Breaking News

မောင်စွမ်းရည် - ထန်း(ပဒေသာပင်)



မောင်စွမ်းရည် - ထန်း(ပဒေသာပင်)

(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၂၀

ထန်းပန်ဆိုတာ ကျွန်တော်တို့ အညာမှာ ပေါက်တဲ့ ပဒေသာပင်တမျိုးပါ။ ငယ်စဉ်တုန်းက လူကြီးတွေ ပြောတဲ့ ‘ကမ္ဘာဦး ပဒေသာပင်’ ဆိုတာ ဘာမှန်းမသိလို့ လူကြီးသူမတွေထံမှာ မေးမြန်းစုံစမ်းခဲ့ရပါတယ်။

ကမ္ဘာဦးမြေပေါ်မှာ လိုရာဆွတ်ယူ စားသုံးနိုင်တဲ့ ‘ပဒေသာပင်’ ဆိုတာ ရှိသတဲ့။ ဗြဟ္မာကြီးတွေ ရောက်လာပြီး ခူးယူ စားသုံးကြရင်း လောဘသက်ဝင်လာကြတဲ့အခါ အပိုသီးနှံတွေ ခူးဆွတ် သိုလှောင်ကြ၊ သိုဝှက်စားကြ လုပ်ရင်းက ‘ပဒေသာပင်’ ‘ကန်း’သွားသတဲ့။ ဆွံ့သွားသတဲ့။ ဗြဟ္မာကြီးတွေလည်း အရောင်အဝါတေွ ပျောက်သွားပြီး လူထီး၊ လူမတွေ ဖြစ်ကုန်ကြသတဲ့။ ပဒေသာပင် ဆိုတာ အပင်တပင်တည်းက အသီးအရွက်၊ အရိုး စသည် အမျိုးမျိုးကို မကုန်နိုင်၊ မခန်းနိုင်အောင် ဆွတ်ယူစားသုံးနိုင်တဲ့ အပင်ကို ခေါ်တာတဲ့။ ခုခေတ် အလှူမင်္ဂလာပွဲတွေမှာ ‘ပဒေသာပင်သီးတယ်’ ဆိုတာ သစ်သားငြမ်းစင်လေးတခုမှာ ထီး၊ ဖိနပ်၊ သင်္ကန်း၊ စာအုပ် မုန့်ထုပ် အစရှိတဲ့ လှူဖွယ်ပစ္စည်းမျိုးစုံကို အလှူရှင်ပေါင်းစုံက လာရောက်ချိတ်ဆွဲကြတာကို ခေါ်ပါတယ်။

ထန်းပင်ကို ပဒေသာပင်လို့ ခေါ်တာက ထန်းပင်က ထွက်သမျှပစ္စည်းတွေဟာ အသီးအရွက်၊ အလက်က စပြီး အားလုံး စွန့်ပစ်ရတာရယ်လို့ မရှိဘဲ အသုံးဝင်တဲ့အပင် ဖြစ်လို့ပါတဲ့။ ရှေးမင်းတွေက အညာဒေသကို ‘အုန်းထန်းပေ’ ပဒေသာပင်တို့ ပေါက်ရောက်ရာအရပ်လို့ စာထဲ ပေထဲမှာ ထည့်သွင်းရေးသားလေ့ရှိခဲ့ပါတယ်။

ကျွန်တော်တို့ရွာရဲ့ အရှေ့ထိပ်မှာ ရေတွင်းနှစ်တွင်း ရှိတယ်။ ‘ကျား’ ရေချိုးတွင်းနဲ့ ‘မ’ ရေချိုးတွင်း ဆိုပြီး ခပ်လှမ်းလှမ်း ခွဲထားပါတယ်။ ရေတွင်းတွေဘေးမှာ အုန်းပင်နဲ့ ထန်းပင်တွေ တန်းစီပြီး နေကြတာ အလွန်ကြည့်လို့ကောင်းပါတယ်။ ပေပင် ထားလေ့မရှိဘူး။ ‘ပေတသီး၊ ကျီးတသား’ လို့ အဆိုရှိထားတယ် မဟုတ်လား။ ပေပင်က တခါပဲ သီးပြီး သေသွားတတ်သလို ကျီးကန်းများကလည်း တသားမွေးပြီး သေသွားတတ်သတဲ့။ သဘောက မျိုးဆက်ပြတ်သွားတဲ့သဘောပေါ့။ ဒါကြောင့် ရှင်ဘုရင်တွေဟာ ထန်းရွက်ပေါ် ရေးကြတာ။ ဘုန်းကြီးကျောင်းတွေမှာတော့ ပေပင်စိုက်ပြီး ဘုရား တရား စာပေများ ရေးသတဲ့။

