Breaking News

ကိုသန်းလွင် ● ဆူဒန်နိုင်ငံ ပြုပြင်ပြောင်းလဲရေး

ကိုသန်းလွင် ● ဆူဒန်နိုင်ငံ ပြုပြင်ပြောင်းလဲရေး
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၉

(၁)
ဆူဒန်သမ္မတဟောင်း အိုမာဘာရှီရာ (Omar Hussan al-Bashir) ကို တရားခွင်တွင် သံဇကာကာရန်ထားသော  လှောင်အိမ် ထဲတွင် မြင်တွေ့ရသည်မှာ စိတ်မကောင်းစရာ ဖြစ်ပါသည်။ နှစ်ပေါင်း ၃၀ နီးပါးမျှ အတိုက်အခံများကို ဖယ်ရှား၍ ရန်သူများ ကိုဂရုမစိုက်၊ လုပ်ချင်ရာလုပ်နေခဲ့သောအာဏာရှင်ကို ယခုကဲ့သို့တွေ့ရလိမ့်မည်ဟု မမျှော်လင့်နိုင်ပါ။ ၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့တရားရုံးမှ သူကျူးလွန်ခဲ့သော လူသတ်မှုများ (War Crime) အတွက် ဆင့်ခေါ်ခဲ့ပါသည်။

အာဏာရှင်ကိုဖြုတ်ချ၍ ဆူဒန်၏အသွင်ကူးပြောင်းရေးကာလကို တာဝန်ယူထားကြသော စစ်ကောင်စီအနေနှင့် ဘာရှီရာကို ခြစားခြင်းနှင့် ငွေကြေးခဝါချမှုများအတွက် ရုံးတင်ထားသော်လည်း သူ့ကိုနိုင်ငံတကာ တရားရုံးသို့ လူ့အခွင့်အရေးနှင့် စစ် ရေးဆိုင်ရာပြစ်မှုများအတွက် လွှဲပြောင်းပေးမည်မဟုတ်ကြောင်း ပြောထားသည်။

(၂)
တရားစစ်ဆေးရာ၌ တရားမျှတမှု ရှိ၊ မရှိ ဆိုသည်ကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရပါလိမ့်မည်။ ဆူဒန်သည် ယခုအခါ လက်တွေ့ဖြစ်ရပ်များအရ ခေတ်သစ် စနစ်သစ်ကို ရောက်နေပြီဖြစ်သည်။ ဆူဒန်သည် မည်မျှအထိ စနစ်သစ်၏ အသီးအပွင့် များကို ခံစားရယူနိုင်ကြောင်း သိရတော့မည်ဖြစ်သည်။

အာဏာကို ခွဲဝေယူကြမည့် စနေ့နေက (၁၇ သြဂုတ်လ) က စစ်တပ်ကောင်စီနှင့် အရပ်ဖက် အတိုက်အခံအင်အားစုများ၏ လက်မှတ်ရေးထိုးမှုမှာ ကြီးမားသော ပြောင်းလဲမှုကြီးပင်ဖြစ်သည်။ အုပ်ချုပ်သူ ကောင်စီအသစ်တွင် အရပ်သားဘက်က ၆ ယောက်နှင့် စစ်ကောင်စီက ၅ ယောက်တို့ပါဝင်ပြီး တိုင်းပြည်ကို ရွေးကောက်ပွဲများကျင်းပမည့် ၂၀၂၂ ထိ တာဝန်ခံအုပ် ချုပ်ကြမည်ဖြစ်သည်။ စစ်တပ်နှင့် အရပ်သားတို့သည် ဥက္ကဌရာထူးကိုမူ တလှည့်စီ ပြောင်းလဲတာဝန်ယူသွားကြမည်ဖြစ် သည်။

ဗုဒ္ဓဟူးနေ့က ဗိုလ်ချုပ်ကြီးဘာဟန် (Abdel Fattah Abdelrahman Burhan ) က သမ္မတအဖြစ် ကျမ်းသစ္စာကြိမ်ဆိုသည်။ သူသည် ၂၁ လကြာ ရာထူးကိုယူထားမည်ဖြစ်သည်။ ကုလသမဂ္ဂတွင် နှစ်ပေါင်းများစွာ စီးပွားရေးပညာရှင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ (Abdalla Hamdouk ) က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူရမည်ဖြစ်သည်။

