Breaking News

ဇင်လင်း - စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံတွင် NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များ ပါဝင်လာဖွယ် ရှိမည်လား?




ဇင်လင်း - စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံတွင် NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များ ပါဝင်လာဖွယ် ရှိမည်လား?

(မိုးမခ) မတ် ၁၊ ၂၀၂၀


လက်ရှိ တိုင်းပြည်၏ အခြေအနေသည် ငြိမ်းချမ်းရေးကို အထူးအလေးထား ဆောင်ရွက်နေကြသော်လည်း ဘက်အသီးသီး ၌ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု ပျက်ပြားနေသဖြင့် ယခုတိုင် တည်ငြိမ်မှု မရှိဘဲ ဖြစ်နေသည်။ တည်ငြိမ်မှုကို အထူး ခြိမ်း ခြောက်နေသည့် ပဋိပက္ခမှာ ရခိုင်ပြည်နယ်ကိစ္စ ဖြစ်သည်။ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့က လူမှုရေး၊ ကယ်ဆယ်ရေးနှင့် ပြန် လည် နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လိုက်ပါလာသည့် ရဟတ်ယာဉ်သည် ရခိုင်ပြည်နယ် ရသေ့တောင် ဘူးသီးတောင်မြို့နယ်ကြား၌ မြေပြင်မှ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။ ယင်းဖြစ်ရပ်ကို တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက RFA သတင်းဌာနအား အတည်ပြု ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် ရခိုင်ပြည်နယ် ၈ မြို့နယ်နှင့် ချင်းပြည်နယ်ပလက်ဝမြို့တို့တွင် အင်တာနက် ဖြတ်တောက်ထားခြင်းနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့ အစည်းများက ကန့်ကွက်လျှက်ရှိသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့် က ပြည်နယ်အစိုးရအနေဖြင့် အင်တာနက် ဖြတ်တောက်ထားခြင်းနှင့် ပတ်သက်၍ ဝင်ရောက်ပြောပိုင်ခွင့် မရှိဟု ဆိုသည်။

ရခိုင်နှင့်ချင်းပြည်နယ်များအတွင်း တိုက်ပွဲဖြစ်ပွားရာဒေသများ၌ အင်တာနက်ဖြတ်တောက်ခံရပြီးနောက် လူ့အခွင့်အရေး ချိုးဖေါက်မှုများ တိုးလာနေသောကြောင့် ပြန်လည်ဖွင့်ပေးရန် ရခိုင်လူမှု အဖွဲ့အစည်းများက တောင်းဆိုနေကြောင်း ရခိုင် လူမှုအဖွဲ့အစည်းများ၏ ပြောခွင့်ရပုဂ္ဂိုလ် ဝံလက်ဖေါင်ဒေးရှင်း ဒါရိုက်တာခိုင်ကောင်းစံက ဗွီအိုအေမြန်မာပိုင်းသတင်းသို့ ပြောသည်ဟု သိရသည်။

“လက်ရှိရခိုင်ပြည်နယ်မှာ အင်တာနက်ပိတ်ဆို့မှုကြောင့် လူတွေရဲ့ဘဝလုံခြုံမှုရယ် စားဝတ်နေရေး နောက်ပြီးတော့ ပညာရေး ကျန်းမာရေး ဆုံးရှုံးမှုတွေဖြစ်နေတယ်။ အင်တာနက်ပိတ်ပင်မှုကပေါ့လေ… ကျနော်တို့ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖေါက်တယ်လို့ အစိုးရအနေနဲ့ ဝန်ခံနေတာဖြစ်တယ်။ အဲတာတွေကြောင့် ဒီစစ်ဘေးအဖြစ်နဲ့ ကလေး တွေ နောက်တခါ ဒဏ်ရာရတဲ့သူတွေနောက် သေကြေကြတယ်။ ဒီဟာကြီးကို အစိုးရအနေနဲ့ အင်တာနက် ပြန်ဖွင့်ပေးဖို့ ပေါ့လေ ကျနော်တို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။” ဟု ခိုင်ကောင်းစံ က ပြောသည်။

