Breaking News

လှကျော်ဇော - လူထုကျန်းမာရေးစနစ်သစ်


လှကျော်ဇော - လူထုကျန်းမာရေးစနစ်သစ်

(မိိုးမခ)ဧပြီ ၂၁၊ ၂၀၂၀

အမှတ် (၁) - ကိစ္စဆိုးကို ကိစ္စကောင်းအဖြစ် ပြောင်းလဲခြင်း

တိမ်ညိုတိမ်မဲတွေမှာ ငွေရောင်အနားသတ်ကလေး ရှိတယ် ... တဲ့။ သိုးဆောင်းစကားပုံပါ။ ထို့အတူ တရုတ်မှာလည်း ဘယ်လောက်ဆိုးတဲ့ကိစ္စပဲဖြစ်ဖြစ် အခွင့်ကောင်းကလေး နည်းနည်းပါးပါး ရှိတတ်တယ်။ အဲဒီအကောင်းကိုဆွဲထုတ်ပြီး အကောင်းဘက် များလာအောင်လုပ်လို့ရတယ် ... ဆိုတဲ့ ရှေးစကားလည်း ရှိသတဲ့။

တကယ်တော့ အကျပ်အတည်းတိုင်းမှာ အခွင့်အလမ်းတွေလည်း ပေါ်တတ်ပါတယ်။ ကြည့်တတ်မြင်တတ်ယူတတ်ဖို့ပဲ လိုတာပါ။

ဒီတော့ ဒီကိုဗစ်၁၉ ကပ်ရောဂါကြီး တရုတ်ပြည်မှာပေါ်လာပြီး ဒါကိုနှိမ်နှင်းနေစဉ်ကာလကတည်းက ဒီလိုမျိုး ကမ္ဘာကပ်ရောဂါဆိုးတွေကို တနိုင်ငံတည်း ဖြေရှင်းလို့မရနိုင်မှန်း ကျန်နိုင်ငံတွေပါ မြင်လာရေး၊ ကျန်နိုင်ငံများအားလုံးနဲ့ စုပေါင်းဖြေရှင်းနိုင်ရေး အဲဒီကမှတဆင့် ကမ္ဘာလုံးဆိုင်ရာ လူထုကျန်းမာရေးအုပ်ချုပ်မှုစနစ်သစ် (Global Public Health Governance) ပေါ်ရေး စတာတွေကို တရုတ်က အဆင့်အသီးသီးမှာ အစီအစဉ်ရှိရှိ ကြိုးစားလုပ်ဆောင်လာတာ တွေ့ရပါတယ်။ သူတို့ရှေးစကားအတိုင်း ရသမျှအခွင့်ကောင်းတွေကို ဖမ်းဆွဲနေပုံရပါတယ်။

တကယ်တော့ ဒါတွေဟာ သမ္မတရှီကျင့်ဖျင်ရဲ့ နိုင်ငံတကာအခင်းအကျင်းတွေမှာ အဆက်မပြတ် တင်နေတဲ့ အနာဂါတ်တွေကို မျှဝေထားတဲ့ လူ့အဖွဲ့အစည်းတည်ဆောက်ရေး ဆိုတဲ့ မဟာဗျူဟာရဲ့ အစိတ်အပိုင်းတရပ်ပါ။ (ကုလသမဂွက တင်သွင်းလုပ်ဆောင်နေတဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး (၁၇) ချက် ဆိုတာတွေနဲ့လည်း ကိုက်ညီတာတွေ ပါ ပါတယ်။)

မတ်လ (၂၆) ရက်နေ့က ဆော်ဒီအာရေဗျက ဦးစီးကျင်းပတဲ့ ဂျီ (၂၀) နိုင်ငံများရဲ့ ထိပ်သီးတွေရဲ့ တယ်လီကွန်ဖရင့်မှာ တရုတ်သမ္မတရှီကျင့်ဖျင်က ကိုဗစ်၁၉ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အတူတကူူလုပ်ဆောင်ကြပါစို့ ... ဆိုတဲ့ ခေါင်းစဉ်နဲ့ အကြံပေးချက် (၄) ချက် တင်ပြခဲ့ပါတယ်။

လောလောဆယ်ဖြစ်ပေါ်နေတဲ့ ကိုဗစ်၁၉ ရောဂါတိုက်ဖျက်ရေးနဲ့ အဲဒီရောဂါကပ်ဘေးကြောင့် ပေါ်ပေါက်လာတဲ့ စီးပွားရေးအခက်အခဲတွေကို စုပေါင်းဖြေရှင်းဖို့ အကြုံပြုထားတာပါ။ ဒါ့အပြင် သူတို့တရုတ်ပြည်အနေနဲ့လည်း ဘယ်နေရာတွေမှာ ပါဝင်ကူညီနိုင်မယ် ... ဆိုတာတွေလည်း ပါပါတယ်။

ရှီရဲ့ အကြံပြုချက်တွေကတော့ ...

