Breaking News

မာန်သီဟထွန်း – ကိန်းဂဏန်း၊ လူချင်းခွဲခြားမှု



 မာန်သီဟထွန်း –  ကိန်းဂဏန်း၊ လူချင်းခွဲခြားမှု

Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၉
စာရေးသူခွင့်ပြုချက်နဲ့ ကူးယူဖော်ပြပါသည်

48 - ကိန်းဂဏန်းတို့၏ ဘာသာစကား

ရာစုနှစ်တွေကြာလာတာနဲ့အမျှ ဗျူရိုကရေစီရဲ့ သတင်းအချက်အလက်တွေကို လည်ပတ်လုပ်ဆောင်တဲ့ နည်းလမ်းတွေဟာ ပိုအရေးပါလာတဲ့အပြင် လူသားတွေ တွေးခေါ်နေကျ ပုံစံကနေလည်း ပိုကွဲထွက်လာခဲ့တယ်။ အေဒီ ၉ရာစုမရောက်ခင်မှာပဲ အဲဒီနည်းလမ်းနဲ့ပတ်သက်လို့ အလွန်အရေးပါတဲ့ခြေလှမ်းတစ်ခုကို လှမ်းနိုင်ခဲ့ကြတယ်။ အဲဒါကတော့ တစိတ်အပိုင်းအရေးသားသစ် တစ်ခုကို ထွင်လိုက်နိုင်တာပါ။ အဲဒီအရေးအသားသစ်က သင်္ချာအချက်အလက်တွေကို သိုလှောင်၊ လည်ပတ်တဲ့နေရာမှာ နှိုင်းယှဉ်လို့မရအောင် အတိုင်းအဆမဲ့ ကောင်းမွန်ထိရောက်ပါတယ်။ အဲဒီအရေးသားသစ်ကို ၀ ကနေ ၉ ဆိုတဲ့ သင်္ကေတဆယ်ခုနဲ့ ဖွဲ့စည်းထားတယ်။ နားရှုပ်စရာကောင်းတာက ဒီဂဏန်းတွေကို ဟိန္ဒူတွေက ထွင်ခဲ့ပေမယ့် အာရပ်ကိန်းဂဏန်း လို့ ခေါ်ကြတာပါ။ (ပိုနားရှုပ်စရာကောင်းတာက ခုခေတ်မော်ဒန် အာရပ်ကိန်းဂဏန်းတွေက အနောက်နိုင်ငံကပြောတဲ့ အာရပ်ကိန်းဂဏန်းတွေနဲ့ တော်တော် ကွဲပြားနေတာပဲ)။ ဒါပေမယ့် အာရပ်နာမည်ပဲတွင်သွားရတာက အိန္ဒိယကို အာရပ်တွေကျူးကျော်တုန်းက ကိန်းဂဏန်းစနစ်သစ်တစ်ခု တွေ့ခဲ့ကြတယ်။ အဲဒီစနစ်သစ်ရဲ့ အသုံးဝင်ပုံနားလည်ခဲ့ကြတဲ့အတွက် ဒီ့ထက်ပိုကောင်းအောင် ပြုပြင်ခဲ့ကြတယ်။ ပြီးတော့ အရှေ့အလယ်ပိုင်းဒေသကနေတဆင့် ဥရောပတစ်ခွင်ကို ပျံ့နှံ့သွားခဲ့တယ်။ ဒီအာရပ်ကိန်းဂဏန်းတွေကို နောက်ထပ် သင်္ကေတအသစ်တွေ(အပေါင်း၊ အနှုတ်၊ အမြှောက် စတာတွေ) တိုးကြတဲ့အခါ ဒီနေ့ခေတ် သင်္ချာသင်္ကေတတွေရဲ့ အခြေခံတွေ အုတ်မြစ်တည်လာပါတော့တယ်။