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် AA တို့ တနှစ်ကျော် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် ဘူးသီး တောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ၂၀၁၉ ဇွန်လ ၂၁ ရက်နေ့မှ စတင်၍ ဆက်သွယ်ရေးဝန်ကြီးဌာနက အင်တာနက်လိုင်း အသုံးပြုမှု ပထမအကြိမ် ဖြတ်တောက်ခဲ့သည်။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နှင့် မြေပုံမြို့နယ်တို့တွင် စက်တင်ဘာလ ၁ ရက်မှာ အင်တာနက်လိုင်း ပြန်လည်ဖွင့်ပေးခဲ့သော်လည်း၊ ဖေဖေါ်ဝါရီလဆန်း ၃ ရက်နေ့တွင် ဒုတိယ အကြိမ် ပြန်ပိတ်ခဲ့ ခြင်းဖြစ်သည်ဟု သတင်းအရသိရသည်။ အင်တာနက် ပိတ်ပင်ခံရပြီးနောက် တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ပြီး၊ လူ့အခွင့် အရေး ချိုးဖေါက်မှုများလည်း ပိုများလာကြောင်း ခိုင်ကောင်းစံက ဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ပဋိပက္ခဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၌ စစ်ရှောင်ဦးရေ ၁၀,၀၀၀ ကျော် တိုးလာနေပြီး၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်လည်း စစ်ရှောင် ဦးရေ ၄၀၀၀ ခန့် ရှိနေသည်ဟု ဆိုသည်။ အဆိုပါ စစ်ရှောင်ဒုက္ခသည်များအား အကူညီပေးရေးအတွက် သတင်းအချက်အလက် များ မရရှိသောကြောင့် အကူညီပေးရေးဆောင်ရွက်ရာတွင် အခက်တွေ့နေသည်ဟု လူမှုအဖွဲ့အစည်းများက ဆိုသည်။ စစ်ရေးပဋိပက္ခ ဖြစ်ပွားရာဒေသများတွင် အင်တာနက် ဖြတ်တောက်ရုံဖြင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်၍ မရနိုင်ကြောင်း အစိုးရနှင့် ရခိုင်လက်နက်ကိုင် AA တို့အကြား နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းဖေါ်ဆောင်၍ ငြိမ်းချမ်းရေးတည်ဆောက်ရမှာ ဖြစ်ကြောင်း၊ လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရပ်တန့်စေရန် လုပ်ဆောင်ရမှာ ဖြစ်ကြောင်း၊ ရခိုင် အရပ်ဖက် လူမှု အဖွဲ့ အစည်းများ အပါဝင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် အရပ်ဘက်အဖွဲ့အစည်း ၁၀၅ ဖွဲ့ က စုပေါင်း တောင်း ဆိုထားသည်ဟု သိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့ အနီးရှိ ကျေးရွာများတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ တိုက်ပွဲများ ဆက်ဖြစ် နေသည့်အတွက် ရေကြောင်းသွားလာမှု ပိတ်ထားခြင်းကြောင့် ဒေသခံများ ရိက္ခာပြတ်လပ်မှု အခြေအနေ ကြုံနေရသည် ဟု ဧရာဝတီသတင်းအရ သိရသည်။ အမည်မဖော်လိုသည့် ပလက်ဝ ဒေသခံတဦး၏ အဆိုအရ တိုက်ပွဲကြောင့် ဒေသခံ များ ချောင်ပိတ်ခံနေရသည်ဟု ဆိုသည်။ ရေကြောင်းလမ်း ပိတ်ထားသဖြင့် ကုန်ဈေးနှုန်းများ တက်နေ၍ မြို့ပေါ်၌ပါ အလွန် အခက်အခဲဖြစ်နေသည်ဟု ဆိုသည်။ ဒီဇယဆီ်ဈေး ၅ ထောင်မှ ၁ သောင်းသို့ ခုန်တက်သွားပြီး၊ ဆန်လည်း မရှိ၊ ဆီလည်း မရှိတော့သဖြင့် စားရေးသောက်ရေး အလွန်ခက်ခဲနေသည် ဟု ဆိုသည်။ ပလက်ဝမြို့နယ်တွင် ကျေးရွာပေါင်း ၃၈၈ ရွာ ရှိပြီး လူဦးရေ ၁၁၀၀၀၀ ခန့် ရှိသည့်အနက် လူဦးရေ ၆ သောင်းခန့် စစ်ဘေး ဒဏ် ခံနေရကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့က ပြောကြားထားသည်ဟု ဧရာဝတီသတင်းအရ သိရသည်။

