နွေဦးတော်လှန်ရေးရဲ့ လျှောက်ခဲ့တဲ့ လမ်းနဲ့ နည်းလမ်းတွေကို ပြန်လည်သုံးသပ်ကြည့်ဖို့ အချိန်
မြန်မာနွေဦး ခရိုနီကယ် - မတ် ၈ မြင်ကွင်း
(မိုးမခ) မတ် ၉၊ ၂၀၂၃
နွေဦးတော်လှန်ရေးရဲ့ လျှောက်ခဲ့တဲ့ လမ်းနဲ့ နည်းလမ်းတွေကို ပြန်လည်သုံးသပ်ကြည့်ဖို့ အချိန်
ယေဘုယျအားဖြင့် နွေဦးတော်လှန်ရေးလို့ ခေါ်ဆိုကြတဲ့ စစ်အာဏာရှင် စနစ် ဖြုတ်ချရေး ၊ တိုက်ဖျက်ရေး၊ စစ်တပ်ကို မြန်မာ့နိုင်ငံရေးနယ်ပယ်မှ အပြီးအတိုင် ဖယ်ရှားရေး သို့မဟုတ် မြန်မာ့စစ်တပ်ဆိုတဲ့ နာမည်ကို အပြီးတိုင်ဖယ်ရှားပြီး ဖက်ဒရယ် အနှစ်သာရအပြည့်နဲ့ ဖွဲ့စည်းမယ့် ဖက်ဒရယ် စစ်တပ်သာ အနာဂတ်မှာရှိဖို့ ဦးတည်ကြတယ်လို့ ယေဘုယျ နားလည်ရပါတယ်။
နွေဦးတော်လှန်ရေး မှာပါဝင်နေတဲ့ အဖွဲ့အစည်းတိုင်း၊ လူတိုင်း အဲဒီရည်မှန်းချက် ရှိတယ် မရှိဘူးဆိုတာတော့ အတိအကျ မဆိုနိုင်ပေမယ့် ယေဘုယျအားဖြင့် အဲဒီ ဦးတည်ချက်ကို သွားနေတဲ့ သဘောလို့ တော့ဆိုနိုင်ပါတယ်။ မိမိတို့ လူမျိုးစုအရေး၊ မိမိတို့ ပြည်နယ်၊ လူမျိုးစု ကိုယ်ပိုင် ပြဌါန်းခွင့်ရရှိရေးလည်း ဖြစ်နိုင်သလို မိမိတို့ အဖွဲ့အစည်း ရပ်တည်ရေးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နောက်တချက်က ဒေသအလိုက် စစ်ရေး၊ နိုင်ငံရေး ခေါင်းဆောင်တွေ ပေါ်လာကြပြီး အနိုင်ကျင့်တဲ့ စစ်တပ်၊ မိမိတို့ဒေသကို ဖျက်ဆီးတဲ့ စစ်တပ်ကို လက်စားချေတုံ့ပြန်တိုက်ခိုက်ချင်တဲ့ ဆန္ဒနဲ့ တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင် အဖွဲ့တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ စည်းရုံးရေး အမြင်နဲ့ အားလုံးကို တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေလို့ ယေဘုယျ ခေါ်ဝေါ်ကြတာ နားလည်နိုင်ပေမယ့်လည်း မြန်မာ့နိုင်ငံရေး စစ်ရေး အလားအလာကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ဖို့ လိုအပ်သလို လက်ရှိ ရောက်ရှိနေတဲ့ အခြေအနေကို၊ လားရာ၊ ဦးတည်ချက်၊ မျှော်မှန်းချက်တွေကို လက်တွေ့ကျကျ သုံးသပ်နားလည်နိုင်ဖို့လည်း လိုအပ်တာအမှန်ပဲ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းဟာ ပြဿနာတရပ်ထည်း တလွှာတည်း ဖြစ်ပေါ် နေတဲ့ နိုင်ငံရေးပြဿနာမဟုတ်ပဲ ပြဿနာ အမျိုးမျိုး ရှုပ်ထွေးစွာ ယှက်နွယ်နေတဲ့ ပြဿနာတရပ်ဖြစ်ပါတယ်။ အာဏာရှင်နဲ့ ဒီမိုကရေစီ၊ မြန်မာလူများစု ကြီးစိုးလွှမ်းမိုးတဲ့ နိုင်ငံရေးစနစ်နဲ့ လူနည်းစု၊ လူမျိုးစုအခွင့်အရေးတန်းတူမှု ပြဿနာ၊ အမျိုးသားရေး ဝါဒနဲ့ လူမျိုးစုံ ပါဝင်တဲ့ မတူကွဲပြားတဲ့ လူမှုအဖွဲ့အစည်း တည်ဆောက်လိုတဲ့ အင်အားစု၊ လူတန်းစားတိုက်ပွဲက အခြားသော အရေးတွေထက် အရေးကြီးတယ်ဆိုတဲ့ လက်ဝဲအယူဝါဒ၊ ပဒေသရာဇ် စနစ်အကြွင်းအကျန် လူပုဂ္ဂိုလ်ကိုးကွယ်မှု အယူဝါဒ ၊ စစ်ဝါဒီ၊ စစ်ဘုရင်ဝါဒ ၊ နယ်စားပယ်စားဝါဒ စသဖြင့် အကျိုးစီးပွား အမျိုးမျိုး၊ ရှုထောင့်အမျိုးမျိုးနဲ့ ပါဝင်လှုပ်ရှားနေကြတဲ့ ဆယ်စုနှစ်နဲ့ချီတဲ့ နိုင်ငံရေး အကျပ်အတည်း တခုအနေနဲ့ ရှုမြင်နိုင်ဖို့ လိုအပ်လိမ့်မယ်လို့ ထင်မိပါတယ်။
ဘယ်ပြဿနာက ပင်မအရင်းခံလဲ ဘယ်ပြဿနာက ဆယ်စုနှစ်ချီ ကြာမြင့်နေတဲ့ ပြဿနာလဲ၊ ဘယ်အကြောင်းကိစ္စနဲ့ အခြားဘယ်အရာတွေက ဆက်နွယ်နေသလဲဆိုတာတွေကို မြင်လာအောင် သုံးသပ်ဖို့ လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။ အာဏာရဖို့ ၊ လက်ရှိထင်ရှားတဲ့ တိုက်ပွဲ အားပြိုင်မှုတရပ်ထဲကို ပြဿနာအားလုံးရဲ့ အရင်းအမြစ်လို့ ကောက်ချက်ဆွဲပြီး ဆယ်စုနှစ်များစွာ ရှိလာခဲ့တဲ့ အခြားသောပြဿနာတွေကို လက်အောက်ခံပြဿနာ၊ သို့မဟုတ် အဓိကပြဿနာ မဟုတ်တဲ့ သဖွယ် လတ်တလောမှာ မဆွေးနွေး ကတိကဝတ်မပေးလိုတဲ့ သဘောထားမျိုးနဲ့ ရပ်တည်ခြင်းကလည်း မှန်ကန်တဲ့ ရပ်တည်ချက်တရပ် မဟုတ်ဘဲ၊ ပြဿနာကို ပြေလည်စေမှာ အဖြေရှာရစေမှာမဟုတ်ဘဲ ညီညွတ်တဲ့ တန်းတူမှုရှိတဲ့ တပ်ပေါင်းစုတခုအဖြစ်နဲ့ ဘုံရန်သူလို့ ဆိုတဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နိုင်မှာမဟုတ်ဘဲ ပြဿနာကို အနေအထားပြောင်းလဲ ရုံသာ ဖြစ်ပြီး ပြေလည်ဖြေရှင်းနိုင်တဲ့ အဆင့်မရောက်ရှိဘဲ နေမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံခြားက အစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ သုတေသီတွေထက် မြန်မာနိုင်ငံတွင်းက အင်အားစုတွေ၊ ပါဝင်ပတ်သက်သူတွေက ပိုနားလည်ကြတာ အမှန်ပဲဖြစ်ပါတယ်။ နိုင်ငံတကာ အစိုးရတွေ ၊ အဖွဲ့အစည်းတွေ အနေနဲ့ ၄င်းတို့ ရပ်တည်ချက် ရှုထောင့်၊ တန်ဖိုး၊ စံနှုန်း၊ အကျိုးစီးပွား စတဲ့ တခုခု သို့မဟုတ် တခုမကသော ရှုထောင့် မျှော်လင့်ချက်ကနေ နားလည်ကြတာ ဖြစ်ပြီး မြန်မာနိုင်ငံရေး နယ်ပယ်က အဖွဲ့အစည်းတွေ၊ အဖွဲ့အစည်း ကိုယ်စားပြုသူတွေ၊ လူအများရဲ့ ယုံကြည်မှုကို တဦးချင်း ရရှိထားသူတွေက ပြဿနာရဲ့ နောက်ခံ၊ အတိမ်အနက်၊ အလေးထားစရာ အချက်တွေကို ပိုမို နားလည်နိုင်ပါတယ်။ သို့ပေမဲ့ အကျိုးစီးပွား၊ အတိတ်က နောက်ခံဖြစ်ရပ်နဲ့ ဆက်နွှယ်တဲ့ ခံစားချက်တွေ ဖယ်ရှားနိုင်မှသာ ပြဿနာကို လက်တွေ့ကျကျ နားလည်မှာ ဖြေရှင်းနိုင်မှာ ဖြစ်ပြီး မဖယ်ရှားနိုင်ခဲ့ရင် အတိတ်က အဖြစ်အပျက်တွေရဲ့ အရိပ်၊ မိမိတို့အဖွဲ့အစည်းရဲ့ အကျိုးကိုသာ ဦးစားပေးမှု၊ ခံစားချက်တွေအပေါ် မူတည် ချဥ်းကပ်တဲ့အခါ ပြဿနာကို ထင်သလောက် မဖြေရှင်းနိုင်ကြတာမျိုး ဖြစ်နိုင်ခြေလည်း ရှိနေပါတယ်။
ပြန်ချုပ်ပြောရရင် လက်ရှိ မြန်မာ့နိုင်ငံရေး ပြဿနာဟာ စစ်တပ် သို့မဟုတ် စစ်တပ်ကိုယ်စားပြု အင်အားစုနဲ့ NLD ပါတီနဲ့ အကြားသာ ဖြစ်ပွားတဲ့ နိုင်ငံရေး ပြဿနာမဟုတ်ပဲ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ အာဏာရှင်၊ စစ်အာဏာရှင်၊ ပြည်မဗဟိုပြုတဲ့ ပြည်ထောင်စု ဝါဒကို ကိုင်စွဲထားသူတွေနဲ့ တန်းတူညီမျှတဲ့အခွင့်အရေးနဲ့ ဖွဲ့စည်းတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်လိုသူတွေ အကြား၊ လူမျိုးခွဲခြားသော လူမျိုးကြီး ဝါဒနဲ့ တန်းတူညီမျှစွာ အခွင့်အရေးတန်းတူရရှိကြတဲ့ ဖက်ဒရယ် အယူအဆတို့အကြားမှာ အားပြိုင် တိုက်ခိုက်ကြတဲ့ တိုက်ပွဲလည်း ဖြစ်တယ်ဆိုတာကို အကျိုးစီးပွား ဒုတိယထားပြီး လက်တွေ့ကျကျ အကဲဖြတ်သုံးသပ်ရင် အဖြေကို ရှာတွေ့နိုင်မှာလည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းအပြီး ဆယ်စုနှစ်များစွာ ကြာရှည်တည်ရှိလာတဲ့ ပြဿနာတွေကို ဖြေရှင်းကြဖို့ ကြိုးစားကြတဲ့ ၂ နှစ်ကြာကာလမှာ လျှောက်လှမ်းခဲ့တဲ့ ကာလ ၂ နှစ်အတွင်း ဘာတွေ လိုအပ်နေလဲ ဆိုတာ ပြန်သုံးသပ်ပြီး ပြင်ဆင်သင့်တာကို ရဲဝံ့စွာပြင်ဆင်ပြီး ရှေ့ကို ဆက်လှမ်းမှသာ အောင်မြင်မှုကို ရရှိနိုင်မယ်လို့ ထင်မြင်မိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar