Breaking News

မောင်စွမ်းရည် - စာတတ်မြောက်ရေး လှုပ်ရှားမှု



မောင်စွမ်းရည် - စာတတ်မြောက်ရေး လှုပ်ရှားမှု

(မိုးမခ) ဩဂုတ် ၁၂၊ ၂၀၂၀

အထက်ပါ ခေါင်းစီးဟာ ဗဟိုအဖွဲ့ရဲ့ နောက်ဆုံးခေါင်းစီး ထင်ပါတယ်။ သည့်အရင်က ‘စာမတတ်သူ ပပျောက်ရေး လှုပ်ရှားမှု’လို့ ခေါ်ပါတယ်။ အရပ်သားတွေကတော့ ‘ အ သုံးလုံး လှုပ်ရှားမှု’လို့ ခေါ်ပါတယ်။ ‘အ သုံးလုံး’ ဆိုတာက ‘အရေး၊ အဖတ်၊ အတွက်’ တဲ့။ ခုလှုပ်ရှားမှုက ‘အတွက်’ မပါလို့ ပညာရေးဌာနက ‘အ သုံးလုံး’ လို့ တရားဝင် မသုံးပါဘူး။ ‘အ သုံးလုံး’ရယ်လို့ စတင်တဲ့အချိန်မှာ အလွတ်ပညာသင်ကျောင်းတွေကို ပြည်သူပိုင်သိမ်းပြီးခါစ ဖြစ်ပါတယ်။ ၁၉၆၈ မတိုင်မီလောက်ကပါ။ အတိအကျ မမှတ်မိတော့ပါ။

အ သုံးလုံး လှုပ်ရှားမှုကို မန္တလေးတိုင်းအတွင်း မိတ္ထီလာခရိုင်က စတင်ပါတယ်။ အလွတ်ကျောင်းနဲ့ ပြည်သူပိုင် ကျောင်း စပ်ကူးမပ်ကူးကာလမှာ ကျွန်တော်က အလွတ်ကျောင်းဆရာပါ။ မိတ္ထီလာ လှုပ်ရှားမှုက အစ ပို့စကတ် ကဗျာ ရေးပေးခဲ့ရပါတယ်။ ‘စာမတတ်သူ တို့ ဝိုင်းကူ’ ဆိုတဲ့ ဆောင်ပုဒ် ကြွေးကြော်သံလေးများကို လည်း ဝင်ရေးပေးရပါတယ်။

၁၉၇၀ လောက်က ရန်ကုန်မှာ အခြေခံပညာရေးဌာန ‘ပညာရေးသုတေသနဌာန’ ဆိုတာ ပေါ်နေပါပြီ။ ဒါပေမဲ့ ကျောင်းသုံးစာအုပ်ကော်မတီ ဆိုတာမျိုးတော့ သတ်သတ်မှတ်မှတ် မရှိသေးပါဘူး။ ပညာရေးဝန်ကြီးက ဒေါက်တာညီညီပါ။ ပညာရေးသုတေသနမှာ ညွှန်ကြားရေးမှူးက ဦးသန်းဦးပါ။ သူက မူလက ပုသိမ် ဆရာအတတတ်သင်ကျောင်းအုပ် ထင်ပါတယ်။ အရင်က ‘ပြည်စိုးမင်း’ဆိုတဲ့ ကလောင်နာမည်နဲ့ မောင်စူးစမ်း လို ဘောဂဗေဒဆိုင်ရာ ဆောင်းပါးတွေကို လူထုဂျာနယ်မှာ ရေးခဲ့သူ ဖြစ်ပါတယ်။

အဲဒီဌာနမှာ ကျွန်တော်နဲ့ ရင်းနှီးသူ ကျောင်းသားခေါင်းဆောင်ဟောင်းတွေ ရှိပါတယ်။ တကသ ကိုဘကောင်း၊ ဗကသ ကိုဇော်ဝင်းတို့ကို ကျွန်တော် ရင်းရင်းနှီးနှီး သိပါတယ်။ ကျွန်တော်ကလည်း မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂမှာ သုံး လေးနှစ် လုပ်လာခဲ့ဖူးလို့ ရန်ကုန်တက္ကသိုလ်က ကျောင်းသားသမဂ္ဂ အမှုဆောင်တွေနဲ့ လည်း သိကျွမ်းရင်းနှီးနေတာ ဖြစ်ပါတယ်။

