Breaking News

မောင်ရစ် - ကိုဗစ်ဆယ့်ကိုး အပိုင်းအစများ


မောင်ရစ် - ကိုဗစ်ဆယ့်ကိုး အပိုင်းအစများ (မတ််၇-၁၂၊၂၀၂၀) 

(မိုးမခ) မတ် ၁၃၊ ၂၀၂၀

(သူ့ဖေစ့်ဘွတ်ကနေ ကူးပါတယ်)

မတ် ၇ ရက် ညနေ ၁၉:၁၀ ·

National Geographic TV Program Cosmos မှာ ထင်ရှားတဲ့ သိပ္ပံပညာရှင် Neil deGrasse Tyson က Coronavirus အရေးအခင်းနဲ့ ပတ်သက်ပြီး သူ့သဘောထားကို သည်လိုပြောပါတယ်။

ဗိုင်းရပ်စ်ပိုးက လူတွေကို စမ်းသပ်လိုက်တာ ဖြစ်ပါတယ် တဲ့။ ဘာစမ်းသပ်တာလဲဆိုတော့ လူတွေဟာ သိပ္ပံပညာကို ဘယ်လောက်အထိ ယုံကြည်သလဲ ဆိုတာကို စမ်းတာပါတဲ့။ သိပ္ပံကပြောတယ်၊ ဆရာဝန်တွေက ပြောတယ်၊ ဆေးရုံဆေးခန်းတွေက ပြောတယ်။ 'လက်ဆေးပါ၊ မျက်နှာကို မကိုင်နဲ့' ဒါကို တကယ်ယုံကြည်ပြီး လိုက်နာရင် ပိုး အလွယ်တကူ မကူးပါဘူးတဲ့။

အခုလူတွေက ဗိုင်းရပ်ပိုးမကူးအောင် ကာကွယ်ရေးအတွက် ဘယ်သူစကားတွေ နားထောင်ပြီး လိုက်လုပ်နေကြတာလဲဆိုတာ ဆန်းစစ်ကြည့်ဖို့လိုတယ်။ သိပ္ပံပညာကို ယုံကြည်တဲ့သူ စစ်မှန်ရင် ဟိုးတုန်းကတည်းက ပြောခဲ့ကြတဲ့ - 'လက်စင်စင်ဆေး၊ မျက်နှာကို မကိုင်နဲ့' ဆိုတာ နဲ့တင် ကာကွယ်ပြီး ဖြစ်ပါတယ် တဲ့။

အဲသည် ကိုရိုနာဗိုင်းရပ်က မျက်လုံး ပါးစပ် နှာခေါင်းကနေ ကိုယ်ထဲ ဝင်မရရင် အလိုလို ဒုက္ခမပေးနိုင်ဘဲ လုံးပါးပါးသွားနိုင်ပါတယ် တဲ့။ ဗိုင်းရပ်စ်တွေက သည်လိုပဲ လူတွေကို တိုက်ခိုက်ဖို့ ကြိုးစားကြတာချည်းပါတဲ့။ (သူဆိုလိုတာက သည်လိုနည်းနဲ့ ကူးတဲ့ လက္ခဏာရှိ ဗိုင်းရပ်စ်ကို ဆိုလိုတာပါ။ အားလုံးတော့ ဘယ်ဟုတ်မလဲ)။

ဒေါ်နယ်ထရန့်ကတော့ ဘာကို ယုံပြီး ဘာတွေ ညွှန်ကြားလေလိမ့်မလဲ။ သူကကော သိပ္ပံပညာကို တကယ်ယုံလို့လား။

မတ် ၉ ရက် ညနေ ၂၂:၁၂ ·

ကျနော်တို့ဝန်းကျင်မှာ ကိုရိုနာဗိုင်းရပ်စ် ကို စစ်ပေးနိုင်ဖို့ အကန့်အသတ်တွေ ရှိနေပါသေးတယ်။ သံသယရှိသူတိုင်းကို မစစ်ပေးနိုင်ပါ။ နေမကောင်းဘူးဆိုရင် အိမ်မှာ သီးခြားနေပြီး စောင့်ကြည့် ၁၄ ရက် လုပ်ခိုင်းတာက အရင်။ လက္ခဏာတွေ အတော်ထင်ရှားမှ ဆေးစစ်ပေးတာမျိုး ထင်ပါတယ်။