တောင်တွင်းကြီးမှာ ‘ပေ လေးပင်၊ ရှင် လေးပါး’ ဆိုတာ ဘုန်းကြီးကျောင်းမှာပေါက်တဲ့ ပေပင်တွေပေါ့။ ပေရွက်က ပိုပြီးပြန့်ကားတယ်။ ရေးလို့ပိုကောင်းတယ်ဆို ထင်ပါရဲ့။ ‘စာပေ’ ဆိုတဲ့ စကားလုံးဟာ ပေရွက်ပေါ်မှာ စာပေကျမ်းဂန်တွေ ရေးကြလို့ ‘စာပေ’ ဆိုတဲ့စကား ဖြစ်ပေါ်လာခဲ့တာလို့ ဆိုပါတယ်။

ပေသီးခြောက်ကတော့ ကျောက်ခဲလို မာတယ်။ လူနာမည် ‘ကိုပေသီး’လို့တောင် ရှိတတ်ပါတယ်။ ကလေးတွေ ပေသီးပစ်တမ်း ကစားကြပါတယ်။

ပင်လယ်ကမ်း ရေငန်ဒေသတွေ၊ ကျွန်းတွေပေါ်မှာတော့ အုန်းပင်က ပိုပေါတာကို ဓာတ်ပုံတွေ၊ ပန်းချီကားတွေမှာ မြင်တွေ့ရလေ့ရှိပါတယ်။ ထန်းပင်ကတော့ တပြည်လုံး အပေါဆုံး ဖြစ်မယ် ထင်ပါတယ်။ ကျောက်ပန်းတောင်း၊ ညောင်ဦးဘက်မှာ ထန်းပင်တွေ အထပ်ထပ်နဲ့ မည်းမည်းတုတ်နေအောင် မြင်တွေ့ရဖူးပါလိမ့်မယ်။ ရှေးဘုရင်တွေ (အလောင်းဘုရား)ခေတ်က ‘ထန်းလုံးတပ်’ ဆိုတဲ့ ဝေါဟာရတောင် သမိုင်းဝင် ဖြစ်ခဲ့ဖူးပါတယ်။ ထန်းပင်တွေ တန်းစီပြီး ကာထားရင် ဘာလက်နက်မဆို ထိုးဖောက်ရတာ ခက်ခဲပါတယ်။ ထန်းတောတွေကို ရှင်ဘုရင်နဲ့ မင်းညီမင်းသားတွေ အပိုင်စီးထားတတ်ပါတယ်။

မန္တလေး ရတနာပုံအရှေ့ဘက်မှာ ‘အိမ်ရှေ့မင်း ထန်းတော’လို့ ရှိပါတယ်။ တောင်ငူမှာတော့ ‘တပင်ရွှေထီး ထန်းတော’ လို့ ရှိသတဲ့။ ထန်းရည် အချို၊ အခါး သောက်သုံးဖို့ အပိုင်စီးထားတာ ဖြစ်ပုံရပါတယ်။ ကျေးရွာတွေမှာတော့ သူကြီးက ပိုင်ဆိုင်လေ့ရှိပါတယ်။ ‘မြေပိုင်ရှင် သူကြီးမင်း’လို့ အလှူမင်္ဂလာ ဖိတ်စာတွေမှာ ကမ္ပည်းလိပ်စာ တပ်ရတဲ့ သူကြီးမင်းများက ပိုင်ပါတယ်။ သူကြီးသမက်တဦး ပြောခဲ့တဲ့ စကားရပ်တခုဟာ ယနေ့အထိ စကားပုံဆိုထုံးလို တွင်ကျယ်နေခဲ့ပါတယ်။ ကြားဖူးကြမှာပါ။

