Breaking News

ဇင်လင်း - ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်မှု ဘာကြောင့် နှေးကွေးလေးလံနေသလဲ


ဇင်လင်း - ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်မှု ဘာကြောင့် နှေးကွေးလေးလံနေသလဲ

(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၁၉

မြန်မာ့နိုင်ငံရေး မိုးကောင်းကင်သည် ကြည်ကြည်လင်လင် မရှိသည်မှာ ကြာနေပြီ။ မှောင်တစ်ခါ မှိုင်းတစ်လှည့် ရန်ဖန်ရံခါ မိုးသက်မုန်တိုင်းများလည်း ကြုံတတ်သေးသည်။ အောက်တိုဘာ ၁၅ ရက်တွင် NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၄ နှစ် မြောက်ခဲ့ပြီ ဖြစ်သော်လည်း NCA တွင် အားလုံးပါဝင်လက်မှတ်ထိုးခွင့် အလားအလာမှာ မှေးမှိန်မှုံမှိုင်းနေဆဲ ဖြစ်သည်။ လက်မှတ်ရေးထိုးခြင်း ၄ နှစ်တာ ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှု အခြေအနေသည် ကျေနပ် အားရလောက်သော အနေအထားသို့ ရောက်ရှိမလာခဲ့ပေ။ လောလောဆယ် NCA တွင် ပါဝင်လက်မှတ်ထိုးသော အဖွဲ့ ၁၀ ဖွဲ့သာ ရှိသေးသည်။ NCA မထိုးသေးဘဲ ကျန်ရှိနေသေးသော အဖွဲ့များကလည်း ၁၀ ဖွဲ့မက ရှိနေသေးသည်။ စက်တင်ဘာ ၂၁ ရက်က တပ်မတော်၏ ၉-လကြာ အပစ်ရ့ပ်သက်တမ်း ကုန်ဆုံးခဲ့သည်။ ထို့နောက် တပ်မတော်က အပစ်ရပ်သက်တမ်း ထပ်မံတိုးပေးခြင်း မလုပ်တော့။ အကျိုးဆက်အဖြစ် ရခိုင်ပြည်နယ်၌သာမက ကချင်ပြည်နယ် ရှမ်းပြည်နယ်တို့အထိ တိုက်ပွဲများ ပြန်ပေါ်လာသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA တွင် လက်မှတ်ထိုးထားသော တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အောက်တိုဘာ ၁၀ ရက်နေ့က ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ နှင့် ရှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် က ၂၀၂၀ ရွေးကောက်ပွဲကာလအတွင်း တိုက်ပွဲများ မဖြစ်ပွားရေး အရေး ကြီးသည်ဟု ပြောဆိုခဲ့ပြီး အပစ်အခတ်ရပ်စဲကြရန်လည်း တိုက်တွန်းခဲ့သည်။ အပစ်အခတ်ရပ်စဲကြရေးအတွက် အားလုံး နှင့် ဆက်လက် ဆွေးနွေးသွားရန် နည်းလမ်းရှာရမည်ဟုလည်း ၎က ပြောသည်။

"၂၀၂၀ ရွေးကောက်ပွဲဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အနည်းနဲ့အများ ရိုက်ခတ်သက်ရောက်နိုင်တဲ့အတွက် ဒီကာလ တွေ မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်တဲ့အခါ အသိတရား၊ သတိ တရားနဲ့ ဆောင်ရွက်ဖို့ အထူးလိုအပ်ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေ၊ နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပနေချိန်မှာ တစ်ဖက်မှာလည်း ဗုံးသံ၊ သေနတ်သံတွေ တိတ်ဖို့ ဆောင်ရွက်ရပါမယ်၊ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်လို မဖြစ်ဖို့ အရေးကြီးပါတယ်။" ဟု ဗိုလ်ချုပ်ကြီးယွက်စစ် က ပြော ကြောင်း အာအက်ဖ်အေသတင်းအရ သိရသည်။