အခုကမ်းကပ်လာတဲ့ အပမ်းဖြေသင်္ဘောပေါ်က လူတိုင်းကို စစ်မှာ မဟုတ်ပါ။ လိုအပ်တယ် ထင်သူသာ ဆုံးဖြတ်ပြီး ဆေးစစ်မှာပါ။ ကျန်သူတွေကို ၁၄ရက် သီးခြားစောင့်ကြည့်စခန်းသွင်းထားမှာ ဖြစ်ပါတယ်။ သည်တော့ ပိုးတွေ့တယ်ဆိုတာ ဘယ်အချိန်ကျမှ တွေ့တယ်တယ်ဆိုတာက မေးခွန်းထုတ်ချင်စရာ ကောင်းလှပါတယ်။

သမတကတော့ စီးပွားကျမှာနဲ့ နိုင်ငံရေးမျက်နှာပျက်မှာကိုပဲ ဦးစားပေးပါတယ်။ သည်တော့ လူနာတွေ တိုးနှုန်းက လက်တွေ့နဲ့ စာပေါ်က ကွာခြားနိုင်တယ်လို့ ခန့်မှန်းလို့ရပါတယ်။ လုပ်ငန်းရှင်တွေနဲ့ ရပ်ကွက်လူကြီးတွေကလည်း သူတို့အလုပ်ပျက်မှာ မျက်နှာပျက်မှာကိုပဲ အရင်ဆုံး ကာကွယ်နိုင်ဖို့ ဦးစားပေးပါတယ်။ ဆက်စောင့်ကြည့်ပါစို့။


မတ် ၁၀ ရက် ညနေ ၂၁:၂၃ ·

အမေရိကန်တွေ ကုမှာလား ကူမှာလား ...

ကိုဗစ်ဗိုင်းရပ်ကိစ္စမှာ ကွဲပြားမှုတွေက စိတ်ဝင်စားစရာပါ။

ကုမှာလား ဆိုတာက ဖျားနာနေသူတွေကို ကုပေးမှာလား လို့ မေးတာ။
ကူမှာလား ဆိုတာက ကူညီပေးရုံပဲ ပေးမယ် ဆိုတာမျိုး။

ဖျားနာသူတွေ ပြန့်နှံ့နေပြီ လက်ရှိမှာ။ သာမန်တုတ်ကွေးလာ၊ ဗိုင်းရပ်နာလား မခွဲနိုင်ဘူး။ သည်တော့ စစ်ကြည့်မှ သိမယ်။ ဆေးစစ်ကိရိယာ မလုံလောက်သေး၊ ဓာတ်ခွဲခန်းတွေကလည်း ခုမှ ပြင်နေဆဲ။ သီးသန့်ထားဖို့ စခန်းတွေ နေရာတွေကလည်း လုပ်နေတုန်း။ ဗြူရိုကရေစီက နှေးတယ်။ ကုကြည့်မှ စစ်ကြည့်မှ သိရမှာကို အချိန်ဆွဲ ၂ ပတ်စောင့်ကြည့် လုပ်နေတာနဲ့ အချက်အလက်တွေ အသက်တွေ ပျောက်ကုန်နိုင်တယ်လေ။ ကွန်ဖန်းမလုပ်ဘဲ ရွှေ့နေတော့ စာရင်းတွေ တက်တာ နှေးပါတယ်။ တရုတ်လိုသာ ဖိပြီး ကုလိုက်ရင် အမေရိကန်စာရင်းက လူနာသောင်းဂဏန်း ဖြစ်လာနိုင်တယ် ထင်ကြတယ်။