တစ်ချိန်တည်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် တပ်မတော်ညှိနှိုင်းရေးအဖွဲ့နှင့် ကရင် အမျိုးသားအစည်း အရုံး (KNU) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့တို့နေပြည်တော်၌ တွေ့ဆုံဆွေးနွေးပြီး ရက်ပိုင်းအတွင်း ကရင်ပြည်နယ် ဖာပွန် မြို့နယ်တွင် တပ်မတော်နှင့် KNU တပ်မဟာ(၅) အကြား တိုက်ပွဲထပ်မံဖြစ်ပွား ခဲ့ကြောင်း 7Day News အရ သိရသည်။

တပ်မတော်၏ လမ်းဖောက် လုပ်ရေးဆောင်ရွက်မှုနှင့် ရှေ့တန်းစခန်းသို့ရိက္ခာပို့ဆောင်ရာတွင် KNU တပ်မဟာ(၅)ဘက် က ပစ်ခတ်တိုက်ခိုက်မှုများ၊ မိုင်းထောင်မိုင်းဆွဲတိုက်ခိုက်ြခင်းများ လုပ်ဆောင်နေသည်ဟု တပ်မတော်ဘက်က ပြောသည်။ တပ်မတော်ဘက်က ဇန်နဝါရီလလယ် ကစ၍ လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု KNU ဘက်က ပြောသည်။ ထိုသို့လက်တလော ပဋိပက္ခဖြစ်ပွားမှု အပါအဝင် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုကို ဖေဖော်ဝါရီ ၁၉ ရက် တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ ဆွေးနွေးပွဲအပြီး သုံးရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၂၂ ရက်တွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KNU က သတင်းထုတ်ပြန်ခဲ့သည်။ KNU ၏ သတင်းထုတ်ပြန်ချက် တွင် တပ်မတော်က အင်အား ၃၀ ကျော်ဖြင့် ဒေသအခေါ် မူတရော်ခရိုင် ဒွယ်လိုးမြို့နယ် (ဖာပွန်မြို့နယ်အတွင်း) သို့ ဖေ ဖော်ဝါရီ ၂၂ ရက် မွန်းလွဲ၌ ရောက်ရှိခဲ့ကြောင်း၊၊ တပ်မတော် စစ်ကြောင်း၏ လှုပ်ရှားမှုသည် ဒေသခံ တာဝန်ရှိသူများအား အသိပေး အကြောင်းကြားခြင်း မရှိကြောင်း၊ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်၍ KNU တပ်မဟာ(၅) တပ်ရင်း(၁၀၂)၊ တပ်ခွဲ (၃) မှ တပ်ဖွဲ့ဝင်များနှင့် ထိပ် တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

တပ်မတော်နှင့် KNU တို့ နေပြည်တော် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲတွင် လတ်တလော ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ များ ထပ်မံ မဖြစ်ပွားရေး ဆွေးနွေးညှိနှိုင်းခဲ့ပြီး၊ တွေ့ဆုံပွဲ၌ တပ်မတော်၏ ရှေ့တန်းစခန်းများသို့ ရိက္ခာ ပို့ဆောင်ရေးကိစ္စ ကို ခွင့်ပြုသော်လည်း လမ်းဖောက်လုပ်ရေးကိစ္စ ပြေလည်မှုမရရှိသေးသဖြင့် နှစ်ဖက် လက်ခံနိုင်သည့် အဖြေရရှိရေး အတွက် ဆက်လက်ညှနှိုင်းရမည်ဟု KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားထားကြောင်း သိရသည်။

