Breaking News

စစ်ငြိမ်းအေး - တရုတ် မြန်မာ နှစ် (၇၀) - တဖက်စောင်းနင်းတော့မဲ့ အနာဂတ် (၂)


စစ်ငြိမ်းအေး - တရုတ် မြန်မာ နှစ် (၇၀) - တဖက်စောင်းနင်းတော့မဲ့ အနာဂတ် (၂)

(မိိုးမခ) ဇန်နဝါရီ ၂၇၊ ၂၀၂၀

နိဂုံး
"လိမ်တယ် ညာတယ်၊ လူညာကြီးရယ်၊ ' မယုံ ' အောင် ဖြီးတတ်တယ် "
မီးစတဖက်- ရေမှုတ်တဖက်နဲ့ တရုတ် လူလိမ်ကြီးကတော့ 'ရိတ်မိပြီ- ပြောင်ပြောင်ဘဲ'။
ယုံချင်ယုံ မယုံချင်နေ တရုတ်တန်းဈေးက အဖြစ်ကလေး၊

" နယ်စပ်က အဖွဲ့တွေကို လက်နက် ထောက်ပံ့တာ မရှိပါဘူး " တဲ့ဗျ။ တာလီဘန်တွေရဲ့ လက်ထဲမှာ၊ အစ္စလမ်းမစ် အိုင်းဆက်တွေ တိုက်ကြတာ လက်နက်အမျိုးစုံ ရှိနိုင်သလို၊ မြန်မာပြည်ရဲ့ အရှေ့၊အရှေ့မြောက်ဖျား ပုန်ကန်နေတဲ့ အဖွဲ့တွေ ဆီမှာလည်း အစုလိုက်၊ အပြုံလိုက် တရုတ်လက်နက်တွေ ရှိနိုင်တာပေါ့၊လက်နက်ကုန်သည်ပွဲစားတွေ ဘယ်သွား ထားမလဲ။

နို့ ... တရုတ်ကြီး မထောက်ပံ့ပါဘဲနဲ့ ဒီလူတွေက ဘယီ့နှယ် ဘယ့်နှယ် သူ့ဩဇာခံ ဖြစ်နေရတာတုန်း။ မအလချုပ်က ကူညီပါဗျာ၊ အဆိုရှိလေတော့ "ထားလိုက်စမ်းပါကွာ ဒီလူတွေ ငါပိုင်ပါတယ်" လို့ လူကြားအောင် မပြောရုံ တမယ်ဘဲ။ နားထောင်ရင်းနဲ့ အိပ်ပျော်ရင်းတောင် အထင်းသားပေါ်နေ၊ပြီး၊ လောကွတ်ချော် သူ့စကားက ဘယ်ကိုများ ဦးတည်နေပါသလဲ၊

"နိုင်ငံတကာမှာ မြန်မာဘက်က ဆက်လက် ရပ်တည် ထောက်ခံမယ်"

အသွားမသိ၊ ယုံမိမိုက်မှား ၊ အားရှိစရာကြီးပါဘဲလား။

'ကြောင်ဘားကြီးရဲ့ မြီးတံရှည်၊' နဝေတိမ်တောင်၊ အူကြောင်ကြောင် တချို့လူတွေ ထင်မှတ်မှားပေလိမ့်။ လူထုအတွက် မပါ၊ လူထုက မကြိုက်ပါဘူး ဆိုနေတယ်၊ မကြားချင်ယောင် တမင်ဆောင်နေရော့သလား၊ မသိဘူး မထင်နဲ့၊ ဒီနေရာမှာတော့ ခွဲခြားခွဲခြား၊ ' တဖက်ထဲသာ ပြတ်အောင် လှီးမဲ့ ဓား '၊ ဒို့နိုင်ငံမှာ ပြည်သူ့ဒီမိုကရေစီ'က 'တသွေး၊ တသံ၊ တမိန့်အောက်က မလွတ်သေး၊ အာဏာရှင်နဲ့ ဒီမိုကရေစီ မတည့်အတူနေ ဘဝ။

လူထုအစိုးရနဲ့ စစ်အစိုးရ၊ နှစ်ဖွဲ့က စင်ပြိုင်၊ မြန်မာဘက် ဆိုတာ ဘယ်အဖွဲ့နဲ့ ဆိုင်ပါသလဲ။