သည်တော့ ထရန့်အစိုးရက ကုမယ့်အစား ကူတာကိုပဲ လုပ်နေတယ်။ အစိုးရက အတိုးနှုန်းချတယ်၊ လစာခွန်ကောက်တာကို ပလပ်ပေးမယ် ပြောတယ်။ လူတွေလက်ထဲ ငွေပိုငွေလျံရှိအောင် စီးပွားမပျက်သွားအောင် ကူမယ်လို့ ပြောတာ။ လူတွေလက်ထဲ ငွေပိုတော့ ဆေးကုလို့ ရမလားဆိုတော့ အဖြေမရှိဘူးလေ။

တဖက်က ဆွေးနွေးအကြံပေးချက်ကတော့ ဆေးကုမယ် ဆေးစစ်မယ် ဆိုတာကို မြုပ်နှံလုပ်သင့်တယ်။ သီးသန့်စခန်းတွေ ဆေးရုံတွေ မြှင့်ပြီး ပြင်ဆင်ထားရမယ်။ ပျောက်ဆေးကိုလည်း အမြန်ဆုံး သုတေသနလုပ်ပြီး ထုတ်နိုင်အောင်လည်း အားစိုက်ရမယ်။ အသက်ကယ်ဖို့ လုပ်ပေးမယ်ဆိုတာကို အာမခံရမယ်။ ကျန်းမာရေးအာမခံချို့တဲ့သူတွေကိုပါ ကုပေးမယ်လို့ အာမခံချက်ပေးသင့်တာပေါ့။ အချိန်ဆိုင်းတာနဲ့ မဖြေရှင်းသင့်။ အလုပ်သမားတွေကို အခွန်လျော့မယ်အစား မကျန်းမာရင်် ခွင့်ယူပါ၊ လုပ်ခ မနစ်နာအောင် အစိုးရက စိုက်ထုတ်ပေးပါ၊ သူတို့ အသက်နဲ့ ကျန်းမာရေးကို အစိုးရက ဝိုင်းမယ်ဆိုတာကို အာမခံပေးပါပေါ့။

သည်လိုပြောလိုက်တော့ လူတွေက မဖျားရဲတော့ဘူးလို့ ထင်စရာ။ အဲသလို မဆိုလိုပါ။ အမေရိကန်လူနာဟာ အသည်းအသန်ဖြစ်ရင် ဆေးရုံအရေးပေါ်ကို သွားလိုက်ရုံပါ။ ကျန်းမာရေးစနစ်က ဆက်လက် စောင့်ရှောက်ပါတယ်။ ပြောချင်တဲ့ အချက်က အရေးပေါ်မဟုတ်သေးတဲ့လူနာက သာမန် အဖျားရှိတယ်၊ အိမ်ပြန်ပြီး စောင့်ကြည့်၊ အားရှိအောင်နေဆိုတဲ့ ညွှန်ကြားချက်ကြောင့် အိမ်ပြန်သွားပြီး ပြန်ကောင်းသွားရင် တော်သေးတာပေါ့ ... စောင့်ကြည့်ဆိုတာက အရေးပေါ်လူနာဖြစ်လာတဲ့အထိ စောင့်ကြည့်ဆိုရင် ဆေးရုံရောက်ချိန်ဟာ သည်တောင်တော့ မကျော်နိုင်တော့ချိန် ဖြစ်နေမှ ဘာထူးမှာလဲပေ့ါ။

မြန်မာပြည်မှာကတော့ ခုထိ ရဲရဲတောက်တွေ ချည်းပဲ။ သည်မှာတော့ လူစုလူဝေးတွေ ပိတ်နေပြီ၊ ကျောင်းတွေ အွန်လိုင်းလုပ်နေပြီ၊ ခရီးမသွားကြတော့ဘူး၊ ကိုယ့်ဖာသာကိုယ် ဆင်ခြင်နေကြပြီ။ မြန်မာပြည်ကတော့ "လူစုလူဝေး မလုပ်ကြရန် လူထုစည်းဝေးပွဲ ကျင်းပပြီး ဆုံးဖြတ်ကြသည်" လို့ ဆိုရမယ် ထင်ပါတယ်။

မြန်မာပြည်က ဘာလဲ - ကုမှာလား၊ ကူမှာလား၊ ကူးမှာလား ...