ဒီရေးသားမှုစနစ်ဟာ တစိတ်တပိုင်းအရေးအသားဖြစ်ပေမယ့် ကမ္ဘာမှာလွှမ်းမိုးမှုအရှိဆုံး ဘာသာစကား ဖြစ်ပါတယ်။ နိုင်ငံတွေ၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ အင်စတီကျူးရှင်းတွေ အကုန်လုံးနီးပါး အာရပ်စကား၊ ဟင်ဒီစကား၊ အင်္ဂလိပ်စကား သို့မဟုတ် နော်ဝေးစကား ပြောသည်ဖြစ်စေ သတင်းအချက်အလက်တွေကို တွက်ချက်၊ မှတ်တမ်းတင်တဲ့အခါ ဒီသင်္ချာအရေးအသားကို အသုံးပြုကြပါတယ်။ ဒီသင်္ချာအရေးအသားနဲ့ ဖလှယ် အသုံးပြုလို့ရတဲ့ သတင်းအချက်အလက်ဟူသမျှကို စိတ်ကူးနဲ့တောင်မမီနိုင်လောက်တဲ့ မြန်ဆန် ကောင်းမွန်ခြင်းမျိုးနဲ့ သိမ်းဆည်း၊ ဖြန့်ဝေ၊ တွက်ချက်ကြတာပါ။

အစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေရဲ့ ဆုံးဖြတ်ချက်ကို လွှမ်းမိုးချင်သူတစ်ယောက်ဟာ ကိန်းဂဏန်းတွေနဲ့ပြောဆိုတတ်မှ ဖြစ်မှာပါ။ ဆင်းရဲမွဲတေမှု၊ ပျော်ရွှင်မှု၊ ရိုးသားမှု စတဲ့ အိုင်ဒီယာတွေကိုတောင်မှ ကျွမ်းကျင်သူတွေက (ဆင်းရဲမွဲတေမှုမျဉ်းကြောင်း၊ တစ်ဦးချင်းပျော်ရွင်မှုအဆင့်၊ လေးစားမှုအဆင့်သတ်မှတ်ချက် စတဲ့) ကိန်းဂဏန်းတွေနဲ့ ဖလှယ်ပြန်ဆိုကြပါတယ်။ ရူပဗေဒ၊ အင်ဂျင်နီယာစတဲ့ ပညာရပ်နယ်ပယ်တွေဆိုရင် လူတွေပြောတဲ့ဘာသာစကားနဲ့ လုံးဝကင်းကွာသလောက် ဖြစ်နေပါပြီ။ သူတို့ဟာ သင်္ချာအရေးအသား တစ်ခုတည်းနဲ့သာ ဖြစ်တည်လည်ပတ်တော့တာပါ။

မကြာသေးခင်ကပဲ ဒီသင်္ချာအရေးအသားတွေက ဒီ့ထက်အများကြီးပိုအဆင့်မြင့်တဲ့ ရေးသားမှုစနစ်ကြီးတစ်ခုကို မွေးထုတ်ပေးလိုက်ပါတယ်။ 0 နှင့် 1 သာ ပါတဲ့ ကွန်ပျူတာအခြေခံ ဒွိကိန်းစနစ်ပါ။ အခု ကျွန်တော့်ကီးဘုတ်ပေါ်မှာ ရိုက်နေတဲ့စကားလုံးတွေကို ကွန်ပျူတာထဲမှာရှိတဲ့ 0 နှင့် 1 ကို အမျိုးမျိုး ပေါင်းစပ်ထားပြီး ရေးထားတာပါ။ ရေးသားခြင်းဆိုတာ လူသားတွေရဲ့အသိစိတ်ကနေ အစေခံတစ်ယောက် အဖြစ် မွေးဖွားလာတဲ့အရာပါ။ သို့သော်လည်း အခုတော့ လူတွေရဲ့အရှင်သခင် ဖြစ်သထက်ဖြစ်လာပါပြီ။ ကျွန်တော်တို့ရဲ့ ကွန်ပျူတာတွေက ကျွန်တော်တို့ဟိုမိုဆေပီယန်စ်တွေ ဘယ်လိုစကားပြောကြ၊ ခံစားကြ၊ အိပ်မက်တွေမက်ကြတယ်ဆိုတာကို နားမလည်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ဟိုမိုဆေပီယန်စ်တွေကို ကိန်းဂဏန်ဘာသာစကားနဲ့ ဘယ်လိုစကားပြောရ၊ ခံစားရ၊ အိပ်မက်တွေမက်ရမယ် ဆိုတာကို ကျွန်တော်တို့သင်ကြားပေးနေ ရပါတယ်။ ဒါမှပဲ ကျွန်တော်တို့ကို ကွန်ပျူတာတွေက နားလည်နိုင်မှာပါ။

