Breaking News

Kyaw Lion - "လွတ်လပ်သောမြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ စပ်ရွှေသိုက်"



Kyaw Lion - "လွတ်လပ်သောမြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ စပ်ရွှေသိုက်"

(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၂၀
(သူ့ဖေစ့်ဘွတ်ကနေ ယူတင်ပါသည်)

အခု အနှစ် ၇၂ နှစ်မြောက်လွတ်လပ်ရေးနေ့ဆိုတော့ အသက် ၃၀ အောက်လူငယ်တွေကို လွတ်လပ်သောမြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ ဘယ်သူလဲဆိုရင် သိကြပါ့မလား။ သူဘယ်လို ကွယ်လွန်သွားခဲ့သလဲ။

ကျနော်တို့လို တော်လှန်ရေးကောင်စီ၊ မဆလခေတ်မှာမွေး၊ကြီးပြင်းလာသူတွေအတွက်တောင် မလွယ်ကူတဲ့မေးခွန်းပါ။ ကျနော်တို့ မူလတန်းကျောင်းအရောက်မှာတင် ပါလီမန်ဒီမိုကရေစီခေတ်က စာအုပ်တွေ၊ သမိုင်းမှတ်တမ်းတွေ ဘာမှမရှိတော့ပါဘူး။ စံနစ်တကျပျောက်ဆုံးသွားခဲ့ပါပြီ။ နောက်ပိုင်း စစ်ဗိုလ်ဟောင်း စာရေးဆရာတွေရေးမှသာဖတ်ခွင့်ရခဲ့တာပါ။ သိကြတဲ့အတိုင်း ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးရဖို့ကြိုးစားတဲ့နေရာမှာ တောင်တန်း၊ပြည်မ အတူတကွ ရရှိအောင်ကြိုးပမ်းခဲ့ပါတယ်။ အင်္ဂလိပ်တွေက ခရစ်ယာန်ဖြစ်တဲ့ ကရင်လူမျိုးတွေကို ဦးစားပေးခဲ့ပေမယ့် (ကရင်ဗိုလ်ချုပ်များခန့်အပ်ပြီး သနကတပ်ရင်းများဖွဲ့ခဲ့) တကယ်တမ်း လူဦးရေ၊နယ်မြေ ခိုင်ခန့်သူက ရှမ်းလူမျိုးများဖြစ်ပါတယ်။ စော်ဘွားစံနစ်ဖြစ်အုပ်ချုပ်ခဲ့သဖြင့် စနစ်ကျသည်၊ သယံဇာတပေါများသည်။ တောင်တန်း၊ပြည်မဆွေးနွေးပွဲ ပင်လုံတွင်ကျင်းပခဲ့သည်။ မိုင်းပွန်စော်ဘွား စပ်စံထွန်း ဗိုလ်ချုပ်နှင့်အတူကျဆုံးခဲ့သည်။ ထိုအကြောင်းများကြောင့် မြန်မာနိုင်ငံလွတ်လပ်ရေးရတော့ ပထမဆုံးသမတ၊ ရှမ်းလူမျိုး စပ်ရွှေသိုက်ဖြစ်ခဲ့သည်မှာ မထူးဆန်းခဲ့ပါ။ ဖြစ်သင့်ပါသည်။
ကွယ်လွန်သူ ဘယ်အစွန်မှ သားလတ်