မတ် ၁၂၊ ၂၈ မိနစ် ·

အမေရိကန်က ဗိုင်းရပ်ကို ဆက်ဆံပုံက သူများနဲ့ မတူဘူး

တရုတ်က ပိတ်ဆို့ပြီး ဖြေရှင်းပါတယ်။ ကိုရီးယားကတော့ သဲလွန်စနောက်လိုက်ပြီး ဖြေရှင်းပါတယ်။ တက်စ်ကစ်တွေကို တနေ့ သောင်းချီ (မက) ပြီး သုံးပြီး စစ်တာပဲ။ တွေ့တာနဲ့ ကန့်သတ်လိုက်တယ်။ ကွာရန်တင်းလုပ်တယ်၊ ကွန်တိန်း လုပ်တယ်ပေါ့။ ကုသတယ်ပေါ့။

အမေရိကားကတော့ တက်စ်ကစ်လည်း မလုံလောက်ဘူး။ သည်တော့ သံသယရှိသူကိုသာ လူနာဖြစ်လာတဲ့သူကိုသာ ကွာရန်တင်း၊ ကွန်တိန်းလုပ်ပြီး စောင့်ကြည့်ပါတယ်။ ဆိုးလာရင် ဆေးရုံတင်၊ ဆေးစစ်ကြည့်ဖို့ ကြိုးစားပါတယ်။ နောက်တချက်ကတော့ ပိတ်ဆို့ပြီးလည်း မလုပ်နိုင်၊ သဲလွန်စလည်း မလိိုက်နိုင်တော့ - မစ်တီဂေးရှင်း လုပ်ကြတယ်။ အားနည်းသူတွေကို အာရုံစိုက်ပြီးပဲ ကာကွယ်တာပါ။ သက်ကြီးသူတွေ ရောဂါသည်တွေက သေဖို့ များတော့ သူတို့ကိုပဲ ဦးစားပေးတဲ့ အဆင့်ပေါ့။ အားလုံးတန်းတူ မကုသေးနိုင်ဘူး။

အခု ကျောင်းပိတ်တယ်ဆိုတာလည်း အဲသလိုမျိုးပဲ။ တနေရာတည်း စုထားလို့ ပိုဆိုးလာမှာဆိုးတော့ လူတွေကို ခွဲဖြန့်ထားလိုက်တာပေါ့။ ဖြစ်တဲ့နေရာမှာ ဖြစ်ဖို့များတဲ့အမျိုးက လူအိုတွေ ရောဂါသည်တွေ ပိုဖြစ်နိုင်တယ်လေ။ အဲသည်ကိုပဲ စိုက်ကုမယ်ပေါ့။ လူငယ်တွေက သူ့ဖာသာသူ သူအိမ်မှာ သူနေရင်း ပြန်ကောင်းလာနိုင်ဖို့ များတယ်။ သူတို့ကို လူခွဲပြီး ထိခိုက်မှုလျော့အောင် ဖြန့်တဲ့သဘော။ တက်စ်ကစ်နဲ့ စစ်ပြီး အကုန်မှ ကုမပေးနိုင်တာကိုး။

အခုဗိုင်းရပ်က ကမ္ဘာကပ်ဖြစ်ပြီလို့ ကြေညာလိုက်ပြီ။ သည်တော့ အမေရိကန်က ဘယ်လိုတုန့်ပြန်သလဲ။

တရုတ်က ဘာလုပ်သလဲ။ တရုတ်ကတော့ အခု ပြန်ကောင်းလာတော့ အစွမ်းကုန် အရှိန်မြှင့်ပြီး ထုတ်လုပ်မှု ပြန်စမှာပဲ။ အခုတောင် နလံထထခြင်း အလုပ်ဆင်းခိုင်းနေပြီ။ ဘယ်သူမှ စောင့်မနေပါ။