လူ့သမိုင်းက ဒီမှာတင် ဆုံးသွားမှာ မဟုတ်ပါဘူး။ အသိဉာဏ်တု(artificial intelligence) ဆိုတဲ့ ပညာရပ်နယ်ပယ်က ကွန်ပျူတာတွေရဲ့ ဒွိကိန်းစနစ်အရေးအသားပေါ်အခြေခံပြီး အသိဉာဏ်အသစ်တစ်ခုကို ဖန်တီးဖို့ကြိုးစားနေပါတယ်။ သိပ္ပံစိတ်ကူးယဉ်ဇတ်ကားတွေဖြစ်တဲ့ The Matrix နှင့် The Terminator တို့ဟာ ဒီဒွိကိန်းအသိဉာဏ်စနစ်တွေက လူသားဆိုတဲ့ထမ်းပိုးကို ပစ်ချလိုက်တဲ့တစ်နေ့ ဘာတွေဖြစ်လာမလဲ ပြောပြထားတာပါ။ လူသားတွေက ဒီပုန်ကန်သူ ဒွိကိန်းအသိဉာဏ်စနစ်ကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားတဲ့အခါ ဒွိကိန်းစနစ်တွေက လူသားမျိုးနွယ်စုတစ်ခုလုံးကို သုတ်သင်ဖို့ကြိုးစားခြင်းနဲ့ တုန့်ပြန်ခဲ့ပါတယ်။


အခန်း ၈ − တရားမျှတမှုဟူသည် သမိုင်းတွင် မရှိ
စိုက်ပျိုးရေးပြောင်းလဲမှုကြီးနောက်ပိုင်း ထောင်စုနှစ်ကြာတဲ့လူ့သမိုင်းကို နားလည်ဖို့ဆိုရင် မေးခွန်းတစ်ခုတည်းနဲ့ အဆုံးသတ်ပါတယ်။ လူသားတွေမှာ ကြီးမားစုပေါင်းချိတ်ဆက်လုပ်ဆောင်မှုတွေကိုလုပ်နိုင်တဲ့ ဇီဝပင်ကိုဗီဇစိတ် မရှိပေမယ့် ဘာကြောင့်ခုလိုမျိုး ကြီးမားတဲ့လူမှုကွန်ရက်တွေနဲ့ သူတို့အချင်းချင်း စုစည်းလုပ်ဆောင်နိုင်ကြတာပါလဲ။ လိုရင်းတိုရှင်းဖြေရရင် လူသားတွေက စိတ်ကူးလူ့အဖွဲ့အစည်း နှင့် စာပေအရေးအသား ဆိုတာကို တီထွင်ခဲ့ကြလို့ပါပဲ။ ကျွန်တော်တို့ရဲ့ ဇီဝဗီဇအမွေအနှစ်က ကွက်လပ်အဖြစ် ချန်ထားတဲ့နေရာတွေကို ဒီတီထွင်မှု ၂ ခုက ဖြည့်ဆည်းပေးပါတယ်။

သို့ပေမယ့်လည်း ခုလိုမျိုး လူမှုကွန်ရက်တွေပေါ်လာတာဟာ လူတော်တော်များများအတွက်တော့ ကောင်းကျိုးဆိုးကျိုး ရောနေပါတယ်။ ဒီလူမှုကွန်ရက်တွေကို ကျားကန်ပေးတဲ့ စိတ်ကူးယဉ်လူ့အဖွဲ့အစည်းတွေမှာ ဘက်မလိုက်ခြင်း၊ တရားမျှတခြင်း ဆိုတာတွေ မရှိဘူး။ အဲဒီစိတ်ကူးယဉ်လူ့အဖွဲ့အစည်းတွေက လူသားတွေကို ကိုယ်စီယုံကြည်ရာ အုပ်စုတွေအဖြစ်၊ အထက်အောက် လူ့အဆင့်တန်းတွေအဖြစ် ခွဲခြားလိုက်တယ်။ အထက်တန်းစားလူတွေက အာဏာတွေ၊ အခွင့်ထူးတွေကို ခံစားသာယာကြပြီး၊ အောက်ခြေကလူတွေကတော့ ခွဲခြားဆက်ဆံခံရတာ၊ ဖိနှိပ်ခံရတာတွေကို တွေ့ကြုံခံစားရတယ်။ ဥပမာ ဟမ်မူရာဘီကိုဓဥပဒေက လူတွေကို အထက်တန်းစား၊ သာမန်လူ၊ ကျွန်တွေ စသည့်ဖြင့် ခွဲခြားထားတယ်။ အထက်တန်းစားတွေက လူ့ဘဝရဲ့ကောင်းကျိုးမှန်သမျှ စံစားကြတယ်။ အဲဒီက ကျန်တာလေးကို သာမန်လူတွေက ခံစားရတယ်။ ကျွန်တွေက စောဒကတက်ရင်တော့ ရိုက်နှက်ခံရတယ်။

