Breaking News

မောင်လူပေ - မျက်နှာလိုက်တတ်လေသလား ကိုရိုနာ (၀၈/၀၄/၂၀)



မောင်လူပေ - မျက်နှာလိုက်တတ်လေသလား ကိုရိုနာ (၀၈/၀၄/၂၀)

(မိုးမခ) ဧပြီ ၉၊ ၂၀၂၀

WHO လို့အတိုခေါ်ကြတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဟာ တရုတ်ဘက်လိုက်အဖွဲ့ဖြစ်တယ်။ တရုတ်ပေးသမျှ အချက်အလက်တွေကိုသာ ထုတ်ပြန်ခဲ့လို့ သတိပေးမှုနောက်ကျခဲ့ရတယ်။ ကြိုတင်ပြီး သတိပေးဖို့ ပျက်ကွက်ခဲ့တယ်။ ဒါကြောင့် အဲဒီအဖွဲ့ကိုပေးမဲ့ ထောက်ပံ့ငွေတွေ ရပ်ဆိုင်းရလိမ့်မယ် လို့ သမ္မတထရန့်က ခြိမ်းခြောက်တယ်။

WHO အကြီးအကဲကလည်း အလောင်းထည့်ဖို့ အိပ်တွေ ပိုပြီးမလိုချင်ရင် ဗိုင်းရပ်ကိစ္စကို နိုင်ငံရေးအတွက်မသုံးသင့်ဘူးလို့ တုန့်ပြန်ခဲ့တယ်။ ဗိုင်းရပ်ကိစ္စကို ခေါင်းထဲမထည့်ပဲ နိုင်ငံရေးအတွက်လုပ်နေရင် လူတွေပိုသေရလို့ အလောင်းထည့်ဖို့အိပ်တွေ ပိုလိုမယ်ဆိုတဲ့သဘောမျိုးပါပဲ။

WTO လို့ အတိုခေါ်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးကတော့ ကမ္ဘာ့ကုန်သွယ်ရေးဟာ ၂၀၂၀မှာ ဗိုင်းရပ်ကြောင့် အရင်နှစ်နဲ့ယှဉ်ရင် ၁၃%ကနေ ၃၀%အထိ ကျဆင်းမယ်။ ၂၀၀၈ စီးပွားပျက်ကပ်ထက်ဆိုးရွားမယ်လို့ သတိပေးထားတယ်။

အမေရိကန်သမ္မတထရန့်ကတော့ ရောဂါပြီးဆုံးလို့ စီးပွားရေးတွေပြန်ဖွင့်၊ တိုးတက်မှုတွေအရှိန်ရလာရင် ဒီရောဂါအကြောင်းကို လူတွေက ခဏနဲ့မေ့ကြမှာပါလို့ ဆိုတယ်။

အမေရိကန်ပြည်ထောင်စုက ဝါရှင်တန်ပို့စ်သတင်းစာရဲ့ လေ့လာချက်အရ ဒီဗိုင်းရပ်ကြောင့် အာဖရိကနွယ်ဖွား အမေရိကန်တွေရဲ့ သေဆုံးမှုဟာ သတိထားစရာ အခြေအနေအထိရောက်လာတယ်လို့ဆိုတယ်။

အဆိုးဆုံးကူးစက်ခံနေရတဲ့ နယူးယောက်ပြည်နယ်မှာ သေဆုံးမှု ဂရပ်မျဉ်း တန်းလာပြီ။ အမြင့်ဆုံးသေဆုံးမှုရောက်ပြီ။ တစ်ရက်အတွင်း ၇၇၉ဦး သေဆုံးခဲ့ရတယ်။ တနိုင်ငံလုံးမှာ (၁၄၀၀)ကျော် တစ်ရက်အတွင်း သေဆုံးခဲ့ရပြန်တယ်။

