Breaking News

ဧရာ(မန္တလေး) - တုတ်ထမ်းရာဇဝင်


ဧရာ(မန္တလေး)  - တုတ်ထမ်းရာဇဝင်

(မိုးမခ) ဇွန် ၂၃၊ ၂၀၂၀

ပုဂံရာဇဝင်ကို တုတ်ထမ်းပြီး ပြောရတယ် ဆိုတဲ့ စကား ရှိတယ်။ မူကွဲတွေများလွန်းလို့ ငြင်းကြ ခုန်ကြ ထသတ်ကြရလို့ပါ။

ပုဂံရာဇဝင်ထဲက ငှက်ကြီး, ဝက်ကြီး, ကျားကြီး, ရှုးပျံ ကြီးတွေကို နှိမ်နင်းပြီး မင်းဖြစ်လာတဲ့ ပျူမင်းထီး (ပျူစောထီး) အကြောင်းကို ကြားဖူးကြမယ် ထင်တယ်။ “ငါတို့က ရွာမှာ ကြီးခဲ့တော့ ရွာသားလိုပဲ မြင်တတ်တယ်” ဆိုပြီး ပျူစောထီး ဒဏ္ဍာရီအကြောင်းကို အဖေ ပြန်ပြောပြတာ မှတ်မိနေတယ်။

“ငှက်ကြီးတို့, ရှုးပျံကြီးတို့ ဆိုတာ တကယ် ကြီးတဲ့ ငှက်ကြီးတွေ, ရှုးပျံကြီးတွေ ဟုတ်ချင်မှ ဟုတ်မယ်။ စိုက်ပျိုးရေး လုပ်လို့ မရလောက်အောင် အနှောက်အယှက်ပေးနေတဲ့ ငှက်အုပ်ကြီးတွေ, ရှဉ့်တွေ, ကြွက်တွေကို နှိမ်နင်းတာ ဖြစ်မယ်။ ဝက်ကြီးတွေ, ကျားကြီးတွေ ဆိုတာကတော့ ဒီနေရာက အရင်က မြို့တည်လို့ မရလောက်အောင် ခေါင်ခဲ့လို့ ဖြစ်မယ်။ ဒီတော့ သူက ပုဂံကို စိုက်ပျိုးရေးထွန်းကားတဲ့ မြို့ကြီးပြကြီး ဖြစ်အောင်လုပ်ခဲ့တဲ့ မင်းပဲ” တဲ့။

ပျူစောထီး ပုံပြင်ကို အဖေက ဒီလိုအဓိပ္ပါယ်ပြန်လိုက်တော့ အရင်ကကြားဖူးထားသလို သိပ်ခမ်းခမ်းနားနား မဟုတ်တော့ပေမယ့်၊ လက်တွေ့တော့ ဆန်သားလို့ ငယ်ငယ်က သဘောကျခဲ့တယ်။ နောင် အလုပ်ကိစ္စနဲ့ တရုတ်ပြည် ရောက်တော့မှ အဖေပြောတဲ့ ပျူစောထီး ပုံပြင်ကို ပြန်သတိရစရာ အကြောင်းပေါ်လာတယ်။ တရုတ်အင်ဂျင်နီယာတွေနဲ့ စကားလက်ဆုံကြတော့ မော်စီတုန်းလက်ထက် ယဉ်ကျေးမှုတော်လှန်ရေး အကြောင်းကို (သူတို့အမြင်ကို သိချင်လို့) မေးဖြစ်တယ်။