ကိုဇော်ဝင်းက ကျွန်တော် နေခဲ့ဖူးတဲ့ မန္တလေး အမှတ် (၁) အ.ထ.က ကျောင်းသူဟောင်းတဦးနဲ့ အိမ်ထောင်ကျတော့ မန္တလေးကို လာနေခိုက် သူနဲ့ ကျွန်တော် တွဲပြီး တက္ကသိုလ် ညနေသင်တန်းကို တက်ပါတယ်။ ဒေါက်တာသန်းထွန်းထံမှာ မြန်မာနိုင်ငံ သမိုင်းဘာသာရပ်အသစ်ကို အတူယူကြပြီး၊ အတူ စာကြည့်၊ အတူဘွဲ့ရခဲ့ကြပါတယ်။ သူက ပညာရေးသုတေသနမှာ ကျောင်းသုံးသမိုင်းစာအုပ်တွေ ပြုစုဖို့ လူလိုတော့ ဒေါက်တာညီညီနဲ့ တိုက်ရိုက်တွေ့ဆုံပြီး ကျွန်တော့်ကို ခေါ်ယူလို့ ကျွန်တော်လည်း သူတို့နဲ့အတူ အလုပ်လုပ်ရပါတယ်။ ဒေါက်တာညီညီ ခေါ်ယူခန့်ထားတဲ့ သမဂ္ဂအမှုဆောင်ဟောင်းတွေ လေး ငါးယောက်နဲ့ လည်း ဆုံရပါတယ်။ ဦးသန်းဦး၊ ဦးဘကောင်း၊ ဦးဇော်ဝင်း၊ ဦးစိုးသိန်း၊ ဦးခင်မောင်အုန်း၊ ဦးမြင့်သိန်း(ဂန်သာ) စသူတွေဟာ ကျောင်းသားလူငယ်စည်းရုံးရေး အတွေ့အကြုံရှိသူတွေ ဖြစ်ပါတယ်။ သူတို့ အတွေ့အကြုံနဲ့ ရင်းနှီးခဲ့လို့ ‘အ’သုံးလုံး လှုပ်ရှားမှုဟာ အောင်မြင်ခဲ့တာလို့ ယူဆပါတယ်။

ကျောင်းသားလူငယ် ဆိုတာ အလွန်တက်ကြွပါတယ်။ မတွေ့ဆုံဖူးကြတဲ့ ကျောင်းစုံ၊ ဘာသာရပ်စုံက ကျောင်းသား ကျောင်းသူတွေ ဆုံမိကြတော့ မကြုံစဖူး အတွေ့အကြုံသစ် ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်က ဆိုတော့ အောက်သူအောက်သားတွေ များပါတယ်။ သူတို့က အညာဒေသ ကျေးရွာတွေ၊ ထန်းပင်၊ ထနောင်းပင်၊ ရှားပင်တွေ၊ ရှားစောင်းလက်ဝါးပင်တွေကြားကို ရောက်သွားကြပြီး ရေမြေ ပတ်ဝန်းကျင် အသစ်အဆန်းနဲ့လည်း ကြုံကြရတော့ အလွန်ပျော်ရွှင်ခဲ့ကြပါတယ်။

အောက်သား မြို့သား ကျောင်းသားလူငယ်တွေက အညာသား ကျေးတောသူ ကျေးတောသားတွေကို တွေ့ရတာကလည်း ဗမာလူမျိုးအချင်းချင်းပေမဲ့ ပြောပုံဆိုပုံ၊ ဝတ်ပုံစားပုံ အလေ့အထ မတူသူတွေနဲ့ တွေ့ရတာဆိုတော့ အသစ်အဆန်းပေါ့။ ဒီလို အသစ်အဆန်းတွေ တွေ့ရ ကြုံရရင် ပြန်လည်ပြောပြချင်တာဟာ ဓမ္မတာပဲပေါ့။ ကဗျာတွေ ရေးကြ၊ ဆောင်းပါးတွေ ရေးကြ၊ ဝတ္ထုတွေ ရေးကြတော့တာပေါ့။

သူတို့ ရေးကြတာတွေအတွက် ရေးထွက်လာတာတွေကို ဗဟိုစာတတ်မြောက်ရေးကော်မတီက ‘ပဲ့ထင်သံ’ ဆိုတဲ့ မဂ္ဂဇင်းတအုပ် ဖန်တီးပေးလိုက်ပါတယ်။ မဂ္ဂဇင်း အမည်ကို ကဗျာဆရာကြီး မင်းသုဝဏ်က စိတ်အားထက်ထက်သန်သန်နဲ့ ဝင်ပြီး အကြံဉာဏ်ပေးပါတယ်။ ‘ပဲ့ထင်သံ’ တဲ့၊ တဝမ်းပူနဲ့တောင် မဟုတ်ဘူး။ မူရင်းသတ်ပုံအတိုင်း ‘ပဲ့ထင်သံ’တဲ့။ ထဆင်ထူးနဲ့ ‘ထင်’ပါတယ်။ ပညာရေးတက္ကသိုလ်က မြန်မာစာသင်နည်း ပါမောက္ခ ဦးသန်းထွတ်တို့၊ ပျဉ်းမနားမောင်နီသင်းတို့နဲ့အတူ ကျွန်တော်လည်း ပါဝင်တည်းဖြတ်ပေးရပါတယ်။ ‘အ’သုံးလုံး ကဗျာတချို့ကို အဆိုကျော် ဒေါ်မာမာအေးက ကူညီသီဆိုပေးပါတယ်။ မောင်ကျော်သောင်းတို့လို ပညာရေးတက္ကသိုလ်က ပန်းချီဝါသနာရှင် ကျောင်းသားတွေကလည်း မဂ္ဂဇင်းသရုပ်ဖော်ပုံတွေ ဆွဲပေးကြပါတယ်။ သူလည်း လုပ်အားပေး ပါခဲ့သူပါပဲ။