‘မိမိ မြင်သမျှ ငါ့ယောက္ခမ ထန်းချည်းပဲ’ ဆိုတဲ့ စကားစုလေးပေါ့။

ခုခေတ် ဗိုလ်ချုပ်များလို နေမှာပေါ့။ မည်းမည်းမြင်သမျှ တပ်မတော်ပိုင် ဆိုပြီး လက်ညှိုးညွှန်ရာ သူတို့ပိုင် ဖြစ်သွားခဲ့ရတာမျိုးပေါ့။

ထန်းပင်က တောကြီးမျက်မည်း ဖြစ်အောင် ပေါက်ရောက်လေ့ရှိပါတယ်။ လူကလည်း စိုက်ပျိုး စောင့်ရှောက်ရတာပေါ့။ အညာမှာ ‘ထန်းတောမ’ ဆိုတဲ့ရွာအမည်တွေ တွေ့ရဖူးပါလိမ့်မယ်။ ကာလရွေ့လျှောလို့ ‘ထန်းတော်မ’ ကနေ ‘ဂဒေါမ’ (ကတောမ)လို့ အခေါ်ပြောင်းသွားခဲ့ပါသတဲ့။ ‘အုန်းတော’ ဆိုတဲ့ နာမည်ကတော့ မပြောင်ဘူး။ ‘ပေတော’ ဆိုတဲ့ ရွာအမည် မကြားဖူးပေမဲ့ ‘ပေတောက ပူရာဏ်ဆရာ’ ဆိုတာတော့ ကြားဖူးရဲ့။ လူနာမည် ‘ဒီဃတာလာ’ ဆိုတာ မဟော်သဓာဇာတ်မှာ ပါတယ်။ ‘ကိုအုန်း’၊ ‘မအုန်း’၊ ‘ကိုပေသီး’ တို့လည်း ကြားဖူးတယ်။ ဘာပဲဖြစ်ဖြစ် အောက်ပြည် အောက်ရွာ ရေငန်ပိုင်းမှာ အုန်းပင်တွေ ပေါသလို အညာမှာ ထန်းပင်တွေ ပေါတာကတော့ အမှန်ပါ။ ပင်လယ်ထဲက ကျွန်းတွေပေါ်မှာတော့ ရေမျောကမ်းတင် အုန်းသီးတွေ ပေါက်ဖွားလာခဲ့ကြတာ ဖြစ်ပုံရပါတယ်။ တကျွန်းလုံး အုန်းပင်တွေ ဖုံးနေလို့ အင်္ဂလိပ်ခေတ်က ‘ကိုကိုးကျွန်း’လို့ ဗမာ့ပင်လယ်ထဲက ကျွန်းတကျွန်းကို နာမည်ပေးခဲ့ဖူးပါတယ်။

ခုတော့ နိုင်ငံရေးသမားတွေ၊ စာရေးဆရာတွေကို စစ်အစိုးရအဆက်ဆက်က ပို့ဆောင်ခဲ့တဲ့ ကျွန်းအဖြစ် ရာဇဝင်တွင်ခဲ့ရပါတော့တယ်။ ဓားပြ၊ သူခိုးတွေကို တကျွန်းမပို့တော့ဘဲ လူတော် လူကောင်းတွေပဲ ပို့တဲ့သဘောပေါ့။

ထန်းပင်တွေကို အညာမှာ ဘာကြောင့် အုန်းပင်တွေထက် ပိုပြီး တန်ဖိုးထားကြသလဲဆိုတော့ အညာသားတွေက အချိုကို အလွန်ကြိုက်ကြလို့ ဖြစ်မယ် ထင်ပါတယ်။ ထန်းရည်ချိုလည်း မက်မက်စက်စက် သောက်ကြတယ်။ အညာသူမတွေဟာ ယာအလုပ်သွားရင် ထမင်းအုပ်ယူသွားပြီး ဟင်းမပါရင် ထန်းသမားဆီက ထန်းရည်ချိုနဲ့ ထမင်းကြမ်းခဲ ဖျော်သောက်လေ့ရှိပါတယ်။ ‘အသည်းအေးတယ်’ လို့လည်း ဆိုကြပါတယ်။ ထန်းလျက်ခဲနဲ့ ထမင်းကြမ်းခဲနဲ့လည်း ကိုက်ကိုက်ပြီး စားကြပါတယ်။ ကလေး သရေစာ မုန့်တမျိုးပါပဲ။ မုန့်လုပ်ရင်လည်း ထန်းလျက်ခဲ ပါတယ်။

