Breaking News

မာန်သီဟထွန်း – စိတ်ကူးယဉ်လူ့အဖွဲ့အစည်း




မာန်သီဟထွန်း –  စိတ်ကူးယဉ်လူ့အဖွဲ့အစည်း

Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) ဩဂုတ် ၃ ၊ ၂၀၁၉ 
စာရေးသူခွင့်ပြုချက်နဲ့ ကူးယူဖော်ပြပါသည်

၄၄


ရှေးအီဂျစ်ပြည်က အထက်တန်းလွှာတွေလိုပဲ တခြားယဉ်ကျေးမှုက လူတွေဟာလည်း သူတို့ရဲ့ဘဝတွေကို ပိရမစ်တွေ တည်ဆောက်ရင်းသာ ကုန်လွန်ခဲ့ကြတယ်။ ဒီပိရမစ်တွေရဲ့ အမည်၊ ပုံစံ၊ အရွယ်အစား စတဲ့အရာတွေသာ ယဉ်ကျေးမှုတစ်ခုနဲ့ တစ်ခုအကြား ကွာသွားတာပါ။ ဥပမာအားဖြင့် ဒီနေ့ခေတ်က ဆင်ခြေဖုံးရပ်ကွက်မှာရှိတဲ့ စိမ်းလန်းတဲ့မြက်ခင်းနဲ့ ရေကူးကန်နဲ့ အိမ်တစ်လုံးဟာလည်း ပိရမစ်ပုံစံတစ်မျိုးပါ။ ဒါမှမဟုတ် မိုးပျံတိုက်ကြီးပေါ်က မနာလိုစရာကောင်းတဲ့ မြင်ကွင်းတွေရှိတဲ့ ဇိမ်ခံတိုက်ခန်းဟာလည်း နောက်ပိရမစ်ပုံစံတစ်မျိုး ဖြစ်ပါတယ်။ ကျွန်တော်တို့ကို ခုလိုမျိုးပိရမစ်တွေဆောက်ချင်တဲ့စိတ်ကိုဖြစ်စေတဲ့ ဒီစိတ်ကူးယဉ်အကြောင်းတရားတွေရဲ့ မူလအစနဲ့ ပတ်သက်လို့ မေးခွန်းထုတ်တဲ့လူကတော့ နည်းပါတယ်။

ဂ။ စိတ်ကူးယဉ်လူ့အဖွဲ့အစည်းတွေဟာ “အများဆိုင်အမြင်” လည်း ဖြစ်နေကြပါတယ်။ တကယ်လို့များ မဟာလူသားစွမ်းအားတွေသုံးပြီး ကျွန်တော်ရဲ့ဆန္ဒစိတ်ကူးတွေကို ဒီစိတ်ကူးယဉ်လူ့အဖွဲ့အစည်းရဲ့ ကြိုးကိုင်ချယ်လှယ်မှုကနေ လွတ်မြောက်သွားအောင် လုပ်နိုင်တယ် ဆိုပါစို့။ အဲဒီလိုဆိုရင်တောင် ကျွန်တော်တစ်ဦးတည်းပဲ ဖြစ်နေမှာပါ။ စိတ်ကူးယဉ်လူ့အဖွဲ့အစည်းတစ်ခုကို ပြောင်းလဲပစ်ဖို့ဆိုတာ သန်းပေါင်းများစွာသော တခြားလူစိမ်းတွေလည်း ပါဝင်လာမှ ဖြစ်တာပါ။ ဒီတော့ အဲဒီသန်းပေါင်းများစွာသောလူတွေ ကျွန်တော်နဲ့ပူးပေါင်းလာဖို့အတွက် သူတို့ ကျွန်တော့်ကို ယုံကြည်လာအောင် လုပ်ရဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ကူးယဉ်လူ့အဖွဲ့အစည်းဆိုတာ ကျွန်တော့်ရဲ့အတွေးစိတ်ကူးထဲမှာပဲ ရှိတဲ့ “ကိုယ်ပိုင်အမြင်”တစ်ခု မဟုတ်လို့ပါ။ တကယ်တော့ သူဟာ “အများဆိုင်အမြင်” တစ်ခုဖြစ်ပြီး သန်းထောင်ချီတဲ့လူတွေရဲ့ စုပေါင်းအတွေးစိတ်ကူးတွေထဲမှာ တည်ရှိပါတယ်။

ဒါကို နားလည်ဖို့အတွက် “အရှိအမြင်” “ကိုယ်ပိုင်အမြင်” နှင့် “အများဆိုင်အမြင်” ဆိုတာတွေကို နားလည်ဖို့လိုအပ်ပါတယ်။

တကယ့်အရှိဖြစ်စဉ်(အရှိအမြင်) တစ်ခုဟာ လူသားတွေရဲ့ အသိစိတ်ကဖြစ်စေ၊ သက်ဝင်ယုံကြည်မှုကဖြစ်စေ လွတ်ကင်းပြီး သီးသန့်တည်ရှိပါတယ်။ ဥပမာ ရေဒီယိုသတ္တိကြွမှုဆိုတာ စိတ်ကူးယဉ်အကြောင်းအရာတစ်ခု မဟုတ်ဘူး။ ရေဒီယိုသတ္တိကြွလှိုင်းတွေဆိုတာ လူသားတွေ ရှာဖွေမတွေ့ရှိခင်ကတည်းက ဖြစ်ပျက်တည်ရှိနေပြီးသားပါ။ ပြီးတော့ အဲဒီလှိုင်းတွေဟာ အန္တရာယ်ရှိတယ်ဆိုတာ လူတွေမယုံသည်ဖြစ်စေ သူ့ဟာသူအန္တရာယ်ရှိနေတာပဲ။ ရေဒီယိုသတ္တိကြွမှုကို ရှာဖွေတွေ့ရှိသူတွေထဲက တစ်ယောက်ဖြစ်တဲ့ မရီကျူရီဟာ ရေဒီယိုသတ္တိကြွပစ္စည်းတွေကို နှစ်ပေါင်းများစွာလေ့လာခဲ့တယ်။ အဲဒါအရာတွေက သူရဲ့ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတယ်ဆိုတာတော့ မသိခဲ့ဘူး။ ရေဒီယိုသတ္တိကြွမှုဆိုတာ အသက်ကိုသေစေနိုင်တဲ့အထိ အန္တရာယ်ရှိတယ်လို့ သူလက်မခံခဲ့ပေမယ့်လည်း ရေဒီယိုသတ္တိကြွပစ္စည်းတွေကို ထိတွေ့မှုများလွန်းလို့ဖြစ်တဲ့ သွေးအားနည်းရောဂါ (aplastic anaemia) ကြောင့် သေဆုံးခဲ့ပါတယ်။

