Breaking News

မောင်စွမ်းရည် - ဆရာတိုက်စိုးကို လွမ်းပါဘိ


မောင်စွမ်းရည် - ဆရာတိုက်စိုးကို လွမ်းပါဘိ

(မိုးမခပြန်လည်ဆန်းသစ်၊ မတ် ၂၀၁၄)
မိုးမခ၊ အောက်တိုဘာ ၂၄၊ ၂၀၁၉

နိုင်ငံခြားမှာ စာသမားပေသမား အလွန်နည်းလှပါတယ်။ ငယ်ပေါင်းကြီးဖေါ်စာသမားဆိုတာမျိုးက သူငယ်ချင်းတင်မိုး ကွယ်လွန်သွားပြီး ကတည်းက တမ်းခန်းမရှိ၊ လွမ်းခန်းပဲရှိပါတော့တယ်။ တခါတရံ အိမ်လွမ်းတဲ့အခါများမှာ ကိုယ့်ဆွေမျိုးသားချင်း အရင်းအချာတွေလဲပါရဲ့၊ အထူးသဖြင့် စာသမားပေသမားတွေ အတွဲလိုက်အမြှင်တန်းပြီး ပါလာတော့တာပါပဲ။

ရန်ကုန်မှာ လူကြီးသူမထဲက စာအကြောင်းပေအကြောင်းပြောလို့ လေပေးအမြင့်ဆုံးကတော့ ကျနော်အဖို့ ဆရာတိုက်စိုးပါပဲ။ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာမောင်ထင်၊ ဆရာပါရဂူ၊ ဆရာဒဂုန်တာ စတဲ့လူကြီးသူမတွေလဲ မကြာခဏဆိုသလို မာကြောင်းသာကြောင်းနဲ့ စာကြောင်းပေကြောင်းတွေကို ပြောမိကြပေမဲ့ ဆရာတိုက်စိုးနဲ့ပြောရသလောက် စည်းဝါးမကိုက်လှပါဘူး။ ကဗျာဆရာကြီး ဒဂုန်တာရာ နဲ့ပြောရရင် စည်းဝါးကိုက်မှာလားလို့ ထင်စရာရှိပါရဲ့။ အယူအဆလဲ ကွဲလွဲစရာမရှိလှပါဘူး။ ဒါလဲပဲ ဆရာတာရာက အပြောထက် အကြားကိုအလေးပေးသူပါ။ နှုတ်စောင့်စည်းတယ်လို့ပြောရမလားမသိ။ ကျနော်တို့ကတော့ ကိုယ်ထင်ရာမြင်ရာကို ကိုယ်နဲ့ရင်းနှီးသူတွေ ရှေ့မှာ တယ်ပြီးထိန်းချုပ်လှတယ်မရှိပါဘူး။ ကိုယ်ပြောချင်ရာပြောလိုက်တာပါပဲ။

ဆရာတိုက်စိုးကတော့ ရင်းနှီးသူချင်းဆိုရင် စာပေအယူအဆသာမက နိုင်ငံရေးအယူအဆရော လူမှုရေးအယူအဆရော၊ ရှေးဟောင်း နှောင်းဖြစ်တွေရော ပွင့်ပွင့်လင်းလင်းပြောတော့တာပါ။ ဒီအမူအရာမျိုးကတော့ တကယ့်ကို ဗမာဆန်တယ်လို့ထင်ပါတယ်။ ဒါပေမဲ့ သူက“ဘိလပ်ပြန်” တယောက်ပါ။ စာကြည့်တိုက်ပညာကို အင်္ဂလန်ကသင်ယူလာသူတဦးပါ။ ဆရာ “ကေ” ခေါ် ဆရာဦးခင်ဇော်၊ ဆရာဇောဂျီခေါ် ဆရာဦးသိန်းဟန်တို့လိုပါပဲ။ ဗမာပြည်အဖို့ စာကြည့်တိုက်က အရေးကြီးတယ်ဆိုတဲ့ အယူအဆနဲ့ သူများတွေယူခဲ့တဲ့ စာကြည့်တိုက်ပညာဆိုင်ရာဘွဲ့ကို ယူခဲ့သူတဦးဖြစ်ပါတယ်။ ဗမာပညာတော်သင်တော်တော်များများက ဘိလပ်ကနေ အုပ်ချုပ်ရေးပညာ၊ ဆရာဝန်ပညာ၊ စက်မှုပညာတို့လို ဝင်ငွေကောင်းတဲ့၊ ထင်ပေါ်တဲ့ပညာရပ်ဆိုင်ရာဘွဲ့လက်မှတ်တွေကိုပဲ ယူချင်ကြတာမဟုတ်လား။ အဲသလိုဘိလပ်ပညာသင်ဖြစ်လို့ တခါတရံ ဗိုလ်ဆန်တယ်လို့ သူ့အပေါင်းအသင်းတချို့က မှတ်ချက်ချပါတယ်။