ဂျပန်ခေတ်မှာ ဂျပန်တပ်စိတ်ကလေးတခု မျက်စိလည် လမ်းမှားပြီး ရွာကို ရောက်လာတော့ ကျွန်တော့်အမေက ရွာပြင်ကို ရောက်အောင် ခေါ်ထုတ်သွားခဲ့ဖူးပါတယ်။ သူတို့က ‘ဆာကေ’ဆိုပြီး အရက်တောင်းတယ်။ အဖေက ရွာထဲမှာ မရဘူးဆိုပြီး ထန်းတဲကို ခေါ်သွားတော့ ထန်းရည်ခါးထက် ထန်းလျက်ကို စွဲသွားပြီး ထန်းလျက်မီးဖိုကြီးနားက မခွဲနိုင်မခွာရက် ဖြစ်သွားခဲ့ရဖူးပါတယ်။ ထန်းရည်ချို၊ သကာရည်၊ ထန်းလျက် အဆင့်ဆင့် ပြောင်းသွားပုံကိုပြတော့ သုံးဆင့်၊ သုံးမျိုးလုံးကို ကြိုက်နေလို့ အကုန်လုံး သိမ်းကျုံးယူသွားကြလေရဲ့။ ထန်းပင်၊ ထန်းရည်ခံတဲ့ မြူအိုး၊ ထန်းလျက်ချက်တဲ့ မီးဖို စတဲ့ ပစ္စည်းတွေကိုလည်း ကင်မရာမပါတော့ ပန်းချီဆွဲယူသွားကြလေရဲ့။

ထန်းပင်က ထန်းရည်ချိုတွေကို မီးဖိုပေါ်မှာ ချက်လို့ ဆူပွက်လာတဲ့အခါ မနိုင်မနင်း ဖြစ်လာတတ်ပါတယ်။ အဲဒါကို ရွှေပန်းငေါက်တောက်နဲ့ သားငယ်လေးတယောက်က အမှုန့်လေးတချို့ကို ခွက်ကလေးတခုထဲကို လက်ညှိုး လက်မနဲ့ ညှပ်ပြီး အနည်းငယ်ယူပြီး ပွက်ပွက်ဆူနေတဲ့ ထန်းလျက်ရည်အိုးထဲကို ပစ်ပေါက်ထည့်လိုက်တာ ဆူနေတဲ့အိုးဟာ မျက်လှည့်ပြလိုက်သလို ရုတ်ခနဲ ငြိမ်ကျသွားပါတယ်။ အဲဒါကို အထူးအဆန်းလုပ်ပြီး ဂျပန်စစ်ဗိုလ်တွေက မေးကြ၊ ရေးကြပါတယ်။

အဲဒါက ကြက်ဆူစေ့အမှုန့်ကို ပစ်ထည့်လိုက်တာပါ။ ထန်းတဲအနီးမှာ စိုက်ထားလေ့ရှိတဲ့ ကြက်ဆူပင်တွေကို ကျွန်တော့်အဖေက လိုက်ပြရပါတယ်။ သူတို့အထဲမှာ အင်္ဂလိပ်လို ပြောတတ်သူ ဂျပန်တချို့ပါ ရှိလို့ ကျွန်တော့်အဖေနဲ့ အင်္ဂလိပ်လို ပြောကြပါတယ်။ ကြက်ဆူပင်ကို အပင်၊ အရွက်၊ အသီး၊ အပွင့် စသဖြင့် ပဉ္စငါးပါးမကျန် ဆိုသလို ပုံကြမ်းရေးဆွဲ မှတ်တမ်းတင်သွားပါသတဲ့။ (သူတို့ ဂျပန်ပြည်ကို ပြန်ရောက်ရင် ကြက်ဆူပင်တွေ စိုက်ပြီး ကြက်ဆူစေ့ကနေ ဒီဇယ်ဆီထုတ်နည်းကိုများ သိသွားရင် ဗိုလ်သန်းရွှေတို့က ကျွန်တော့်အဖေကိုများ အရေးယူဦးမှာလား မသိပါ။ အရေးယူစေချင်ပါတယ်။ သေရွာလိုက်ပြီး အရေးယူရမှာလေ။)