မော်စီတုန်းက ယဉ်ကျေးမှု တော်လှန်ရေးကာလ မဟာခုန်ပျံကျော်လွှား စီမံကိန်းကြီးချ ဆောင်ရွက်ကြတဲ့အခါ “ခြင်, ယင်, စာကလေးနဲ့ ကြွက်” ဆိုတဲ့ သတ္တဝါလေးမျိုးကို နှိမ်နင်းဖို့ Four Pests Campaign ကို စည်းရုံးလှုံ့ဆော်ခဲ့သတဲ့...။ ဒီတော့မှ အဖေပြောဖူးတဲ့ ပျူစောထီး ပုံပြင်ကို သတိရပြီး “အော် ... ပျူစောထီးဆိုတာ ပုဂံမှာ မောစီတုန်းလို ခေတ်ပြောင်း တော်လှန်ရေး လုပ်ခဲ့တဲ့ မင်း” ဖြစ်ကောင်း ဖြစ်နေမယ်လို့ စဉ်းစားမိခဲ့တယ်။

အခုတလောမှာ Mythology အကြောင်း ပြန်စဉ်းစားရင်း ပျူစောထီး ဒဏ္ဍာရီက စိတ်ဝင်စားစရာ အချက်တချက်ကို သတိထားမိတယ်။ ပါးစပ်ရာဇဝင်တွေရော, အချို့ ရှေးမြန်မာရာဇဝင်ကျမ်းတွေမှာပါ ပျူစောထီးက နေနတ်သားနဲ့ နဂါးမတို့ကနေ မွေးတယ်လို့ ဆိုကြတယ်။ ကုန်းဘောင်ခေတ် မှန်နန်းရာဇဝင်မှာတော့ ဒီနဂါးမင်းသား ဒဏ္ဍာရီကို ဖြုတ်လိုက်တယ်။ ဝိဋဋူပရန်ကြောင့် ကပိလဝတ် ပြည်ပျက်ပြီး ထွက်ပြေးဝင်လာကြတဲ့ သာကီဝင်တွေက တကောင်းပြည်ကို ထောင်ခဲ့ပြီး ပျူစောထီးက တကောင်းနန်းရိုး သတိုးအာဒိစ္စရာဇာ မည်တဲ့ သာကီဝင်မင်းက ဖွားမြင်တယ်လို့ ပြောင်းလိုက်တယ်။

ပျူမင်းထီးက စတဲ့ မင်းဆက်တွေကို ကြည့်ရင် ပျူမင်းထီး, မင်းထီးယဉ်, ယဉ်မင်းပိုက်, ပိုက်သေဉ်လည်, သေဉ်လည်ကြောင်, ကြောင်တူရစ် ဆိုပြီး အဖေအမည်ရဲ့ နောက်ဆုံးစာလုံးကို သားအမည်ထိပ်မှာ ယူပြီး မည်ထားတယ်။ ဒီအမည်တွေက မြန်မာအမည်တွေ မဟုတ်သလို၊ ဒီလိုအမည်ပေးတဲ့ စနစ်မျိုးက မြန်မာတွေမှာ မရှိဘူးလို့ ဆရာကြီးဒေါက်တာသန်းထွန်းက ဆိုတယ်။ (ဒီနေ့ခေတ် ယူနန်ပြည်နယ်က) တိဗက်-ဗမာနွယ်ဖွား နန်ကျောင် မင်းဆက်တွေမှာတော့ ဒီလိုအမည်ပေးတဲ့ စနစ်ရှိတယ်၊ ဒါကြောင့် ပျူစောထီးက နန်ကျောင် နွယ်ဖွား ဖြစ်နိုင်တယ်လို့ သမိုင်းဆရာ အချို့ကဆိုတယ်။

ဒီတော့ ပျူစောထီးက နဂါးမင်းသားဒဏ္ဍာရီနဲ့ အရှေ့ဖက် နန်ကျောင်အရပ်က လာတဲ့ တိဗက်-ဗမာနွယ်ဖွား မင်းတပါးလား၊ ဝိဋဋူပရန်ကြောင့် အနောက်ဖက် မဇ္ဈိမဒေသက ပြေးဝင်လာတဲ့ အာရိယန်လူမျိုး သာကီနွယ်ဖွား မင်းတပါးလား ဆိုတာ တုတ်ထမ်း ဓားထမ်း ငြင်းရမယ့် ကိန်းဆိုက်နေတယ်။