လူသားတွေကို တန်းတူညီမျှ ဖန်ဆင်းထားပါတယ်လို့ ကြေငြာထားသော်လည်းပဲ အမေရိကန်တွေ ၁၇၇၆ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ စိတ်ကူးယဉ်လူ့အဖွဲ့အစည်းကလည်း လူတွေကိုအထက်အောက်အဆင့်အတန်း ခွဲခြားတာပါပဲ။ အဲဒီ အထက်အောက်အဆင့်အတန်း ခွဲခြင်းဟာ ယောက်ျားတွေအတွက်အကျိုးရှိပြီး မိန်မတွေတော့ ဘာကျေးဇူးမှမရဘဲ ကျန်ခဲ့တယ်။ ယောက်ျားတွေအချင်းချင်းမှာလည်း လူဖြူတွေကတော့ လွတ်လပ်မှုဆိုတာကို ခံစားကြပြီး လူမည်းတွေနှင့် အမေရိကန်လူမျိုးရင်း ရက်အင်ဒီးယန်း တွေကတော့ လူစဉ်မမှီတဲ့လူတွေလို့ ယူဆခံရတဲ့အတွက် ယောက်ျားတွေရဲ့ တန်းတူအခွင့်အရေးကို မခံစားခဲ့ရပါဘူး။ အဲဒီ လွတ်လပ်ရေးကြေငြာစာတမ်းကို လက်မှတ်ထိုးခဲ့သူ တော်တော်များများဟာ ကျွန်ပိုင်ရှင်တွေပါ။ ကြေငြာစာတမ်းမှာ လက်မှတ်လည်းထိုးပြီးရော သူတို့ကျွန်တွေကို မလွှတ်ခဲ့ဘူး။ ဒါကြောင့်မို့ သူတို့ကိုယ်သူတို့လည်း ကြောင်သူတော်တွေလို့ မထင်ကြပါဘူး။ သူတို့အမြင်မှာတော့ လူ့အခွင့်အရေးဆိုတာ နီဂရိုးတွေနဲ့ဘာဆိုင်လို့လဲပဲ ထင်ခဲ့ကြတာပါ။