၂၀ဝ၃၊ လမ်းပြမြေပုံ ၇-ချက်တွေ၊ ဘာတွေ ဝေ့နေလိုက်တာ၊ အမှန်တော့ " ၂၀ဝ၈၊ နာဂစ်ဥပဒေကို ထောက်ခံတယ်၊ စစ်ဗိုလ်ချုပ်တွေကို အားပေးတယ်" ကြေငြာလိုက်တာပါဘဲ၊

ရှင်းရှင်းလေးဘဲ ပြောမယ်-သွားတော့ ဒီမိုကရေစီ။ (ဒီမိုကရေစီကို ဖျက်မယ်ကြံလို့ ဟောင်ကောင်မှာ ဆက်တိုက်ဆန္ဒပြနေကြတာတွေ လတွေချီကြာ ဘယ်မှာ ဆုံးမယ်မသိ။) လာသေးတယ် သာအေးရယ်၊ သူ့ကျတော့ 'ပြည်တွင်းရေး၊ ဝင်စွက်ဖက်တာ လက်မခံ၊ မူကြီး ၅ ရပ်နဲ့' တဲ့။ လျှာအရိုးမရှိ၊ ရှည်လိုက်ပြန်။

သနားပါတယ်နော်၊ ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ရေး မူကြီးထဲမှာ တိဗက်တွေ ပါရှာလေဟန် မတူဘူး။သူ့ဘက်က လေတွေထန်၊ အသွားနဲ့အပြန် မြန်မာဖက်က ဘာတွေများ ထောက်ခံလိုက်ပါသလဲ။

တရုတ်ကြီးရဲ့" တနိုင်ငံတည်း မူဝါဒ " ။ တိဗက်က သူ့လှောင်အိမ်ထဲမှာ၊ ရှင်ကျန်းက သူ့ အကျဉ်းထောင်ကြီး၊ အဲဒါ သူ့ကျွန်းနဲ့ သူ့နိုင်ငံ တသီးတခြားထိုင်ဝမ်ကို သူပိုင်တယ်လို့ လုပ်နေပြန်ပါပေါ့၊( ထိုင်ဝမ်ဆိုတာ တခါက
မော်၊ တပ်နီတွေကို မလှန်နိုင်လို့ ၊ ချန်ကေရှိတ်၊ တရုတ်ဖြူတွေ ဆုတ်ခွါ ခိုလှုံရာ ကျွန်းနိုင်လေး။ တနေ့ဆီလေးကဘဲ မကြုံဖူးတဲ့ မဲများစွာနဲ့ ဒီမိုကရေစီအစိုးရဘဲ အောင်ပွဲခံခဲ့တာ။)

ရပ်ဝန်း၊ ပိုးလမ်းမ (နယ်ချဲ့ဝါဒ) မှာ မြန်မာကို ထည့်ထားတာကိုက တရုတ်အစိတ််အပိုင်းအဖြစ် သိမ်းသွင်းရာ ရောက်နေပေါ့ဆို၊ မြန်မာက ဒီမိုး၊ ဒီလူတွေနဲ့ဖြင့် ခက်ပြီ၊ အမျိုးပျောက်မှာ စိုးကြောက်ပါလှသည်၊

ထိုင်ဝမ် မတိုင်ခင် တရုတ်ကြီးရဲ့" တနိုင်ငံတည်း" မှာ ပါသွားရပါချိမ့်ဦးမည်။ ဒို့မြန်မာများမှာလည်း စစ်ဗိုလ်တွေက သစ္စာမရှိ၊ ပြေးစရာမြေ မရှိ၊ ရွေးစရာအခြေအနေကလည်း တခြားမရှိ၊ အတိဒုက္ခ။ဒုက္ခ။

အနှစ် ၅၀- ကျော် စစ်အာဏာရူးတွေ နှိပ်စက်လို့ ချွတ်ခြုံကျနေတဲ့ လူမမာကြီး နာလန်ထကာစ၊ အားအင်ချိနဲ့လို့ကိုယ့်ဖာသာပင် မရပ်နိုင်သေးတဲ့ဘဝ၊ ပညာရှင်တွေ ပြောကြပြီ။ ဘေးမှာ မိုင် ၂၀ဝ၀ ကျော် ထိစပ်နေတဲ့ နိုင်ငံ၊ အမေရိကန်နဲ့ ရင်ဆိုင်၊ယှဉ်ပြိုင်နိုင်စွမ်းနေပြီဖြစ်တဲ့ အားကောင်းမောင်းသန် နိုင်ငံကြီး၊ ဘယ့်နှယ် သူ့အရိပ်၊ သူ့ဩဇာက လွတ်နိုင်လိမ့်မလဲ။ ( အလားတူ ကပ်လျှက် ဗီယက်နမ် ကင်းတယ်၊ ရှင်းတယ်၊ )

