Breaking News

နန္ဒမောင် (LLB) - လူ့အခွင့်အရေးနှင့် အင်းစိန်အကျဉ်းထောင်

အင်းစိန်ထောင် ထောင်ဝင်စာတွေ့ဌာန Mizzima News Photo


နန္ဒမောင် (LLB) - လူ့အခွင့်အရေးနှင့် အင်းစိန်အကျဉ်းထောင်

(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၂၀

အင်းစိန်အကျဉ်းထောင်တွင် ရှိသင့်သည့် အကျဉ်းသားဦးရေထက်ပိုများနေ၍ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနိုင် ဆိုသောခေါင်းစဉ်ဖြင့် ၃၁.၁၂.၂ဝ၁၉ ထုတ် မြန်မာတိုင်းမ်နေ့စဉ်သတင်းစာတွင် ဖတ်ရှုရသဖြင့် ထိုအကြောင်းအရာ များကို အချုပ်သား၊ အကျဉ်းသားနှင့် အကျဉ်းဦးစီးဌာနဝန်ထမ်းများ အသိုင်းအဝိုင်းရပ်ဝန်းတွင် လိုက်လံမေးမြန်းလေ့လာ စုံစမ်းကာ တွေ့ရ၊ ကြုံရ၊ သိရ၊ ကြားရသမျှတို့အား တင်ပြပေးလိုက်ရပါသည် ခင်ဗျား..။

ပထမဦးစွာ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးကော်မတီဝင် ဦးထွန်းမြင့်၏ “အင်းစိန် အကျဉ်းထောင်၌ အကျဉ်းသား ရှိသင့်ရှိထိုက်သည်ထက် ပိုများနေခြင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနိုင် ကြောင်း” ချင့်ချိန်တွေးဆ ခန့်မှန်းခြေပြောဆိုခြင်းမှာ အလွန်ပင်မှန်ကန်နေကြောင်းကို သိရှိခဲ့ရပါသည်။

အကျဉ်းသား ၁၂,ဝဝဝ ​​ ကျော် ရှိနေခြင်းက ရှိသင့်သည်ထက် ပိုများနေခြင်းဖြစ်သည်ဟုဆိုရာတွင် အကျဉ်းသားချည်း ၁၂,ဝဝဝမဟုတ်ဘဲ အကျဉ်းသား ၃,ဝဝဝ နှင့် ၄,ဝဝဝကြားရှိကာ အချုပ်သားများမှာ ၁ဝ,ဝဝဝ နှင့်အထက် အမြဲတမ်းလိုလို ရှိနေတတ်ပြီး အင်းစိန်အကျဉ်းထောင်တွင် နေ့စဉ်အကျဉ်းသား အချုပ်သားဦးရေသည် ၁၂,၅ဝဝနှင့် ၁၅,ဝဝဝ ကြားတွင် ရှိနေတတ်သည်ဟုသိရသည်။ ထို့အပြင်လွတ်ရက်စေ့သော အကျဉ်းသားများနှင့် တရားရင်ဆိုင်ဖြေရှင်းရန် သက်ဆိုင်ရာ မြို့နယ်အသီးသီးသို့ ရုံးထွက်သွားကြရာမှ အာမခံရသွားကြသူများနှင့် လွတ်မြောက်သွားကြရသူများလည်း နေ့စဉ်အစိုးရ ရုံးဖွင့်ရက်များတွင် အယောက် ၁ဝဝ နှင့် ၂ဝဝကြားရှိနေကြောင်းလည်းသိရှိရသည်။ 

သို့သော် အမှန်တကယ်တွင် လွတ်မြောက်သူ အကျဉ်းသား၊ အချုပ်သားဦးရေထက် ရဲစခန်းများ၊ တရားရုံးများက နေ့စဉ်ရောက်ရှိလာနေသော ကျသစ် (အကျဉ်းသားအသစ်)၊ ချုပ်သစ်(အချုပ်သားအသစ်များမှာ) အဝင်နှင့်အထွက် အဆများစွာ ကွာဟနေကာ မမျှတသဖြင့် အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းသား အချုပ်သားဦးရေသည် ရှိသင့်သည့်ဦးရေထက် နှစ်ဆသုံးဆခန့် မြင့်တက်ကာ စံချိန်တင်တိုးမြှင့်နေလျက်ရှိေလသည်။ 