တခါကဆရာတိုက်စိုးဗိုလ်ဆန်ပုံကို ကိုယ်တွေကကြုံခဲ့ရပေမဲ့ အစကတော့ ဗိုလ်ဆန်မှန်းမသိဘူးပေါ့။ သူနဲ့ရင်းနှီးတဲ့ ကိုကျော်အောင်တို့ ကိုမင်းကျော်တို့က ပြောပြမှ ဒါဟာဗိုလ်ဆန်တဲ့အမူရာလို့သိရတာပါ။ တခါက ကျနော်မန္တလေးကနေ ရန်ကုန်ကိုအလည်ရောက်သွားပါတယ်။ ဆရာတို့ဇနီးမောင်နှံက ကျနော့်ကို ဟော်တယ်တခုမှာ ထမင်းဖိတ်ကျွေးပါတယ်။ ရန်ကုန်မှာကျနော့်ကို ပထမဆုံး ထမင်းဖိတ်ကျွေးသူကတော့ ဆရာဇော်ဂျီပါ။ ဆရာဇော်ဂျီက သူ့အိမ်မှာပဲ ဖိတ်ကျွေးတာပါ။ ဆရာ့အမူအရာမှာ ဗိုလ်ဆန်တာလို မတွေ့မိပါဘူး။ ထမင်းဖိတ်ကျွေးတာနဲ့ ဗိုလ်ဆန်ရသလားဗျာလို့ ကိုမင်းက ကျနော်တို့ကိုမေးတော့ ကိုမင်းကျော်က “ဆရာတိုက်စိုးဖိတ်တာ ခင်များတယောက်တည်းမဟုတ် လား” တဲ့။ ပြီးမှ “ခင်များဖိတ်ချင်သူတွေလဲ ဖိတ်ပါ” လို့ပြောတယ် မဟုတ်လား”တဲ့။ အဲဒါဗိုလ်ဆန်တာပေါ့။ သူကခင်များကိုပဲ ဂုဏ်ပြု ဖို့ဖိတ်တယ်ဆိုရင် သူ့ဘက်က တယောက်မှဖိတ်မထားဘူး။ “ခင်များဖိတ်ချင်သူဖိတ်ပါလို့ပြောတယ် ဒီတော့ခင်များကဘယ်သူတွေကို ဖိတ်ပါလို့ စာရင်းပြန်ပေးရတယ်မဟုတ်လား” လို့ပြောပါတယ်။ “ဟုတ်တယ်။ ဒါနဲ့ကျနော်ကလဲ ဆရာဖိတ်ချင်သူသာ ဖိတ်ပါဆရာ” လို့ ပဲပြန်ပြောလိုက်တယ်။ ဒီတော့ ဆရာတိုက်စိုးက ခင်များကို ဦးစားပေးဖိတ်ကြားတာဆိုရင် ခင်များဖိတ်ချင်သူ ဖိတ်ရပါတယ်။ ကျနော်တို့က ဇနီးမောင်နှံနှစ်ဦးပဲ။ ဘယ်သူမှမဖိတ်ပါဘူးတဲ့။ ဒါနဲ့ကျနော်ကလဲ တင်မိုးနဲ့စာရေးဆရာမင်းကျော်ကိုပဲ ဖိတ်ခဲ့တယ် (ထင်ပါတယ်)။ အဲဒါ ဗိုလ်ဆန်တာဆိုကိုး။