ထန်းလျက်ကို သရေစာအဖြစ်လည်း စားတယ်။ ထမင်းနဲ့တွဲပြီး ဟင်းအဖြစ်နဲ့လည်း စားတဲ့ပြင် ဂျုံမှုန့်၊ ဆန်မှုန့်၊ ကုလားပဲလှော်မှုန့် စတဲ့ အမှုန့်မျိုးစုံနဲ့ ရောစပ်ပြီး မုန့်အချိုအမျိုးမျိုးလည်း လုပ်လို့ရတယ်။ မန်ကျည်းဖျော်ရည်၊ ဇီးဖျော်ရည် ဆိုတာမျိုးတွေ ဖျော်ပြီး ဘုန်းကြီးနဲ့ ဥပုသ်သည်များ သောက်လို့လည်း ရပါတယ်။

ထန်းလျက်ရည်ကို ပေါင်းခံပြီး အရက်ဖြူချက်လို့ ရပါတယ်။ အရက်ဖြူ ဆိုတာ အညာရဲ့ လက်စွဲအရက်ပါ။ ဂျပန်တွေက အရက်ဖြူကိုလည်း သူတို့ရဲ့ ‘ဆာကေး’အရက်နဲ့ တူလို့တဲ့ ကြိုက်သွားလို့ ရှာပေးရပါသေးတယ်။ သူတို့က ငွေပေးပြီး ရှာခိုင်းတာပါတဲ့။ ထန်းရည်ခါးတိုက်တော့ တချို့က ကြိုက်ပုံမရဘူးတဲ့။ အချဉ်ဓာတ် ပါလို့နဲ့ တူပါတယ်။ ဝမ်းပျက်မှာလည်းစိုးလို့ သိပ်မသောက်ကြဘဲ အရက်ဖြူကိုပဲ ရသမျှ ဝယ်ယူသွားခဲ့ကြပါတယ်။ ဒီကိစ္စကို ပြန်စဉ်းစားတော့ ကျွန်တော်လည်း အနီးမှာ ပါခဲ့သလို၊ မပါခဲ့သလို သိပ်စဉ်းစားလို့မရတော့ပါ။ အဖေကလည်း ကွယ်လွန်ခဲ့ပြီဆိုတော့ မေးမရနိုင်တော့ပါ။ တိုင်းရင်းဆေး ဖော်စပ်ရာမှာလည်း ထန်းလျက် သုံးတာတွေ ကြားဖူးပါတယ်။ ထန်းလျက် အသုံးဝင်ပုံ ရေးရရင် သီးခြားဆောင်းပါးတစောင် ရေးရမှာပါ။

ထန်းပင်တွေမှာ ထန်းဖိုနဲ့ ထန်းမ ဆိုပြီး ကွဲသေးတယ်။ အဖိုပင်က အသီး မသီးဘူး။ ထန်းနို့လို့ ခေါ်တဲ့ အဖိုပန်းခိုင် ထွက်ပေးတယ်။ အမပင်ကမှ အသီးသီးတယ်။ ထန်းသီးကို ခုတ်စဉ်းပြီး နွားစာကျွေးတယ်။ ထန်းသီးနုနုကို မျက်နှာလှီးပြီး ထန်းသီးအရည်ကို လက်မနဲ့ ထိုးကော်ပြီး စုပ်ရ၊ စားရတယ်။ ရင့်လာရင် ခွဲပြီး အဆံကို ထန်းလျက်နဲ့ ယိုထိုးစားတယ်။ အမေရိကမှာ ထိုင်းကလာတဲ့ ထန်းသီးဆံဘူးတွေ ဝယ်စားရတယ်။ ထန်းသီးမှည့် အခွံနုကို အရည်ညှစ်ပြီး မုန့်လုပ်စားရတယ်။ ထန်းသီးမုန့်ပေါ့။ အစေ့ကိုတော့ အများကြီး တခွဲ တတင်းရရင် မြေကြီးပေါ်မှာ တထပ်ချင်း ပုံပြီး မြေကြီးဖုံးထား၊ ရေလောင်း ရေဖျန်းပေးပြီး ပျိုးရတယ်။ အညှောက်ပေါက်လို့ ကြီးလာရင် မြေကြီးထဲက ဖော်စားရတယ်။ ထန်းမြစ်လို့လည်း ခေါ်တယ်။ ထန်းပင်ပေါက်လို့လည်း ခေါ်တယ်။ (ထမြစ်၊ ထပင်ပေါက် လို့ အသံထွက်တယ်။) ဖုတ်စား၊ ပြုတ်စားရတယ်။ ဆောင်းရာသီ မီးလှုံရင်း ဖုတ်ပြီး ပူပူနွေးနွေး ဆီ ဆားလူးပြီး စားရတာ လွမ်းစရာပါ။