ကျနော်တို့နေခဲ့တဲ့ မောင့်ပုလဲဆင့်လမ်း Mt Pleasant (အခု ပုလဲလမ်း) ကနေထွက်ရင် ကမ္ဘာအေးဘုရားလမ်း နဲ့ ဂွတ္တလစ်လမ်းဆုံကိုရောက်ပါတယ်။ အဲဒီ့လမ်းဆုံဘယ်ဖက်မှာ ခြံကျယ်ကြီးတစ်ခုရှိခဲ့တယ်။ အခုတော့ ပုလဲကွန်ဒိုနေရာပေါ့။ အရင်ပါလီမန်ဒီမိုကရေစီခေတ်က မြန်မာနိုင်ငံရဲ့ပထမဆုံးသမ္မတ စပ်ရွှေသိုက် ရဲ့ခြံပါ။ ကျနော့်အထင် ၄-၅ ဧကလောက်ရှိပါလိမ့်မယ်။ ချာတိတ်အရွယ် အစိုးရကသိမ်းပြီးပြစ်ထားပြီးလို့ ခြုံနွယ်ပိတ်ပေါင်းနဲ့ အတော်ဟောင်းနွမ်းနေပါပြီ။ ၁၉၇၆ လောက်က ကျနော့်သူငယ်ချင်း အောင်တိုးကအဲဒီ့အိမ်တော်ဟောင်းကြီးဘေးမှာ ပျဉ်ထောင်အိမ်လေးနဲ့နေပါတယ်။ သူတို့ရှမ်းတရုတ်တွေပါ။ သူ့အဖေက အိမ်စောင့်အနေနဲ့ တာဝန်ယူထားတယ်လို့ဆိုပါတယ်။ ကျနော့်အထင် စပ်ရွှေသိုက်မိသားစုကပိုင်သေးတယ်ထင်တယ်။ အိမ်တော်က ဂွတ္တလစ်လမ်းမပေါ် အခုဟိုတယ်လေးတခုရှိတဲ့ ကြက်လျှာစွန်း ပြည်ထောင်စုလမ်းသွယ်ထိပ်နားမှာ လမ်းမကြီးဖက်ကိုမျက်နှာမူထားပါတယ်။ အဝင်တံခါး အုတ်တိုင်အမြင့်ကြီးတွေနဲ့ အပေါ်မှာ သံပန်းအခုံးကြီးရှိတယ်။ အိမ်က ၃ ထပ်၊ ကိုလိုနီပုံစံပေမယ့် တူရကီ/ ယိုးဒယားလိုပုံစံ မုဒ်ဦးအချွန်တွေနဲ့ မျှော်စင်လေး ၂-၃ ခုရှိပါတယ်။ အပြင်ညာဖက်မှာ ၃ထပ်လုံးကိုဆက်ထားတဲ့ သံ ကြောင်လိမ်လှေကားတစ်ခုလည်းရှိပါတယ်။


ကျနော်တို့တွေအိမ်ကြီးထဲဝင်ပြီး ပြေးလွှားဆော့ကစားကြတယ်။ အိမ်ကြီးကအတော်ပျက်စီးနေပါပြီ။ အကာ အလှအပတွေဘာမှမကျန်တော့ပဲ နံရံ ကြမ်းပြင် အင်္ဂတေတွေပဲကျန်ပါတယ်။ အာဏာသိမ်းခဲ့တာ ၁၄နှစ်ပဲရှိပေမယ့် ဘာကြောင့်ဒီလောက်ထိဖြစ်ပျက်စီးသွားလဲလို့ စဉ်းစားမရခဲ့ပါဘူး။ အိမ်ဘေးက သံကြောင်လိမ်လှေကါးမှာ ကျနော်တို့ပြေးတက်ဆော့ကြတယ်။ လှေကားကသံချေးတွေတက်နေပါပြီ။ နောက်မှသိရတာ ၁၉၆၂ အာဏာသိမ်းတဲ့နေ့က စစ်တပ်တွေ စပ်ရွှေသိုက်ကိုဖမ်းဖို့ရောက်လာတော့ သူ့ရဲ့သားတစ်ယောက်က ဒေါသထွက်ပြီး ထွက်လာတာ စစ်တပ်ကဝိုင််း ပစ်လို့ အဲဒီ့ကြောင်လိမ်လှေကါးပေါ်မှာသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ အချို့ကလည်း သူအဖေကိုဝင်ကာလို့ သေနတ်နဲ့ပစ်ခံရတယ်လို့ပြောကြပါတယ်။ သမိုင်းဝင်နေရာတွေပါ။ အာဏာသိမ်းပွဲမှာ သူတစ်ယောက်ပဲသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ တလောက YouTube မှာ စပ်ရွှေသိုက်ရဲ့သမီးတော်အငယ် (စပ်ဟေမာသိုက်) အခုတော့ အသက် ၇၀ လောက်ရှိပါပြီ နဲ့ အင်တာဗျူးမှာ အဲဒီ့နေ့က ကျနော်တို့သိထားသလိုမဟုတ်ပဲ စစ်တပ်ကတအိမ်လုံးကိုဝိုင်းပစ်လို့ ခုံ၊ စားပွဲတွေနဲ့ ပြူတင်းပေါက်တွေကိုကာပြီး ကြမ်းပြင်ပေါ်မှာဝပ်နေရတယ်လို့ပြောခဲ့ပါတယ်။ အာဏာသိမ်းတဲ့အချိန် စပ်ရွှေသိုက်က ပြည်ထောင်စုလူမျိုးစုလွှတ်တော် (အထက်လွှတ်တော်) ရဲ့ ဥက္ကဋ္ဌပါ။ သမတဟောင်း စပ်ရွှေသိုက်ဟာ အဖမ်းခံရပြီး လပိုင်းအကြာ ၁၉၆၂ အကုန်ပိုင်း ထောင်ထဲမှာ ကွယ်လွန်သွားခဲ့ပါတယ်။