ဤသဘောတူညီချက်မှာ ပထမအဆင့်သာ ရှိပါသေးသည်။ မစ္စတာ ဘာရှီရာသည် မိတ်ဆွေနှင့် ပူးပေါင်းသူ သစ္စာရှိသူ အများအပြားနှင့် နိုင်ငံရေးဝန်းကျင်တစ်ခုကို ဖန်တီးခဲ့သည်။ သူတို့အထဲတွင် ဗိုလ်ချုပ်ကြီး ဒါဂါလို (Mohamed Hamdan Dagalo) သည် ယခုစစ်ကောင်စီတွင် လက်ထောက်အဖြစ်ဆောင်ရွက်နေသူလည်း အပါအဝင်ဖြစ်သည်။ သူသည် ဘာရှီရာ နှင့် ရင်းနှီးသူဖြစ်ပြီး အထူးတပ်ဖွဲ့ (RSF -Rapid Support Force ) တို့ကိုအုပ် ချုပ်သူ ကွန်မန်ဒါလည်းဖြစ်သည်။ ထိုတပ်ဖွဲ့သည် ဇွန် ၃ရက်နေ့က မြို့တော် ခါတွန် (Khartoum) အုံကြွမှုကို နှိမ်နင်းခဲ့သည့်အဖွဲ့ ဖြစ်သည်။ ထိုစဉ်က လူ ၁၀၀ ကျော် သေ ဆုံးခဲ့သည်။

ခါဂါလို ဦးဆောင်သောတပ်ဖွဲ့များ၏ ရက်စက်ကြမ်းကြုတ်မှုများမှာ ဆူဒန်နိုင်ငံအဖို့ နှစ်ပေါင်း ၁၅ နှစ်မျှ ကြာခဲ့ပြီး မမေ့ နိုင်စရာအဖြစ်အပျက်များစွာ ဖြစ်ခဲ့ပါသည်။ အာ၊ အက်၊ အက်ဖ် ကဲ့သို့သော စစ်တပ်မဟုတ်ပဲ သီးခြားရပ်တည်သော လက်နက်ကိုင်တပ်ဖွဲ့များမှာ ဘာရှီရာ၏ လုပ်ဆောင်တတ်သော စတိုင်တစ်ခုပင်ဖြစ်သည်။ တရား မဝင်ဖွဲ့စည်းထားသော ကြောင့် ၎င်းတု့ိ၏ လုပ်ရပ်များအတွက် တာဝန်ယူမည့်သူ မရှိဖြစ်နေပါသည်။ ၁၉၈၀ ခုနှစ်များက မာချလင်း (Murchaleen) ခေါ်တပ်ဖွဲ့သည် တောင်ပိုင်းနှင့်စစ်ဖြစ်နေစဉ်က ဘော်ဒါတစ်လျှောက် ရက်စက်ကြမ်းကြုတ်စွာ လူများစွာကိုသတ်ဖြတ်ခဲ့ကြ သည်။ ဒါဖောနယ် (Durfur) တွင် (Janjaweed) ဟုခေါ်ပြီး သူတို့သည် နောက်ပိုင်းတွင် အာ၊ အက်၊ အက်ဖ နှင့် ပူးပေါင်း သွားကြသည်။ ယခုစစ်တပ်နှင့် ပြည်သူများသဘောတူည မှုစာချုပ်ကို ဂျင်နရယ်ဒါဂါလိုက စစ်တပ်အတွက် လက်မှတ်ရေးထိုး သည်ဆိုခြင်းမှာ အနာဂတ်တွင် အန္တရာယ်များရှိနေသေးသည့် သဘောပင်ဖြစ်သည်။
ဆူဒန်တွင် ယနေ့အရေးကြီးဆုံးမှာ ဘာရှီရာလက်ထက်က သွားခဲ့သောလမ်းကြောင်း ဦးတည်ရာမှပြောင်းပြန် သွားနိုင်ရန်ဖြစ် သည်။ ဤနည်းဖြင့် နိုင်ငံကို ပြန်လည်တည်ဆောက်ရမည်ဖြစ်သည်။ ဆူဒန်သည် မအောင်မြင်သော (Failed State) နိုင်ငံ အနေဖြင့် ပြည်တွင်းစစ်ပွဲများအကြိမ်ကြိမ်ဖြစ်ခဲ့သည်။ စီးပွားရေးဖွဲ့ဖြိုးတိုးတက်မှုလည်း နည်းသည်မှန်စေ ဤနိုင်ငံမှ ထူးချွန် သော အနုပညာရှင်များ၊ သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများ ဘာသာရပ်ဆိုင်ရာ တတ်ကျွမ်းသူများစွာတို့ ပေါ်ထွန်းစေ ခဲ့ပါသည်။