၁။ ဂျီ (၂၀) နိုင်ငံက ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးအမြန်ဆုံးခေါ်ယူပြီး အတွေ့အကြုံ သတင်းအချက်အလက်တွေ ဖလှယ်ဖို့၊ ဆေးဝါးများ၊ ကာကွယ်ဆေးထုတ်လုပ်ရေးများနဲ့ ကပ်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများမှာ ပိုပြီးပူးပေါင်းဆောင်ရွက် လုပ်ဆောင်ကြဖို့၊ နယ်နိမိတ် ဖြတ်ကျော်ကူးစက်မှုများ ဖြတ်တောက်ဖို့ စတဲ့လုပ်ငန်းတွေ တိုးမြင့်လုပ်ဆောင်ဖို့ တိုက်တွန်းကြောင်း၊ ဂျီ(၂၀) နိုင်ငံများအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ပူးတွဲပြီး လူထုကျန်းမာရေးစနစ်တွေ အားနည်းတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရောဂါကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများကို ကူညီပြင်ဆင်ပေးဖို့ လိုပါတယ်။ တရုတ်ပြည်အနေနဲ့ မိမိတို့အတွေ့အကြုံများကို မျှဝေပေးဖို့၊ ဆေးဝါးနဲ့ ကာကွယ်ဆေးထုတ်လုပ်ရေးအတွက် ပူးတွဲသုတေသန လုပ်ပြီးတိုးတက်လာစေဖို့၊ ရောဂါဖြစ်ပေါ်လာတဲ့နိုင်ငံများကို တတ်နိုင်တဲ့အကူအညီပေးဖို့ အဆင်သင့်ပါပဲ။

၂။ ဒီကပ်ရောဂါကို ထိန်းချုပ်ဖိုနဲ့ ကုသဖို့အတွက် တကမ္ဘာလုံးစုစည်းပြီး စုပေါင်းတုံ့ပြန်ဖို့ လိုအပ်ပါတယ်။ ဒီဗိုင်းရပ်ပိုးဟာ တကမ္ဘာလုံးရဲ့ ဘုံရန်သူပါ။ ဒါကြောင့် အပြင်းထန်ဆုံးအင်အားနဲ့ တုံ့ပြန်မှ ဒီရောဂါပိုးကို ထိမ်းချုပ်နိုင်ပြီး ကုသနိုင်မှာဖြစ်ပါတယ်။ နိုင်ငံအားလုံး မိမိတို့အင်အားတွေကိုစုစည်း၊ သုတေသနလုပ်ငန်းတွေ (ဆေးဝါး၊ ကာကွယ်ဆေး)ကို အရှိန်မြှင့်၊ ရောဂါစစ်ဆေးရေ းအရည်အချင်းတွေမြင့်တက်ရေးကြိုးစား၊ ဒီလိုတက်ညီလက်ညီလုပ်ဆောင်မှ အားလုံးအတွက် အကျိုးရှိစေမယ့် ဒီရောဂါဆိုးကြီးကူးစက်မှု ပြတ်တောက်သွားရေး နည်းလမ်းတွေကို စောစီးစွာ ရှာတွေ့နီုင်မှာပါ။

လူထုကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွေ ပေါ်လာရင် မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်ဖို့ ဒေသဆိုင်ရာ အရေးပေါ်ဆက်သွယ်ရေးယန္တရားတွေ (Regional EmergencyLiaison Mechanisms)တည်
ထောင်ရေးအတွက်လည်း ဆွေးနွေးတိုင်ပင် ညှိုနှိုင်းဖို့လိုအပ်ပါတယ်။

တရုတ်ပြည်အနေနဲ့ ကိုဗစ်၁၉ဆိုင်ရာ ဗဟိုဌာနကွန်ရက်ကို ဖွင့်လှစ်ထားပြီး ဘယ်နိုင်ငံမဆို ဝင်ရောက်ကြည့်ရှု ဆွေးနွေးနိုင်ပါတယ်။