ထိုသို့အကျဉ်းသား အချုပ်သားများ များပြားလာခြင်းကို ဖြေရှင်းသည့်နည်းလမ်းမှာ ကား အကျဉ်းသား၊ အချုပ်သားများ ၁၅,ဝဝဝနှင့် အထက်ရှိလာပြီဆိုလျှင် အကျဉ်းသားများကို အခြားထောင်များသို့ လွဲပြောင်းပို့ဆောင်ခြင်းနှင့် ရဲဘက်စခန်းများသို့ပို့ဆောင် ခြင်းတို့ဖြင့် ဖြေရှင်းကြသည်။ သို့ပါသော်လည်း အကျဉ်းသား အရေအတွက်ကိုသာ အကျဉ်းဦးစီးဌာနက စီမံခန့်ခွဲနိုင်သောကြောင့် အကျဉ်းသားများကို လျော့ချနေပါသော်လည်း အချုပ်သားများတိုးပွားလာခြင်းကိုကား မည်သို့မျှပင် မစွမ်းဆောင်နိုင်ပါဘဲ လက်မှိုင်ချကာ ငုတ်တုတ်ထိုင်ကြည့်နေရသော အနေအထားဖြစ်သဖြင့် ယင်းသို့အကျဉ်းသား အချုပ်သားများ စံချိန်တင်မြှင့်တက်နေမှုသည် ပြည်သူလူထုကြားတွင် ဗူးပေါ်သလိုပေါ်လာခဲ့ကာ လုံခြုံအောင်ဖုံးဖိအုပ်ထားနိုင်စွမ်း မရှိဖြစ်ခဲ့ခြင်းသာဖြစ်သည်။

ရေနှင့် မိလ္လာစနစ်ကောင်းမွန်လာသည် ဆိုရာတွင် ရေအပိုင်း၌ သန့်ရှင်းခြင်း၊ ကြည်လင်ခြင်း၊ အကန့်အသတ်မရှိ အဝသုံးနိုင်ခြင်း စသည့်အခြေခံအချက်များကြောင့် ကောင်းမွန်သည်၊ တိုးတက်လာသည်ဟု အသိအမှတ်ပြုရမည်ဖြစ်ပါ သော်လည်း မိလ္လာစနစ်တွင်မူ လူဦးရေနှင့်ယှဉ်လိုက်လျှင် အလွန်နည်းပြီး မိလ္လာတစ်ကြိမ်တက်ရန် ၁၅မိနစ်ခန့်တန်းစီ စောင့်ဆိုင်းနေရခြင်း၊ မိလ္လာများသည်အကာအရံအားဖြင့် ၂ပေခန့်မျှသာရှိပြီး တံခါးများလည်းမရှိသောစနစ်ဖြစ်သြဖင့် လုံခြုံမှုမရှိခြင်း၊ မိလ္လာကန်များသည် မကြာခဏပြည့်လျှံကာ ကားနှင့်စုပ်ယူသော စနစ်မရှိသေးဘဲ အချုပ်သား အောက်ဆင်း (အောက်ဆင်းဆိုသည်မှာ အလုပ်မလုပ်ရန် အလုပ်ဘောက်ချာ မဖြတ်နိုင်သူများကို ဆိုလိုသည်)များက တွင်းထဲမှာ ဆယ်ယူခြင်း၊ ခပ်ယူခြင်း၊ သွန်ပစ်ခြင်းနှင့် စိုက်ခင်းများအောက်ခြေရှိ မြေကျင်းများကို တူးဆွကာ လောင်းထည့်ပြီး မြေသြဇာလုပ်ယူခြင်းစနစ်များကြောင့် ထင်သလောက်ခရီးမပေါက်သေးဟု ဆိုရမည်ဖြစ်ပါသည်။