အထက်ဖေါ်ပြပါ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ် ပဋိပက္ခများကြော့င်လည်းကောင်း၊ တစ်ဆို့မှုများကြောင့် ရပ်ဆိုင်းနေ သော ၂၁ ရာစုပင်လုံညီလာခံကြောင့်လည်းကောင်း၊ ပြည်သူလူထုအတွင်း ပြည်တွင်းစစ် သံသရာရှည်နေဦးမည်လားဟု စိုးရိမ်စိတ်များ ပေါ်ပေါက်နေသည်။ စစ်ရေးပဋိပက္ခများက နိုင်ငံရေးဆွေးနွေးဝိုင်းများအား လွှမ်းမိုးသွားမည်လားဟု စိုးရိမ် သောကဖြစ်နေကြသည်။

ဤအတောအတွင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) မထိုးရသေးသည့်အဖွဲ့များကို နိုင်ငံရေးမူဘောင်သုံးသပ် ဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်နိုင်ရေးအတွက် NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အစိုးရထံ တင်ပြခဲ့သည်။ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှှင့် ငြိမ်းချမ်းရေး ဗဟို ဌာန (NRPC)တွင် ဖေဖော်ဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ ၂ ရက်ကြာ ပြုလုပ်ခဲ့သော အစိုးရကိုယ်စားလှယ်မျာနှှင့် NCA ထိုးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးကြစဉ် အထက်ပါအတိုင်း တင်ပြခဲ့ခြင်း ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် နိုင်အောင်မငေး က မီဒီယာများအား ပြောကြားကြောင်း မဇ္ဈိမသတင်းအရ သိရသည်။

“UPDJC ရဲ့ဗျူဟာမှာက တိတိကျကျ ရေးထားတယ်။ NCA ထိုးပြီးမှ ဒီမူဘောင်ကိုလာပြီးမှ သုံးသပ်မယ်။ ပြင်ဆင်မှာ ရှိမယ် ဆိုတော့ နှစ်ဖက် ကျွန်တော်တို့ ကမ်းလှမ်းချက်နဲ့ အစိုးရရဲ့ UPDJC ရဲ့ မူဘောင်ပေါ့နော်။ ဗျူဟာမှာ ပြန်ချိန်းပြီး ပြန် ဆွေးနွေးရမယ်။” ဟု နိုင်အောင်မငေး က ဆိုသည်။

သို့သော်လည်း မူဘောင်ပြင်ဆင်ပါက မည်ကဲ့သို့ ပါဝင်နိုင်မည်၊ မူဘောင် သုံးသပ်မည့် ဆွေးနွေးပွဲ ဆိုပါက မည်သည့် ပုံစံ ဖြင့် ပါဝင်နိုင်မည်ကို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)တွင် ဆုံးဖြတ်ရမည် ဖြစ်ကြောင်း သိရ သည်။ NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့မှ တင်ပြထားသည့် အခြေအနေမှာ ဆက်လက် ဆွေးနွေးရဦးမည်ဖြစ်ကြောင်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်(PC) အကြံပေး ဦးလှမောင်ရွှေက ပြောသည်။

လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွက် တံခါးဖွင့်ပေးထားသည့် ဆွေးနွေးပွဲများကို လည်း ဆက်လက် ဆွေးနွေးရန် UPDJC ဘက်က ပြင်နေသည်ဟု ဦးလှမောင်ရွှေက ဆိုသည်။ ယခင်ကလည်း NCA လက် မှတ် မထိုးရသေးသည့် အဖွဲ့များ နိုင်ငံရေးမူဘောင် သုံးသပ်အစည်းအဝေးများနှင့် UPDJC အစည်းအဝေးများတွင် လေ့လာ သူ အနေဖြင့် တက်ရောက်ခဲ့သည့် သာဓကများရှိသည်။ လက်ရှိတွင် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC )၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်း လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ မွန်ပြည်သစ် ပါတီ(NMSP)နှှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ ဖြစ်သည်။