ကျနော်ရန်ကုန်ရောက်ရင် စမ်းချောင်းထဲမှာ ဆရာငှားနေတဲ့အိမ်ကို မရောက်ရောက်အောင် အလည်သွားပါတယ်။ အဲဒီတုန်းက စာရေးဆရာမ တက္ကသိုလ်မြစိမ်းနဲ့ အိမ်ထောင်မကျသေးဖူးထင်ပါတယ်။ အရင်အိမ်ထောင်က ကျန်တဲ့သမီးတဦးနဲ့ပဲနေတာ်ထင်ပါတယ်။ ကျနော်ရန်ကုန်ပြောင်းလာတော့ ဆရာတိုက်စိုးက မြေနီကုန်းထဲကို ပြောင်းလာခဲ့ပါပြီ။ အဲဒီအိမ်မှာဆရာက ကျနော့်ကို သူ့ဆီလာတဲ့ ဧည့်သည်နှစ်ဦးနဲ့ မိတ်ဆက်ပေးခဲ့ဖူးပါတယ်။ တဦးကသံအမတ်ကြီး ဦးသက်ထွန်းထင်ပါတယ်။ တဦးကတော့ ကျနော်အသေအချာ မှတ်မိတယ်။ လေထီးဦးအုန်းမောင်ပါ။ လေထီးဦးအုန်းမောင်ကိုတော့ မမှတ်မိစရာမရှိပါဘူး။ သူတို့ချင်းက ရုပ်အသွင်လဲတူပါတယ်။ အသား အရေကလဲတူတယ်။ အောက်သားတွေဆိုပေမဲ့ ကျနော်တို့ထက်တောင် ညိုတယ်ထင်ပါတယ်။

ဆရာတိုက်စိုးနဲ့ လေထီးဦးအုန်းမောင်တို့က ဖျာပုံမှာငယ်သူငယ်ချင်းတွေတဲ့။ စတုတ္ထတန်းကတည်းက အတူနေလာခဲ့ကြသတဲ့။ ဒါကြောင့် တယောက်နဲ့တယောက် မင်းနဲ့ငါနဲ့ပြောဆိုကြပြီး ခေါ်ကြတော့လဲ “သန်းထွတ်”တဲ့၊ “အုန်းမောင်”တဲ့။ ဦးအုန်းမောင်နဲ့ကျနော်လဲ အဲဒီကစပြီး ရင်းနှီးသွားခဲ့တာ နောင်အခါဆွေမျိုးရင်းချာလို ဖြစ်သွားပါတယ်။ ဆရာတိုက်စိုးဟာ ဆရာဦးအုန်းမောင်ရဲ့အိမ်ကို ဧည့်ရှုပ်လို့ သွားလေ့မရှိဘူး။ သူ့အိမ်ကိုပဲ ဖိတ်ခေါ်လေ့ရှိပါတယ်။ ကျနော်တို့ကတော့ ဦးအုန်းမောင်ရဲ့အိမ်ကို သခင်အုန်းမြင့်နဲ့ရော တခြားလူတွေနဲ့ပါ အသွားအလာ အဝင်အထွက်များပါတယ်။

ဆရာတိုက်စိုး ပထမတော့ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် (ပိဋကတ်တိုက်) မှာ စာကြည့်တိုက်မှူး (ပိဋကတ်တိုက်စိုး) လုပ်ပါတယ်။ ရှေးကစာကြည့်တိုက်မှူးကို ပိဋကတ်တိုက်မှူး၊ ပိဋကတ်တိုက်စိုး စသဖြင့်ခေါ်တယ်လို့မှတ်သားရဖူးပါတယ်။ “တိုက်စိုး”ဆိုတဲ့ ကလောင် နာမည်ကို “ပိဋကတ်တိုက်စိုး” ဆိုတဲ့စကားလုံးက ယူတာလို့လည်း ကြားရဖူးပါတယ်။ ဆရာတိုက်စိုးက ဗိုလ်ချုပ်သောင်းစိန်ယဉ်ကျေးမှုဌာန တာဝန်ခံဖြစ်လာတော့မှ ယဉ်ကျေးမှုနဲ့ပြတိုက်ဌာနမှာ ညွှန်ကြားရေးမှူးချုပ်ဖြစ်လာခဲ့တာပါ။ အဲဒီအချိန်မှာ လေထီးဦးအုန်းမောင်က ထောင်ကကျွန်းကျ လွတ်လာသတဲ့။ ကွန်မြူနစ်တောခိုပြန် ထောင်ထွက်တဦးဖြစ်တဲ့ ဦးအုန်းမောင်လိုပုဂ္ဂိုလ်မျိုးကို အစိုးရရာထူးကြီးကြီးယူ ထားသူများက အရင်ဘယ်လောက်ရင်းနှီးရင်းနှီး တွေ့ဆုံဆက်ဆံဖို့ ဝန်လေးကြတယ်ထင်ပါတယ်။ ဆရာတိုက်စိုးကတော့ ယဉ်ကျေးမှု တာဝန်ခံ (ဝန်ကြီး) ဦးသောင်းဒန်ဆီကို စာတင်သတဲ့။ ဦးအုန်းမောင်နဲ့ကျနော်နဲ့ဟာ ငယ်သူငယ်ချင်းတွေဖြစ်လို့ တွေ့ဆုံဆက်ဆံခွင့်ပြုပါ” လို့။ ဗိုလ်ချုပ်သောင်းဒန်ကလဲ ကြည်ကြည်ဖြူဖြူပဲ ခွင့်ပြုရှာပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ဦး လွတ်လွတ်လပ်လပ်ဆက်ဆံခွင့်ရခဲ့ပါတယ်။ ကျနော်သိရသလောက် ဆရာတိုက်စိုးရဲ့အချစ်ဆုံးသူငယ်ချင်းဟာ လေထီးဦးအုန်းမောင်ပါပဲ။

ဆရာတိုက်စိုးအငြိမ်းစားယူတော့ သူနောက်ဆုံးနေသွားတဲ့ ကိုယ်ပိုင်အိမ်မှာ တလတခါ၊ နှစ်လတခါဆိုသလို ထမင်းကျွေးလေ့ရှိပါတယ်။ ဘီယာများလဲပါပါတယ်။ ဦးအုန်းမောင်အမှူးပြုပြီး ဆရာပါရဂူ၊ဆရာတာရာ၊ သခင်အုန်းမြင့်၊ ဆရာ ဦးသော်အောင်းစတဲ့ ဆရာရဲ့မိတ်ဆွေရင်းများနဲ့အတူ ကျနော့်ကိုလဲ (လူရာသွင်းပြီး) ဖိတ်ရှာပါတယ်။ လေထီးဦးအုန်းမောင်က တခါတလေ လူပိုပါလာတတ်ပါတယ်။ နိုင်ငံရေးလောကထဲကလူငယ်တွေပါ။ အဲဒီအခါမျိုးမှ ဆရာတိုက်စိုးက “ဟေ့-အုန်းမောင် မင်းကောင်တွေမခေါ် ခဲ့နဲ့ကွာ” လို့ ခပ်ရင့်ရင့်ပြောလေ့ရှိပါတယ်။ ဦးအုန်းမောင်တို့က နိုင်ငံရေးသမားဆိုတော့ လူပေါင်းစုံနဲ့ပေါင်းလေ့ရှိတာကိုး။

ကျနော်မန္တလေးမှာနေတုန်းက လူထုသတင်းစာမှာ “ဘွက်ခ်ရီးဗျူး”- စာအုပ်ဝေဖန်ခန်းကို တာဝန်ယူရေးသားပါတယ်။ အဲဒီတုန်းက ဆရာမင်းယုဝေက ငွေတာရီမဂ္ဂဇင်းနဲ့ ငွေတာရီစာစဉ်ထုတ်ဝေသူပါ။ ငွေတာရီမဂ္ဂဇင်းဆိုတာ ကွယ်လွန်သူသူ့ဇနီး ကဗျာဆရာမ ငွေတာရီရဲ့ အမည်ကို အမှတ်တရယူပြီး တည်ထောင်ဂုဏ်ပြုတာပါ။ ငွေတာရီစာအုပ်တိုက်က ကနဦးထုတ်ဝေတဲ့ စာအုပ်တွေထဲမှာ “တိုက်စိုးနှင့် မင်းယုဝေ” ရေးသားပြုစုတဲ့စာအုပ်တွေ တော်တော်ပါဝင်ခဲ့ဖူးပါတယ်။ သူတို့စာအုပ်တွေထုတ်ရင် ကျနော်က လူထုသတင်းမှာ သုံးသပ်တင်ပြ လေ့ရှိပါတယ်။ နောက်ပိုင်းမှာ သူတို့ထုတ်သမျှ စာအုပ်တွေကို ပို့ပေးလေ့ရှိပါတယ်။ အဲဒီကာလမှာ စာအုပ်ကောင်းတွေထုတ်လေ့ရှိတယ်။ ပုဂံစာအုပ်တိုက်နဲ့ငွေတာရီစာအုပ်တိုက်က စာအုပ်တွေကို ကျနော်က အထူးပြုပြီး သုံးသပ်တင်ပြလေ့ရှိပါတယ်။ သူတို့ရေးတဲ့အကြောင်း အရာတွေက အများအားဖြင့် စာဆိုအတ္ထုပတ္တိအတိုလေးများ ဖြစ်ပါတယ်။ တခါတရံ မင်းတုန်းမင်းလို- တဦးတည်းအကြောင်းလဲရေးပါတယ်။ အက်ဆေးများလဲရေးလေ့ရှိပါတယ်။ တိုက်စိုးက ဝါကျတိုစိလေးတွေရေးလေ့ရှိလို့ “တိုက်စိုးနဲ့တိုနံ့နံ့” ဆိုပြီး လူပြောများခဲ့ပါတယ်။ ကျနော် ကတော့ ဆရာ့အရေးသားတွေထဲမှာ “ဖြစ်သောကြောင့်ဖြစ်သည်” ဆိုတဲ့ ဝါကျအဆုံးသတ်တွေကို ခိုးလို့ခုလု ခံစားရပါတယ်။ ထုတ်ဖော်ဝေ ဖန်မိသလားမေ့နေပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာဟာ စာဖတ်များသူ၊ စာဖတ်ဝါသနာကြီးသူတဦးဖြစ်တာ သေချာပါတယ်။ အဖတ်ဝါသနာကြီး လွန်းလို့ပဲ စာကြည့်တိုက်ပညာကို သင်ယူပြီး စာကြည့်မှူးအလုပ်ကို လုပ်ခဲ့တာသေချာပါတယ်။ တသက်လုံး ကိုယ့်ဝါသနာပါရာကို ကိုယ် လုပ်ခွင့်ရသွားခဲ့တယ်ဆိုတာ အလွန်ကုသိုလ်ထူပါတယ်။ ကျနော်ကစာကြည့်တိုက်မှူးဖြစ်ချင်ခဲ့ပေမဲ့ အသက် ၅၀ကျော်မှ စာကြည့်တိုက်ပညာ သင်ယူခွင့်ရပါတယ်။