“ အစားအသောက်ပိုင်းတွင် ယခင်ကတစ်ပတ်လျှင် အသားဟင်းနှစ်ရက်သာရရှိခဲ့သော်လည်း ယခုတွင်တစ်ပတ် လျှင် အသားဟင်းလေးရက်စားရကြောင်း ” ပြောဆိုရာတွင် ထိုအသားဟင်း နှစ်ရက်မှ လေးရက်ဖြစ်ကာ တိုးတက်ပွင့်လင်း လာသယောင်ထင်မြင်ရခြင်းမှာ ကုလားကြီးနှင့် အရာကြီး ပြဿနာသာဖြစ်သည်။ အကြောင်းမှာ အသားဟင်းလေးရက် ကျွေးသည်ဆိုရာဝယ် ညနေပိုင်းများတွင်သာ တစ်ရက် တစ်နပ်၊ လေးရက် လေးနပ်ကျွေးမွေးခြင်းဖြစ်သောေကြာင့် မနက် တစ်နပ်စာ၊ ညတစ်နပ်စာနှင့် တစ်ရက်လျှင်နှစ်နပ်စာနှင့်တွက်ချက်ပါက နှစ်ရက်စာကျွေးခြင်းကို တစ်ရက်တစ်နပ် လေးရက်ခွဲကျွေးခြင်းမျိုးသာ ဖြစ်လေသည်။ အသားဟင်းများအဖြစ် အမဲသား၊ ဝက်သား၊ ကြက်သား၊ ငါးဖယ်ငါးဆုပ်၊ ကြက်ဥနှင့် တစ်ခါတစ်ရံ အလှူရှင်များ လာရောက်လှူဒါန်းလျင် အခြားသောဟင်းအမယ်များကို စားသောက်ရပြီး ပုံမှန် ကျွေးမွေးခြင်းကတော့ မနက်ပိုင်းတွင် ပဲဟင်းနှင့် ညနေပိုင်းတွင် သုံးစုံချဉ်ဟင်းဖြစ်ကာ သီးစုံဟင်းကို ထောင်အတွင်းရှိ တောင်ယာစိုက်ခင်းများရှိ သီးပင်စားပင်များက ခူးယူချက်ပြုတ်ကျွေးမွေးသည်ဟု သိရသည်။
ဆေးဝါးကုသရေးအပိုင်းတွင် သိန်းခြောက်ဆယ်ကို နိုင်ငံတော်က ထောက်ပံ့ပေးထားပါသော်လည်း ဆေးဝါးမလုံ လောက်မှုများ များစွာရှိနေသည်ဟု ပြောဆိုကြသည်။ ထောင်တွင်းရှိ အဆောင်များတိုင်းတွင် ဆေးခန်းများဖွင့်လှစ်ပေးထား ပြီး အကျဉ်းသားဆေးမှူးများ ခန့်အပ်တာဝန်ပေးထားပြီး ဆေးဝါးကုသရေးအပိုင်းကို အကောင်အထည်ဖော်ဆောင်ထား နိုင်သည်။ သို့သော် ဆေးခန်းပြလျှင် ဆေးဝန်ထမ်းမဟုတ်သဖြင့် ဆေးဝါးများနှင့် အနာရောဂါများကို တွဲစပ်မသိခြင်း၊ စိတ်မရှည်ခြင်း၊ ထောင်ဖြစ်သည့်အတွက် အော်ဟစ်ဆဲဆိုပြောဆိုမှုများရှိြခင်း၊ သောက်ဆေးများကို အခမဲ့ရသော်လည်း အပေါစားဆေးဝါးများဖြစ်ခြင်း၊ ဆေးထိုးလျှင် အခကြေးငွေပေးရခြင်း၊ ဘာဖြစ်ဖြစ် ထိုးဆေးမှာ ပိုးသတ်ဆေးများသာဖြစ်ပြီး အစွမ်းမထက်ခြင်း၊ မိုးရေရောခြင်း ပြဿနာများကြောင့် အကျဉ်းသား၊ အချုပ်သားတိုင်းတွင် အိမ်သို့မှာယူရသော၊ မိသားစုများက ပို့ထားသောဆေးဝါးများကိုသာ အားကိုးအားထားပြုကာ နေထိုင်ကြရပြီး ယင်းဆေးဝါးများကို ထောင်ဗူးဝ အဝင်တွင် ရှာဖွေရေးများက တစ်ခါတစ်ရံ သိမ်းယူတတ်ကြသည်ဟုသိရသည်။ ဆေးဝါးများ ပါဆယ်ပို့သည့်အခါတွင်လည်း လက်မခံသည့် ဝန်ထမ်းများရှိနေကြောင်းသိရှိရသည်။