၃။ ဒီလုပ်ငန်းတွေလုပ်ဆောင်ရာမှာ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ တက်ကြွတဲ့အခန်းကဏ္ဍကိုလည်းထောက်ခံ အားပေးရပါမယ်။ တရုတ်ပြည်အနေနဲ့ ကမ္ဘာကျန်းမာရေးအဖွဲ့ရဲ့ ဒီရောဂါကပ်ဘေးဆိုးကြီးကို ထိမ်းချုပ်ရေးနဲ့ ကုသရေးအတွက် ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းချက်တွေကို ဦးဆောင်မှုပေးနေတာကို ထောက်ခံပါတယ်။

ဂျီ(၂၀)နိုင်ငံများအနေနဲ့ မိမိတို့နိုင်ငံရဲ့ ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အတွေ့အကြုံတွေကိုနဲ့ အချက်အလက်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကူအညီထောက်ခံမှုနဲ့ မျှဝေပြီး ပိုမိုပြီးပြည့်စုံတဲ့ ထိရောက်မှုရှိတဲ့ သိပွံနည်းကျကာကွယ်ရေးနဲ့ ကုသမှုဆိုင်ရာ မူကြမ်းတရပ် (protocol) ပေါ်ထွက်လာရေး ကြိုးစားကြရအောင်ပါ။

ဂျီ(၂၀) စင်မြင့်ကို အသုံးပြုပြီး နိုင်ငံတကာလူထုကျန်းမာရေးနဲ့ ပတ်သက်တဲ့ လုံခြုံရေး (Public Health Security) အတွက် အဆင့်မြင့်အစည်းအဝေးတရပ် ခေါ်ယူပြီး မူဝါဒတွေ ဆွေးနွေးဖလှယ်ကြပြီး ပိုမိုကျယ်ပြန့်တဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေပေါ်လာဖို့ကြိုးစားသင့်ပါတယ်။ တရုတ်ပြည်ကတော့တခြားနိုင်ငံများနဲ့အတူ သက်ဆိုင်ရာ တကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများကိုထောက်ခံသွားမှာပါ။

ဒါတွေကတော့ တရုတ်သမ္မတရှီရဲ့ ဒီကိုဗစ်၁၉ ကပ်ရောဂါတိုက်ဖက်ရေးကို အကြောင်းပြုပြီး လူထုကျန်းမာရေးစနစ်သစ်တရပ် ပေါ်ရေးအတွက် ပြောဆိုချက်တွေဖြစ်ပါတယ်။ (အကြံပြုချက်(၄) ကတော့ ဒီရောဂါကပ်ဘေးကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးအခက်အခဲတွေကို ဘယ်လိုစုပေါင်း ဖြေရှင်းသင့်တယ် ဆိုတာတွေ ပြောသွားတာပါ။)

ဒီအချက်(၃)ချက်ကတော့ လူထုကျန်းမာရေးနဲ့ပတ်သက်တဲ့ တကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာတရပ်ပါ။တရုတ်က သူတို့ရဲ့မူဝါဒတွေကို အကောင််အထည်ဖော်ရာမှာ ဘက်စုံက ချဉ်းကပ် လုပ်ဆောင်တတ်တာပါ။

တကမ္ဘာလုံးဆိုင်ရာမူတွေ၊ ဒေသ(အသီးသီး) ဆိုင်ရာမူတွေ၊ တနိုင်ငံချင်းဆိုင်ရာ မူတွေ စသဖြင့် အလွန်အသေးစိတ်ကျအောင် လုပ်ဆောင်တာ တွေ့မြင်ရပါတယ်။ ဒါ့အပြင် ရှိရင်းစွဲအခြေခံတွေပေါ်မှာ မူတည်ပြီးလိုက်လျောညီထွေရှိတဲ့ မူအသစ်အဆန်းတွေလည်း တီထွင်တာလည်း တွေ့ပါတယ်။ ဘယ်သူတွေ ဘာပြောနေနေ သူတို့လုပ်စရာရှိတာတွေကို သိုသိုသိပ်သိပ် အရှိန်မပျက် ဆက်လုပ်နေတာကိုလည်း သတိပြုမိပါတယ်။

ဗမာပြည်အပါအဝင် အရှေ့တောင်အာရှမှာရော တရုတ်က ဒီရောဂါကပ်ဘေးအခြေအနေမှာ ဘာတွေလုပ်နေသလဲ။

ဒါတွေကို နောက်ဆောင်းပါးတွေမှာ ဆက်ရေးပါ့မယ်။

လှကျော်ဇော
၁၈-၄-၂၀၂၀။