ကိုယ်ပိုင်အမြင်ဆိုတာကတော့ လူတစ်ယောက်ရဲ့ အသိစိတ်နဲ့ ယုံကြည်သက်ဝင်မှုဆိုတဲ့အပေါ် မူတည်ပြီး ဖြစ်တည်တဲ့အရာပါ။ အဲဒီလူ ယုံကြည်တဲ့အရာ ပြောင်းလဲသွားတယ်ဆိုတာနဲ့ ကိုယ်ပိုင်အမြင်ဆိုတာလည်း ပျောက်သွား သို့မဟုတ် ပြောင်းလဲသွား ပါတယ်။ ကလေးငယ်တော်တော်များများဟာ သူတို့ရဲ့ “စိတ်ကူးယဉ်သူငယ်ချင်း” ဆိုတာကို ယုံကြပါတယ်။ အဲဒီသူငယ်ချင်းဟာ တခြားဘယ်သူကမှ မမြင်ရသလို သူ့အသံကိုလည်း မကြားရပါဘူး။ အဲဒီ စိတ်ကူးယဉ်သူငယ်ချင်းဆိုတာ အဲဒီကလေးငယ်ရဲ့ တကိုယ်ရေအသိစိတ်ထဲမှာသာ ရှိတာပါ။ ဒါပေမယ့် ဒီကလေးငယ် ကြီးပြင်းလာပြီး ဒါတွေကို မယုံတော့ဘူးဆိုတာနဲ့ အဲဒီစိတ်ကူးယဉ်သူငယ်ချင်း ဆိုတာလည်း ပျောက်သွားတာပါပဲ။

အများဆိုင်အမြင် ဆိုတာက လူပေါင်းမြောက်မြားစွာရဲ့ တစ်ဦးချင်းကိုယ်ပိုင်အသိစိတ်ထဲမှာ ဆက်သွယ်ရေးကွန်ရက်တစ်ခုလို ချိတ်ဆက်တည်ရှိနေတဲ့အရာတစ်ခု ဖြစ်ပါတယ်။ တကယ်လို့များ လူတစ်ဦးတစ်ယောက်ရဲ့ ယုံကြည်ချက်ဟာ ပြောင်းလဲသွားတယ်၊ သေဆုံးသွားတယ်ဆိုရင်တောင် ဘာမှအရေးကြီးတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီကွန်ရက်ထဲက အဖွဲ့ဝင်အများစု သေဆုံးသွားကြတယ် သို့မဟုတ် သူတို့ရဲ့ယုံကြည်မှု ပြောင်းလဲသွားတယ်ဆိုရင် ဒီအများဆိုင်အမြင်ဆိုတာ ပြောင်းလဲသွား သို့မဟုတ် ပျောက်ကွယ်သွားမှာပါ။ ဒီ အများဆိုင်အမြင် တွေဆိုတာ လူအများကို ဒုက္ခရောက်စေတဲ့ လုပ်ကြံဇတ်လမ်းတွေသက်သက် မဟုတ်သလို၊ ဘာမှအရေးမကြီးတဲ့ ဟန်ဆောင်ဖုံးကွယ်မှုတွေလည်း မဟုတ်ပါဘူး။ သူတို့ဟာ ရေဒီယိုသတ္တိကြွပစ္စည်းတွေလို တကယ့်ရုပ်ဝတ္ထုနဲ့တည်ရှိနေတာ မဟုတ်ပေမယ့် လောကကြီးအပေါ် သူတို့ရဲ့အကျိုးသက်ရောက်မှု အင်အားဟာ အတိုင်းအဆမရှိ ကြီးမားပါတယ်။ လူ့သမိုင်းကို အဓိကမောင်းနှင်သူတော်တော်များများဟာ အများဆိုင်အမြင်တွေဖြစ်ကြတဲ့.. ဥပဒေ၊ ငွေကြေး၊ နတ်ဘုရား၊ တိုင်းနိုင်ငံ စတဲ့အရာတွေပါ။

ဥပမာအားဖြင့် ပူဂျူးကုမ္ပဏီဟာ(Peugeot) ပူဂျူးစီအီးအိုရဲ့ စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက် မဟုတ်ပါဘူး။ အဲဒီကုမ္ပဏီဟာ သန်းနဲ့ချီတဲ့လူတွေရဲ့ စုပေါင်းစိတ်ကူးထဲမှာ တည်ရှိနေတာပါ။ ပူဂျူးကုမ္ပဏီရဲ့ ဖြစ်တည်မှုကို ပူဂျူးစီအီးအိုက ယုံကြည်တယ်ဆိုတာ ကုမ္ပဏီရဲ့ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေကလည်း ယုံကြည်ကြလို့ပါ။ ပြီးတော့လည်း ပူဂျူးရဲ့ဖြစ်တည်မှုကို ကုမ္ပဏီရဲ့ ရှေ့နေတွေ၊ သူတို့ရုံးက အတွင်းရေးမှုးတွေ၊ ဘဏ်က စာရေးတွေ၊ စတော့အိတ်ချိန်းက ပွဲစားတွေ နှင့် သြစတေးလျ၊ ပြင်သစ်တလွှားက ကားပွဲစားတွေအားလုံးက အစ ယုံကြည်ကြလို့ပါ။ တကယ်လို့များ ပူဂျူးကုမ္ပဏီတည်ရှိတယ် ဆိုတာကို ပူဂျူးစီအီးအိုက ရုတ်တရက်မယုံကြည်တော့ဘူးဆိုရင် သူသာ အနီးစပ်ဆုံး စိတ်ကျန်းမာရေးဆေးရုံကို မြန်မြန်ရောက်သွားမှာဖြစ်ပြီး တခြားတစ်ယောက် သူ့ရုံးခန်းနေရာကို အစားထိုးဝင်လိုက်မှာပါ။