၎အပြင် NCA သဘောတူစာချုပ်၌ ပြဋ္ဌာန်းထားသည့်အတိုင်း “ပြည်ထောင်စု သဘောတူစာချုပ်” အရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားရန်ဖြစ်သည်။ လွှတ်တော်အတွင်း၌ ဆောင်ရွက်နေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် NCA လမ်းကြောင်းအရ တိုင်းရင်းသားများ ဆောင်ရွက်နေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးလုပ်ဆောင်မှုများသည်လည်း လိုက်လျောညီထွေ ဖြစ်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲအလွန် ကာလတွင် ဗုံးသံ သေနတ်သံများ ဆက်လက်ထွက်ပေါ်နေပါက၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ရိုက်ခတ်မှုများရှိလာနိုင်သဖြင့် NCA လုပ်ငန်းစဉ် အကောင်အထည်ဖော်ရာ၌ အဟန့်အတားများ ကြုံလာမည့်အရေး ကိုလည်း တိုင်းရင်းသားခေါင်းဆောင်များဘက်က စိုးရိမ်မှုရှိနေသည်ဟု ဆိုသည်။ ထို့ကြောင့် အောက်တိုဘာ ၁၀ ရက် အစည်းအဝေး၌ တိုင်းရင်းသားခေါင်းဆောင်များအၾကား သေဘာတူညီမႈရယူ၍ အစိုးရနှင့် တရားဝင် အတည်ပြုမှု တစ်ခု ရယူနိုင်ရန် ဆွေးနွေးခဲ့ကြသည်ဟုလည်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်း က ပြောကြားခဲ့သည်။

စက်တင်ဘာလ ၁၀ ရက်နေ့က NCA-S EAO ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့်အစိုးရကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ ကြစဉ် တိုင်းရင်းသားများဘက်က ကိုယ်စားလှယ် ၁၅ ယောက်ပါဝင်၍ အစိုးရဘက်က ၁၀ ယောက်ပါဝင်သည်။ ရန်ကုန်မြို့ NRPC ရုံး၌ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ ဆွေးနွေးပွဲတွင် ၂၁ ရာစုပင်လုံညီလာခံ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ ကျင်းပနိုင်ရန်ကိစ္စ အတွက်လည်း ညှိနှိုင်းခဲ့ကြသည်ဟု ဆိုသည်။ သို့သော် နှစ်ဘက်ညှိနှိုင်းရေးအဖွဲ့ဝင် ကိုယ်စားလှယ်များ၌ ဆုံးဖြတ်ပိုင်ခွင့် အာဏာ မရှိဟု ဆိုသည်။ ဘက်နှစ်ဖက်စလုံးအနေဖြင့် အထက်သို့ အသီးသီး ပြန်လည် တင်ပြဆွေးနွေး ရမှာဖြစ်သဖြင့် ဆုံးဖြတ်ချက်ချနိုင်သည့် အနေအထား မရှိသေးကြောင်း NCA-S EAO တိုင်းရင်းသားအဖွဲ့ဘက်က အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက သျှမ်းသံတော်ဆင့်သတင်းထောက် စိုက်းယွက်ခမ်းအား ပြောကြောင်း သိရသည်။

“အစိုးရကိုယ်စားလှယ်အဖွဲ့ကလည်း ညှိနှိုင်းရေးအဖွဲ့ဘဲဆိုတော့ အဲလို ညှိနှုှိုင်းကြတော့ အစိုးရဘက် ကကြည့်ရင်လည်း ၂၁ ရာစုပင်လုံညီလာခံကို သူတို့လည်း လုပ်ချင်တယ်။ ကျနော်တို့ဘက်ကလည်း လုပ်ချင်တယ်ဆိုတော့ ဘယ်ချိန်မှာ လုပ်ရင် သင့်တော်မလဲလို့ အချိန်ပြန်ကြည့်တဲ့အခါ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ ဖြစ်နိုင်ဖွယ်ရှိတယ်။ အဲလိုအကြမ်းဖျဉ်းဘဲ ရပါတယ်။ နှစ် ဖက်လုံးက ဒါကိုယူပြီးတော့ အသီးသီး ဦးဆောင်အဖွဲ့ဆီကို ပြန်သွားဆွေးနွေးရပါမယ်။ ကျနော်တို့ ဆိုရင်လည်း ထိပ်သီး ခေါင်းဆောင် PPST ဆီကိုပြန်ယူလာရမယ်လေ။ အစိုးရဘက်ကလည်း ခေါင်းဆောင်ပိုင်းကို ပြန်သွားဆွေးနွေးမယ်ပေါ့။ ကျနော်တို့ဘယ်လို ဖြစ်ချင်ကြသလဲ ဆိုတာ ဆွေးနွေးညှိနှိုင်းတဲ့ အဆင့်ဘဲရှိပါသေးတယ်။ ဆုံးဖြတ်တဲ့ အဆင့်တော့ မဟုတ်သေးပါဘူး။” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက သျှမ်းသံတော်ဆင့် အားပြောကြားခဲ့သည်ဟု သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) ၂၀ ကျော်ရှိသဖြင့် စိတ်ရှည်ရှည်ထား၍ သူ့ဘက် ကိုယ့်ဘက် အခြေအနေကို ကြည့်ကာ တွေ့ဆုံဆွေးနွေးဖြေရှင်းသွားရမည်ဖြစ်သည်ဟု ဆိုသည်။ အကြောင်းမှာ NCA မူဘောင် အတွင်းမှ သွားကြမည် ဆိုလျှင် လက်နက်ကိုင် အကြမ်းဖက်နည်း သုံး၍ မရသောကြောင့် ဖြစ်သည်ဟု ဆိုသည်။ ဆွေးနွေးခဲ့ကြရာတွင် လက်မှတ် မထိုးရသေးသည့် အဖွဲ့များလည်း ပါဝင်နိုင်ရန် မည်သို့စီစဉ် တွေ့ဆုံကြမည်ကိုလည်း ညှိနှိုင်းကြရမည်ဖြစ်သည်။ KNU အပါအဝင်တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့သည် NCA သဘောတူညီချက်အတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ ပါဝင် ဆွေးနွေးခဲ့သည်။ သို့သော် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တို့အကြား NCA စာချုပ်ပါ အချက် အချို့ အပေါ် သဘောထားကွဲလွဲမှုရှိနေကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ေခါင်းဆောင်အချို့က ဖွင့်ဟ ပြောကြား ထားသည်။ တပ်မတော်နှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် အပစ်ရပ်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့ အကြား လက်ရှိအချိန်အထိ စစ်ရေးတင်းမာမှုများ ရှိနေဆဲဖြစ်သည်။

