဲ့ ဒါရိုက်တာ မောင်မောင်မြင့်နှင့် ကူညီပြီး ဇာတ်ကား ၆ကား ၇ကားလောက်ရိုက်ခဲ့ပါတယ်၊ နောက် မှုန်နံ့သာ၊ ကျော်ကျော် ဇာတ်ကားများအပါအဝင် ဒါရိုက်တာအဖြစ် ရုပ်ရှင်ဇာတ်ကားကြီး ၁၀ကားကိုရိုက်ကူးဖြစ်ခဲ့ပါတယ်၊ ရုပ်ရှင်ကောင် စီ စတင်ဖွဲ့စည်းတဲ့ ဒုတိယ၂နှစ်သက်တမ်းမှာ ရုပ်ရှင်ကောင်စီဦးစီးအမှုဆောင်အဖြစ်တာဝန်ယူခဲ့ပါတယ်၊ အဲဒီ ၂ နှစ်သက်တမ်းမှာ ရုပ်ရှင်ကောင်စီဥက္ကဌက အေဝမ်းဦးတင်မောင်ဖြစ်ပြီး အထွေထွေအတွင်းရေးမှူးက မင်းသား ကြီးဦးရွှေဘဖြစ်ပါတယ်၊ ရုပ်ရှင်ဇာတ်ကားကြီး ၁၀ကား ရိုက်ကူးပြီးတဲ့နောက် ကိုယ်ပိုင်ဇာတ်ကားတစ်ကားရိုက် မယ်ဆိုပြီး စံရွှေမြင့်ရဲ့ ကျောင်းသွားဖော်သူငယ်ချင်း ဇာတ်ကား ရိုက်ဖို့စီစဉ်စဉ် ရေချိုးခန်းမှာချော်လဲ၊ ပေါင်ရင်း ကအရိုးကျိုးပြီး ဆေးရုံတက်ရလေတော့ ဇာတ်ကားမရိုက်နိုင်ခင်မှာ ညီလိုဖြစ်တဲ့ ဒါရိုက်တာနေဝင်းထွန်း (ကြည်ဖြူသျှင်ရဲ့ဦးလေး)က အကိုကျပြီးသားဇာတ်ကလေး ကျနော့်ကိုပေးရိုက်ပါဆိုတာနဲ့ ပေးရိုက်ဖြစ်ရာက ဘကြီးမိုးရုပ်ရှင်နယ်နဲ့ ကင်းဝေးသွားတာဖြစ်ပါတယ်၊ 

အဲဒီအဖြစ်အပျက်လေးကလည်းကြာပြီလေ၊ အဲဒီလို ရုပ်ရှင်လောကနဲ့ အကြာကြီးကြာခဲ့ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့မှာ လူကြီးဆိုပြီးတော့ ထည့်ပြန်ရော၊ အဲဒီမှာတင် ဗိုလ်ချုပ်အောင်ဆန်းသမိုင်းဆိုင်ရာ စာရွက်စာတမ်းတွေစုဆောင်းတွေကြ၊ ဇာတ် ညွှန်းရေးဖို့ လူသုံးပိုင်းခွဲပြီး ကြည်စိုးထွန်းနဲ့တစ်ပိုင်း၊ ချစ်ဦးညိုကတစ်ပိုင်း၊ ငြိမ်းမင်းကတစ်ပိုင်း ခွဲပြီးတာဝန် ပေးတယ်၊ နောက်တော့ အဲဒီရုပ်ရှင်အဖွဲ့မှာက ဒါရိုက်တာကြည်ဖြူသျှင်နှင့် ဒါရိုက်တာအိအိခိုင် အမျိုးသမီးဒါရိုက် တာနှစ်ယောက်ပါပါတယ်၊ အိအိခိုင်က မိတ်ဆွေသူငယ်ချင်း ဒါရိုက်တာကိုကြီးမြင့်ရဲ့သမီးဖြစ်ပြီး ကြည်ဖြူသျှင် ကတော့ မိတ်ဆွေလုပ်ဖော်ကိုင်ဖက်ဒါရိုက်တာ ထွန်းမြင့်ထွန်းရဲ ့ မြေးဖြစ်နေတယ်ခင်ဗျ၊ အဲဒီအဖွဲ့မှာ မင်းသမီး ထွန်းအိန္ဒြာဗိုလ်လည်းပါပါတယ်၊ 

