Breaking News

ခင်မောင်စော (ဘာလင်မြို့) – ဂျာမန်တက္ကသိုလ်များတွင်ပါရဂူဘွဲ့ပေးပုံ



ခင်မောင်စော (ဘာလင်မြို့) – ဂျာမန်တက္ကသိုလ်များတွင်ပါရဂူဘွဲ့ပေးပုံ

(မိုးမခပြန်လည်ဆန်းသစ်) ဒီဇင်ဘာ ၄၊ ၂၀၁၉
 သြဂုတ် ၂၇၊ ၂၀၁၄
တကျောင်းတဂါထာ တရွာတပုဒ်ဆန်းဆိုသကဲ့သို့ တနိုင်ငံနှင့်တနိုင်ငံ ပညာရေးစနစ်၊ သင်ကြားပုံ၊ စာမေးပွဲစစ်နည်း၊ ပေးအပ်သည့်ဘွဲ့နှင့်အခေါ်အဝေါ်၊ ပညာရည်အဆင့်အတန်း၊ အနည်းနှင့်အများ ကွာခြားမှုရှိပါသည်။ တနိုင်ငံတည်းရှိတက္ကသိုလ်များ၌ပင် ကွာခြားမှုရှိပါသည်။ မြန်မာနိုင်ငံမှာပင် ၁၉၅၀ ခုနှစ်များတွင် ရန်ကုန်တက္ကသိုလ်ဘွဲ့ရများက မန္တလေးတက္ကသိုလ်ဘွဲ့ရများကို အင်္ဂလိပ်စာနှင့် စကားပြောညံ့သည်ဟူ၍ “ငုံ့ကြည့်ကြည့်” ခဲ့ကြပါသည်။

ဂျာမနီပြည်ရှိတက္ကသိုလ်များ၌ Doktor ဘွဲ့ရရန် မဟာဝိဇ္ဇာ/မဟာသိပ္ပံ ဘွဲ့ရပြီးနောက်၃နှစ်မှ ၅နှစ်အထိ ကြာတတ်ပါသည်။ အဆိုးဆုံးမှာ Doktervater (father of doctorate) “ဒေါက်တာဘွဲ့၏မွေးသဖခင်” ဟုခေါ်သော မိမိပြုစုမည့်ကျမ်းကိုလက်ခံ၊ အကြံပေး၊ ကြီးကြပ်၊ ညွှန်ကြားပေးမည့် ဝါရင့်ပါမောက္ခတဦး ရှာရသောဒုက္ခဖြစ်၏။ ၎င်းအ ခေါ်သည် ပါမောက္ခမများအတွက် မဆီလျော်ဟု အမျိုးသမီးများ တန်းတူ အခွင့်အရေးရရှိရေး အဖွဲ့အစည်းများ၏တောင်းဆိုမှုကြောင့် ယခုအခါတွင် Doktormutter (mother of doctorate) “ဒေါက်တာဘွဲ့၏မွေးသမိခင်” ဆိုသောအသုံးကိုပါ တွဲသုံးနေရပါသည်။

ဝိဇ္ဇာပညာရပ်တခုခုနှင့်ကျမ်းပြုလိုသူတို့အတွက် ၎င်းဒုက္ခမှာ သိပ္ပံ၊ အသုံးချသိပ္ပံပညာရပ်တခုခုနှင့် ကျမ်းပြုလိုသူတို့ထက်ပိုကြီးပါသည်။ ဘွဲ့ရရန်တင်သွင်းရမည့်ကျမ်းကို ဂျာမန်ဘာသာဖြင့် Doktorarbeit သို့မဟုတ် Dissertation ဟုခေါ်ပါသည်။ စာတမ်းစစ်ဆေးမည့်အဖွဲ့တွင် အနည်းဆုံး ဝါရင့်ပါမောက္ခ ၃ဦးပါရပြီး တဦးမှာ အခြားတက္ကသိုလ်မှဖြစ်ရပါသည်။ စာတမ်းစစ်ဆေးမည့်အဖွဲ့က ဘွဲ့ရရန် တင်သွင်း ရမည့်ကျမ်းကို လက်ခံပြီးသောအခါ မိမိစာတမ်းအတွက် ခုခံဖြေဆိုပွဲကျင်းပမည့်ရက် သတ်မှတ်ပါသည်။ ၎င်းနေ့တွင်စာတမ်းစစ်ဆေးမည့်အဖွဲ့အပါအဝင် မည်သူမဆိုတက်ရောက်ပြီး ၎င်းစာတမ်းထဲတွင်ရေးထား သမျှနှင့်ပတ်သက်သောအကြောင်းအရာများကို ပညာရှင်ပီသစွာမေးနိုင်ပါသည်။ တွေ့ကရာလျှောက်မေးပြီး ပွဲဖျက်သည့်သဘောတော့မလုပ်ရပါ။ လုပ်လျှင်လည်း ၎င်းခန်းမထဲမှနှင်ထုတ်ခံရပါလိမ့်မည်။ အားလုံးပြီးသောအခါ စာတမ်းစစ်ဆေးမည့်အဖွဲ့ က အစည်းအဝေးထိုင်ပြီး အအောင် အရှုံးနှင့် အောင် သည့်အဆင့် ကိုကြေညာပါသည်။ အဆင့်များကို အခြားနိုင်ငံများနည်းတူ လက်တင်ဘာသာဖြင့်ပင် ဖော်ပြပါသည်။