ပြသနာမှာ ဒေသအလိုက်ရှိနေကြသော လူမျိုးရေးနှင့်ဘာသာရေးဆိုင်ရာအုပ်စုများကြောင့်ပင် ဖြစ်သည်။ မိသားစုနှင့် မိသားစုပါဝင်သောအုပ်စု (Tribal) များ၏ သြဇာမှာကြီးမားလှပါသည်။ သို့သော် ဘာရှီရာကိုပြုတ်ကျသွားအောင် တော်လှန် ရာတွင် တစ်နိုင်ငံလုံး ညီညွတ်ခဲ့ကြပါသည်။ လူငယ်များက စိတ်ပါဝင်စားစွာ ပါဝင်ခဲ့ကြသည်။ ဦးဆောင်သည့် ဆန္ဒပြသူများ၏ အများစုမှာ လူငယ်ထုဖြစ်ရာ လူငယ်ထု၏ လုပ်ဆောင်မှုကို စောင့်ကြည့်ရမည်။ နိုင်ငံကို လူအိုများဖြင့် အုပ်ချုပ်ခဲ့ကြသည်မှာ ကြာရှည်ခဲ့ပါပြီ။

ဆူူဒန်၏ အသက်အရွယ်ကြီးသောသူတို့ကလည်း သူတို့၏ ခေတ်ပြောင်းတော်လှန်ရေးတွင် ပါဝင်ပတ်သက်ပိုင် ခွင့်ကို အလို ရှိကြသည်။ ဆူဒန်အနေဖြင့် ပြဿနာငယ်ကလေးများတွင် ငြင်းကြခုန်ကြနှင့် လူပုဂ္ဂိုလ်ရေးရာတို့ကို ရှေ့တန်းတင်ကြသဖြင့် ရှေ့တန်းသို့ မရောက်လာနိုင်ပဲဖြစ်နေပါသည်။ ဤကဲ့သို့ ပြသနာဟောင်းများတွင် တဝဲဝဲလည်နေကြလျှင် ဆူဒန်အနေဖြင့် ယခုအချိန်ထိ ရရှိသည့်အခွင့်အရေးများမှာ လက်လွတ်ကုန်ကြပေမည်။

ဘာရှီရာ၏ နန်းတော်အတွင်းမှ ဒေါ်လာသန်းတစ်ရာမျှရှိသော ငွေထုပ်ကို တွေ့ရှိခဲ့ကြသည်။ ဘာရှီရာက ၂၅ သန်းမှာ ဆော်ဒီအာရေးဗီးယားမှ အိမ်ရှေ့မင်းသား ဆော်လမွန်မင်းသားထံမှ ရရှိသည်ဟု ဝန်ခံသည်။ နန်းတော်တွင်းမှ ဖြစ်ပျက် ခြစားနေမှုများ၏ တစိတ်တဒေသပင်ဖြစ်သည်။

ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများ နိုင်ငံတို့သည် ဘာရှီရာ ကို ဖြုတ်ချပြီးနောက် စစ်ကောင်စီကို ငွေကြေးဒေါ်လာ ၃ဘီလီယံမျှ ထောက်ပံ့ရန် လွန်ခဲ့သောဧပြီလက အတည်ပြုခဲ့ပြီးဖြစ်သည်။  ဆူဒန်နိုင်ငံအနေဖြင့် ယီမင်ပြည်တွင်းစစ်ပွဲများ တွင် ပါဝင်ပတ်သက်လိုခြင်းမရှိသော်လည်း ဂျင်နရယ်ဘာဟန်နှင့် ဒါဂါလီတို့မှာ ဆူဒန်စစ်သားများပေးပို့ရာတွင် တိုက်ရိုက် ပါဝင်ပတ်သက်နေသည်။

၂၀၁၁ ခုနှစ်တွင် တောင်ပိုင်းဆူဒန်ကို လွတ်လပ်ရေးပေးပြီး ရသည့်နောက်ပိုင်းတွင် ဆူဒန်နိုင်ငံစီးပွားရေးမှာ တဟုန်ထိုး ကျ ဆင်းခဲ့ရသည်။ ထိုစဉ်ကတည်းကဆူဒန်သည် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ပင်လယ်ကွေ့အတွင်းမှ ရေနံဖြင့် ချမ်း သာကြွယ်ဝသော နိုင်ငံများထံမှ အထောက်အပံ့အပေါ်တွင် မူတည်ခဲ့ရသည်။