အုန်းစေ့ အုန်ဆံရဲ့ အခွံမာကို အရိုးလက်ကိုင်တပ်ပြီး ဆီမှုတ် လုပ်တယ်။ အုန်းစေ့အခွံကတော့ ကြီးလို့ သောက်ရေမှုတ် လုပ်ရတယ်။ ထန်းစေ့မှုတ်က သေးလို့ ဆံထုံးသေးသေးလေးကို ‘ထန်းစေ့မှုတ်လောက် ရှိတယ်’လို့ ခိုင်းနှိုင်းတတ်ပါတယ်။ ထန်းစေ့ကို သစ်သားအဖုံးတပ်ပြီး ဆေးဘူး လုပ်တာလည်း ရှိပါတယ်။ ထန်းအဖိုပွင့် အတံအချောင်းကြီးတွေကို အစို ဆိုရင် ခုတ်စဉ်းပြီး နွားစာကျွေးလို့ရပါတယ်။ အခြောက်ဆိုရင်တော့ ထန်းလျက်ဖိုမှာ ထင်းအဖြစ် ခွေပြီး သုံးပါတယ်။ ရှားသားထင်း၊ ထန်းသားထင်းတို့နဲ့ ရောရတာပေါ့။

ထန်းပင်အရွက်နုကို ထန်းဖူး ခေါ်တယ်။ ထန်းဖူးအရွက်ကို ထန်းရွက်ဖာ၊ ထန်းရွက်ဘူးလေးတွေ ရက်လုပ်ပြီး ထန်းလျက်ထည့် လက်ဆောင်ပေးလေ့ရှိပါတယ်။ ရွှေစာရံဘုရားပွဲမှာ ထန်းရွက်ပုတီး ရောင်စုံ ဆေးဆိုးရောင်းပါတယ်။ ကျေးရုပ်၊ ကျားရုပ်ပုံစံ စတဲ့ အရုပ်ကလေးတွေလည်း လုပ်ပါတယ်။

မန်းကျည်းတော်ဖီ၊ ဆီးတော်ဖီတို့လည်း ထည့်ပြီးရောင်းကြပါတယ်။ ထန်းရွက်ကို ကျား၊ မ ဦးထုပ်အမျိုးမျိုး လုပ်ပြီး ဆောင်းပါတယ်။ ထန်းရွက်ကြီးရဲ့ အလက်ရိုးတံစကြီးကို ထန်းလက်လို့ ခေါ်တယ်။ ထန်းရွက်ကို ဘုန်းကြီးယပ်တောင် လုပ်လို့ရပါတယ်။ ထန်းလက်ကိုတော့ လျှော်ခွာပြီး ထန်းလျှော်တောင်း၊ ထန်းခေါက်ဖာ ဆိုတာမျိုး ရက်လုပ်လု့ ရပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီးထဲမှာ ပါတဲ့ ‘ပျောက်သဟာ၊ ဒဂေါက်ဖာတလုံးပါပဲ’ ဆိုတာ ထန်းလျှော်နဲ့ ရက်တဲ့ဖာ ဖြစ်ပါတယ်။ နှီးနဲ့ လုပ်တာကို ‘ပခြုပ်’လို့ ခေါ်တယ်။ ထန်းသမားတွေ တဲဆောက်ရင် အမိုးတန်းတွေကို ထန်းလျှော်နဲ့ ချည်ပါတယ်။ အိမ်တိုင်းမှာ ထန်းလျှော်စည်း တခုတော့ ဆောင်ထားလေ့ရှိပါတယ်။ ထန်းလက်မှာ အရင်းက အပိုင်းကိုဖြတ်ပြီး ဖင်ထိုင်ခုံ၊ ခေါင်းအုံး စသည် လုပ်ပါတယ်။ ထက်ခြမ်း ခပ်သေးသေး ခုတ်ဖြတ်ပြီး နွားချေးကျုံးစရာ လက်ကိုင်ပြားများအဖြစ်လည်း သုံးပါတယ်။