ဗီယက်နမ်လိုတောင်မှ မစွမ်းနိုင်ဘဲ၊ မှီခိုရမဲ့ ဘဝ၊ သူပြုသမျှ နုရမှာဘဲလေ၊

" ဟိုလူ လာလည်း မျက်နှာချိုသွေးရ၊ ဒီလူလာလည်း မျက်နှာချိုသွေးရ၊ ကြာ ရင် 'ဖာ'နိုင်ငံကြီး ဖြစ်သွားလိမ့်မယ် "( ဗိုလ်ချုပ် အောင်ဆန်း )

ခုလည်း သွေးနေရတာ၊ ဖာ နိုင်ငံကြီး ဖြစ်နေပြီ မဟုတ်ပါလား။ဘယ်မှာလည်း လူသားရင်းမြစ်၊ဘယ်မှာလည်း ကျွမ်းကျင်မှု၊ ဘယ်မှာလည်း ပညာရေး။ ပြောတော့ 'ပြည်သူ''ပြည်သူ'နဲ့၊ ဒီချုပ်အစိုးရကလည်း ပညာရေးကို လုံးဝသောက်ဂရုမစိုက်တဲ့နေရာမှာ နေဝင်း ၊သန်းရွှေ စစ်အစိုးရနဲ့ အတူတူဘဲတဲ့ ... ဝေဖန်နေကြပြီ။ ပြောင်းလဲချိန် မတန်သေးလို့နေမှာပေါ့နော်။

" ကျွန်တော်က ဘွဲ့ရပါ၊ ဘာမှ မတတ်ပါဘူး ခင်ဗျာ၊" " ကျမက ဘွဲ့ရပြီးပါပြီရှင့်၊ ဘာမှ မသိဘူးနော်၊ ဘာမှလည်း အသုံးမကျပါဘူး၊"

ဟိုနေ့၊ ဒီနေ့ လူငယ်တွေ။ ကျန်းမာရေးအတွက်လည်း ငွေမသုံး၊ ပညာရေးအတွက်လည်း ငွေမသုံး၊ နိုင်ငံတခုမှာ ပညာရေးထက် အရေးကြီးတာ ဘာရှိလို့လည်း၊ ဘွဲ့ရ၊ ပညာမတတ်တွေ မွေးထုတ်ပေးနေတာ ကြာလှပေါ့။ ရွှေပြည်တော် မျှော်တိုင်းဝေးပါဘဲ၊ ကျွန်ဘဝက ဘယ်တော့ လွတ်မှာလဲ။

"ဆရာဝန် ပညာတွေ သင်၊ ခေတ်ရော ရှေးမှီ သမားတော် များပင် - - - 
ပြည်သူလူထုကို အလုပ်ကျွေးပြုဖို့  သန်၊ ထွား၊ ကျန်းမာ ကြံ့ခိုင် အားအင်၊
ကလေးလေးတွေ ပညာ ရရှိဖို့တော့ ... အဖ မိ ပုံသွင်၊ အာစရိတွေပင်၊
လူချွန် လူကောင်းကလေးများကို မြေထောင် မြောက်ကာ ပြုပြင်"

( လူချွန် လူကောင်း -  မြို့မငြိမ်း ) ဦးနုရဲ့ လူတယောက်တိုက်တလုံး၊ ကားတစီး - ပြည်တော်သာ စီမံကိန်းကြီး အလွန်၊ ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီ၊ (ဆိုရှယ်လစ်အတု) စီမံကိန်းအစ၊ နုနယ်စဉ် ငယ်ဘဝက မြို့မဂီတနဲ့အတူ၊ ရင်သပ်ရှုမော မျှော်မှန်းခဲ့တဲ့ အနာဂတ်၊ လှပ သာယာဝပြောတဲ့ ရွှေနိုင်ငံတော်သစ်ကြီး၊ အဲဒီလူမမယ်ဘဝကနေ  ဒီနေ့ ၊ သင်္ချိုင်းရောက်ဖို့ လက်တကမ်းတောင် မလိုတော့ဘူး။