အဲဒီတုန်းက မခိုင်(ထွန်းအိန္ဒြာဗိုလ်)ပြောဖူးတဲ့စကားလေးကို ဘကြီးမိုးကြား ယောင်နေမိပါသေးတယ်၊ ဘကြီးမိုက ယနေ့ခေတ်ရိုက်ကူးနေတဲ့ မင်းသားငယ် မင်းသမီးငယ်များကို မသိ တော့တဲ့အကြောင်းပြောတော့ မခိုင်ကရယ်မောပြီး သူတို့ကလဲ ဘကြီးမိုးကို ဒါရိုက်တာအဖြစ် မသိကြတော့ ပါဘူး၊ မမှတ်မိကြတော့ပါဘူးလို့ပြန်ပြောပါတယ်၊ 

အဲဒီလို ကြာတောင့်ကြာခဲတဲ့ ရုပ်ရှင်အကြောင်းတွေကို မေ့များတောင်မေ့နေပြီဖြစ်တဲ့ ဘကြီးမိုးကို ၂၄ရက်နေ့ လက်ဖက်ရည်ဆိုင်စကားဝိုင်းမှာ ၂၃ရက်ညက ရုပ်ရှင်အကယ်ဒမီဆုပေးပွဲနှင့်ပတ်သက်ပြီး ကျေနပ်သံ မကျေနပ်သံတွေ ဝေဖန်သံတွေကို ပြောကြလေတော့ ဘကြီးမိုးကတော့ အေး ဟုတ်တယ်၊ မနေ့ညက အကယ်ဒမီပေးပွဲကို ညနေ၄နာရီကတည်းက အိမ်ဖော်မိန်းက လေးဖွင့်ထားတော့ ခဏကြည့်ဖြစ်တယ်၊ နောက်အိပ်ရာဝင်သွားပြီး ဆုပေးတော့မှလာခေါ်ဆိုတော့ ဆုပေး ရာမှာလည်း ဘကြီးမိုးခင်ခဲ့ သိခဲ့ရတဲ့ မမေရီ(ဒေါ်မြင့်မြင့်ခင်)ကို တစ်သက်တာ အကယ်ဆုရှင်အဖြစ် ချီးမြှင့် တာကို လက်ခုပ်သြဘာတီးပြီး ကြည့်ခဲ့မိပေမယ့် ကျန်တဲ့ဆုရှင်တွေကို မကြည့်မိပဲ အိပ်သွားမိပါတယ်။

 မနက်ကျမှ သတင်းတွေထဲမှာ မုန်းစွဲ ဆိုတဲ့ဇာတ်ကားကဘယ်နှစ်ဆု၊ ရွှေကြာဆိုတဲ့ဇာတ်ကားက ဘယ်နှစ်ဆု စသည် စသည်အားဖြင့် ပြောဆိုဝေဖန်သံတွေကို ပြောတော့ကြားရတော့ သူတို့ကတော့ ဘကြီးမိုးကို ရှေးဟောင်းဒါရိုက်တာဆိုပြီး မေးကြမြန်းကြတာပေါ့လေ၊ ဘကြီးမိုးက မရေမရာ မသေမချာ ဇဝေဇဝါဖြစ်နေတာကို သူတို့မသိကြဘူး နားမလည်ကြဘူးဖြစ်နေပါတယ်၊ 

နောက်ပြီး ၂၅ရက်နေ့မှာ ပြုလုပ်ကျင်းပမယ့် စည်ပင်ရွေးကောက်ပွဲသတင်းတွေကိုလည်း ပြောကြဆိုကြဝေဖန်ကြလေတော့ စည်ပင်ရွေးကောက်ပွဲမှာ ဘယ်သူတွေကဝင်အရွေးခံတယ်လို့ စသည်စသည်အားဖြင့် သူတို့တွေအားလုံးကတော့ ဘကြီးမိုးဟာ တစ်ချိန်တခါသောအခါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ရာမှာ ပါဝင်ခဲ့သူဖြစ်လေတော့ နိုင်ငံရေးလောကနဲ့ ဆက်စပ်နေအုံးမယ်ထင်လို့ ပြောကြဆိုကြ မေးကြမြန်းကြတာပေါ့လေ၊ 

သူတို့မသိတာက ဘကြီးမိုးဟာ ရုပ်ရှင်လောကနဲ့ ကင်းကွာတာ ကြာတောင့်ကြာခဲရှိနေပြီဖြစ်သလို နိုင်ငံရေးလောကနဲ့ ကင်းကွာတာ ကြာတောင့်ကြာခဲရှိနေခဲ့ပါပြီ၊ ဒီတော့ ဘကြီးမိုးရဲ့အဖြစ်က ဘာကိုမှ မရေမရာ မသေမချာ ဇဝေဇဝါဖြစ်နေကြောင်းပါခင်ဗျ၊