ထိုသို့သော အဖြစ်အပျက်များနောက်တွင် အနာဂတ်ရေးမှာ မျှော်လင့်ချက်များထားလာနိုင်ကြပါသည်။ အုပ်ချုပ်ရေး ကောင် စီတွင် အမျိုးသမီးတယောက် ပါဝင်လာသည်။ နိုင်ငံတကာ အတွေ့အကြုံကြွယ်ဝသော မစ္စတာ ဟမ်းဒေါက်သည် ဆူဒန်နိုင်ငံ အတွက် လိုအပ်နေသော လက်တွေ့ကျကျပြသနာများကို ဖြေရှင်းနိုင်ပါလိမ့်မည်။ သူရာထူးရခြင်းသည် သမ္မတဘာရှီရာ လက်ထက်က ပုဂ္ဂိုလ်ရေးသစ္စာရှိမှုနှင့် ဘာသာရေးဆိုင်ရာယုံကြည်မှုတို့သည် အရည်အချင်းထက်ပို၍ အရေးပါသော ထုံးတမ်းစဉ်လာ အဆုံးသတ်သွားစေခြင်းပင်ဖြစ်သည်။

အောက်တိုဘာလ ၁၉၆၄နှင့် ဧပြီလ ၁၉၈၅ ခုနှစ်တို့တွင် အစိုးရဖြစ်ခဲ့သော အရပ်ဖက်အုပ်ချုပ်ရေးများသည် ၅ နှစ်ထက် ပို၍ တာရှည်မခံခဲ့ပါ။ စစ်တပ်ကအာဏာသိမ်းခြင်းဖြင့် အဆုံးသတ်ခဲ့ရသည်ချည်းဖြစ်သည်။ ကမ္ဘာကြီးက ပိုမို၍ ထင်သာမြင် သာရှိလာသည်ဆိုစေ စစ်တပ်ကအာဏာသိမ်းခြင်းမှာ ဖြစ်နိုင်ချေတစ်ခုဖြစ်သည်။

ဆူဒန်သည် အီဂျစ်ကိုလည်းမဟုတ် လစ်ဗျားနှင့်ဆီးရီးယားကိုလည်း မဟုတ်ပေ။ တော်လှန်ရေးကာလအတွင်း ကျောက် နံရံတွင်ဆွဲသောပန်းချီကားပေါင်း မြောက်များစွာ ပေါ်လာခဲ့ကြသည်။ ဆူဒန်လူငယ်များ၏လက်ရာမှာ အနုပညာ လက်ရာ မြောက်လှပါသည်။

(၃)
အနှစ် ၃၀ ခန့် ဘာရှီရာ၏ အုပ်ချုပ်သောကာလတွင် ဆူဒန်လူမျိုးများ သန်းချီ၍ နိုင်ငံခြားကို ထွက်သွားကြပါသည်။ အနည်း ငယ်မျှသော အောင်မြင်မှုအရိပ်အယောင်များကို မြင်ရသည်နှင့် မြောက်များစွာသောဆူဒန်လူမျိုး များပြန်လာနေကြပါသည်။ ဆူဒန်နိုင်ငံအဖို့ပြုပြင်ရေးလုပ်ငန်းများကို အကောင်အထည်မဖော်နိုင်ပါက ထိုသူများ၏ မျှော်မှန်းချက်များကို ဖျက်စီးပစ် သလိုဖြစ်နေပါသည်။ ထိုသူများသည်စည်းစိမ်ဥစ္စာကို တခြားနေရာများတွင်လည်း ရှာဖွေနိုင်ကြပါသည်။ ထိုလူများကို ပြန် လည် လက်သင့်ခံရန်အစီအစဉ်များချမှတ်သင့်သည်။

ဆူဒန်နိုင်ငံသည် ပြန်လမ်းမကောင်းသောနေရာသို့ရောက်ရှိသွားနိုင်ပြီး နိုင်ငံပြိုကွဲပျက်စီး၍ဖြစ်စေ နိုင်ငံရေးနှင့် စီးပွားရေး ပြိုကွဲပျက်စီး၍ ဖြစ်စေလူသန်းပေါင်းများစွာတို့၏ အနာဂါတ်ရေးမှာပျက်စီးသွားနိုင်ပါသည်။ ထိုလမ်းကို ဘယ်သူမျှလျောက်လှမ်းလိုမည်မဟုတ်ပါ။

ကိုသန်းလွင်
Ref: A Season of Hope in Sudan, JamalMahjoub, New York Times 22 August 2019