ထိုနည်းတူပဲ ဒေါ်လာငွေ၊ လူ့အခွင့်အရေး၊ အမေရိကန်ပြည်ထောင်စု စတဲ့အရာတွေဟာ သန်းထောင်ချီတဲ့လူတွေရဲ့ စုပေါင်းစိတ်ကူးထဲမှာ ရှိတာကြောင့် လူတစ်ဦးတစ်ယောက်က သူတို့ရဲ့ဖြစ်တည်မှုကို မခြိမ်းခြောက်နိုင်ပါဘူး။ တကယ်လို့ ကျွန်တော်က ဒေါ်လာငွေ၊ လူ့အခွင့်အရေး၊ အမေရိကန်ပြည်ထောင်စု စတဲ့အရာတွေကို မယုံကြည်တော့ဘူးဆိုရင်လည်း ဘာမှ အထူးတလည်ဖြစ်သွားမှာ မဟုတ်ပါဘူး။ ဒီစိတ်ကူးယဉ်လူ့အဖွဲ့အစည်းတွေဟာ အများဆိုင်အမြင်တွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကိုပြောင်းလဲပစ်ဖို့ဆိုရင် သန်းထောင်နဲ့ချီတဲ့လူတွေရဲ့အသိစိတ်ကို တပြိုင်နက်ပြောင်းလဲပစ်မှ ရမှာပါ။ အဲဒါဟာ တကယ်မလွယ်ပါဘူး။ ခုလိုအရေအတွက်ပမာဏမျိုးကို ပြောင်းလဲပစ်ဖို့ဆိုတာ ရှုပ်ထွေးကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုခုရဲ့ အကူအညီလိုအပ်ပါတယ်။ နိုင်ငံရေးပါတီတစ်ခု၊ အတွေးအခေါ်တစ်ရပ်ကို အခြေခံတဲ့ လှုပ်ရှားမှုတစ်ရပ် သို့မဟုတ် ဘာသာရေးကိုးကွယ်ယုံကြည်မှုတစ်ခု စတဲ့ တစ်ခုခုပေါ့။ ဒါပေမယ့်လည်း အဲဒီလိုကြီးမားရှုပ်ထွေးတဲ့အဖွဲ့အစည်းတစ်ခုကို တည်ထောင်ဖို့အတွက်ကလည်း တစိမ်းများစွာကို အတူပူးပေါင်းလုပ်ဆောင်လာအောင် အယုံသွင်းနိုင်ဖို့ လိုလာပြန်တယ်။ ပြီးတော့လည်း ဒီတစိမ်းတွေ အတူယုံကြည်ကြတဲ့ စိတ်ကူးယဉ်အကြောင်းတရားတစ်ခုခု ရှိခြင်းသည်သာလျှင် သူတို့ကိုစုပေါင်းလုပ်ဆောင်စေမယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်။ ဆိုတော့.. တည်ရှိနှင့်ပြီးသားဖြစ်တဲ့ စိတ်ကူးယဉ်လူ့အဖွဲ့အစည်းတစ်ခုကို ကျွန်တော်တို့ပြောင်းလဲမယ်ဆိုရင် ကွဲပြားခြားနားတဲ့ တခြားစိတ်ကူးယဉ်လူ့အဖွဲ့အစည်းတစ်ခုကို ကျွန်တော်တို့ အရင်ယုံကြည်မှ ဖြစ်မယ်။

ဥပမာဆိုရင် ပူဂျူးကုမ္ပဏီကို ဖြိုဖျက်ဖို့အတွက် အဲဒါထက်ပိုစွမ်းအားကြီးတဲ့ အရာတစ်ခုကို ကျွန်တော်တို့စိတ်ကူးရမယ်.. ပြင်သစ်တရားဥပဒေစနစ် လိုဟာမျိုးပေါ့။ ပြင်သစ်တရားဥပဒေစနစ်လိုဟာကို ဖြိုဖျက်ဖို့အတွက်လည်း အဲဒါထက်ပိုစွမ်းအားကြီးတဲ့ အရာတစ်ခုကို ကျွန်တော်တို့စိတ်ကူးရမယ်.. ပြင်သစ်နိုင်ငံလိုဟာမျိုးပေါ့။ ပြီးတော့ အဲဒါကိုလည်းပဲ ကျွန်တော်တို့ဖြိုဖျက်ချင်သေးတယ်ဆိုရင် သူ့ထက်ပိုစွမ်းအားကြီးတဲ့ အရာတစ်ခုကို ကျွန်တော်တို့စိတ်ကူးမှ ဖြစ်မှာပါ။

ဒီစိတ်ကူးယဉ်လူ့အဖွဲ့အစည်းကနေ လွတ်လမ်းမရှိပါဘူး။ ဒီအကျဉ်းထောင်နံရံတွေကို ဖြိုလဲပစ်ပြီး လွတ်လပ်ရာကို ကျွန်တော်တို့ ထွက်ပြေးတယ်ဆိုတာ.. တကယ်တော့ သူ့ထက်ပိုမြင့်မားတဲ့နံရံတွေရှိတဲ့၊ ပိုမိုကြီးမားတဲ့ နောက်အကျဉ်းထောင်တစ်ခုဆီကို ကျွန်တော်တို့ပြေးသွားနေတာပါ။