ကျနော်စာကြည့်တိုက်ပညာသင်ယူတော့ ဆရာက စာကြည့်တိုက်ပညာပို့ချသူတွေထဲမှာ ပါဝင်ပါတယ်။ ရည်ညွှန်းစာပေအကြောင်းကို ပို့ချပါတယ်။ ကျောင်းသားဖြစ်သူကျနော်က စာမေးပွဲဖြေတော့ ရည်ညွှန်းဘာသာရပ်မှာလဲ ဂုဏ်ထူးရပြီး ကျမ်းပြုရာမှာလဲ ဂုဏ်ထူးရပါတယ်။ ဆရာတို့စစ်ဆေး အမှတ်ပေးခဲ့တာပါ။ ကျနော်အသက်ကြီးမှ ကလေးတွေနဲ့ မရှက်မကြောက် တပည့်ခံတာကို ဆရာကသဘောကျ ပုံလဲရပါတယ်။ ဒါပေမဲ့ အများအားဖြင့် ဆရာငယ်လေးတွေက သင်တုန်းပို့ချနေတာဆိုတော့ ဌာနမှူးဦးသော်ကောင်းက ကျနော့်ကိုအားနာပြီး ဆရာတိုက်စိုး၊ ဆရာထင်လင်းစတဲ့ ဆရာကြီးများကို ပြန်ဖိတ်ခေါ်ပို့ချဖို့ စီစဉ်ပေးရလို့ အတော်အလုပ်ရှုပ်သွားခဲ့ပါတယ်။

ဆရာကွယ်လွန်ခါနီး ဆေးရုံတတ်ရတော့ ကျနော်သွားတယ်။ ဆရာရှေ့မှာပဲ လူထုဒေါ်အမာဆီက ဖုန်းလာလို့ ဆရာ့ကိုဖုန်းလွှဲပေး ရပါသေးတယ်။ ဆရာ့ရဲ့လည်ပင်း ယာဖက်မှာ ကင်ဆာအကြိတ်နှစ်ခုထွက်နေတာ တွေ့ခဲ့ရပါတယ်။ ဆရာကတော့ သူ့မူအတိုင်း သရော် တော်တော်ပြုံးလျက်ပါတယ်။ စကားပြောတော့လဲ ဆရာမောင်ထင်လိုပဲ သရော်တော်တော်ပါပဲ။ ထူးခြားချက်ကတော့ အမှတ်တရဖြစ် နေမိပါတယ်။ လေထီးဦးအုန်းမောင်မှာလဲ အလားတူပဲ ကင်ဆာအကြိတ်နှစ်ခုပေါ်ပြီး ကွယ်လွန်ခဲ့ပါတယ်။ တကယ့်အမွှာမွေးတွေလိုပါပဲ။ ဆရာတို့နှစ်ယောက် နောင်ဘဝမှာလဲ သူငယ်ချင်းတွေဖြစ်ကြပါစေ၊ အနာရောဂါကင်းကြပါစေ။

မောင်စွမ်းရည်