အမေရိကန်ကတော့ တရုတ်နဲ့ မတူဘူး။ အဖျားဝင်နေကတည်းက အဆင်သင့်မဖြစ်တော့ မစ်တီဂေးရှင်းလုပ်တယ်။ တနေရာတည်း လူစုပြီး ပုန်းနေလို့ ဗုံးကျရင် အကုန်သေမှာကိုး။ လူဖြန့်ပြီး ရင်ဆိုင်တယ်ပေါ့။

လူတွေက အရောင်းလွန် အဝယ်လွန်တွေ နဲ့ သွေးပျက်လာမှာကို တားဆီးဖို့ လျော့ချဖို့ (မစ်တီဂေးရှင်း) နည်းပဲ သုံးတယ်။ စတော့ကိုပဲ အာရုံစိုက်တယ်။ စတော့ကျရင် အကုန်မီးခိုးကြွက်လျောက် ပျက်ကုန်မှာကိုး။ ဆေးကုအာမခံချက်ကိုလည်း အားနည်းသူတွေကိုပဲ ကုမယ်လို့ လေသံပစ်တယ်။ ချမ်းသာသူတွေကို ကုပေးစရာမလိုဘူးလေ။ သူ့အသက် သူ့ဖာသာ ကယ်မှာကိုး။ လစာနည်း အောက်ခြေအလုပ်သအားတွေ အလုပ်ပြုတ်ကုန်မှာကို ကာကွယ်ဖို့ လုပ်ပါတယ်။

လုပ်ငန်းကြီးတွေ မြို့နယ် ပြည်နယ်အလိုက် အစိုးရတွေကိုလည်း သူတို့ သဘောနဲ့ ဖြေရှင်းခိုင်းတယ်။ အခုတော့ ကျောင်းပိတ်၊ လေဆိပ်တွေ လူရှင်း၊ ဖျော်ဖြေရေးအလုပ်တွေ အားကစားတွေ ရပ်ဆိုင်း၊ ခရီးသွားအလုပ်တွေ တုန့်ဆိုင်း စသည်ဖြင့်ပေါ့။ နောက်လည်း ဘာတွေ ဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ။ စီးပွားကျတာကို သူတို့က သိပ်မကြောက်၊ စျေးပေါတာစောင့်ပြီး ပြန်ဝယ်မယ့် သူဌေးတွေက အမေရိကားမှာ အပြည့်။ အလုပ်ပြုတ်တဲ့လူတွေပဲ ဘ၀ပျက်ကုန်မှာ။

ပြသနာက ဘာလဲဆိုတော့ ထရမ့်အစိုးရမှာ ထရမ့်ကိုယ်တိုင်က ပြောချင်တိုင်း ပြောနေတာတွေက လက်တွေ့မကျတော့ လူတွေက ခံစားရတာပေါ့။ အစိုးရကို အားကိုးလို့မရဘူးဆိုတာ အမေရိကန်တွေက သိပြီးသားပါ။ ခုနင်က ပြောသလို ကိုယ့်အားကိုကိုးပြီး ရင်ဆိုင်နေရတာပါပဲ။

တကယ်ပါ အမေရိကန်တွေက disaster preparedness ဘေးအန္တရယ် ပြင်ဆင်ရေးအကျင့်ရှိပြီးသားဆိုတော့ စျေးဝယ်ထားပြီးသားနဲ့ စျေးကြိုဝယ်ကျင့် ရှိကြပါတယ်။ သူတို့လည်း မဝယ်ဘူး မစုဘူး ဆိုတာ မဟုတ်ပါ။ အဖြူတွေ ဝယ်ထားပြီးမှ အေးရှန်တွေက နောက်က လိုက်လာတာ ... အဲသည်နောက်မှ ငွေကြေးအပိုမရှိသူတွေက တပိုင်တနိုင် ဝယ်ကြ စုကြတာပါ။ မဝယ်နိုင်သူတွေလည်း အများကြီးပါ။ ဆေးမကုသနိုင်သူတွေလည်း အများကြီးပဲ။

(မောင်ရစ်)