၄၅


၇ - လျှံကျလာသော မှတ်သားစရာများ
ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်က လူသားတွေကို ဘောလုံးစွမ်းရည်တွေ မပေးအပ်ခဲ့ဘူး။ ဟုတ်ပါတယ်.. ဆင့်ကဲပြောင်းလဲခြင်းက လူတွေကို ဘောလုံးကစ်ဖို့ ခြေထောက်တွေ၊ ဖောင်းဖို့ တံတောင်တွေ၊ ဆဲဖို့ ပါးစပ်တွေပဲ ပေးခဲ့တယ်။ သို့ပေမယ့်လည်း ဒီအရာတွေအားလုံးကြောင့် ကျွန်တော်တို့လုပ်နိုင်လာတာကတော့ ကိုယ့်ဘာသာကိုယ် ပင်နယ်တီကန် ကျင့်လို့ရလာတယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဆိုပါစို့.. ကျောင်းဘောလုံးကွင်းတစ်ခုမှာ မသိကျွမ်းမရင်းနှီးတဲ့ တစိမ်းတွေနဲ့အတူ ကျွန်တော်တို့ ဘောလုံးကန်ကြမယ်။ အဲဒီအခါကျရင်.. ကိုယ်နဲ့လုံးဝမဆုံဖူးတဲ့ အသင်းဖော် ၁၀ ယောက်နဲ့ ကျွန်တော်တို့ အသင်းလိုက်စည်းစည်းလုံးလုံး ကစားရမယ့်အပြင် ပြိုင်ဘက်အသင်းက ကစားသမား ၁၁ ယောက်ဟာလည်း ကျွန်တော်တို့နဲ့ တူညီတဲ့ ဘောလုံးစည်းကမ်းတွေအတိုင်း ကစားကြတယ်ဆိုတာလည်း သိထားကြတယ်။ အခြားသောသက်ရှိ တိရိစ္ဆာန်တွေကတော့ သူတို့ရဲ့ နဂိုဗီဇ အရိုင်းစိတ်ကြောင့် တစိမ်းတရံ တိရိစ္ဆာန်တွေနဲ့ တွေ့ဆုံကြုံကြိုက်လာပြီဆို ပူးပေါင်းလုပ်ဆောင်တာ မရှိဘဲ အချင်းချင်း ရန်လိုကြမ်းတမ်းကြပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ ခွေးပေါက်စလေးတွေ ဆော့ပြီဆို တစ်ကောင်နဲ့တစ်ကောင် ကုတ်ဖဲ့နပမ်းလုံးဆော့ကြတာ သူတို့ရဲ့ မွေးရာပါဗီဇထဲမှာ အဲဒီလိုပါလာပြီးသား ဖြစ်လို့ပါ။ ဒါပေမယ့် ဆယ်ကျော်သက်အရွယ်လူသားတွေမှာတော့ ဘောလုံးကစားဖို့ မွေးရာပါဗီဇ ပါမလာပါဘူး။ သို့ပေမယ့်လည်း တစိမ်းလူတွေနဲ့အတူ ဘောလုံးကန်လို့ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘောလုံးနဲ့ပတ်သက်ပြီး လိုက်နာရမယ့်စည်းမျဉ်းတွေကို သူတို့အားလုံးသိထားပြီးသား မို့ပါ။ ဒီစည်းမျဉ်းကလနားတွေဆိုတာ စိတ်ကူးထားတဲ့အရာတွေ သက်သက်ပါ။ ဒါပေမယ့် ဒီစည်းမျဉ်းတွေကို လူတိုင်း သဘောတူလက်ခံရင် ကျွန်တော်တို့အားလုံးအတူ ဘော်လုံးကစားလို့ ဖြစ်ပါတယ်။

တိုင်းနိုင်ငံတွေ၊ အသင်းတော်တွေ၊ ကုန်သွယ်မှုကွန်ယက်တွေ စတဲ့ ကြီးမားတဲ့ကျယ်ပြန့်တဲ့ အရာတွေဟာလည်း ဒီဥပဒေသကို လိုက်နာကြတာပါပဲ။ ဒါပေမယ့် အရေးပါတဲ့ ကွဲပြားမှု တစ်ခုတော့ ရှိတယ်။ ဘောလုံးစည်းကမ်းတွေဟာ အထိုက်အလျောက် လွယ်ကူပြီး မှတ်သားစရာများများ မရှိပါဘူး။ သေးငယ်တဲ့ရွာလေးတစ်ခု သို့မဟုတ် ရှာဖွေစားသောက်သူအုပ်စုတစ်ခု စုပေါင်းလုပ်ဆောင်တဲ့အခါ သိထားရမယ့်ပမာဏ သာသာပါပဲ။ ကစားသမားတစ်ဦးချင်းစီက ဘောလုံးစည်းကမ်းတွေအကုန်လုံးကို ခေါင်းထဲမှာ မှတ်ထားရပေမယ့်လည်း သူ့တို့ခေါင်းထဲမှာ သီချင်းတွေ၊ ပုံရိပ်တွေ၊ ဈေးဝယ်စရာစာရင်းတွေအတွက် မှတ်သားစရာနေရာလွတ်တွေ ကျန်ပါသေးတယ်။ ဒါပေမယ့် ၂၂ ယောက်မဟုတ်ဘဲ.. ထောင်နဲ့ချီ၊ သန်းနဲ့ချီတဲ့လူသားတွေပါဝင်တဲ့ ကြီးမားတဲ့ စုပေါင်းလုပ်ဆောင်မှုစနစ်တွေကျတော့ များပြားလှတဲ့ သတင်းအချက်အလက်တွေကို သိုလှောင်ထား၊ သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။ အဲဒီလောက် အချက်အလက်ပမာဏတွေကို လူသားတစ်ယောက်ရဲ့ ခေါင်းထဲမှာ ထိန်းသိမ်း လည်ပတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