ထန်းပင်တချို့ လေမုန်တိုင်းမှာ အမြစ်ကျွတ် လဲတတ်တာ ရှိပါတယ်။ လဲကျရင် ထန်းရွက်ကြီးတွေအားလုံးရဲ့ အလယ်မှာ ကျန်တာကို ထန်းဖူး(ထန်းရွက်ဖူး) ခေါ်ပါတယ်။ ထန်းဖူးရဲ့ အောက်ခြေကို ခွဲလိုက်ရင် အလွန်နုပြီး ဖြူဖွေးနေတဲ့ ထန်းဖူးနုနုလေး ပေါ်လာတာကို ‘ထန်းဦးနှောက်’လို့ ခေါ်တယ်။ ကလေးတွေ သရေစာအဖြစ် စားကြပါတယ်။ ကြက်ဥနဲ့ ကြော်စားလည်း ရပေမဲ့ ကလေးတေွ လုစားတာနဲ့ ကုန်သွားတတ်ပါတယ်။

ထန်းပင်စည်ကို ထက်ခြမ်း ခြမ်းရင် ထန်းထွင်းလှေ ရတယ်။ လေးလို့ လှေအဖြစ် သုံးခဲတယ်။ နွားစာခွက်၊ နွားစာကျင်းအဖြစ်ပဲ သုံးပါတယ်။ မောင်းလက်ရေတွင်းမှာ ရေတံလျှောက်အဖြစ် လောင်းချပြီး ကြက်သွန်ခင်း ရေလောင်းတာလည်း လုပ်ပါတယ်။ နှစ်ဖက်ပိတ် နွားစာခွက်သဏ္ဌာန် လုပ်ပြီး ရေတွင်းနားမှာ နွားရေတိုက်ဖို့၊ လူရေချိုးဖို့ ရေခွက်ကြီးအဖြစ်လည်း သုံးပါတယ်။ တဝက်ခြမ်းထားတဲ့ ထန်းပင်ကိုမှ ထပ်ပြီး သုံး၊ လေး၊ ငါးစိတ် ဆိုသလို ခွဲစိတ်နိုင်ပါသေးတယ်။ အဲဒီ ထန်းသားစိတ်ကလေးတွေကို တဲတိုင်၊ တဲအမိုးရဲ့ အခြင် ထုပ်လျောက် စသည် လုပ်ပြီး ထန်းရွက်တဲ(ထန်းလက်တဲ) (ထန်းခလက်တဲ့လို့လည်း အသံထွက်တယ်) ဆောက်လုပ်လို့လည်း ရပါတယ်။ တဲတခုလုံး ထန်းပင်ထွက်ပစ္စည်းချည်းပေါ့။ အမိုးအဖြစ် ထန်းရွက်မိုးရင် ဖြစ်စေ၊ အကာအဖြစ် ထန်းရွက်ကာရင် ဖြစ်စေ ချုပ်ဖို့၊ တုပ်ဖို့ လိုရင် ထန်းလျှော်နဲ့ ချည်ပါ၊ တုပ်ပါတယ်။ ထန်းသား၊ ထန်းရွက်၊ ထန်းလျှော်တို့ဟာ ရေနံချေးသုတ်စရာ မလိုပါ။ ခြ မစား၊ ပိုးမထိုး၊ မှိုမတက်ပါ။ ထန်းပင်ဟာ သံမဏိလို မာကျောပါတယ်။