ဥပမာအားဖြင့် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အစိုးရက ႀကီးမႉး ပြုလုပ်နေစဉ် တပ်မတော်က ယာယီ အပစ် ရပ်ရေးမျှပင် မလုပ်နိုင်သည်ကို တွေ့ရသည်။ စစ်ရေးဖိအား တိုးလာသဖြင့် အစိုးရနှင့် EAOs များအကြား ယုံကြည်မှု ကျဆင်းရခြင်းဖြစ်သည်။ ယုံကြည်မှု ပျက်ပြားလျှင် မယုံသင်္ကစိတ်များ တိုးပွားလာမည် ဖြစ်သည်။ အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် တပ်မတော်က စစ်ဆင်ရေးများ ဆက်လုပ်နေခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးဝိုင်းများ ကျင်းပရန် လမ်းဖွင့် မပေးခြင်း စသည်ဖြင့် အဖုအထစ်များ ရှိခဲ့ဖူးသည်။

အစဉ်အလာအားဖြင့် လူအများ နားလည် သဘောပေါက်ပုံအရ၊ NCA လက်မှတ်ထိုးပြီးလျှင် အပစ်အခတ် ရပ်စဲသွားမည်ဟု ထင်မြင်ကြသည်။ မည်ကဲ့သို့သော ပြဿနာရှိသည်ဖြစ်စေ ပစ်ခတ်ခြင်းမလုပ်ဘဲ၊ တွေ့ဆုံဆွေးနွေး အဖြေရှာ သုံးသပ် သွားကြမည်ဟု ထင်ထားကြသည်။ သို့သော် လက်တွေ့မြေပြင်ပေါ်တွင် ထင်မြင်ထားသကဲ့သို့ ဖြစ်မလာဘဲ၊ တစ်ဖက်နှင့် တစ်ဖက် သဘောတူညီချက်ကို ချိုးဖောက်သည်ဟု ထင်မြင်ကြသည်။ သို့ဖြင့် ဝင်ရောက် တိုက်ခိုက်မှုများ ရှိခဲ့သည်။ အမှန် အားဖြင့် ထိုသို့ပစ်ခတ်တိုက်ခိုက်ခြင်းသည် မသင့်လျော်ပေ။ NCA တွင် မည်ကဲ့သို့ သဘောတူထားသနည်း။ ပြဿနာများ ကိုအင်အားသုံး၍ ဖြေရှင်းခြင်းမပြုဘဲ၊ နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာမည်ဆိုသော ယဉ်ကျေးမှုတစ်ရပ်ကို ထူထောင်မည်ဟု ဆုံးဖြတ်သည်။ ထို့ကြောင့် ဘက်နှစ်ဖက်စလုံးအနေဖြင့် တွေ့ဆုံကြရန် အမှန်ပင် လိုသည်။ ဘက်အသီး သီး က မိမိတို့၏ စိုးရိမ် စိတ်ပူပန်ချက်များကို အပြန်အလှန် နားလည်အောင် ပြောပြရန်လိုသည်။ မိမိတို့ ဘက်အသီးသီးရှိ စိုးရိမ်ချက်များကို အပြန်အလှန် ပြောပြ၊ အပြန်အလှန်နားထောင်ကြခြင်းအားြဖင့် အပြန်အလှန် စာနာထောက်ထား နားလည်မှုရရှိနိုင်မည်ဖြစ်သည်။ အပြန်အလှန် နားလည်အောင် ပြောဆိုညှိနှိုင်းခြင်း အားဖြင့်သာ အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ဖွယ် ရှိပေမည်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအရ ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တာဝန်ထမ်းဆောင်ချိန်တွင် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စကို အလေးထားဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသားပြည်သူလူထု အများစုကလည်း ငြိမ်းချမ်းရေးရရှိရန် ဆန္ဒပြင်းပြနေကြသည်။ ပြည်သူလူထုက ငြိမ်းချမ်းရေးလိုလားကြောင်း သဘောထား ကို ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ထုတ်ဖေါ်ပြသခဲ့ကြသည်။ ငြိမ်းချမ်းရေးတောင်းဆိုသည့် ဆန္ဒပြပွဲများကို နိုင်ငံအနှန့်တွင် ရံဖန် ရံခါ ပြုလုပ်ခဲ့ကြသည်။ သတင်းမီဒီယာများမှ တဆင့်လည်း ယနေ့တွင် အရေးအကြီးဆုံး ကိစ္စမှာ ငြိမ်းချမ်းရေးရရှိရန် ဖြစ် ကြောင်း အမြင် သဘောထားများ ထုတ်ဖေါ်ပြသခဲ့ကြသည်။ သို့ရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လုပ်ငန်းစဉ် ရှေ့တစ်လှမ်းတိုးရန်မှာ အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်ကို မြင်နေရ သည်။ ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ စတုတ္ထအကြိမ် ဆက်လက်ကျင်းပရန် ရက်ကိုပင် အတိအကျ မသတ်မှတ်နိုင်သေးဘဲ ရှိသည်။ ငြိမ်းချမ်းရေးကို ခနထား၍ တစ်နိုင်ငံလုံးတွင် ယာယီ အပစ်ရပ်ရေးကိုပင် ညှိနှိုင်း၍ မလွယ်ဖြစ်နေသည်။