ဆန်ဖရန်စစ္စကိုဗေးဧရိယာ San Francisco Bay Area မှာ နေထိုင်သူ ရှစ်သန်းနီးပါးရှိပြီး မြန်မာပြည်က ပြောင်းရွေ့အခြေချနေထိုင်သူ ထောင်ချီရှိပါတယ်။ ယနေ့အထိ ကူးစက်ခံရသူ လေးထောင်ကျော်ခန့်ရှိပြီး သေဆုံးသူ တစ်ရာခန့်ရှိပါတယ်။

အမေရိကားမှာ ကူးစက်ခံရသူ လေးသိန်းကျော်သွားပြီဖြစ်သလို သေဆုံးသူလည်း တစ်သောင်းလေးထောင်ကျော်သွားပါပြီ။

ရောဂါဖြစ်နေပေမယ့် အမေရိကန်ပြည်ထောင်စုက အလုပ်သမားထက်ဝက်နီးပါး ၄၆%ဟာ အိမ်မှာမနေနိုင်ကြပဲ အလုပ်ဆင်းနေကြတယ်လို့ CNN စစ်တမ်းတစ်ခုက ဆိုပါတယ်။ အမျိုးသား ၆၀% နဲ့ အမျိုးသမီး ၃၂% အလုပ်ဆင်းကြပါတယ်။ သေဆုံးမှုမှာလည်း အမျိုးသားများက နှစ်ဆပိုနေပါတယ်။ (ယောက်ျားတွေ ခွန်အားကြီးပေမဲ့ ဒီရောဂါဒါဏ်ကို ခံနိုင်စွမ်းမှာ မိန်းမက နှစ်ဆသာတယ်။)

အီတလီနဲ့စပိန်တို့မှာ သေဆုံးမှုကျလာပြီဖြစ်ပေမဲ့ အင်္ဂလန်မှာ တက်နေဆဲပါ။ တစ်ရက်အတွင်း (၉၃၈)ဦးအထိ စံချိန်တင်သေဆုံးခဲ့လို့ သေဆုံးသူ ခုနှစ်ထောင်ကျော်သွားပါတယ်။ ကူးစက်ခံရသူ ခြောက်သောင်းကျော်ရှိတယ်။ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်လည်း ICU က မထွက်ရသေးပါ။ အခြေအနေကောင်းမွန်လာတယ်လို့ဆိုပါတယ်။

အာရှမှာ သေဆုံးမှုအများဆုံး အီရန်မှာလည်း သေဆုံးသူ လေးထောင်နီးပါးရှိနေပါပြီ။ ကူးစက်ခံရသူ ခြောက်သောင်းခွဲခန့်ရှိပါတယ်။

ဂျပန်န်ုင်ငံမြို့တော်တိုကျိုမှာလည်း တစ်ရက်အတွင်း ကူးစက်ခံရသူ(၁၄၄)ဦးအထိ စံချိန်တင်တက်လာပါတယ်။

ဘင်္ဂလားဒေ့ချ်နိုင်ငံရဲ့ မြန်မာနယ်စပ် ကော့ပဇားခရိုင်ကိုလည်း ရောဂါကူးစက်မှုကိုစိုးရိမ်လို့ lockdown လုပ်ထားပါတယ်။ ဘင်္ဂါလီ ဒုက္ခသည်တွေ အတွက် ကြိုတင်ကာကွယ်မှုပါ။

မြန်မာပြည်မှာ ရောဂါကူးစက်မှုအသစ်မတွေ့ရပေမဲ့ ကူးစက်ခံထဲက နှစ်ဦးထပ်မံသေဆုံးခဲ့ရပါတယ်။ စုစုပေါင်းသုံးဦးသေဆုံးခဲ့ရပါပြီ။ ကောင်းရာသုဂတိ လားကြပါစေ။

ကမ္ဘာ့လူဦးရေ တစ်သန်းခွဲနီးပါးကို ကူးစက်ခဲ့ပြီး ရှစ်သောင်းခုနှစ်ထောင်ခန့်သေဆုံးခဲ့ရပြီ။

ဂရုစိုက်ကြပါ။