အမှတ်ပေးရာ၌ summa cum laude သည် အကောင်းဆုံးအမှတ်ဖြစ်ပြီး “အမြင့်ဆုံး ဂုဏ်ထူးဖြင့်အောင်ကြောင်း”ကိုပြသည်။

magna cum laude, သည် ဒုတိယအကောင်းဆုံးအမှတ်ဖြစ်ပြီး “အလွန်ကောင်း၏” ဆိုသောအဆင့်ဖြစ်သည်။

cum laude, သည် တတိယအကောင်းဆုံးအမှတ်ဖြစ်ပြီး”ကောင်း၏” ဆိုသောအဆင့်ဖြစ်သည်

satis bene‚ သည် “သင့်တော်၏” ဆိုသောအဆင့်ဖြစ်သည်။

rite, သည် “သင့်၏”ဆိုသောအဆင့်ဖြစ်သည်။ စာမေးပွဲအောင်ရုံအဆင့် သာဖြစ်သည်။ ဒေါက်တာဘွဲ့တပ်ခွင့်ရရုံသာရသည့် အောက်ဆုံးအဆင့်ဖြစ်သည်။

non probatum, သည် “ညံ့၏” ဆိုသောအဆင့်ဖြစ်သည်။ စာမေးပွဲကျသည်။

ဂျာမန်တို့၏ တိကျတတ်သောအကျင့်ကြောင့်ပင်ထင်ပါသည်၊ ဒေါက်တာဘွဲ့ပေးရာ၌ပင်တိကျစွာ အင်ဂျင်နီယာအတတ်ဖြင့်ရသူကို Dr. ing. စိုက်ပျိုးရေးဖြင့်ဘွဲ့ရသူကို Dr. agrar. ဝိဇ္ဇာပညာရပ်များ၊ လူမှုရေးသိပ္ပံပညာရပ်များဖြင့်ဘွဲ့ရခဲ့သူများကို Dr. phil. သိပ္ပံပညာရပ်များဖြင့်ဘွဲ့ရခဲ့သူများကို Dr. rer. nat. ပညာရေးဘွဲ့ရများကို Dr. paed. ဥပဒေပညာဖြင့်ဘွဲ့ရသူများကို Dr. jur. စသည်ဖြင့် အတိအကျ ခွဲခြားထားပါသည်။ မိမိနာမည်ရှေ့တွင် ၎င်းဘွဲ့များတပ်ခွင့်ရှိပါသည်။