49 - ဒီ အမေရိကန်နိုင်ငံဆိုတဲ့ စိတ်ကူးယဉ်လူ့အဖွဲ့အစည်းမှာလည်း  - 

ဒီ အမေရိကန်နိုင်ငံဆိုတဲ့ စိတ်ကူးယဉ်လူ့အဖွဲ့အစည်းမှာလည်း ဆင်းရဲချမ်းသာအဆင့်အတန်း ခွဲခြားထားပါတယ်။ အဲဒီတုန်းက အမေရိကန်တော်တော်များများဟာ ချမ်းသာတဲ့မိဘတွေက သူတို့ရဲ့ စီးပွားရေး၊ ငွေကြေးတွေကို သူတို့သားသမီးတွေကို အမွေလွှဲပေးတာကြောင့် မညီမျှမှုတွေဖြစ်နေလည်း ဂရုမစိုက်ခဲ့ကြဘူး။ သူတို့အမြင်ကတော့ ရှင်းရှင်းလေးပဲ။ တန်းတူညီမျှမှုဆိုတာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ တရားဥပဒေက အတူတူပဲ။ အလုပ်လက်မဲ့ရာခိုင်နှုန်း၊ စုပေါင်းပညာရေး၊ ကျန်းမာရေးအာမခံ စတာတွေက တရားဥပဒေနဲ့ဘာမှ မဆိုင်ဘူး။ အဲဒီတုန်းက လွတ်လပ်ခွင့် ဆိုတာကို နားလည်ကြပုံနဲ့ ခုခေတ်နားလည်ပုံ ဟာလည်း တာ်တော်ကွဲပြားသွားပါပြီ။ ၁၇၇၆ ခုနှစ်ကဆိုရင် လွတ်လပ်ခွင့်ဆိုတာဟာ လူတစ်ယောက်မှာ ရာထူးအာဏာ ပိုင်ဆိုင်မှုတွေမရှိတဲ့လူတစ်ယောက်မှာလည်း နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးတွေ ရပိုင်ကျင့်သုံးခွင့်ရှိတယ် (လူမည်းနီဂရိုးတွေ၊ အမေရိကန် အင်ဒီယန်းတွေမှာ မရှိတဲ့အပြင် အမျိုုးသမီးတွေမှာများ ရှိမယ်ဆိုရင် ဘုရားစူး..မိုးကြိုးပစ်ပဲ) ဆိုတဲ့ အဓိပ္ပါယ်မရှိပါဘူး။ အဲဒီတုန်းက လွတ်လပ်ခွင့် ဆိုတာ အစိုးရက ပြည်သူတစ်ယောက်ရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုဥစ္စာကို သိမ်းယူလို့မရဘူး သို့မဟုတ် အဲဒီလူကို သူပိုင်ဆိုင်တဲ့ပစ္စည်းနဲ့ ဘာလုပ်ရမယ်လို့ ခိုင်းစေလို့မရဘူး လို့ ဆိုရုံသက်သက်ပါ။ ဒါကြောင့်ပဲ အမေရိကန် စိတ်ကူးယဉ်လူ့အဖွဲ့အစည်းကို ချမ်းသာကြွယ်ဝမှုအဆင့်အတန်းနဲ့ ခွဲခြားထားပါတယ်။ အဲဒါကို တစ်ချို့က ဘုရားသခင်ရဲ့အလိုတော်လို့ ထင်မြင်ကြပြီး တစ်ချို့ကတော့ ငြင်းမရတဲ့သဘာဝတရားရဲ့ ဥပဒေသလို့ မြင်တယ်။ သဘာဝတရားဆိုတာလည်း ကြိုးစားအားထုတ်တဲ့လူကို ချမ်းသာခြင်းကောင်းချီးတွေပေးပြီး ပျင်းရိတဲ့လူကို ပြစ်ဒဏ်ပေးတယ်လို့ သူတို့ ကြွေးကြော်ခဲ့ကြတာပဲ။

အပေါ်ကပြောခဲ့တဲ့ ခွဲခြားမှုတွေအားလုံး - လွတ်လပ်သူ နဲ့ ကျွန်၊ လူဖြူ နဲ့ လူမည်း၊ ချမ်းသာသူ နဲ့ ဆင်းရဲသူ စတဲ့အရာတွေအားလုံးဟာ စိတ်ကူးယဉ်အကြောင်းအရာတွေပေါ်မှာ အခြေခံထားတာပါ။ (ယောက်ျား နဲ့ မိန်းမ ကို အထက်အောက်အဆင့်အတန်းခွဲခြားမှုကို နောက်ပိုင်းမှာ ဆွေးနွေးမှာပါ)။ သို့ပေမယ့် လူ့သမိုင်းရဲ့ သံမဏိစည်းမျဉ်းတစ်ခုက စိတ်ကူးဖန်တီးထားတဲ့ အထက်အောက်ခွဲခြားမှုစနစ်တွေအားလုံးက သူတို့ဟာ စိတ်ကူးယဉ်အကြောင်းအရာတွေနဲ့ အစပြု ဖြစ်တည်ကြပါတယ်ဆိုတာကို အမြဲငြင်းဆန်ပြီး ဒီခွဲခြားမှုတွေဟာ မလွဲမသွေဖြစ်တဲ့ ဘဘာဝသဘာတရားတွေဖြစ်တယ်လို့ အမြဲတစေ ကြွေးကြော်ကြတာပါ။ ဥပမာအားဖြင့် လွတ်လပ်သူနဲ့ ကျွန် ဆိုပြီး ခွဲခြားတဲ့ အထက်အောက် လူ့အဆင့်တန်းသဘောဟာ သဘာဝကျပြီး မှန်ကန်ပါတယ်လို့ ရှုမြင်သူတွေက ကျွန်စနစ်ကို လူတွေထွင်တာမဟုတ်ဘူးလို့ ငြင်းကြတယ်။ ဟမ်မူရာဘီကတော့ နတ်ဘုရားတွေက သတ်မှတ်ထားတာလို့ ပြောတယ်။ အရစ္စတိုတယ်ကတော့ ကျွန်တွေမှာ ကျွန်သဘာဝရှိပြီး လွတ်လပ်တဲ့လူတွေမှာ လွတ်လပ်တဲ့သဘာဝရှိတယ်လို့ ပြောတယ်။ တကယ်တော့ လူ့အသိုင်းအဝိုင်းထဲမှာ လူတွေရဲ့ပြုမူနေထိုင်ပုံအဆင့်အတန်းဟာ သူတိုရဲ့အတွင်းစိတ်သဘာဝရဲ့ ရောင်ပြန်ဟပ်မှုပါ။

လူဖြူကြီးစိုးရေးဝါဒီတစ်ယောက်ကို ဘာလို့ လူ့အဆင့်အတန်းခွဲခြားရတာလဲလို့ မေးကြည့်ပါ။ လူသားမျိုးနွယ်စုတွေကြားက ဇီဝသဘာဝကွဲပြားမှုတွေအကြောင်းကို သိပ္ပံအချက်အလက်တွေလိုလိုနဲ့ လက်ချာပေးခံရဖို့သာ ပြင်ထားပါ။ ဖြစ်နိုင်တာက ခင်ဗျားကို ကော့ကေးဆပ်(ဥရောပ)တွေရဲ့သွေး သို့မဟုတ် ဒီအဲင်ဒေထဲမှာ ရှိတဲ့အရာတစ်ခုခုကြောင့် လူဖြူတွေဟာ ပိုဉာဏ်ကောင်း၊ ပိုကိုယ်ကျင့်တရားရှိပြီး ပိုအလုပ်ကြိုးစားကြတယ် ဘာညာပြောမယ်။ အရင်းရှင်ဝါဒရဲ့ အသေခံပရိတ်သတ်တစ်ယောက်ကို မေးကြည့်။ ဆင်းရဲချမ်းသာ အဆင့်အတန်းခြားနားတယ်ဆိုတာ လူတစ်ယောက်ချင်းစီရဲ့ ကြံရည်ဖန်ရည်ကွဲပြားတာကြောင့် လုံးဝရှောင်လွဲလို့မရတဲ့ အဆုံးသတ်တစ်ခုပဲလို့ ကြားရလိမ့်မယ်။ သူတို့အမြင်မှာတော့ ချမ်းသာတဲ့လူတွေမှာ ပိုက်ဆံပိုရှိတာ ဘာကြောင့်လဲဆိုတော့ သူတို့က ပိုစွမ်းနိုင်၊ ပိုကြိုးစားကြတာကိုး။ ဒါကြောင့် ချမ်းသာတဲ့လူတွေ ပိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပိုကောင်းတဲ့ပညာရေး၊ ပိုကောင်းတဲ့အာဟာရတွေ ရတာ ဘယ်သူမှဘာမှ ပြောစရာမလိုဘူး။ ချမ်းသာတဲ့လူတွေက အဲဒီအခွင့်ထူးတွေ သူတို့နဲ့တန်လို့ ရတာ စသည်ဖြင့်ပေါ့။
ဇတ်စနစ်ကို လေးစားလိုက်နာကြတဲ့ ဟိန္ဒူတွေက လူသားတွေဟာ စကြာဝဠာ ဗြဟ္မာနတ်ကြီးတွေကတဆင့် ဖြစ်လာပြီး ဇတ်တစ်ခုဟာ တခြားတစ်ခုထက် ပိုမြင့်မြတ်တယ်လို့ ယုံကြည်တယ်။ လူသိများတဲ့ ရှေးဟောင်း ဟိန္ဒူဒဏ္ဍာရီအရတော့ နတ်မင်းကြီးတွေက ပုရုသ ဆိုတဲ့ ကမ္ဘာဦးနတ်ကြီးရဲ့ ကိုယ်ကနေ ကမ္ဘာကြီးကို ဖန်ဆင်းလိုက်တယ်။ နေဟာ ပုရုသရဲ့မျက်လုံးကနေ ဖြစ်လာပြီး လကတော့ သူ့ဦးနှောက်ကနေဖြစ်လာတာပါ။ ဗြဟ္မာဏတွေ (ပုရောဟိတ်) တွေက ပါးစပ်၊ ကသျှထရိယ (စစ်သည်တော်)တွေက လက်မောင်း၊ ဝိသျှယ (လယ်သမား၊ ကုန်သည်) တွေက ပေါင်၊ ရှုဒရ (အစေခံ) တွေကတော့ ခြေထောက်ကနေ ဖြစ်လာပါတယ်။ ခုလိုရှင်းပြတာကို လက်ခံတယ်ဆိုတာနဲ့ ဗြဟ္မာဏတွေနှင့် ရှုဒရတွေကြားက လူမှုနိုင်ငံရေးခြားနားမှုတွေဟာ နေမင်းနှင့်လမင်းကွဲပြားသလိုပဲ သဘာဝကျ၊ ထာဝရ တည်မြဲပါတော့တယ်။ ရှေးခေတ်တရုတ်လူမျိုးတွေက နုဝါနတ်ဖုရားမကြီးက လူသားတွေကို မြေကြီးကနေ ဖန်ဆင်းတယ်လို့ ယုံကြည်ကြတယ်။ နတ်ဖုရားမကြီးက အထက်တန်းစားလူတွေကို အဝါရောင်မြေကြီးနဲ့ ရုပ်သွင်းခဲ့ပြီး သာမန်လူတွေကို အညိုရောင်ရွှံ့နဲ့ရုပ်သွင်းခဲ့တယ်။

ဒါပေမယ့်လည်း ကျွန်တော်တို့နားလည်သလောက်ပြောရမယ်ဆိုရင် ခုလိုမျိုး အထက်အောက်လူမျိုးရေး ခွဲခြားမှုစနစ်တွေဟာ လူ့စိတ်ကူးဉာဏ်တွေရဲ့ လုပ်ကြံပြောဆိုမှုသက်သက်ပါ။ ဗြဟ္မာဏတွေနှင့် ရှုဒရတွေကို ကမ္ဘာဦးနတ်ကြီးရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကနေ တကယ်ဖန်ဆင်းတာမဟုတ်ပါဘူး။ အဲဒီအစား ဒီဇတ်နှစ်ခုကို ခွဲခြားတဲ့ ဥပဒေတွေ၊ ဓလေ့ထုံးတမ်း တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ လောက်က အိန္ဒိယမြောက်ပိုင်းမှာရှိတဲ့လူတွေက ထွင်ခဲ့တာပါ။ အရစ္စတိုတယ် ပြောသလိုမဟုတ်ဘဲ ကျွန်တွေနှင့်လွတ်လပ်တဲ့လူတွေရဲ့ကြားမှာ ဘယ်လိုမျိုးဇီဝကွဲပြားမှုမှ မရှိပါဘူး။ လူတွေရဲ့ ဥပဒေတွေ၊ ဓလေ့ထုံးတမ်းတွေကသာ လူတစ်ချို့ကို ကျွန်တွေ၊ တစ်ချို့ကို အရှင်သခင်တွေ ဖြစ်စေခဲ့တာပါ။ လူဖြူတွေ၊ လူမည်းတွေကြားမှာ ဇီဝဆိုင်ရာခြားနားချက်တစ်ချို့ ရှိတာမှန်ပါတယ်။ ဥပမာ.. အသားရောင်၊ ဆံပင်ပုံစံ စသည်ဖြင့်ပေါ့။ ဒါပေမယ့် အဲဒီလိုခြားနားချက်တွေက ကိုယ်ကျင့်စာရိတ္တဆိုင်ရာ၊ ဉာဏ်ရည်ဉာဏ်သွေး ကွာဟမှုဖြစ်စေတယ်ဆိုတဲ့ ဘယ်အထောက်အထားမှ မတွေ့ရပါဘူး။