NCA ရေးထိုးနိုင်ရေး ညှိနှိုင်းနေသည့် လက်နက်ကိုင်အဖွဲ့များမှာ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မေတာ် (UWSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ ပလောင်(တအန်း)အမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရခိုင့်တပ် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့ဖြစ်ကြသည်။

ဤအတောအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းများ ရှေ့ဆက်နိုင်စေရန် အဖြေရှာ ကြိုးပမ်းသွားမည်ဖြစ်ဟု ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)နှစ်ပတ်လည် ဗဟိုကော်မတီအစည်းအဝေးက ထုတ်ပြန် ကြေညာခဲ့ကြောင်း သတင်းနှင့် မီဒီယာ ကွန်ယက် (NMG)သတင်း ဖေါ်ပြသည်။ SSPP မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က လက်ရှိ နိုင်ငံရေး၊ ငြိမ်းချမ်းရေး အခြေ အနေ နှင့် ရှမ်းပြည်နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မည်သို့ ဆက်လုပ်ကြမည်ကို အဓိကထား၍ ဆွေးနွေးဆုံးဖြတ်ခဲ့ ကြသည် ဟု ဆိုသည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှ့င့် နယ်မြေတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်း ၍ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည်ဟု SSPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ လက်ရှိ နိုင်ငံရေးအခြေအနေအရ အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ရပ်တန့်နေသည့် ကိစ္စရပ်များကိုလည်း နှစ်ချုပ်အစည်းအဝေးတွင် သုံးသပ်ဆွေးနွေးခဲ့ကြောင်း ဗိုလ်မှူးစိုင်းဖုန်းဟန် က ဆိုသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဗဟိုကော်မတီ၏ ၂၀၁၉ ခုနှစ် မျက်နှာစုံညီ နှစ်ချုပ် အစည်းအဝေးကို SSPP ဌာနချုပ် ဝမ်ဟိုင်းတွင် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းနှင့် မီဒီယာ ကွန်ယက် (NMG) အရ သိရသည်။ ထိုအစည်းအဝေးတွင် ၂၀၁၉ ခုနှစ်က ချမှတ်ခဲ့သည့် လုပ်ငန်းစဉ် အကောင်အထည် ဖော်မှုများ၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ မျက်မှောက်နိုင်ငံရေးအခြေအနေများ၊ ဒေသခံပြည်သူများ၏ စားဝတ် နေရေးအခြေအနေများ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသုံးသပ်ခဲ့ကြပြီး ၂၀၂၀ ခုနှစ် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်ဟု SSPP က ဆိုသည်။ SSPP/SSA အနေဖြင့် FPNCC အဖွဲ့ဝင်များနှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ်(NCA) ဖြစ်စဉ်နှင့် နိုင်ငံရေးဖြစ်စဉ်များတွင် ပူးပေါင်းပါဝင်နိုင်ရေး အစိုးရ၊ တပ်မတော်တို့ နှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ဆိုသည်။ ထို့အပြင် ဘဝတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းမျာနှှင့်လည်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု SSPP က ထုတ်ပြန်ထားသည်။ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းြပည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) သည် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်း ရေး ကော်မတီ (FPNCC)၏ အဖွဲ့ဝင်ဖြစ်သည်။