ဆေးပညာဘာသာရပ်များဖြင့်ဘွဲ့ရခဲ့သူများကို Dr. med. သွားဘက်ဆိုင်ရာ ဆေးပညာဘာသာရပ် များဖြင့်ဘွဲ့ရခဲ့သူများကို Dr. med. dent. တိမွေးကုပညာဖြင့်ဘွဲ့ရသူများကို Dr. med.vet. စသည်ဖြင့်ခေါ်ပါသော်လည်း ၎င်းတို့၏ ဘွဲ့ရစာတမ်းများမှာ တနှစ်ခန့်အတွင်းပြုစုခဲ့သောကျမ်းများ သာဖြစ်သဖြင့် အခြားဘွဲ့များကဲ့သို့ ပါရဂူဘွဲ့မဟုတ်ဘဲ မဟာသိပ္ပံဘွဲ့သာဖြစ်ကြောင်း၊ အမေရိကန် တွင်ပေးသည့် M.D အင်္ဂလန်တွင်ပေးသည့် M.Sc. (Medicine) တို့နှင့်သာညီမျှကြောင်း Ph.D (Medicine) မဟုတ်ကြောင်း၊ ၎င်းတို့ကို အမည်ရှေ့မှဒေါက်တာတပ်ခေါ်ခြင်းသည် “ဆရာဝန်”ဟူသည့် အသုံးသာဖြစ်၍ ပါရဂူဘွဲ့ရမဟုတ်ကြောင်း ဂျာမန်ဆေးကောင်စီကရော ပညာရေးဝန်ကြီးဌာနကပါ တရားဝင်သတ်မှတ်ထားပါသည်။ Facharzt ခေါ် အထူးကုဆရာဝန်ဖြစ်ရန် နောက်ထပ် ၅နှစ် စာတွေ့လက်တွေ့သင်ကြားရပြီး ရေးဖြေ၊နှုတ်ဖြေ၊လက်တွေ့ အားလုံးအောင်ပြီးမှ Facharzt ခေါ် အထူးကုဆရာဝန်ဘွဲ့တပ်ခွင့်ရပါသည်။ European Research Council ကလည်း အ မေရိကန် M.D သည် Ph.D မဟုတ်ကြောင်း တရားဝင်သတ်မှတ်ထားပါသည်။

ဂျာမန်တက္ကသိုလ်များတွင် ဒေါက်တာဘွဲ့ခေါ်ပါရဂူဘွဲ့ရပြီးတက္ကသိုလ်ဆရာလုပ်သက်မည်မျှရင့်ရင့် ပါမောက္ခမဖြစ်နိုင်သေးပါ။ Habilitation ခေါ် Dr. habil. ဘွဲ့ထပ်ယူရပါသည်။ လက်တင်စကား habilitatio မှလာပါသည်။ တက္ကသိုလ်ပါမောက္ခအတွက်လိုအပ်သောအရည်အချင်းနှင့်ပြည့်စုံခြင်းဟု အကြမ်းအားဖြင့်ဘာသာပြန်နိုင်ပါသည်။ ၎င်း Habilitation ခေါ် Dr. habil. ဘွဲ့မှာဂျာမနီတွင်သာမက ပြင်သစ်၊ ဩစတြီးယား၊ ဆွစ်ဇာလန်နှင့် အချို့အရှေ့ဥရောပနိုင်ငံများတွင်လည်းရှိပါသည်။

Habilitation လုပ်လိုသောတက္ကသိုလ်ဆရာ/ဆရာမသည် Habilitationskommission ထံမှ post doctoral research လုပ်နိုင်ကြောင်းထောက်ခံချက်ရယူရမည်။ Habiltationsvater (Father of Habilitation) “တက္ကသိုလ်ပါမောက္ခအတွက်လိုအပ်သောအရည်အချင်းနှင့်ပြည့်စုံခြင်းဘွဲ့၏မွေးသဖခင်” သို့မဟုတ် Habilitationsmutter (Mother of Habilitation) “တက္ကသိုလ်ပါမောက္ခအတွက်လိုအပ်သော အရည်အချင်းနှင့်ပြည့်စုံခြင်းဘွဲ့၏မွေးသမိခင်” ရှာရမည်။ ၎င်းနောက်မိမိရေးမည့်ကျမ်းမူကြမ်းကို တင်ပြရမည်။ မိမိလုပ်ထားခဲ့သည့် သုတေသနစာတမ်းများစာရင်းနှင့် Habilitationskommission ကတောင်းဆိုပါက ကော်ပီများ တင်ပြနိုင် ရမည်။ တက္ကသိုလ်ဆရာအဖြစ်သင်ကြားပို့ချချက်များနှင့် အထောက်အထားများ၊ အကယ်၍ သုတေသန ဌာနများ၊အစိုးရဌာနများ၊ စက်ရုံစသည်များမှ လာသူဖြစ်ပါက အလားတူ အထောက်အထားများ တင်ပြနိုင်ရမည်။ လုပ်ခွင့်ရပါက တက္ကသိုလ်တွင် သုတေသီ (၂၀၀၂ ခုနှစ်မှစပြီး အချို့တက္ကသိုလ်များတွင် Junior Professor ဟုပြောင်းခေါ်ကြသည့်) ရာထူးခန့်ထားပါသည်။