တခြားသက်ရှိမျိုးစိတ်တွေရဲ့ ကြီးမားတဲ့အဖွဲ့အစည်းတွေ.. ဥပမာ ပုရွက်ဆိတ်တွေ၊ ပျားတွေဟာ တည်ငြိမ်ခိုင်မြဲကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လိုအပ်တဲ့ သတင်းအချက်အလက်တွေ အားလုံးဟာ သူတို့ရဲ့ စုပေါင်းမျိုးရိုးဗီဇထဲမှာ ထည့်သွင်းပါရှိပြီးသား ဖြစ်လို့ပါ။ ဥပမာအားဖြင့် ပျားမ ပေါက်စတစ်ကောင်ဟာ သူစားရတဲ့အစားအစာအပေါ်မူတည်ပြီး လုပ်သားပျား သို့မဟုတ် ပျားဘုရင်မ တစ်ကောင်ဖြစ်လာမှာပါ။ သူတို့ဘဝမှာ လုပ်ဆောင်ရမယ့် တာဝန်တွေကို ပြုမူလုပ်ဆောင်နိုင်အောင် သူတို့ရဲ့ ဗီဇဒီအဲင်အေတွေက စီစဉ်ထားပြီးသားပါ။ ပျားအုံတွေဆိုတာ ရှုပ်ထွေးသိမ်မွေ့တဲ့ ဆက်ဆံရေးဖွဲ့စည်းပုံတွေ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ရိတ်သိမ်းသူ၊ ပြုစုသူ၊ သန့်ရှင်းသူ စသည်ဖြင့် လုပ်သားပျားအမျိုးမျိုး ရှိကြတယ်။ ဒါပေမယ့် ခုထက်ထိတော့ သုတေသနပညာရှင်တွေက ပျားရှေ့နေ ဆိုတာကို ရှာမတွေ့ကြသေးပါဘူး။ ဘာလို့လဲဆိုတော့ ပျားအုံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို မေ့သွားမယ့်၊ ဖောက်ဖျက်မယ့် အန္တရာယ်ဆိုတာမျိုး မရှိတဲ့အတွက် ပျားတွေမှာ ပျားရှေ့နေ ဆိုတာမလိုအပ်ပါဘူး။ ပျားဘုရင်မကလည်း သန့်ရှင်းရေးသမားပျားတွေဆီက အစားအစာ လိမ်ညာယူတာမျိုးမရှိဘူး။ ပြီးတော့ လုပ်သားပျားတွေကလည်း လစာတိုးမြှင့်ပေးရမယ်လို့ ဆန္ဒပြတာမျိုးလည်း မရှိဘူး။

ဒါပေမယ့် လူသားတွေကတော့ လိမ်ညာယူတာ၊ ဆန္ဒပြတာတွေ အချိန်တိုင်းလုပ်နေတာပဲ။ ဆေပီယန်စ်တွေရဲ့ လူမှုစနစ်ဆိုတာ စိတ်ကူးယဉ်ထားတဲ့အရာ ဖြစ်တယ်။ ဒါကြောင့် လူသားတွေဟာ အရေးကြီးတဲ့သတင်းအချက်အလက်တွေ ဆက်လက်လည်ပတ်နေတာကို ထိန်းသိမ်းဖို့အတွက် သူတို့ရဲ့ ဒီအဲင်အေတွေကို ကော်ပီကူးပြီး သူတို့သားသမီးတွေရဲ့ ဒီအဲင်အေဆီ လက်ဆင့်ကမ်းပေးလို့ မရဘူး။ တရားဥပဒေတွေ၊ ဓလေ့ထုံးတမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနှင့် ပြုမူနေထိုင်ပုံတွေ စတဲ့အရာတွေအားလုံး ဆက်လက်တည်တံ့အောင် အမြဲဂရုတစိုက် အားထုတ်လုပ်ကိုင်ရတယ်။ ဒါမှမဟုတ်ရင် ဒီလူ့အဖွဲ့အစည်းတွေဟာ အလျင်အမြန် ပြိုလဲပျက်စီးသွားကြတယ်။ ဥပမာအားဖြင့် ဟမ်မူရာဘီဘုရင်က လူတွေကို အထက်တန်းစားလူ၊ သာမန်လူ၊ ကျွန်တွေအဖြစ် ခွဲခြားပြီး အမိန့်ထုတ်ခဲ့တယ်။ ပျားတွေရဲ့ အဆင့်အတန်းခွဲခြားမှုစနစ်နဲ့မတူတာက ဟမ်မူရာဘီရဲ့စနစ်ဟာ သဘာဝတရားကြီးက အဆင့်အတန်းခွဲခြားပေးတာ မဟုတ်ဘူး။ လူသားတွေရဲ့ စုပေါင်းမျိုးရိုးဗီဇမှာ ခုလိုမျိုး အဆင့်အတန်းခွဲခြားမှုနဲ့ ပတ်သက်ပြီး ဘာမှမရှိဘူး။ သို့ပေမယ့် ဒီအဆင့်အတန်းခွဲခြားမှု ‘အမှန်တရား’ကို ဘေဘီလုံသားတွေရဲ့စိတ်မှာ ထိန်းသိမ်းမထားနိုင်တော့ဘူး ဆိုတာနဲ့ သူတို့ရဲ့လူမှုအဖွဲ့အစည်းတစ်ခုလုံး လည်ပတ်တာ ရပ်တန့်သွားပါလိမ့်မယ်။ ထိုနည်းတူပဲ ဟမ်မူရာဘီက သူ့ရဲ့ဒီအဲင်အေကို သူ့သားဆီ လက်ဆင့်ကမ်းပေးတဲ့ အခါမှာ အထက်တန်းစားလူ တစ်ယောက်က သာမန်လူမိန်းမတစ်ယောက်ကိုသတ်ရင် ငွေသား ၃၀ ရှဲကယ်ပေးလျော်ရမယ်ဆိုတဲ့ သူ့ရဲ့အုပ်ချုပ်ပုံစနစ်ကို ထည့်သွင်းလို့မရပါဘူး။ ဟမ်မူရာဘီဟာ သူ့သားတွေကို သူ့အင်ပါယာရဲ့ တရားဥပဒေတွေအကြောင်းကို တကူးတကသင်ကြားပေးရပါတယ်။ သူ့သားတွေ၊ မြေးတွေကလည်း အဲဒီအတိုင်းပဲ ဆက်လုပ်သွားကြရတာပါ။