ဤအတောအတွင်း အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းက ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း လက္ကာကျေးရွာနှင့် ဝေသာလီ ကျေးရွာများ အနီးတွင် တပ်မတော်နှင့် AA တို့ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီသတင်း ၌ ဖေါ်ပြသည်။ ဒေသခံများမှာ တိုက်ပွဲကြား ပိတ်မိမည်ကို စိုးရိမ်သည့်၍ လှေဖြင့်ထွက်ပြေးရာ လှေနစ်၍ ကလေး ၂ ဦး သေဆုံးကြောင်း သိရသည်။ ယင်းအပြင် မင်းပြားမြို့နယ် ဒိုင်းသာရွာအနီးနှင့် ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါရွာ တောင်တန်း များတွင်လည်း တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နှစ်ဘက်လုံးက အတည်ပြုခဲ့သည်ဟု ဆိုသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ( AA ) တို့ နှစ်ဘက် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေး ရှောင်အရေအတွက်မှာ တနေ့ တခြား များပြားလာနေပြီး ထိုစစ် ဘေးရှောင်ပြည် သူများအတွက် ကူညီထောက်ပံ့ရေးနှင့် ပတ်သက်၍ အစိုးရအဖွဲ့အပေါ် ဝေဖန်မှုများ မြင့်တက်လျှက်ရှိကြောင်း သတင်းအရ သိရသည်။ တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ နှစ်ဘက်စစ်ရေးလှုပ်ရှားမှု အခြေ အနေများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခိုလှုံနေရသော စစ်ဘေးဒုက္ခသည် ၆၀,၀၀၀ ကျော်အထိ တိုးလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စု အစည်းအရုံး ( Rakhine Ethnic Congress ) က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ထိခိုက်ခံရသူအသိုက်အဝန်းများအတွက် နိုင်ငံတကာ အသိုက် အဝန်း၏ စိုးရိမ်ပူပန်မှုကို မြန်မာနိုင်ငံအနေဖြင့်လည်း အပြည့်အဝ ဝေမျှခံစားရကြောင်း အမှန်စင်စစ် မြန်မာအစိုးရက ရခိုင် ပြည်နယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေခဲ့သည်မှာ လက်ရှိ လူသားချင်းစာနာမှု ပဋိပက္ခကို စတင်ဖြစ်ပေါ်စေခဲ့သည့် ၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ် အာဆာအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုများ မတိုင်မီ ကတည်းက ဖြစ်သည်ဟု “(၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ” တွင် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က ဆွေးနွေးတင်ပြခဲ့သည်ကို တွေ့ရသည်။