သုတေသနလုပ်ပြီးရေးသားပြီးသည့်ကျမ်းကို ပုံနှိပ်တိုက်တတိုက်မှသော်၎င်း တက္ကသိုလ်တခု၏ ပုံနှိပ်ထုတ်ဝေရေးဌာနမှသော်၎င်း စာအုပ်အဖြစ်ထုတ်ဝေရပါသည်။ ၎င်း စာအုပ်ကို Habilitations-kommission က လက်ခံပြီးသောအခါ မိမိစာတမ်းအတွက် ခုခံဖြေဆိုပွဲ ကျင်းပမည့်ရက် သတ်မှတ် ပါသည်။ အားလုံးပြီးသောအခါ Habilitationskommission က အစည်းအဝေးထိုင်ပြီး အအောင်အရှုံးနှင့် အောင်သည့်အဆင့်ကိုကြေညာပါသည်။ Dr. habil ဘွဲ့ရပြီးမှသာ နေရာလွတ်ပေါ်လာလျှင်ပါမောက္ခ ္ခဖြစ်ရန်လမ်းပွင့်သွားပါတော့သည်။

ဥရောပသမဂ္ဂ European Union ပေါ်လာကတည်းက အဖွဲ့ဝင်နိုင်ငံတခုမှရခဲ့သော မည်သည့်ဘွဲ့ကိုမဆို ကျန်နိုင်ငံအားလုံးကအသိမှတ်ပြုရမည်ဟူသောအပိုဒ်ပါသဖြင့် နိုင်ငံကြီးများ ဘဝင်မမြင့်နိုင်ကြတော့ဘဲ လတ်ဗီးရားကဘွဲ့ကို UK ကအသိအမှတ်ပြုရသလို ဆိုင်းပရပ်ကဘွဲ့ကိုလည်းဂျာမန်တို့ လက်ခံရပါတော့ သည်။

ဂျာမနီနှစ်ချမ်းကွဲနေခဲ့စဉ်က အရှေ့ဂျာမနီမှအင်ဂျင်နီယာ၊ ဆေးပညာ၊ ဓာတုဗေဒ၊ စသော သိပ္ပံ၊ အသုံးချသိပ္ပံပညာရပ်တခုခု ဖြင့်ရခဲ့သောဘွဲ့များအားလုံးကို အနောက်ဂျာမနီက အသိအမှတ်ပြု လက်ခံသော်လည်း နိုင်ငံရေးနှင့်ဆက်သွယ်မှုရှိသော နိုင်ငံရေးသိပ္ပံ၊ political economy, philosophy, history စသောဘွဲ့များအားလုံးကို အသိအမှတ်မပြုလက်မခံပါ။ ၁၉၉၀ ခုနှစ်၌ ဂျာမနီပြန်လည်ပေါင်းစည်း ပြီးသည့်အခါတွင်လည်း ၎င်းမူကိုဆက်လက်ကျင့်သုံးပါသည်။ အရှေ့ဂျာမနီမှ ဝိဇ္ဇာပညာရပ်အချို့နှင့် လူမှုရေးသိပ္ပံပညာရပ်အချို့ဖြင့်ဘွဲ့ရခဲ့သူများ၏ သင်ရိုးညွှန်တန်းများ၊ ဘွဲ့ရ စာတမ်းများကို ပြန်လည် စိစစ်ပြီးမှ အချို့ကိုသာ အသိအမှတ်ပြု လက်ခံခဲ့ပါသည်။ အရှေ့ဂျာမနီတွင် ၁၉၆၉မှစပြီး Dr. habil ဘွဲ့ကို Dr. Sc. ဟု ၎င်း Promotion. B ဟု ၎င်း ပြောင်းခေါ်ခဲ့သော်လည်း ၁၉၉၀ ခုနှစ်၌ ဂျာမနီပြန် လည်ပေါင်းစည်းပြီးသည့်အခါတွင် ယခင်အတိုင်း Dr. habil ဟုပင်ပြန်ခေါ်ပါသည်။

ကျွန်တော်သိသမျှတင်ပြခြင်းဖြစ်ပါသည်။ ကျန်ရှိနေသေးသည်များ၊ လိုအပ်နေသေးသည်များရှိပါက ဖြည့်စွက်ပေးကြပါ။

Photo Credit – http://www.uni-heidelberg.de/md/zentral/jahresfeier_2011_eitel_460x175.jpg