ပြီးတော့ ဘာဖြစ်သေးလဲ၊ ဖွတ်ကလိဒင်္ဂါးဘဲ။ 
"ဗမာ ... တဲ့၊ မြန်မာ ... တဲ့၊ မြင့်မားထိပ်ခေါင်၊ မိုးထိတောင်ကြီးတွေ ကြားမှာ တဲကလေးနဲ့ နေတာ၊ ဘာတဲ့လဲဟေ့၊ အရှေ့ဖက်( ယူနန်တရုတ် ) ကုန်းမြင့်တွေပေါ် တက်ပြီးတော့လည်း စွာလိုက်သေးတာဘဲ၊
အနောက်ဖက် ( အာသံ၊မဏိပူရ ) ကုန်းမြေတွေကိုလည်း တက်သိမ်းလိုက်သေးတာဘဲ
တောင်ဘက်ယွန်းယွန်း၊ အယုဒ္ဓယ ယိုးဒယားဆီမှာလည်း သွား ဗိုလ်ကျလိုက်သေးတာဘဲ
(ရွှေပြည် ဦးဘတင်၊မြန်မာပညာရှိ)" 

ကျမတို့ ငယ်ငယ် ကျောင်းသူ ဘဝက၊ ဆရာ ရွှေပြည်ရဲ့ ဟောတာ၊ ပြောတာ၊ မိန့်တာတွေကို နားထောင်ရလေတိုင်း ဘဝမှာ သိမ်ငယ်စိတ်တွေ၊ အားငယ်စိတ်တွေ ပျောက်ပြီး၊ ဇာတိသွေး၊ဇာတိမာန်တွေ နိုးထ၊တက်ကြွ၊အလွန်မှ အားရှိလှပေါ့။
(အမေ- လူထု ဒေါ်အမာ)

ဒီကာလမှာဖြင့် လူငယ်တွေ တူတူ တန်တန် ပညာမတတ်ကြလို့ ကျွမ်းကျင်မှုမရှိ၊ အလုပ်သမားတွေက အတွေ့အကြုံနည်းလို့ အဆင့်မမှီ၊ ဘယ်သူနဲ့ သွား ပြိုင်နိုင်မှာလဲ၊ ယှဉ်နိုင်မှာလဲ၊ အားတွေ မာန်တွေထဖို့၊ ကြွဖို့နေနေသာသာ၊ မရေမရာ အနာဂတ်တွေနဲ့ သွားကျွန်ခံနေရ။

( ဇာတိမာန် ထက်သန်ချင်သပ ဆိုရင်တော့ ခင်ညွန့်ရီ သီချင်းသာ ဖွင့်၊ နားထောင်ပေတော့)

အော် အမေ့စကား ပြောရင်းနဲ့ လူထုမကြိုက်တဲ့ တရုတ်တွေ အကြောင်း၊ သောင်းပြောင်းထွေလာ၊ အမေ့သား- ညီပုလေးရဲ့ ရသမြောက်၊ မာစတာပိစ်၊ ရွှေမန္တလေးရဲ့ ပီဘိ၊ ဘဝသရုပ်မှန် ရင်နင့်စရာ ဝတ္ထုတိုတပုဒ် ဒီနေရာမှာ ထည့်ပြောမှ အင်္ဂါစုံရော့မယ်။

" စပါးကြီးမြွေ "( ဇွန်၊၁၉၈၈၊ သာရမဂ္ဂဇင်း )