“ရခိုင်အရေးကိစ္စဟာ ဒီမိုကရေစီစနစ်သို့ လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံအနေနဲ့ ရင်ဆိုင်နေရတဲ့ အရှုပ်ထွေးဆုံး စိန်ခေါ် မှု တစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ ရေရှည်တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် ဘက်စုံပါဝင်တဲ့ နည်းလမ်းနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။” ဟု ၎က ဆိုသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၏ “(၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေ မူဝါဒ ရေးရာ ဆွေးနွေးပွဲ” တွင် ပြောကြားချက်များသည် အစိုးရ၏ မူဝါဒလမ်းစဉ်ဟု ဆိုနိုင်သည်။ သို့သော် ထို အစိုးရ၏ မူဝါဒ ဆိုင်ရာ အယူအဆများကို တပ်မတော်ခေါင်းဆောင်ပိုင်းက သဘောတူညီမှု ရှိ-မရှိ ဆိုသည်ကို ပြည်သူများက သိချင်နေ ကြသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လေးနှစ်အထိ ကြာလာခဲ့သော်လည်း NCA လုပ်ငန်းစဉ်သည် နေရာမှ မရွေ့သေး သကဲ့သို့ ရှိနေသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ စောင့်ကြည့်နေသည့် ပြည်သူအများအကြား ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေသည့် ဝေဖန်မှုမှာ အင်န်အယ်လ်ဒီ၏ ဦးဆောင်မှုကဏ္ဍ အပေါ် အားမလိုအားမရ ဖြစ်နေကြခြင်း ဖြစ်သည်။ အင်န်အယ်လ်ဒီသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သော အရပ်သားအစိုးရ ဖြစ်သည်။ ထို့ကြောင့် တပ်မတော်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များအကြား ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခကို (ကြားနေအဖြစ်) မျှတစွာ စေ့စပ်ညှိနှိုင်းပေး ရန် တာဝန်ရှိသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ NRPC ကိုယ်စားလှယ်များသည် အတွေ့အကြုံအရ ဦးဆောင်မှု ပေးနိုင်စွမ်းအားနည်းနေသည်ဟု လူထုအကြား ဝေဖန်သံများ ထွက်နေသည်။ အကျိုးဆက်အဖြစ် ပြည်လူထု အကြား NLD အစိုးရ၏ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒသည် မထင်မရှား ဖြစ်နေသည်။ ပွင့်ပွင့်လင်းလင်း ဝေဖန်ရလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ NLD အစိုးရ၏ အခန်းကဏ္ဍ မှေးမှိန်နေသည်။

ပြည်သူအများအကြား သိလိုစိတ် အပြင်းပြဆုံးကိစ္စမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အစိုးရနှင့် တပ်မတော်တို့ မူဝါဒ ဆိုင်ရာ တင်ကြိုညှိနှိုင်းမှု ရှိ/မရှိ ဆိုသည့် အချက်ဖြစ်သည်။ အစိုးရနှင့် တပ်မတော်အကြား သတဇာတဖြစ်မှု ရှိ/မရှိ ဆို သည့် ပြဿနာက မေးခွန်းထုတ်စရာ ကောင်းနေသည်။ တပ်မတော် က လက်ရှိအစိုးရထက် ယခင်အစိုးရ အသိုင်းအဝန်း နှင့် ပိုမိုနီးစပ်နေ၍လားဟုလည်း စောကြောနေကြသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှု နှေးကွေးလေးလံရသည့် အကြောင်းမှာ NLD အစိုးရ နှင့် တပ်မတော်တို့အကြား မူဝါဒ အဟပ်ကွာနေခြင်းကြောင့်လား၊ သို့မဟုတ် တိုင်းရင်းသား အဖွဲ့များတောင်းဆိုနေသည့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် သို့မဟုတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ကိစ္စအပေါ် NLD အစိုးရ နှင့် တပ်မတော်တို့ အကြား အမြင်မတူ၍လား၊ စသည်ဖြင့် ပြည်သူတို့အကြား ဝေဖန်သံများ ရှိနေသည်ကို တာဝန်ရှိ ပုဂ္ဂိုလ်များ သတိပြုသင့်ကြောင်း နှိုးဆော်လိုပါသည်။။။။။

၂၀၁၉ အောက်တိုဘာ ၂၆ ရက်၊ စ နေ နေ့ထုတ် သူရိယ နေဝန်း ဂျာနယ် ၌ ဖေါ်ပြသည့် ဆောင်းပါး။