အင်ပါယာတွေဆိုတာ အင်မတန်ကြီးမားများပြားတဲ့ သတင်းအချက်လက်တွေနဲ့ လည်ပတ်ရတာပါ။ တရားဥပဒေအမျိုးမျိုးအပြင် အခွန်ကောက်ခံခြင်း၊ စစ်လက်နက်ပစ္စည်းတွေသိုလှောင်ခြင်း၊ ကုန်သည်လှေတွေ၊ ပွဲတော်နေ့တွေနှင့် စစ်အောင်ပွဲတွေအတွက် ပြက္ခဒိန် စတဲ့အရာတွေအားလုံးကို အင်ပါယာတွေအနေနဲ့ မှတ်တမ်းမှတ်ရာ ထားရှိရပါတယ်။ သတင်းအချက်အလက်တွေကို လူသားတွေက ဦးခေါင်းထဲမှာပဲ သိုလှောင်ကြတာ နှစ်သန်းနဲ့ချီနေပါပြီ။ ကံမကောင်းစွာပဲ လူ့ဦးနှောက်ဟာ အင်ပါယာအရွယ်အစားရှိတဲ့ သတင်းအချက်အလက်တွေကို သိုလှောင်ထားဖို့ကောင်းတဲ့ ကိရိယာတစ်ခုတော့ မဟုတ်ဘူး။ အဲဒီအတွက် အကြောင်းပြချက် ၃ခု ရှိပါတယ်။

ပထမအဆိုအရ.. လူ့ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ဟာ အကန့်အသတ်ရှိပါတယ်။ မှန်ပါတယ်.. လူတချို့ကတော့ အံ့သြစရာကောင်းလောက်အောင် မှတ်ဉာဏ်ကောင်းကြပါတယ်။ ပြီးတော့လည်း ရှေးခေတ်ကဆိုရင် ပြည်နယ်တစ်ခုလုံးရဲ့ မြေမျက်နှာသွင်ပြင် နှင့် တစ်နိုင်ငံလုံးရဲ့ ဥပဒေပုဒ်မတွေကို ခေါင်းထဲမှာ သိမ်းဆည်းမှတ်သားနိုင်တဲ့ မှတ်ဉာဏ်ပညာရှင်တွေ ရှိခဲ့တယ်။ ဒါပေမယ့်လည်း တကယ့်မှတ်ဉာဏ် ပညာရှင်ကြီးတွေတောင် မှတ်လို့မနိုင်တဲ့ အတိုင်းအတာဆိုတာ ရှိပါတယ်။ မက်ဆာချူးဆက်ရဲ့ ပြည်နယ်ဥပဒေပုဒ်မတွေအားလုံးကို အလွတ်အာဂုံဆောင်နိုင်တဲ့ ရှေ့နေဆိုတာ ရှိနိုင်ပါတယ်။ ဒါပေမယ့် အဲဒီရှေ့နေဟာ ၁၆၉၀ ဝန်းကျင်က ဆလဲမ် စုန်းသုတ်သင်ပွဲ(Salem witch trials) အမှုတွဲကစပြီး မက်ဆာချူးဆက်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အမှုတွဲအားလုံးရဲ့ အသေးစိတ်ကိုတော့ မှတ်မိနိုင်မှာ မဟုတ်ပါဘူး။

ဒုတိယအဆိုအရတော့ လူဆိုတာ သေမျိုးဖြစ်တယ်။ သေတဲ့အခါ သူတို့ဦးနှောက်တွေလည်း သူတို့နဲ့အတူပါသွားတာပဲ။ ဦးနှောက်နဲ့သိမ်းထားတဲ့ အချက်အလက်တိုင်းဟာ ရာစုနှစ်တစ်ခု မကုန်ခင်မှာဘဲ ကွယ်ပျောက်သွားကြတာပဲ။ ဦးနှောက်တစ်ခုကနေ တခြားတစ်ခုကို မှတ်ဉာဏ်တွေ လက်ဆင့်ကမ်းပေးလို့ ရတယ်ဆိုတာ မှန်ပါတယ်။ သို့ပေမယ့်လည်း လက်ဆင့်ကမ်းပေးမှု အကြိမ်အရေတွက် များလာတာနဲ့အမျှ အဲဒီအချက်အလက်တွေဟာ ဝေဝါးလာ သို့မဟုတ် ပျောက်ကွယ်သွားတတ် ပါတယ်။