ကျွန်တော်ကလည်း သူတို့ ခရီးအထွက်နဲ့ကြုံလို့ တချို့တောရွာကို ရှေးဟောင်းပစ္စည်းတွေ၊ ပေ ပုရပိုက်တွေ၊ ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ ကောက်စိုက်သီချင်းတွေ၊ လွန်ဆွဲသီချင်း(လွန်သီချင်း)တွေ၊ မောင်းထောင်းသီချင်းတွေ တွေ့ရင် စုဆောင်းခဲ့ကြပါလို့ မှာလိုက်ပါတယ်။ သူတို့ စုဆောင်းခဲ့တဲ့ ကောက်စိုက်သီချင်းတွေကို သူတို့ရဲ့ ပဲ့ထင်သံမဂ္ဂဇင်းထဲအပြင် တချိုက စာနယ်ဇင်းတွေထဲကိုတောင် ပေးပို့ ထည့်သွင်းကြပါတယ်။ သူတို့တတွေဟာ ပေ၊ ပုရပိုက်တွေကို သတိပြုမိလာတယ်။ ကောက်စိုက်သီချင်းတွေကို ပြည်သူလုထုရဲ့ ရတနာတွေအဖြစ်၊ ပြည်သူ့အနုပညာအမွေအနှစ်တွေအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လေးလေးနက်နက် သတိပြုမိလာကြတာ၊ တန်ဖိုးထားတတ်လာကြတာဟာ အလွန်အားရစရာကောင်းတဲ့ ဒီလှုပ်ရှားမှုရဲ့ ဘေးထွက်အမြတ် ဖြစ်လာခဲ့ပါတယ်။

စာမတတ်သူ ပပျောက်ရေးလှုပ်ရှားမှု သို့မဟုတ် စာတတ်မြောက်ရေးလှုပ်ရှားမှုမှာ အဓိက ရည်ရွယ်ချက်ကတော့ ဗမာပြည်အရပ်ရပ်မှာ စာမတတ်သူတွေ လုံးဝပပျောက်ရေး ဖြစ်ပါတယ်။ ဒီလုပ်ရှားမှုဟာ တခေတ်တခါမျှသာ လုပ်ဆောင်ခဲ့တာ ဖြစ်ပေမဲ့ ကျောင်းသားထု ပါဝင်မှု၊ စိတ်အားထက်သန်မှုကြောင့် အောင်မြင်မှု ရရှိခဲ့ပြီး နိုင်ငံတကာဆိုင်ရာဆုဖြစ်တဲ့ မိုဟာမက်ရေဇာပါလဗီဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ ဒီလို လှုပ်ရှားမှုမျိုး၊ ဒီလို အောင်မြင်မှုမျိုးကို ဒီလို အစိုးရမျိုးလက်ထက်မှာ နောက်ထပ် ဘယ်လိုမှ မရနိုင်ပါ။ ကျောင်းသားစည်းရုံး လှုပ်ရှားမှုအတွေ့အကြုံရှိခဲ့တဲ့ ဝန်ကြီး ဒေါက်တာညီညီနဲ့ သူ့ရဲဘော်ကြီးတွေရဲ့ ခေါင်းဆောင်မှုကြောင့် ဒီလို အောင်မြင်မှုမျိုးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ မ.ဆ.လ၊ တ.စ.ည ရဲ့ လက်အောက်ခံ လမ်းစဉ်ပါတီရဲ့ လမ်းစဉ်လူငယ်တွေ ရှိပေမဲ့ သူတို့က အစိုးရရဲ့ ထိန်းကွပ်မှုနဲ့ ညွှန်ကြားချက်တွေအတိုင်းသာ လှုပ်ရှားခဲ့ကြတာဖြစ်လို့ လူထုစည်းရုံးရေးနဲ့ လူထုကို ဦးဆောင် လှုပ်ရှားမှုမျိုးမှာ မစွမ်းဆောင်နိုင်ကြပါ။

လူထုလှုပ်ရှားမှု ဆိုတာ လွတ်လွတ်လပ်လပ် စည်းရုံးလှုံ့ဆော်နိုင်မှ အောင်မြင်နိုင်ပါမယ်။ လူထုအင်အားကို တကယ် ယုံကြည်မှုလည်း အောင်မြင်ပါမယ်။ တခေတ်တခါသာ လှုပ်ရှားနိုင်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကို လွမ်းဆွတ်တသမိပါတယ်။ ကျောင်းသားတွေကလည်း လွမ်းမပြေ ဖြစ်နေပြီး အမှတ်တရစာအုပ် ထုတ်ကြဦးမယ်ဆိုလို့ မနေနိုင်ဘဲ ဝင်ရေးလိုက်ရပါတယ်။

မောင်စွမ်းရည်

၆ ဩဂုတ် ၂၀၂၀

နယူးယောက်