ခြံထဲမှာ သစ်ပင်ကြီးတွေအများကြီးရှိပါတယ်။ မှတ်မှတ်ရရ အိမ်နဲ့မလှမ်းမကမ်းမှာ ကတ္တီပါသီးအပင်ကြီးတစ်ပင်ရှိပါတယ်။ ကျနော်ပြောတဲ့အမည်မှန်မမှန်တော့မသိဘူး၊ အခွံက ကတ္တီပါလိုအမွှေးနုလေးတွေနဲ့ နီ/ဝါ ရောင်ပါ။ Large peach tree ဖြစ်ပါလိမ့်မယ်။ ကမ္ဘာအေးဘုရားလမ်းတောက်လျှောက်မှာ ချိုင့်ကြီးရှိပြီး မာလကာပင် ၁၀၀ လောက်စိုက်ထားပါတယ်။ ကျနော်တို့တတွေ တပင်တက်တပင်ဆင်း မာလကာသီးခူးကြတယ်။ အဲဒီအချိန်က ရှမ်း၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းလေးတစ်ကျောင်း ခြံထောင့်နားမှာရှိခဲ့တယ်။ အိမ်ရဲ့ခြံတံခါးနောက်တခုက အဲဒီ့ဖက် အေးနဲ့သားများ Aye & Sons ပြခန်းဖက်မှာရှိပါတယ်။ နောက်တော့ ထုံးစံအတိုင်း အစိုးရကမောင်ပိုင်စီးလိုက်ပြီး ၇၉ခုလောက်မှာ မျက်မှန်ကြီးဦးတင်ဦးခေတ် ပျားဂေဟာကိုပေးလိုက်ပါတယ်။ နောက်ပိုင်းတော့ လက်တွေပြောင်းပြီး ၂၀၀၈ ကြတော့ ပုလဲကွန်ဒိုဖြစ်နေပါပြီ။ (အခုနေနေတဲ့ မိတ်ဆွေတစ်ယောက်က ပြောပြတာ ကွန်ဒိုဝန်းကျင်မှာ ညဖက် ရှမ်းဝတ်စုံနဲ့ မင်းသားငယ်တပါးကိုတွေ့တဲ့သူတွေရှိတယ်တဲ့။) 

စပ်ရွှေသိုက်ရဲ့သားတွေက ကနေဒါမှာ ကွယ်လွန်သွားကြပါပြီ။ သမီးတော် စပ်ဟေမာသိုက် ကိုတော့ YouTube မှာတွေ့လိုက်လို့ မြန်မာပြည်မှာ ရှိပုံရပါတယ်။ မြေလွတ်တွေ သူ့မိသားစုတွေပြန်ပေးပြီး ကျနော်ငယ်ငယ်ကကစားခဲ့တဲ့ အိမ်တော်ကိုထိန်းသိမ်းထားလို့ ရှိနေခဲ့ရင်သိပ်ကောင်းမယ်လို့တွေးမိပါတယ်။ ဒီလိုပဲ ကျနော့်ဖေဖေ ကျနော်တို့ ငယ်ငယ်က ရာမ၊မယ်သီတာ ယဉ်ကျေးမှု့ပြဇတ်ခေါ်သွားပြတဲ့ ဂျူဗလီဟောတို့ အလုံလမ်းက သမ္မတ၊ ဘုရင်ခံအိမ်တော်တို့လည်း ရှိနေသင့်တယ်လို့ တမ်းတသတိရမိပါတယ်။

(Photo Credit - စပ်ရွှေသိုက်၏ မိသားစု)