တတိယအဆို လည်းဖြစ် အရေးကြီးဆုံးလည်းဖြစ်တဲ့အချက်ကတော့ လူသားတွေရဲ့ဦးနှောက်ဟာ တချို့သောသတင်းအချက်အလက်တွေကိုပဲ သိမ်းဆည်းလည်ပတ်ဖို့ အဆင်ပြေတာပါ။ ရှေးခေတ် ရှာဖွေစားသောက်သူတွေဟာ အသက်ရှင်ကျန်ရစ်ဖို့အတွက် ထောင်နဲ့ချီတဲ့ အပင်သတ္တဝါမျိုးစိတ်တွေရဲ့ ပြုမူရှင်သန်ပုံ၊ သူတို့ရဲ့အရည်အသွေး၊ ပုံပန်းသဏ္ဍာန် စတာတွေကို မှတ်မိရတယ်။ ဥပမာ.. အဲမ်ပင်အောက်က ဆောင်ဦးမှာပေါက်တတ်တဲ့ အတွန့်တွေနဲ့အဝါရောင်မှိုဟာ အဆိပ်ရှိနိုင်တယ်ဆိုတာ သူတို့မှတ်မိရတယ်။ ဒါပေမယ့် ဝက်သစ်ချပင်အောက်မှာပေါက်တဲ့ အဲဒီမှိုနဲ့ဆင်တဲ့ အဖြူရောင်မှိုကတော့ အစာအိမ်နာတာအတွက် ဆေးကောင်းဖြစ်တယ်။ အမဲလိုက်ရှာဖွေစားသောက်သူတွေဟာ သူတို့အုပ်စုတွင်းက အဖွဲ့ဝင်များစွာရဲ့ အထင်အမြင်တွေ၊ အချင်းချင်း ရင်းနှီးဆက်ဆံမှုတွေကိုလည်း မှတ်ထားရတယ်။ လူစီ ဆိုတဲ့ မိန်းမတစ်ယောက်ဟာ ဂျွန်ဆိုတဲ့လူက သူ့ကိုနှောင့်ယှက်နေတာကို တားဆီးဖို့အတွက် သူတို့အုပ်စုထဲက တစ်ယေက်ယောက်ရဲ့ အကူအညီလိုတယ် ဆိုပါစို့။ ဒါဆိုရင် လူစီအနေနဲ့ ပြီးခဲ့တဲ့အပတ်က ဂျွန်နဲ့မေရီ အခန့်မသင့်ဖြစ်ခဲ့ကြတာကို ပြန်မှတ်မိဖို့ အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ အဲဒီအခါကျရင် မေရီဟာ သူ့ကိုကူညီမယ့် ဘက်တော်သားတစ်ယောက်ဖြစ်ဖို့ အလားအလာများလို့ပါ။ ရလဒ်အနေနဲ့တော့ ဆင့်ကဲပြောင်လဲခြင်းဖြစ်စဉ်က လူသားတွေရဲ့ဦးနှောက်ကို အပင်တွေ၊ တိရိစ္ဆာန်တွေ၊ မြေမျက်နှာသွင်ပြင်တွေ၊ လူမှုရေးသတင်းအချက်လက်တွေနဲ့သာ ရင်းနှီးကျွမ်းဝင်နေအောင် တွန်းပို့ခဲ့တာပါပဲ။

ဒါပေမယ့် စိုက်ပျိုးရေးပြောင်းလဲမှုကြီးဖြစ်ပြီး အစောပိုင်းကာလမှာ ရှုပ်ထွေးသိမ်မွေ့တဲ့ လူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်လာခဲ့တယ်။ အဲဒီအခါမှာ ‘ကိန်းကဏန်း’ ဆိုတဲ့ သတင်းအချက်အလက် ပုံစံသစ်တစ်ခုဟာ အသက်တမျှ အရေးပါလာခဲ့ပါတယ်။ ရှာဖွေးစားသောက်သူတွေဟာ များပြားလှတဲ့ ကိန်းကဏန်းအချက်အလက်တွေကို ဘယ်တုန်းကမှ ကိုင်တွယ်စဉ်းစားစရာ မလိုခဲ့ဘူး။ ဘယ်ရှာဖွေစားသောက်သူမှ တောအုပ်ထဲက အပင်တိုင်းမှာရှိတဲ့ သစ်သီးအရေအတွက်ကို မှတ်မိဖို့မလိုပါဘူး။ ဒါကြောင့် လူ့ဦးနှောက်ဟာ ကိန်းကဏန်းတွေကို သိုလှောင်တွက်ချက်ဖို့ လိုက်လျောညီထွေ ဆင့်ကဲပြောင်းလဲလာတာ မရှိခဲ့ဘူး။ သို့ပေမယ့် ကြီးမားတဲ့နိုင်ငံတစ်ခုကို အုပ်ချုပ်ဖို့အတွက်တော့ ကိန်းကဏန်းအချက်အလက်တွေဆိုတာ အသက်တမျှအရေးကြီးပါတယ်။ နိုင်ငံအတွက် တရားဥပဒေရေးဆွဲရုံ၊ မျိုးနွယ်စုစောင့်နတ်တွေအကြောင်းပြောရုံနဲ့ မလုံလောက်ပါဘူး။ အခွန်တွေကောက်ခံရမယ်။ သိန်းနဲ့ချီတဲ့လူတွေဆီက အခွန်ကောက်ခံတဲ့အခါ အဲဒီလူတွေရဲ့ဝင်ငွေ၊ ပိုင်ဆိုင်မှု စတဲ့ အချက်အလက်တွေလည်း မဖြစ်မနေစုဆောင်းရတော့မှာပါ။ ဘယ်တုန်းက အခွန်ဆောင်ထားတယ်။ ကြွေးကျန်တွေ၊ အကြွေးတွေ၊ ဒဏ်ရိုက်ခံရတာတွေ ဘယ်လောက်ရှိတယ်။ အခွန်လျှော့ပေါ့တာ၊ အခွန်ကင်းလွတ်ခွင့်ပေးတာ စတဲ့အရာတွေကိုလည်း သိထားရမှာပါ။ ဒါတွေအားလုံး စုပေါင်းလိုက်ရင် ထိန်းသိမ်းဆောင်ရွက်စရာ အချက်အလက်တွေ သန်းနဲ့ချီ ရှိလာပါပြီ။ ဒီကိန်းကဏန်း အချက်အလက်တွေကို ကိုင်တွယ်နိုင်စွမ်းမရှိဘူးဆိုရင် နိုင်ငံတစ်နိုင်ငံဟာ သူ့မှာ ဘာအရင်းအမြစ်တွေ ရှိတယ်၊ နောက်ထပ် ဘယ်လိုအရင်းမြစ်တွေ ထုတ်ယူနိုင်တယ်ဆိုတာ မသိနိုင်ပါဘူး။ ခုလိုမျိုး ကိန်းဂဏန်းတွေအားလုံးကို မှတ်မိရမယ်၊ ပြန်လှန်စဉ်းစားပြီး တွက်ချက်ရတဲ့အခါကျရင် လူ့ဦးနှောက်အများစုဟာ အလုပ်ဝန်ပိပြီး အိပ်မောကျသွားတာပါပဲ။