လူတော်တော်များများက သူတို့ရဲ့လူ့အဖွဲ့အစည်းဟာ တရားတယ်၊ မျှတတယ်။ တခြားလူ့အဖွဲ့အစည်းတွေသာ မှားယွင်းတဲ့ အူကြောင်ကြောင်သတ်မှတ်ချက်တွေပေါ် အခြေခံကြတာလို့ ကြွေးကြော်ကြပါတယ်။ လူမျိုးရေးခွဲခြားမှုစနစ်ဆိုတဲ့ အယူအဆကို ရှုတ်ချဖို့ ခုခေတ်အနောက်တိုင်းသားတွေ ကျောင်းမှာသင်ရတယ်။ လူဖြူတွေရဲ့အိမ်နီးဝန်းကျင်မှာ လူမည်းတွေနေခွင့်မပြုတဲ့ ဥပဒေတွေ၊ လူဖြူတွေတက်တဲ့ကျောင်းမှာ တက်ခွင့်မပြုတာ ဒါမှမဟုတ် လူဖြူတွေတက်တဲ့ ဆေးရုံမှာ ဆေးကုသခွင့်မပြုတဲ့ လူမျိုးရွေးခွဲခြားမှုတွေ ခုချိန်မှာ သူတို့ကြားရရင် မယုံနိုင်ဖြစ်ပြီး အလန့်တကြားအံ့သြကြတယ်။ ဒါပေမယ့် ဆင်းရဲချမ်းသားကွဲပြားမှုစနစ်ကြောင့် လူဖြူတွေက ပိုဇိမ်ကျတဲ့နေရာတွေမှာ သီးသန့်နေကြတာ၊ ပိုကောင်းတဲ့ တကယ့်ကျောင်းကောင်း ဆိုတဲ့နေရာတွေမှာ သီးသန့်တက်ကြတာ ပြီးတော့လည်း ကိရိယာတွေ ပိုခေတ်မှီကောင်းမွန်တဲ့ သီးသန့်ဆေးရုံတွေမှာ ပိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ခံယူကြတာကိုတော့ သူ့ဟာသူ မှန်နေတယ် ထင်ကြတာပဲ။ ဒီ ဆင်းရဲချမ်းသာကွဲပြားမှုဟာ အမေရိကန်တွေ၊ ဥရောပသားတွေအတွက် ဘာပြဿနာမဟုတ်တဲ့အပြင် သူ့ဟာသူ အဆင်ပြေနေတာပဲ။ သို့ပေမယ့်လည်း ချမ်းသာတဲ့လူတွေ အများစုဟာ ချမ်းသားတဲ့မိသားစုမှာမွေးဖွားလို့သာ ချမ်းသာကြတာဖြစ်ပြီး ဆင်းရဲသားအများစုဟာ ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားလာလို့သာ ဆင်းရဲကြတာဆိုတာ သက်သေသာဓကရှိတဲ့ အချက်တစ်ခုပါ။

ဘာသာပြန် - မာန်သီဟထွန်း
စာဖတ်သူအားလုံးကိုယ်ချမ်းသာပြီး စိတ်ချမ်းမြေ့ပါစေ။ ကျေးဇူးတင်ပါတယ်..

ပုံတွေကိုအောက်ပါလင့်တွေကနေယူပါတယ်။
https://rarehistoricalphotos.com/motel-manager-pouring-aci…/
https://www.huffpost.com/…/aerial-photos-unequal-scenes_n_5…
https://www.bbc.com/news/world-asia-india-35650616

https://horrorfreaknews.com/ready-plug-back-matrix-new-film…
https://www.denofgeek.com/…/lionsgate-leading-terminator-ch…
https://wpart.org/top-6-artificial-intelligence-powered-pl…/
https://www.instructables.com/…/How-to-Convert-Numbers-to-…/
http://www.archimedes-lab.org/numeral.html