ဧည့်တွေ့အပိုင်းတွင်မူ တန်းတူညီမျှမှုမရှိသေးဘဲ ခွဲခြားဆက်ဆံခံရခြင်းများရှိနေေသးကြောင်း ကြားသိရသည်။ စာရွက်ကြီးခေါ်ဘောက်ချာကြီးများ၊ နာမည်ကြီးပုဂ္ဂိုလ်များ၊ ငွေကြေးချမ်းသာသူများ၊ အခန်းလူကြီးနှင့်စည်းကမ်းထိန်းများ အတွက်၊ ဧည့်တွေ့သန့်နေရာများကို သီးသန့်ဖယ်ထားပြီး ထိုနေရာများတွင် အခြားသူများပြောဆိုခွင့်၊ ဧည့်သည်တွေ့ ဆုံခွင့်များမရရှိဘဲ သာမန်အကျဉ်းသား၊ အချုပ်သားများသည် တစ်ကန့်တွင် နှစ်ဦးထိုင်ရကာ ယင်းစာရွက်ကြီးနေရာများ တွင်တော့ တစ်ကန့်လျှင်တစ်ဦးသာ ပြောဆိုကြသည်ဟုဆိုသည်။ ထို့အပြင် ဧည့်တွေ့ရန်စောင့်ဆိုင်းရချိန်မှာ နှစ်နာရီမှ သုံးနာရီ ကြာအောင်စောင့်ဆိုင်းရပါသော်လည်း ဧည့်တွေ့ခွင့်မှာ မိနစ် ၂၀ သာဖြစ်သဖြင့် အဆင်မပြေကြကြောင်း ကြားသိ ရသည်။ ထိုအခါ အဆင်ပြေရန်နည်းလမ်းများ ရှာကြံကြကာ အချိန်ပိုပြောဆိုကြပြီး အချိန်ပို မိနစ် ၃၀ ထပ်ပြောလိုလျှင် ထိုဧည့်တွေ့ထောင်ကို ကြီးကြပ်သော ဝန်ထမ်းများအပေါ်မူတည်ပြီး အချိန်ပိုတစ်ချိန်လျှင် ၂ဝဝဝ ကျပ် ၃ဝဝဝ ကျပ် ယခင်က ၅ဝဝဝ ကျပ်အထိရှိခဲ့ပြီး အင်းစိန်အကျဉ်းထောင် ဧည့်တွေ့ထောင်သည် မိသားစုဝင်များ အချင်းချင်း တွေ့ဆုံစကားပြောဆိုမှုကို (section)ဆက်ရှင်ကြေးနှင့်ယူသော မာဆတ်ခန်း၊ ကေတီဗီခန်း၊ တည်းခိုခန်း၊ ဟိုတယ်ခန်းများကဲ့သို့ ဝေဖန်ပြောဆိုနေမှုများလည်းရှိသည်။

ယင်းသို့ ကော်မတီဝင်များ၊ အင်းစိန်ထောင်အတွင်းသို့ သွားရောက်ခဲ့ကြစဉ်က အကျဉ်းသား၊ အချုပ်သားများ နေထိုင်ကြရာ အဆောင်အခန်းများဘက်သို့ ဝင်ရောက်ကြည့်ရှုစစ်ဆေးခြင်း၊ တွေ့ဆုံဆွေးနွေးမေးမြန်းခြင်းများ မရှိခဲ့သည့် အတွက် တစ်မနက်လုံး လူကြီးလမ်းကြောင်းရှိသည်ဟုဆိုကာ ဆင်းရဲဒုက္ခများစွာခံလျက် တန်းစီစောင့်ဆိုင်းပြီးအခန်းများ၊ အဆောင်များကို ရှင်းလင်းထားခဲ့ကာ စောင့်ဆိုင်းနေခဲ့ကြပါသော်လည်း လမ်းမကြီးများပေါ်တွင်သာ ပင်နီတိုက်ပုံများဖြင့် အုပ်စုလိုက် လမ်းလျှောက်သွားခဲ့ကြသည်ကို တွေ့မြင်ကြရကြောင်း၊ တွေ့ဆုံခွင့် တင်ပြဆွေးနွေးခွင့်များမရသဖြင့် စိတ်မကောင်းဖြစ်ကာ ဝမ်းနည်းကြကြောင်းပြောဆိုကြသည်။

သို့သော် ဧည့်သည်မှာ ဧည့်သည်သာဖြစ်သည်။ အိမ်ရှင်က လိုက်လံပြသမှသာ ကြည့်ရှူခွင့်ရမည်ဖြစ်သည်။ ထိုအကြောင်းကိုလည်း ကော်မတီဝင်ကြီး ဦးထွန်းမြင့်က “ အဖွဲ့အား အကောင်းဆုံးနေရာများသို့ လိုက်လံပြသသော် လည်း မပြင်နိုင်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေနိုင်ကြောင်း” ကို ဝန်ခံပြောကြားခဲ့ပြီးဖြစ်လေသည်။ ထို့ကြောင့် လိုက်လံပြသသည်ကိုသာ ကြည့်ရှူသည့်အဖွဲ့အစည်းကော်မတီအဆင့် မဟုတ်ဘဲ၊ ဘယ်နေရာကိုကြည့်ချင်တယ်၊ ဘယ်သူနဲ့ တွေ့ဆုံချင် တယ်၊ ဘယ်လိုပုံစံနဲ့ စည်းဝေးဆွေးနွေးချင်တယ်ဟု ညွန်ကြားနိုင်စစ်ဆေးနိုင်သော အဖွဲ့အစည်း ကော်မတီများ၊ ပုဂ္ဂိုလ်များကသာ သွားရောက် စစ်ဆေးစုံစမ်းသင့်လှပါကြောင်း အသိပေးတင်ပြအပ်ပါသည်ခင်ဗျား။ ။