ခုလိုမျိုး မှတ်ဉာဏ်အကန့်အသတ်ကြောင့် ရှုပ်ထွေးတဲ့အချက်အလက်တွေ၊ များပြားလှတဲ့ အချက်အလက်ပမာဏတွေကို လ့ူဦးနှောက်က လက်ခံကိုင်တွယ်နိုင်စွမ်း အလွန်နည်းသွားပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုရဲ့ လူဦးရေ နှင့် ပစ္စည်းဥစ္စာတွေဟာ လူ့ဦးနှောက်က လက်ခံနိုင်တဲ့ပမာဏကို ကျော်သွားပြီဆိုတာနဲ့ အဲဒါတွေကို ကိန်းကဏန်းအချက်အလက်တွေနဲ့ သိုလှောင်မှတ်သားထားဖို့ လိုအပ်လာပါပြီ။ အဲဒီလို မမှတ်သားနိုင်ဘူးဆိုရင် လူ့ဦးနှောက်က မနိုင်တဲ့အတွက်ကြောင့် စနစ်တစ်ခုလုံး ပြိုလဲသွားတတ်ပါတယ်။ စိုက်ပျိုးရေးပြောင်းလဲမှုကြီးနောက်ပိုင်း နှစ်ထောင်ပေါင်းများစွာ ကြာတဲ့အထိပဲ လူသားတွေရဲ့ လူမှုဆက်ဆံရေးဟာ တော်တော်လေးရိုးရှင်းပြီး ကျဉ်းမြောင်းခဲ့တယ်။ ဒီပြဿနာကို ပထမဆုံးကျော်လွှားနိုင်ခဲ့သူတွေကတော့ မက်ဆိုပိုတေးမီးယားတောင်ပိုင်းမှာ နေထိုင်ခဲ့ကြတဲ့ ဆမေးရီးယန်းလူမျိုးတွေပါ။ သူတို့ရဲ့မြို့တွေဟာ ပူပြင်းတဲ့နေရောင်အောက်က မြေသြဇာကောင်းတဲ့ လယ်ကွင်းတွေကြောင့် သီးနှံဖြစ်ထွန်းပြီး အစာရေစာ ပေါကြွယ်ဝပါတယ်။ သူတို့ဆီမှာ နေထိုင်သူတွေ များလာတာနဲ့အမျှ သူတို့ရဲ့ကိစ္စအဝဝကို လုပ်ကိုင်ဆောင်ရွက်ရမယ့် သတင်းအချက်အလက်ပမာဏ များသထက်များလာပါတယ်။ ဘီစီ ၃၅၀၀ နှင့် ၃၀၀၀ ကြားမှာ အမည်မသိ ဆမေးရီးယန်း ဉာဏ်ကြီးရှင်တွေက လူ့ဦးနှောက်ပြင်ပမှာ သတင်းအချက်အလက်တွေကို သိမ်းဆည်းဆောင်ရွက်လို့ရတဲ့ စနစ်တစ်ခု ထွင်ခဲ့ကြတယ်။ များပြားလှတဲ့ ကိန်းကဏန်းအချက်အလက်တွေကို တွက်ချက်နိုင်တဲ့နည်းလမ်းကို တီထွင်ခဲ့ကြတာပါ။ ဒီလိုနဲ့ ဆမေးရီးယန်းလူမျိုးတွေရဲ့ လူမှုအဖွဲ့အစည်းဟာ လူ့ဦးနှောက်ရဲ့ အကန့်အသတ်ကို ကျော်လွန်နိုင်ခဲ့ပြီး မြို့ပြကြီးတွေ၊ နိုင်ငံတွေ၊ အင်ပါယာတွေ ပေါ်ပေါက်လာစေတဲ့လမ်းမကို ဖွင့်လှစ်ခဲ့ကြတယ်။ ခုလို ဆမေးရီးယန်းလူမျိုးတွေ တီထွင်ခဲ့တဲ့ သတင်းအချက်အလက်တွေကို လည်ပတ်စေတဲ့စနစ်ကို ‘ရေးသားခြင်း’ လို့ခေါ်ပါတယ်။



ဘာသာပြန် - မာန်သီဟထွန်း
စာဖတ်သူအားလုံးကိုယ်ချမ်းသာပြီး စိတ်ချမ်းမြေ့ပါစေ။ ကျေးဇူးတင်ပါတယ်..

ပုံတွေကိုအောက်ပါလင့်တွေကနေယူပါတယ်။
https://www.bigstockphoto.com/…/stock-photo-business-people…
https://www.express.co.uk/…/Marie-Curie-facts-Nobel-Prize-w…
https://paultan.org/…/28/nasim-opens-peugeot-kuala-terengg…/

https://www.look4ward.co.uk/…/11-things-you-may-not-know-a…/
https://vimeo.com/144168836
https://biology.anu.edu.au/…/maleszka-group-molecules-behav…
http://www.omniglot.com/writing/sumerian.htm