ထန်းသားခြမ်း၊ ထန်းသားစိတ်ကို ခြံစည်းရိုးတိုင်၊ နွားချည်တိုင် စသည် လုပ်လေ့ရှိပါတယ်။ ချောင်းကျဉ်း၊ မြောင်းကျဉ်းလေးများကို တံတားထိုးရင်လည်း အလွန်ခိုင်ပါတယ်။ ယာတောထဲမှာ ကြက်သွန်ခင်း၊ ပန်းခင်း စသည် ရေလောင်းဖို့ မောင်းလက်တပ်ထားတဲ့ မြေရေတွင်းတွေ ရှိပါတယ်။ တွင်းဝမှာ နှစ်ခြမ်း၊ သုံးခြမ်း ကန့်လန့်ဖြတ် တင်ထားတာကို နင်းကြမ်း(နင်းခြမ်းတုံး) ခေါ်ပါတယ်။ နင်းကြမ်းပေါ် နင်းပြီး မောင်းလက်လေးနဲ့ ရေငင်လေ့ရှိပါတယ်။ ရေပုံးကတော့ သွပ်ပုံးအကြီးစားပါ။ မောင်းလက်ဝါးကို အားစိုက်ပြီး တချက်ဆွဲလိုက်တာနဲ့ လျှောခနဲ တက်လာတဲ့ ရေပုံးကို တွင်းဝမှာ မေးတင်ထားတဲ့ နွားစာခွက်သဏ္ဌာန် ထန်းသားခြမ်း ရေတံလျှောက်ထဲကို လောင်းချလိုက်ပါတယ်။ အဲဒီရေတိုမှာ မြေကြီးမြောင်းငယ်လေးတွေ သွယ်ပြီး ဖျာတချပ်စာ ကြက်သွန်ခင်းငယ်လေးတွေထဲကို တကန့်ပြီး တကန့် ရေသွင်းပေးရပါတယ်။ မြေမွပြီး ရေများမှ ကြက်သွန်ဥ ကြီးထွားပါတယ်။ ကြက်သွန်ဥက အသီးအပွင့်တွေ ထွက်လာပြီး အကြီးရပ်မှ ရေသွန်တာ ရပ်ရပါတယ်။ ဒါက အညာ မိုးခေါင်ရေရှားဒေသ စိုက်ပျိုးနည်းပါ။ ဧရာဝတီမြစ်ကမ်းက သဲသောင်တွေပေါ်မှာ ဆေးရွက်ကြီးတို့၊ ကြက်သွန်တို့ စိုက်ရင် ရေမသွန်း မလောင်းရပါ။

ကဲ… ထန်းတပင်လုံး အသုံးကို အကျဉ်းချုံ့ပြီး ရေးလိုက်တာတောင် ဆယ်မျက်နှာနီးပါး ရှည်သွားပါပြီ။ ကျွန်တော် ရေးနေကျ စာမျက်နှာက ၅-၆ မျက်နှာလောက်ပဲ ရှိပါတယ်။ ‘အုန်း၊ ထန်းလ’ ဆိုတာ အမျိုးတူ အပင်ကွဲတွေမို့ ထန်းအကြောင်း ရေးရင်း အုန်းနဲ့ ပေအကြောင်း နည်းနည်းပါသွားလို့ ရှည်သွားရတာလည်း ဖြစ်ပါတယ်။

ထန်းပင်တပင်မှာ ထိပ်ဖျားကနေ အမြစ်အထိ အသီးအရွက်၊ ပင်စည် စသည် မသုံးရတာ မရှိပါ။ ဒါကြောင့် ပဒေသာပင် ခေါ်တာပါ။ ထန်းပင် အမြစ်ပိုင်း၊ ပင်စည်ကို ထွင်းပြီး ပန်းအိုးကြီးတွေ လုပ်ထားတာကိုတော့ မြန်မာပြည်မှာ မတွေ့ဖူးပါ။ တရုတ်ပြည်မှာ ဟိုတယ်ကြီးတွေရဲ့ရှေ့မှာ အလှပန်းအိုးကြီးတွေအဖြစ် တွေ့ခဲ့ရဖူးပါတယ်။ စည်ပိုင်းတွေနဲ့ စိုက်ထားတဲ့ ပန်းအိုးကြီးတွေလိုပါပဲ။ အဲဒါ ခုမှ သတိရလို့ ဖြည့်လိုက်ရာက ‘နှဲခင်’ ခေါ်တဲ့ ပီပီလေးတွေကို ကလေးတွေတောင် ဖန်တီးပြီး မှုတ်တတ်တာလည်း မေ့သွားတယ်။

ဒီဆောင်းပါးဖတ်ပြီး ဖြည့်ပေးနိုင်ရင်လည်း ဖြည့်ပေးကြမယ်ဆိုရင် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ထန်းပင်အောက်ကြီးတဲ့ တောသားပါ။ ထန်းပဒေသာပင်တွေ ဝေဆာစေချင်ပါကြောင်း။

အညာသား

မောင်စွမ်းရည်

၈၊ စက်တင်ဘာ ၂၀၂၀

နယူးယောက်