စစ်ဗိုလ်တွေ၊ အရာရှိတွေ လာဘ်အကြီးအကျယ် စား၊ ဝါး၊ မျိုဆို့ပြီး ပင့်တော်မူလို့ ရေမရောတဲ့ မျက်နှာစိမ်း တရုတ်တွေ၊ မြန်မာစကား တလုံးမှ မပြောတတ်တဲ့ လူသစ် ပေါက်ဖေါ်တွေ မန္တလေး၊ ရတနာပုံ မြို့တွင်းဆီ တအိအိနဲ့ စိမ့်ဝင် ရောက်လာကြ။
ဒီနေ့ ဒီခေတ်၊ မြို့လယ်မှာ တရုတ်တွေ အပြည့်၊ မန္တလေးသားတွေ မြို့စွန်မြို့ဖျားဆီ ရွှေ့ခဲ့ကြရလို့  'တရုတ်နဂါး မြို့တော်ကြီး'လို့ ခေါ်တွင်နေကြရပြီ မဟုတ်ပါလား။
(ရှစ်လေးလုံး မတိုင်မီ ၁၅ကျပ်၊ ၄၅ကျပ်၊ ၉၀ ကျပ်တန် ကာလ၊ ရတနာပုံခေတ်၊ တော်ဝင်အဆက်အနွယ် ဦးတော်တော်တို့ ဇနီးမောင်နှံ၊---တဖြည်းဖြည်းနဲ့ အရောင်းအဝယ်ခက် စီးပွါးပျက်၊ လုံးပါးပါးလာ။ နောက်ဆုံးမှာတော့ စကားကျဲကျဲ၊ ခပ်ဝဲဝဲသာ ပြောနိုင်တဲ့ဧည့်သည်တော်ကြီး ကိုမျိုးခင် လွဲအပ်တဲ့ ​ေမြွရေခွံ ငွေထုပ်ကြီး လက်ခံပြီးသကာလ၊ အဖိုးအဖွား မိဘ၊ ဘိုးစဉ်ဘောင်ဆက်၊ နေလာခဲ့တဲ့ အိမ်ကြီးကနေ "ထွက်တော်မူ နန်းက ခွါခဲ့ရ" တဲ့အဖြစ်။)

အံဩစရာရှားသလား။

ရှေးမဆွမီကတည်းက နိမိတ် 'တဘောင်' ပေါ်ပြီး ၊ ရှိပြီးသား၊ အများတကာ သိပြီးသား၊ တကယ်လည်း ဖြစ်လာနေပြီ။ "တရုတ်က ဖိ ၊ ရှမ်းက အိ ၊ ရှိသည့် ဗမာအနောက်မှာ ..." ။ ကိုရွှေဗမာများ တရုတ်တွေ နယ်စည်းကျိုးပြီး ပြုံ၊ အိ၊ ဖိလာခဲ့လို့ ဘဝပျက်ပြီဆို ဘယ်ပြေးကြမလဲ။

မပူပါလေနှင့် ဒီနေရာမှာတော့ တပ်ချုပ် မအလနဲ့ စစ်ချုပ်တွေ အားလုံးကို ရွှေတွေ၊ ငွေတွေ မဟုတ်ရင်တောင် ကြေးတံဆိပ်တွေ ဂုတ်ကျိုးသွားအောင် ချီးမြင့်သင့်ကြောင်းပါ။

" ဗမာတွေ ခိုစရာ၊ နားစရာ၊ နေစရာ ဘုံပျောက်ကြရတော့မဲ့ အရေး ကြိုတင်ကာ မျှော်မြင်တွေးပါလို့၊ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ၊ဘင်္ဂါလီတွေကို လူမျိုးမတုံးရုံတမယ် တရကြမ်းအကြမ်းဖက် မောင်းထုတ်၊ ရှင်းပစ်လိုက်တာ
'အကြံပိုင်သော ငခွေး'ပါဘဲ။

သူတို့ စစ်ဗိုလ်ချုပ်တွေကိုမှ အလွန်တရာ ကျေးဇူးမတင်ရင် ဗမာတွေ အရမ်း မိုက်ရိုင်းရာ ကျတော့မှာပေါ့။

အားမငယ််နဲ့ ။ ပြေးကြပေတော့။ အနောက်ဘက်ကို။ မည်သို့ပင် ဖြစ်စေ၊ ပျက်စေကာမူ ...

ဇီကျဲင့်ပဲင်းနဲ့ အဖွဲ့၊ တရုတ်-မြန်မာ၊ အနှစ် (၇၀)၊ မဟာသံတမန်ချစ်ကြည်ရေးခရီးစဉ်ကြီးမှာ
ဘယ်သူတွေ ဘယ်လို ဂုဏ်ပြုပြု၊ ဘယ်လိုထင်ထင်၊ ဘာတွေဘဲ မြင်မြင်၊
တသီးတခြား ပြောစမှတ်တခုတော့ ( အမှတ်မထင် ) အဖတ်တင် ကျန်ရစ်ပြီ။
" တရုတ်သမတ 'အိမ်သာကျင်းကြီး' " တဲ့။  
ဘယ့်ကလောက် နံစော်လိုက်လေမလဲနော်။
( ဖေ့စ်ဘုတ် ကောင်းမှု၊ နတ်လူ သာဓု ခေါ်စေသောဝ်)

စစ်ငြိမ်းအေး။
၂၊၂၂၊၂၀၂၀