အခြေအနေကို ခြုံငုံသုံးသပ်ပါက လက်ရှိ NCA စားပွဲဝိုင်း ငြိမ်းချမ်းရေးဆွေးနွေးသည့် လုပ်ငန်းစဉ်တွင် ပါဝင်ဆွေးနွေးနေ ကြသည့်အဖွဲ့အစည်းများသည် ညှိနှိုင်းဆွေးနွေးကြရာ၌ အပေးအယူ အလျှော့အတင်း မလုပ်ကြဘဲ မိမိတို့ ရပ်တည်ချက် အတိုင်း လိုလားချက်များ မရလျှင် မဖြစ်သည့် အနေအထားဖြင့် ဆွေးနွေးနေသဖြင့် ဆွေးနွေးပွဲပုံစံ မကျကြောင်း ဝေဖန် သုံးသပ်မှုများလည်း ကြားနေရသည်။ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အခြေအနေ မတည်ငြိမ်သည့်အတွက် စိတ် မအေးရသည့် အနေအထား ဖြစ်နေသည်။ 

လက်ရှိ ရခိုင်ပြည်နယ် ပြဿနာနှင့် ကရင်ပြည်နယ် ပြဿနာတို့အပြင် ကချင် နှင့် ရှမ်းပြဿနာများမှာလည်း ယခုအထိ သောင်မတင်ရေမကျဖြစ်နေသည်။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA အရ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တုံ့ဆိုင်းမှု ဖြစ်ပေါ်စေသည့် “ပြည်ထောင်စုမှ ခွဲမထွက်ရ” နှင့် “ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ဆိုင်ရာ အပေးအယူကိစ္စ” တို့နှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ အောက်တိုဘာ ၁၅/၁၆ တွင် နေပြည်တော် ရွှေစံအိမ်ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

သို့ရာတွင်ခွဲမထွက်ရကိစ္စကို ပြည်ထောင်စုသဘော တူ စာချုပ် (Union Accord) ၌ ထည့်သွင်းဖော်ပြရေး ကိစ္စကို ‘NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ’ က ‘NCA မထိုးရသေးသည့် အဖွဲ့အစည်းများ’ နှင့် တိုင်ပင်ညှိနှိုင်းပြီး မှ အဆုံးအဖြတ်ပြုလုပ်ရန် အဆိုပြုခဲ့သဖြင့် ထိပ်သီးဆွေး နွေးပွဲတွင် အပြီးသတ် မဆုံးဖြတ်နိုင်ခဲ့ပေ။ ထို့ကြောင့် ဧပြီလ မတိုင်မီ ကျင်းပမည့် စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံတွင် ‘NCA မထိုးရသေးသည့် အဖွဲ့အစည်းများ’ ပါဝင်လာရေးမှာ အဓိကဖြစ်လာသည်။ 

ထို့ကြောင့် ရခိုင်တိုက်ပွဲများအပါအဝင် တိုင်းရင်းသားဒေသ အသီးသီးတွင် ဖြစ်ပွားနေသော တိုက်ပွဲများကို ယာယီမျှ ဖြစ်စေ ရပ်စဲနိုင်ဖို့လုပ်ရပေမည်။ သို့မှသာ ငြိမ်းငန်းရေးလုပ်ငန်းစဉ် ရှေ့သို့ တစ်လှမ်းတိုးနိုင်မည်။ 

အကယ် ၍ လက်ရှိ NCA စားပွဲဝိုင်း ငြိမ်းချမ်းရေးဆွေးနွေးသည့် လုပ်ငန်းစဉ်တွင် ပါဝင်ဆွေးနွေးနေ ကြသည့်အဖွဲ့အစည်းများသည် ညှိနှိုင်းဆွေးနွေးကြရာ၌ အပေးအယူ အလျှော့အတင်း မလုပ်ကြဘဲ တစ်ယူသန်မူဝါဒများကို ဆက်လက် ဆုပ်ကိုင်နေကြမည်ဆိုလျှင် ‘NCA မထိုးရသေးသည့် အဖွဲ့အစည်းများ’ ပါဝင်လာနိုင်ဖွယ် မရှိဘဲ ယာယီ စစ်ရပ်စဲရေးမျှပင် ဖြစ်လာဖွယ်မမြင်ဟု သုံးသပ်မိပေသည်။။။။